Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ပညာသင်ရင် အသက်စတေးနေရတဲ့ နိုင်ငံ

ဦးမောင်မြင့်​သည် ဒေါဆီအီကျေးရွာမှဖြစ်ပြီး သားဖြစ်သူမှာ အဆိုပါရွာစာသင်ကျောင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ပညာသင်ရင် အသက်စတေးနေရတဲ့ နိုင်ငံ
ပညာသင်ရင် အသက်စတေးနေရတဲ့ နိုင်ငံ

ရဲ​ခေါင်/People’s Spring

ရွာအပြင်ရှိ ငါးကန်ရောက်ရှိနေသော ဦးမောင့်မြင့်တစ်ယောက် ပေါက်ကွဲသံများကြား၍ ရွာအတွင်းသို့ အပြေးပြန်လာခဲ့သည်။ ပေါက်ကွဲမှုဖြစ်ရာနေရာလှမ်းကြည့်တော့ စာသင်ကျောင်းဖြစ်နေ၍ စိုးရိမ်တကြီး အမြန်​​​​​ပြေး​လေသည်။

ပြန့်ကြဲနေသော အပိုင်းအစများကြား ပထမဆုံးတွေ့ရှိသည့် သေဆုံးနှင့်ဒဏ်ရာရ ကလေးငယ်များအား အပြင်ဆွဲထုတ်၍ ကယ်ဆယ်လိုက်ပါသည်။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်သော ကျေးရွာစာသင်ကျောင်းတွင် ဦး​မောင်မြင့်၏ သားငယ်ဖြစ်သူလည်း ပညာသင်ကြား​​နေ၏။ထို့ကြောင့် သားငယ်​လေး​ဘေးကင်းပါ​စေဟုဆု​တောင်းမိသည်။ အပျက်အစီးများကြား ဒဏ်ရာရက​​လေးငယ်နှင့် ​သေဆုံး​နေ​သောက​လေးငယ်များကို အမြန်​ရှာ​​ဖွေရင်းသားဖြစ်သူဖြစ်​လေမလား ရင်တထိတ်ထိတ်ဖြင့် ကြည့်ရှု​နေသည်။

သို့​သော် ဦး​မောင်မြင့်ဆု​တောင်းမပြည့်ခဲ့ပါ ။

Public Service Announcement

Public Service Announcement

“ခေါင်းတစ်ဝက်မပါတဲ့ ကလေးတွေ။တခြား ထိထားတဲ့ကလေးတွေ သယ်ပြီးတဲ့အချိန် အပြင် ရောက်လို့ စစ်ကြည့်မှ ကျွန်တော့်သားဖြစ်နေတယ်။ကျွန်တော်တောင်မမှတ် မိတော့ဘူး။သူ့မျက်နှာက ပေနေတာ။လက်တစ်ဖက်လည်း မရှိတော့ဘူး။ခြေထောက်တစ်ဖက်လည်းမရှိတော့ဘူး ဗိုက်လဲ တစ်ဝက်ပဲကျန်တော့တာ”ဟု ဦးမောင်မြင့်က အသက် ၁၄ နှစ်အရွယ် သားဖြစ်သူကို ပြန်​တွေ့ရ​သောအ​ခြေအ​နေကိုဆို့နင့်စွာဖြင့် ဖွင့်ဟသည်။

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ ဒေါဆီအီနှင့် လွိုက်နန်ဖ ကျေးရွာတွင် ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားကလေးငယ်များပညာသင်ကြားနေသော စာသင်ကျောင်းနှစ်ကျောင်းကို စစ်ကောင်စီက ဖေဖော်ဝါရီ ၅ရက် နံနက် ၁၀နာရီတွင် တိုက်လေယာဉ်နှစ်စင်းဖြင့် ပေါင် ၅၀၀ဗုံးကြဲခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်ပါတပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် (၁၂)နှစ်မှ (၁၄)နှစ်အရွယ်အတွင်း ကလေးငယ် လေးဦးနှင့် (၃၅)ရွယ် အရပ်သားပြည်သူ တစ်ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ရပြီး ၁၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဗုံးခိုကျင်းအတွင်း ကလေးငယ်များနှင့် ပုန်းခိုနေသော ဆရာမမှာ အပြင်သို့ထွက်လာချိန်တွင် စာသင်ကျောင်းမှာ လုံးဝပျက်စီးနေပြီဟု အဆိုပါဒေါဆီးအီကျေးရွာ စာသင်ကျောင်းမှ ကျောင်းဆရာမ တစ်ဦးက ပြောသည်။

“အဆောင်တွေအကုန်လုံးက ပျက်စီးတာကိုတွေ့တော့ ကျွန်မက မနေနိုင်တော့ဘူး။ကျွန်မကလေးတွေအကုန်သေတော့မှာပဲ ဆိုပြီး ပတ်ဝန်းကျင်မှာရှိတဲ့ မိဘတွေရော ပြီးတော့ အသံကြားပြီးတော့ လာရောက်ကြည့်ရှုပေးတဲ့ ညီအစ်ကိုမောင်နှမတွေလည်းရှိတယ်။သူတို့ကို အကူအညီတောင်းပြီးတော့မှ အဆောင်ပြိုကျတဲ့နေရာမှာ ကလေးတွေကို သွားကြည့်ပေးဖို့ ခွင့်တောင်းရတယ်”ဟု အဆိုပါ ဆရာမက ပြောသည်။

ဆရာမက ဆက်လက်၍ “စာသင်ခန်းထဲမှာ ရှစ်တန်းကလေးတွေကို စာသင်နေတဲ့အချိန်မှာ အရမ်းအော်ဟစ်ငိုနေတာကို ကြားတော့ ကျွန်မလဲမနေနိုင်လို့ အပြင်ထွက်ကြည့်မှရမယ်ဆိုပြီး ကျန်နေတဲ့ကလေးတွေကို ကျွန်မနဲ့ တခြားဆရာ၊ ဆရာမတွေရောက ခေါ်ပြီး ကျောင်းနဲ့နည်းနည်း အလှမ်းဝေးတဲ့ လေယာဥ်ဗုံးခိုကျင်းထဲ ကို ဆွဲခေါ်သွားတယ်။ဒါပေမယ့် အဲဒီအချိန်မှာ ကလေးက အရမ်းများနေတော့ တချို့ကလေးတွေကို ဆွဲခေါ်မိတယ်။တချို့ကလေးတွေတော့ အရမ်းလန့်ပြီး အော်ငိုပြီး သူ့ဟာသူ ပြေးသွားတဲ့ကလေးတွေတော့ရှိတယ်”ဟု ပြောသည်။

စာသင်ကြား​နေရင်း ဗုံးကြဲတိုက်ခိုက်အသတ်ခံရမှုမှာ ဒေါဆီအီနှင့် လွိုက်နန်ဖ ကျေးရွာတို့မှာ ပထမဆုံးမဟုတ်ပါ ။ ၂၀၂၂ စက်တင်ဘာ ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ဘက် ၁၄ မိုင်အကွာ လက်ယက်ကုန်းရွာရှိစာသင်

ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ ဗုံးကြဲပြီး ​မြေပြင်မှပါစစ်​ကြောင်းထိုးစီးနင်းတိုက်ခိုက်၍ ​ကျောင်းတက်​နေ​သော က​လေးငယ် ၇ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သည်။ မြေပြင်ထိုးစစ်ကြောင့် လူကြီး ၆ ဦး သေဆုံးခဲ့ရသည်။ စစ်​ကောင်စီကမူ စာသင်​ကျောင်း၊ ဘုန်းကြီး​ကျောင်းနှင့်ရွာအတွင်း PDF များရှိ၍ တိုက်ခိုက်သည်ဟု စစ်ရာဇဝတ်မှူကျူးလွန်ခဲ့မှုအ​ပေါ် ငြင်းဆိုခဲ့သည်။

ဒေါဆီအီနှင့် လွိုက်နန်ဖ ကျေးရွာ အစုလိုက်အပြုံလိုက် လူသတ်မှူတွင်လည်း ​သေဆုံးသူများမှာ ကရင်နီတပ်ဖွဲ့ဝင်များဖြစ်သည်ဟု စစ်​ကောင်စီ လိမ်ညာခဲ့ပြန်သည်။

ယခုဖြစ်စဥ်အပါအဝင် စစ်ကောင်စီသည် အာဏာသိမ်းပြီး သုံးနှစ်အတွင်း ကရင်နီပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၂၀၃ အထိ ပြုလုပ်ခဲ့သည့်ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်​ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု

(PKPF)၏ နောက်ဆုံးထုတ်ပြန်ထားချက်က ဆိုသည်။

စစ်​ကောင်စီသည် ကလေးငယ်များ ပညာသင်ကြားနေသော စာသင်ကျောင်းများနှင့် အရပ်သားပြည်သူများ အား အစုလိုက်၊ အပြုံလိုက်သတ် သေစေရန် တိုက်ခိုက်သတ်ဖြတ်နေမှုမှာ ကရင်နီပြည်ပင်မက နေရာအနှံ့အပြားတွင်ပါ ကျူးလွန် နေဆဲဖြစ်၏။

အထူးသဖြင့် ၎င်း(စစ်ကောင်စီ)တို့ စစ်ရှုံးနေသည့် ဒေသများတွင် လေကြောင်းအားပြု၍ စစ်ဘက်၊ အရပ်ဘက် စိစစ်ခြင်းမပြုဘဲ တိုက်ခိုက်နေခြင်းက ဆင်ခြင်တုံတရား လက်ဝယ်မရှိတော့သည်မှာ ပို၍ ထင်းရှားလာပါသည်။

ပျှမ်းမျှစာရင်းအရ တစ်နှစ်လျှင် အကြိမ်ရေ ၄၀၀ ရှိ​နေပြီး တစ်ရက် တစ်ကြိမ်ထက်ပို၍ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ခြင်းပင် ။

၂၀၂၂တစ်နှစ်လုံးအတိုင်းအတာအရ စစ်ကောင်စီ၏ လေကြောင်းအသုံးပြုတိုက်ခိုက်မှု ၁၈၂ ကြိမ်ရှိခဲ့​သော်လည်း ၂၀၂၃တွင် အကြိမ်ရေ ၈၀၀ အထိရှိလာခဲ့သည်။

ယခုနှစ် ဇန်နဝါရီ တစ်လတည်းပင် က ရင်နီပြည်နယ်၌ စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှု ၂၁၉ ကြိမ်အထိပြုလုပ်ခဲ့ကြောင်း PKPFက ဆိုသည်။

ဦးမောင်မြင့်​သည် ဒေါဆီအီကျေးရွာမှဖြစ်ပြီး သားဖြစ်သူမှာ အဆိုပါရွာစာသင်ကျောင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ဦးမောင်မြင့်နည်းတူ သား၊သမီးဖြစ်သူ ကလေးငယ်များ စာသင်ကျောင်းက ပြန်အလာ အခြားမျှော်လင့်ခဲ့ရသူများလည်း ရှိခဲ့ပါသည်။

“ကျန်တဲ့ သားသမီးသုံးယောက်က ကျောင်းကနေ အိမ်ကို ပြန်ရောက်လာပေမယ့် အကြီးဆုံးသား ဖြစ်တဲ့ ခုနှစ်တန်း ကျောင်းသား(ခွန်းစန်းလှိုင်ကတော့ အိမ်ကို ပြန်မရောက်လာတော့ဘူး”ဟု ခုနစ်တန်းကျောင်းသား ခွန်းစန်းလှိုင်​၏ ဒေါ်ခရစ္စဝင်းဦးက ပြောသည်။

သားဖြစ်သူခွန်းစန်းလှိုင်က လာမယ့် ဧပြီ ၂၁ ရက်ဆိုပါက အသက်(၁၄)နှစ် ပြည့်တော့မည်ဖြစ်ပြီး စစ်​ကောင်စီ​ကြောင့် ​လူ့ဘဝတွင် အသက် ၁၃ နှစ်​ကျော်သာ​နေခဲ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီတို့က ပူးတွဲတောင်းဆိုချက် လေးချက်အဖြစ် ဖေဖော်ဝါရီ ၈ရက်ကပြုလုပ်သည့် ဒီမော့ဆိုမြို့နယ် စာသင်ကျောင်းများပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခံရမှုပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။

အဆိုပါ တောင်းဆိုချက်မှာ အရပ်သားပြည်သူများအား လေကြောင်းတိုက်ခိုက်မှုရန်မှ ကာကွယ်ရန်အတွက် No Fly Zoneအဖြစ် ကုလသမဂ္ဂအပါအဝင် အိမ်နီးနားချင်းနိုင်ငံများက ပူးပေါင်းလုပ်ဆောင်ရန်၊ စစ်ကောင်စီအား လေယာဉ်ဆီတင်ပို့ရောင်းချနေမှုအား ရပ်တန့်စေဖို့အတွက် နိုင်ငံများပူးပေါင်းဆောင်ရွက်ပြီး ကုလအပါအဝင် တစ်ကမ္ဘာလုံးကနေဝိုင်းဝန်းပိတ်ဆို့အရေးယူရန်၊ စစ်ကောင်စီ​၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုအတွက် သံတမန်အရေး၊ စီးပွားရေး၊လက်နက်တင်ပို့ရောင်းချမှုအပြင် တရားစွဲဆိုလုပ်ဆောင်နိုက်မှုအတွက် နိုင်ငံတကာတရားရုံးများက ဝိုင်းဝန်လုပ်ဆောင်ရန် နှင့် ပြည်သူလူထုလုံခြုံရေးအတွက် လေယာဉ်အချက်ပေးစနစ်နှင့် ဆက်သွယ်ရေးနည်းလမ်းပညာများအား အရပ်သား ပြည်သူများအား ပေးပို့အကူအညီပေးရန်တို့အား ပူးပေါင်းတောင်းဆိုကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီ၏ ရက်ဆက်စွာတိုက်ခိုက်မှုများကြောင့် အခြားကလေးသူငယ်များ​၏ စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေပြီဟု အဆိုပါ တိုက်ခိုက်ခံရမှုဖြစ်ရပ်အား ကူညီကယ်ဆယ်ရေးပြုလုပ်ခဲ့သူ Karenni Human Right Groupကို ဦးဆောင်သူ ဦးဗညားက မှတ်ချက်ပြုသည်။

“သူတို့အချင်းချင်းချစ်ခင်ရတဲ့ အတန်းဖော်အတန်းဖက်၊ သူငယ်ချင်းတွေဆုံးရှုံးသွားကြတယ်။ကျောင်းကိုလည်းဆုံးရှုံးလိုက်ရတယ်။ထို့နည်းတူစွာပဲ ဆရာ၊ဆရာမတွေ နဲ့ မိဘတွေကလည်း သူတို့ သားတပည့်တွေ ဆုံးရှုံးခဲ့ရတယ်။ဒီဆုံးရှုံးမှုတွေက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို တုန်လှုပ်ခဲ့စေတယ်”ဟု ဦးဗညားက ပြောသည်။

ထို့အပြင် ခေတ်အဆက်ဆက် ပြည်သူများ ပညာမတက်စေရန် လုပ်ဆောင်သည့် အာဏာသိမ်းစစ်တပ်၏ ခြေလှမ်းများအနက်မှ တစ်ခုဟုလည်း ၎င်းက ဆိုပါသည်။ ဒဏ်ရာရ​သောက​လေးငယ် အချို့မှာ အ​ပေါ်ယံဒဏ်ရာ သက်သာစပြု​နေပြီဖြစ်​သော်လည်း ​ကျောင်းတက်စာသင်ကြား​နေရင်းအချိန်မ​ရွေး ဗုံးကြဲ​သေဆုံးနိုင်သည်ဆို​သော စိတ်ဒဏ်ရာကမူ အချိန်ဘယ်​လောက်ကြမှ ကုသ​ပျောက်မည်မသိနိုင်​ပေ။

“ပညာသင်ရင် အသက်စတေးနေရတဲ့ နိုင်ငံပေါ့”ဟုဦးဗညားက ဖြည်းဖြည်းချင်း​ပြောပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA)၏ ဧပြီ ၁၉ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်းရှစ်သိန်းကျော် ရှိပြီဟု သိရသည်။

နိုင်ငံတကာ

ကျောင်းဝင်းထဲမှာ ပြည်တွင်းစစ်လက်ကျန် ခဲယမ်းမီးကျောက်တွေ ရှာတွေ့ခဲ့တဲ့နောက် ကျောင်းအာဏာပိုင်တွေက ရှင်းလင်းရေး လုပ်ငန်းတွေ မပြီးမချင်း ကျောင်းမလာကြဖို့ ကျောင်းသူကျောင်းသားတွေကို ညွှန်ကြားထားခဲ့ပါတယ်။

နိုင်ငံတကာ

လေ့ကျင့်နေတဲ့ ဘော်လီဘော အသင်းမှာ အတန်းမတူတဲ့ ကျောင်းသူတွေ ပါဝင်နေကြောင်း၊ သူတို့ဟာ မကြာသေးခင်ကမှ တခြားမြို့မှာ ပြိုင်ပွဲဝင်ခဲ့ပြီး ကျောင်းကို လောလောလတ်လတ် ပြန်ရောက်နေတာဖြစ်ကြောင်း ကျောင်းနဲ့ နီးစပ်သူ တစ်သီးက ပြောပါတယ်။

ဆောင်းပါး

ဆလိုင်းမာန်အောင်/People’s Spring အဲ့ဒီနေ့ကမိုး​တွေကသူတို့ရဲ့အသက်ကိုကယ်တင်​ပေးခဲ့တာပါ။ဟုတ်ပါတယ်။ အဲဒီ​နေ့က အရင်​နေ့​တွေလို့မဟုတ်ဘဲ မိုးတွေသဲသဲမဲမဲ ရွာနေတာကပဲ သူတို့ရွာကို ကြမ္မာဆိုး မဝင်စေခဲ့တာလို့ ရေမျက်ရွာသားတွေက ပြန်ပြောင်းပြောဆိုပါတယ်။ တစ်ကယ်လို့အရင်​​နေ့​တွေလိုနေလည်းပူနေမယ်။ ​ကျောင်းဖွင့်ရက်တနလာ်​နေ့ဖြစ်လို့ကျောင်းသားတွေလည်း ပုံမှန်အတိုင်း ကျောင်းတက်နေကြမယ်ဆိုရင် စစ်ကောင်စီလက်ချက်ကြောင့်  အရပ်သားတွေအစုလိုက် အပြုံလိုက်သေဆုံးမှုသတင်းဆိုးကို မြန်မာပြည်သူတွေနဲ့ ကမ္ဘာကြီးက သေချာပေါက် ထပ်ကြားရမှာလို့ဆိုကြပါတယ်။ စစ်ကိုင်းတိုင်း၊...