မျိုးဆက်တစ်ခုအတွင်း တစ်ခါလောက်သာ ကြုံနိုင်တဲ့ အပြည့်အဝ နေကြတ်မှု ဖြစ်စဉ်ကို ဥရောပ နိုင်ငံနှစ်ခုကနေ တွေ့မြင်ခဲ့ရပါတယ်။
ဩဂုတ် ၁၂ ရက်နေ့တုန်းက လူသန်းပေါင်းများစွာတို့ဟာ နှစ်ပေါင်း ၃၀ နီးပါးအတွင်း ထင်ထင်ရှားရှား အဖြစ်ဆုံး နေကြတ်မှုကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။
အခုဖြစ်စဉ်မှာတော့ ပထဝီ အနေအထားကို လိုက်ပြီး နေရဲ့မြင်ကွင်း ၉၀ ကနေ ၉၅ ရာခိုင်နှုန်းလောက်ကို လက ဖုံးလွှမ်းတာ၊ ဒါမှမဟုတ် လုံးဝဥဿုံ နေကြတ်သွားတာတွေကို ဗြိတိန်နဲ့ ဥရောပ နိုင်ငံတချို့ကနေ တွေ့မြင်ခဲ့ရပါတယ်။ အိုက်စ်လန်နဲ့ စပိန်နိုင်ငံရဲ့ အစိတ်အပိုင်း တချို့ကတော့ နေရောင်ပျောက်ပြီး လုံးဝ မှောင်အတိ ကျသွားတဲ့ထိ လုံးဝဥဿုံ နေကြတ်တာကို မြင်ခွင့်ရခဲ့ကြပါတယ်။
နေကြတ်တယ် ဆိုတာက ကမ္ဘာ-လ-နေ တစ်တန်းတည်း ကျရောက်ပြီး ကမ္ဘာကနေ နေကို လှမ်းမြင်ရတဲ့ မြင်ကွင်းကို လက ကွယ်လိုက်တဲ့ သဘာဝ ဖြစ်စဉ်ကို ဆိုလိုတာပါ။

Public Service Announcement
ဥရောပနိုင်ငံတွေမှာတော့ နေကြတ်မှုကို အရှင်းလင်းဆုံး မြင်ရမယ်လို့ ပညာရှင်တွေက ကြိုတင် ထုတ်ပြန်ပေးထားတဲ့ နေရာတွေမှာ လူတွေ အများကြီး စုဝေးပြီး စောင့်ကြည့်ခဲ့ပါတယ်။ နေကို လကစပြီး ကွယ်လာတဲ့ အချိန်မှာတော့ စောင့်ကြည့်နေသူတွေက စိတ်လှုပ်ရှား ပျော်ရွှင်စွာနဲ့ အော်ဟစ်နေခဲ့ကြပါတယ်။
နေအပြည့်ကြတ်မှုကို မြင်ရတဲ့ လမ်းကြောင်းဟာ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယား ဒေသရဲ့ မြောက်ဖက်စွန်းကနေ စတင်ပါတယ်။ အဲဒီနေရာမှာတော့ လူစုလူဝေး၊ မှန်ဘီလူးတွေနဲ့ စောင့်ကြည့်ကြတာမျိုး မရှိခဲ့ပါဘူး။ အဲဒီနောက် ကွေးညွှတ်တဲ့ လမ်းကြောင်းအတိုင်း အာတိတ် သမုဒ္ဒရာဖက် ရောက်လာပြီး အိုက်စ်လန်နိုင်ငံရဲ့ ညနေခင်း အစောပိုင်းမှာ မှောင်အတိ ကျသွားခဲ့ပါတယ်။
စပိန်ကတော့ အပြည့်အဝ နေကြတ်မှု ဖြစ်စဉ်ကို လူအများဆုံး တွေ့ခွင့်ရခဲ့တဲ့ နိုင်ငံဖြစ်လာပါတယ်။ လုံးဝဥဿုံ အမှောင်ဖုံးသွားပြီးတဲ့နောက် မကြာခင်မှာ ညနေခင်း အလင်းရောင် ပြန်လည် ထွက်ပေါ်လာတဲ့ ထူးထူးကဲကဲ အတွေ့အကြုံက နေကြတ်မှု စောင့်ကြည့်သူတွေကို အံ့ဩ မိန်းမောစေခဲ့ပါတယ်။
နေကြတ်မယ့် အကြောင်းကို သတင်းကြားမိကြတဲ့နောက် နေကြတ်မှုကို စောင့်ကြည့်ရာမှာ အသုံးပြုတဲ့ မျက်မှန်တွေကို ကြိုဝယ်ထားလို့ ဆိုင်တွေအားလုံးမှာ ပစ္စည်းပြတ်ကုန်ပါတယ်။ ဒါပေမဲ့ အဲဒီမျက်မှန်တွေ မရှိတဲ့တိုင်အောင် လူတွေကတော့ နေကြတ်တဲ့ မြင်ကွင်းကို စောင့်ကြည့်ဖို့ လက်လွတ် မခံခဲ့ကြပါဘူး။ နေရောင်နဲ့ မျက်လုံးကို တိုက်ရိုက် မထိအောင် ဖုံးကွယ်ဖို့ ဓာတ်မှန်ပြား၊ ဆန်ကာ အစရှိတဲ့ တခြား ပစ္စည်းတွေကို အသုံးပြုပြီး ဒီထူးကဲဖြစ်စဉ်ကို စောင့်ကြည့်ကြပါတယ်။
ကမ္ဘာ-လ-နေ တစ်တန်းတည်း တိတိကျကျ ကျရောက်သွားတဲ့ အချိန်မျိုးမှာ အပြည့်အဝ နေကြတ်တာကို တွေ့ရတာ ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်က အပြည့်အဝ အတန်းလိုက် ဖြစ်မနေရင်တော့ တစ်စိတ်တစ်ပိုင်း နေကြတ်မှုကိုသာ မြင်ရပါတယ်။
ဗြိတိန်နိုင်ငံမှာဆိုရင် နေရာဒေသတွေ ကွဲပြားသွားတဲ့အပေါ် မူတည်ပြီး နေရဲ့ ၉၀ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်းထိ ဖုံးကွယ်ခံရတာတွေကို တွေ့ခဲ့ရပါတယ်။
အပြည့်အဝ နေကြတ်မှုကို ပျမ်းမျှအားဖြင့် ကမ္ဘာပေါ်ကနေ ၁၈ လတစ်ကြိမ်လောက် ကြုံရတတ်ပေမယ့် မြင်တွေ့ခွင့်ရတဲ့ နိုင်ငံတွေနဲ့ ဒေသတွေကတော့ မတူညီပါဘူး။ ဥပမာ နေရာတစ်ခုတည်းကနေ အပြည့်အဝ နေကြတ်တာကို နောက်တစ်ကြိမ် မြင်ရဖို့ဆိုတာ နှစ် ၄၀၀ မှ တစ်ခါလောက် ကြုံရတာမျိုး ဖြစ်နိုင်ပါတယ်။
စပိန်နိုင်ငံက ဗလန်စီယာ ဒေသမှာတော့ နေကြတ်တာကို စုဝေးစောင့်ကြည့်သူတွေရဲ့ ကားတစ်စီး မီးလောင်ပြီး တခြားကား ၃၀ ကျော်ကိုပါ ကူးစက်သွားခဲ့ပေမယ့် မီးသတ်တပ်ဖွဲ့က ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ စပိန်မှာ အပူလွန်ကဲပြီး တောမီးကူးစက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် မီးအန္တရာယ်ကို အထူးနိုးကြား သတိထားနေတာ ဖြစ်ပါတယ်။ စပိန် ရဲတပ်ဖွဲ့ကလည်း နေကြတ်မှု စုဝေးစောင့်ကြည့်သူတွေကို လုံခြုံရေး အကာအကွယ်ပေးဖို့ ရဲအရာရှိ ၂၅၀၀၀ လောက်ကို ဖြန့်ကျက်ပေးထားခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား: Reuters

















































