ပုပ္ပါးတောင်ခြေအနီး ဒေါ်အောင်ဆန်းစုကြည်တည်ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအခမဲ့သင်တန်းကျောင်းနှင့် ရုံးအဆောက်အဦးအတွင်းရှိ သင်ထောက်ကူပစ္စည်းများအား အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသည်။
ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်သော ခြံအတွင်း တည်ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးအဆောက်အဦးအတွင်းသို့ အကြမ်းဖက်စစ်သားများက ယမန်နေ့(နိုဝင်ဘာ ၁၂ရက်)ညနေတွင် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်။
” စစ်တပ်က ညနေ ငါးနာရီလောက်က ဝင်တာ။ ကလေးတွေကို စာသင်ရင်သုံးတဲ့ သင်ထောက်ကူပစ္စည်းတွေ၊ ရုံးပစ္စည်းတွေကို မီးရှို့သွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ကျောက်ပန်းတောင်းမြို့မှ ဒေသခံတစ်ဦးကလည်း
“၆ နာရီလောက်မှ မီးညွှန့်ကျိုးသွားတယ်။ အဆောက်အအုံကတော့ အဲဒီကွန်ပြူတာသင်တန်းအဆောက်အအုံရယ် ထန်းလက်တဲတစ်လုံးရယ်ပဲရှိတာပါ။ အထဲကပစ္စည်းတွေကတော့ အရင်ကတည်းက ကြိုရွှေ့ထားပြီးသားလို့ပြောတယ်။”ဟု ပြောသည်။
နှစ်ဧကခန့်ကျယ်သော အထက်ပါ ခြံသည်ဒေါ်အောင်ဆန်စုကြည်အား စစ်အစိုးရက ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်တွင်နေအိမ်အကျယ်ချုပ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီးနောက်ပြင်ပသို့ အလည်အပတ်ထွက်ခွာသည့် ပထမဆုံးခရီးစဥ်တွင် သားငယ်နှင့်အတူ( ပုဂံနှင့်ပုပ္ပါးသို့ သွားရောက်လည်ပတ်စဥ်)တွင် ဒေါ်အောင်ဆန်းစုကြည်က ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အမည်ဖြင့် ဝယ်ထားသည့် ခြံဖြစ်သည်။ ဒေသခံလူငယ်များအတွက် ဘာသာရပ်ဆိုင်ရာသင်တန်းနှင့် ကွန်ပြူတာသင်တန်းများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေဖြင့် ဖွင့်လှစ်သင်ကြားပေးနေသည့်နေရာဖြစ်သည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် ယင်းခြံနှင့်အဆောက်အဦးအတွင်း မည်သူမှ နေခွင့်မပေးတော့ပေ။ ယင်းခြံဝယ်ယူပြီး ၁၁ နှစ်ပြည့်သည့်နေ့တွင် ဖျက်ဆီးခံရခြင်းလည်းဖြစ်သည်။
ယလုလပိုင်းအတွင်းညမထွက်ရအမိန့်ထုန်ပြန်ထားချိန်တွင် အမြို့မြို့အနယ်နယ်ရှိ NLD ရုံးများအား မီးရှို့ဖျက်ဆီးခံရမှုများဖြစ်ပွားခဲ့ပြီး ယခင်လအတွင်းကလည်း မန္တလေးမြို့ ကံတက်ကုန်းဘုန်းတော်ကြီးကျောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူရုပ်တုကို လာရောက်ဖျက်ဆီးမှုများလည်း ရှိခဲ့သည်။
ပုပ္ပါးဒေသသည် ဒေါ်အောင်ဆန်းစုကြည်နှစ်သက်သည့်ဒေသတစ်ခုဖြစ်ပြီး နောင်တချိန်၌ နိုင်ငံရေးတာဝန်များမှရပ်နားပြီးနောက်ပိုင်း နေထိုင်ဖြတ်သန်းရန် ရည်ရွယ်ထားသည်ဟု ထင်မြင်ကြောင်း နီးစပ်သူအချိူ့က ပြောကြားခဲ့ဖူးသည်။