ကိုပုဂံ/People’s Spring
ပြင်ဦးလွင်မြို့မှ စစ်ရှောင်ကြသူများ၏ ကားတန်းရှည်ကြီးဖြင့် ယာဥ်ပိတ်ဆို့မှုဖြစ်နေသည့် ရုပ်ပုံများမှာ သြဂုတ် ၈ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာတွင် လူစိတ်အဝင်စားဆုံးပုံဖြစ်နေသည်။ အိမ်စီးကားမျိုးစုံဖြင့် မန္တလေးမြို့ဘက်သို့ ဆင်းသွားသည့် စစ်ရှောင်ကားတန်းရှည်ကြီးမှာ (၂၁)မိုင်မှ မန္တလေးမြို့အဝင် (၁၆)မိုင်စစ်ဆေးရေးဂိတ်အထိ ယာဥ်ကြောပိတ်ဆို့ခဲ့သည်။
စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့တွင် တိုက်ပွဲဖြစ်တော့မည်ဟု သတင်းများကြောင့် စစ်တပ်မိသာစုဝင်များ အပါအဝင် မြို့ခံများမှာ နေရပ်စွန့်ခွာ စစ်ရှောင်ရန် ထွက်ခွာနေခြင်း ဖြစ်သည်။
စစ်ပွဲကို ကြိုတင်တိမ်းရှောင်သည့်အနေဖြင့် မြို့စွန့်ခွာပြောင်းရွှေ့ကြသူများရှိသလို အခြေအနေကို စောင့်ကြည့်နေသူများလည်း ရှိသည်။ စစ်ဘေးကြိုတင်တိမ်းရှောင်လိုသော်လည်း ငွေးကြေးမရှိသလို ၊ကားနှင့်ဆိုင်ကယ်မရှိ၍ အိမ်မှာပင်နေရသောအခြေခံပြည်သူများလည်းရှိသည်။စစ်ပွဲရောက်လာပါက နေအိမ်မှပင် ရင်ဆိုင်ဖြတ်သန်းရန်ကြိုတင်ပြင်ဆင်နေကြသူများလည်း ရှိနေပါသည်။
ပြင်ဦးလွင်မြို့တွင် ယနေ့(သြဂုတ် ၈) အခြားဒေသသို့ စစ်ရှောင်ရန်နေရပ်စွန့်ခွာသွားကြသူများနှင့် စစ်ရှောင်ရန် ပြင်ဆင်နေကြသူများပြား၍ မြို့မှာ တိတ်ဆိတ်နေသည်ဟု မြို့ခံများက ပြောသည်။
ယနေ့ စာသင်ကျောင်းအများစုမှာလည်း ပိတ်ထားပြီး၊ ဆရာ၊ဆရာမများပင် ကျောင်းသို့မလာရဲတော့ဟု (၉)တန်းကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူက ပြောသည်။
“ဆရာမတွေကို ကျောင်းမလာရဲဘူးပြောတယ်။ အပြင်ကျောင်းတွေကကလေးတွေလည်း သူတို့မိဘတွေက ကျောင်းမလွှတ်ကြတော့ဘူး”ဟု ၎င်းက ပြောသည်။
ပြင်ဦးလွင်မြို့မစျေးမှာပုံမှန်အတိုင်းဖွင့်လှစ်ခဲ့ော်လည်းစျေးလာဝယ်သူ အနည်းငယ်သာရှိဟု မြို့မစျေးအတွင်း စျေးရောင်းချသူတစ်ဦးက ပြောသည်။ ဘဏ်များလည်း ဖွင့်လှစ်ခဲ့ပြီး ငွေထုတ်သူများပြားခဲ့သည်။
လက်ဖက်ရည်ဆိုင်များတွင်လည်း ယခင်ရက်များကဲ့သို့မဟုတ်တော့ဘဲ လာသောက်သူ အနည်းငယ်သာတွေ့ရတော့သည်။
ထူးခြားသည်က ပြင်ဦးလွင်မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီဝင်များ၏ ဌာနဆိုင်ရာရုံးများတွင် လူအရိပ်အယောင်လုံးဝမတွေ့ရဟု အဆိုပါနေရာများအား လိုက်လံကြည့်ရှု့ခဲ့သူက တစ်ဦးက ပြောသည်။ လုံခြုံရေးအစောင့်အပြင် ဘယ်ရီဂိတ်များပါ မရှိတော့ဟု ဆိုသည်။
စစ်ပွဲဖြစ်လျှင် တော်လှန်ရေးတပ်များက စစ်ရေးဆိုင်ရာပစ်မှတ်များအား အရင်ဆုံးတိုက်ခိုက်မည်ဖြစ်၍ စစ်ကောင်စီရုံးများ ၊ စစ်ကောင်စီလက်အောက်မှ ဌာနဆိုင်ရာ ဝန်ထမ်းများက ကြိုတင်တိမ်းရှောင်နေကြခြင်းဖြစ်သည်ဟု စစ်ကောင်စီရုံးများကို လိုက်လံကြည့်ရှု့ခဲ့သူက သူ့အမြင်ကိုပြောသည်။
“ဖြစ်ရင် သူတို့အရင်သေမှာ။ အဲဒါကြောင့် သူတို့က အပြင်လူတွေလို အိမ်တွေမှာလုပ်နေကြတာ”ဟု ၎င်းက ပြောသည်။ ယခုတစ်ပါတ်အတွင်း ပြင်ဦးလွင်မြို့၌ စစ်သား၊စစ်ဗိုလ်များ လုံးဝမမြင်တွေ့ရဟု ဒေသခံတစ်ဦးက ပြောသည်။
“အရင်ဆို လက်ဖက်ရည်ဆိုင်တွေမှာ စစ်ဗိုလ်အဖွဲ့ဆို သိသာတယ်။ ဂျာကင်အနွေးထည်နဲ့ ဘိုကေအသန့်နဲ့ ရုပ်ကစစ်ရုပ်ဆိုတာ တန်းသိတယ်။ အခုသူတို့က ဆံပင်ဆိုလည်း နည်းနည်းအရှည်ထားလာပြီ။ ပုံစံတွေက လုံးဝအရပ်သားတွေလို နေနေတာ”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။ စစ်သားများမှာ ပြင်ဦးလွင်မြို့တွင်ပင် ယူနီဖောင်းမဝတ်ရဲတော့ဘဲ အရပ်ဝတ်သာ ဝတ်ကြသည်မှာလည်း လပေါင်းအတန်ကြာပြီဖြစ်သည်။
စစ်ရှောင်ရန် စတင်တိမ်းရှောင်ထွက်ပြေးသူများမှာလည်း စစ်သားမိသားစုဝင်များ ၎င်းက ဆက်ပြောသည်။
ဒေသတစ်ခုလုံးနီးပါး စစ်ကောင်စီကင်းစင်သွားသော ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်မြို့ဖြစ်သော မန္တလေးတိုင်းရှိ ပြင်ဦးလွင်မြို့တွင် မကြာမီမြို့သိမ်းတိုက်ပွဲဖြစ်တော့ဟု သတင်းများသြဂုတ် ၇ ရက်တွင် ပျံ့နှံ့ခဲ့သည်။ထိုနောက် စစ်တပ်မိသားစုဝင်များအပါအဝင် မြို့ခံများမှာ ရန်ကုန်၊နေပြည်တော်မြို့၊စသောမြို့များသို့ ပြောင်းရွှေ့နေကြခြင်းဖြစ်သည်။
၁၀၂၇စစ်ဆင်ရေးအပိုင်း(၂)တွင် ပြင်ဦးလွင်နှင့် အနီးကပ်ဆုံးမြို့များဖြစ်သော နောင်ချိုနှင့် မိုးကုတ်မြို့များကို တအာင်းတပ်မတော်(TNLA) နှင့် PDF များဦးဆောင်သော ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။ ထို့အပြင် ကိုးကန့်တပ်(MNDAA) နှင့်ပူးပေါင်းတပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တည်ရှိရာ လားရှိုးမြို့ကို သြဂုတ်၃ရက် တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ တော်လှန်ရေးတပ်များက သြဂုတ် ၅ ရက် ညတွင် ကျောက်မဲမြို့ကို ထပ်မံသိမ်းပိုက်လိုက်ပြန်သည်။
နောင်ချို ၊မိုးကုတ် ၊ မိုးမိတ် ၊လားရှိုး ၊ကျောက်မဲ မြို့များကို တော်လှန်ရေးတပ်များက ဆက်တိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပြင်ဦးလွင်မြို့အား ဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်မည်ဟု ဒေသခံများက တွက်ဆ၍ပြောင်းရွှေ့နေကြခြင်းလည်းဖြစ်သည်။
ပြင်ဦးလွင်မြို့နှင့် တော်လှန်ရေးတပ်များသိမ်းပိုက်ထားသော နောင်ချိုမြို့မှာ (၃၅)မိုင်သာကွာဝေးပြီး ၊ မိုးကုတ်မြို့နှင့်လည်း (၈၈)မိုင်သာဝေးသည်။ TNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသော ကျောက်မဲမြို့နှင့်လည်း ၆၅မိုင် ဝန်းကျင်သာကွာဝေးသည်။ လားရှိုး မြို့မှာလည်း ပြင်ဦးလွင် ၊မန္တလေး မြို့များသို့ ဆက်သွယ်သွားလာနိုင်သည်။
ရှမ်းမြောက်ရှိ အဓိက မြို့အားလုံးနီးပါးကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးဖြစ်၍ ပြင်ဦးလွင်နှင့် မန္တလေးမှာ အကာအကွယ်မဲ့သွားပြီဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရန်များတွင် ရေးသားနေကြသည်ကိုလည်း တွေ့ရသည်။
စစ်ကောင်စီလက်အောက်ရှိ စစ်တိုင်း ၁၄ ခုအနက် တတိယမြောက် အင်အားအတောင့်တင်းဆုံးဖြစ်ပြီး စစ်အုပ်စုတွင် သမိုင်းတလျှောင်အောင်ပွဲအလီလီရဖူးသည်ဆိုကာ ‘နေဝန်းနီ’ဟု ဂုဏ်ယူလေ့ရှိသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိသော လားရှိုးမြို့ကိုပင် တော်လှန်ရေးတပ်များထိုးစစ်ဆင်သောအခါ စစ်ကောင်စီက ကာကွယ်နိုင်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် စစ်တက္ကသိုလ်များရှိရာ ပြင်ဦးမြို့အား လာရောက်သိမ်းပိုက်ပါက စစ်ကောင်စီအနေဖြင့် ခုခံကာကွယ်နိုင်စွမ်းမရှိနိုင်၍ တော်လှန်ရေးတပ်ဖွဲ့များက ကြိမ်းသေလာရောက်တိုက်ခိုက်သိမ်းပိုက်လိမ့်မည်ဟု ဒေသခံများက တွက်ဆနေသည်။
“လာတိုက်ရင် ရမယ်ဆိုတာ တော်လှန်ရေးအဖွဲ့က သိနေတာပဲ။ ဒါက အားလုံးသိနေတာ”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။ ။