Connect with us

Hi, what are you looking for?

ဆောင်းပါး

ဒီမိုက​ရေစီခရီးကြမ်းမှာ သမိုင်း​ကောင်း​ရေးခဲ့သူ

မြန်မာ့ဒီမိုကရေစီအရေးအတွက် စစ်အာဏာရှင်စနစ်ကို ဖီဆန်ကာ အရှည်ကြာဆုံးအကျဥ်းကျခံရသူများတွင် တစ်ဦးပါဝင်သည့် ဒေါက်တာဇော်မြင့်မောင်သည် နောက်ဆုံးထွက်သက်အထိ စစ်အာဏာရှင်ကို ဦးမညွှတ်ခဲ့​ပေ။ ထို​ကြောင့်ပြည်သူများက ​ဒေါက်တာ​ဇော်မြင့်​မောင်ကို မြန်မာ့ဒီမိုက​ရေစီအ​ရေးအတွက်တာဝန်​ကျေသူဟု နှလုံးသားဝယ်ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြသည်။

သော်မွန်/People’s Spring

မြန်မာ့ဒီမိုကရေစီအရေးအတွက် စစ်အာဏာရှင်စနစ်ကို ဖီဆန်ကာ အရှည်ကြာဆုံးအကျဥ်းကျခံရသူများတွင် တစ်ဦးပါဝင်သည့် ဒေါက်တာဇော်မြင့်မောင်သည် နောက်ဆုံးထွက်သက်အထိ စစ်အာဏာရှင်ကို ဦးမညွှတ်ခဲ့​ပေ။ ထို​ကြောင့်ပြည်သူများက ​ဒေါက်တာ​ဇော်မြင့်​မောင်ကို မြန်မာ့ဒီမိုက​ရေစီအ​ရေးအတွက်တာဝန်​ကျေသူဟု နှလုံးသားဝယ်ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြသည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ‘မြန်မာ့ဒီမိုကရေစီပြယုဂ်’အဖြစ် နိုင်ငံတကာကရှုမြင်သတ်မှတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်အားကိုးမှုရရှိထားသူများထဲမှ ဆရာဇော် ခေါ် ဒေါက်တာဇော်မြင့်မောင် မှာလည်းစစ်အာဏာရှင်ပြုတ်ကျရေး နှင့် ဒီမိုကရေစီ အရေးအတွက် ​ကိုယ်ကျိုးစွန့်၍ ရှေ့တန်းကြိုးပမ်းခဲ့သူတဦးဖြစ်၏။

Public Service Announcement

Public Service Announcement

ထို​ကြောင့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ချိန်တွင် နယ်သာလန်သံရုံးက ‘ဒေါက်တာဇော်မြင့်မောင်၏ ဘဝနှင့် သမိုင်းအမွေသည် မန္တလေး ပြည်သူလူထုအတွက်သာမက မြန်မာပြည်သူများ၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်နေမည်’ဟု ထုတ်ပြန်သည်။

ဒေါက်တာဇော်မြင့်မောင် ဦးဆောင်သည့်မန္တလေးတိုင်းအစိုးရလက်ထက်(၂၀၁၅-၂၀၂၀)တွင် မန္တလေးကို ရန်ကုန်အပါအဝင် အခြားမြို့သူမြို့သား ပြည်သူများက အားကျရသည်အထိ Smart City-စမတ်မြို့​တော် အဖြစ်ပြောင်းလဲပေးခဲ့သည်။ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်တွင် ထိုသို့ စံနမူပြစရာ မန္တလေး၏ အောင်မြင်မှုမှာ မြို့ခံပြည်သူများ၏ပါဝင်မှုမရှိဘဲမဖြစ်နိုင်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ဂုဏ်ယူပြောဆိုခဲ့သည်။

ပြည်သူရွေးချယ်တင်မြှောက်သည့် NLD အစိုးရ ပထမသက်တမ်းကုန်ခါနီးတွင် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာဖြစ်​နေသည်ကိုသိရ​တော့သည်။ထို​ကြောင့် စတင်ကုသမှုခံယူခဲ့ပြီး ဆေးဝါကုသမှု၊ ကျန်းမာရေးအစောင့်အရှောက် အပြည့်ဖြင့် နေရမည့်အချိန်တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင်ပင် ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ဖမ်းဆီးခံရသည်။

“တကယ်ဆေးကုသခွင့်ခံရမယ်ဆိုရင် အများကြီး အသက်ရှင်လို့ရတယ်။ အလုပ်တွေ လုပ်ပေးလို့ရတယ်” ဟုဒေါက်တာဇော်မြင့်မောင်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက မချိတင်ကဲ​ပြောပါသည်။​

သူ၏နိုင်ငံရေးသမားဘဝအစ ၁၉၉၀ ရွေးကောက်ခံအမတ်အနေဖြင့် စစ်အစိုးရက ပထမဆုံးအကြိမ် ထောင်ဒဏ် ၂၅နှစ်ချမှတ်ခဲ့သည်။ နှစ် ၂၀ နီးပါး ရန်ကုန်မြို့၊အင်းစိန်ထောင်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားအကျဥ်းထောင်တို့တွင် ဒေါက်တာဇော်မြင့်မောင် ဖြတ်သန်းခဲ့ရသည်။

သူကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်အရွယ်သာရှိ​သေး၍ ဘဝ၏ အစိတ်အပိုင်းအများစုကိုမိသားစုနှင့်​ဝေးရာ နရသိန်အတွင်းဖြတ်သန်းခဲ့ရသည်။ထို​ကြောင့် သာမာန်လူများကဲ့သို့ မိသားစုဘဝကိုကြာရှည်မရခဲ့ပါ။ နရသိန်မှလွတ်လာချိန်တွင်မိသားစုကို အတိုးချ ချစ်ခင် ​စောင့်​ရှောက်ခဲ့သလို၊ပြည်သူများ​ကောင်းစား​ရေး တိုင်းပြည်​ကောင်းစား​ရေးအတွက် စွမ်းစွမ်းတမန်ကြိုးစားခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုကလည်း အသက် ၇၀ ခန့်အရွယ်၊ သွေးကင်ဆာရှင် ဝန်ကြီးချုပ်ဟောင်းကို မတရားသဖြင့်အမှု၁၀ခု ဩစွဲချက်တင်ကာ ထောင်ဒဏ်၂၉နှစ်ချမှတ်ပြန်သည်။ သို့သော် စစ်အာဏာရှင်များ၏ ရက်စက်မှုအပေါင်း သိရှိပြီးဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်သည် ၎င်းတကိုယ်ရည်လွတ်မြောက်ရေးအတွက် မကြံဆောင်ခဲ့ကြောင်း နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များက ချီးကျူးမှတ်တမ်းတင်သည်။

“ဆရာဇော်ဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း သူတကိုယ်ရည် လွတ်မြောက်ရေးအတွက် ဘာမှ မကြံဆောင်ခဲ့ဘူးဗျ။ တာဝန်ထမ်းဆောင်စဥ်မှာလည်း အဂတိတရားကင်းရှင်းစွာနဲ့ ထမ်းဆောင်ခဲ့တယ်။ ဒါက တိုင်းပြည်နဲ့ ပြည်သူအပေါ် ထားရှိတဲ့ သူ့စေတနာပါပဲ” ဟု အင်းစိန်အကျဥ်းထောင်အတွင်း ၇ နှစ်ခန့်အတူဖြတ်သန်းခဲ့သူ နိုင်ငံရေးသမားတဦးက ပြောသည်။

ဆရာဝန်နိုင်ငံရေးသမား ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေ

ရွေးကောက်ပွဲ နှင့် ၂၀၂၀အထွေထွေရွေးကောက်ပွဲ စသည့် ရွေးကောက်ပွဲ ၄ ကြိမ်တိုင်တိုင် ရှားပါးသည့် ပြည်သူရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် လက်ရှိအချိန်အထိ လေးထပ်ကွမ်းအမတ်မှာ ဒေါက်တာဇော်မြင့်မောင်အပါအဝင် ရှစ်ဦးသာရှိသည်။

NLD ဗဟိုအလုပ်ကော်မတီကလည်း ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းပြီးနောက် သွေးကင်ဆာဝေဒနာကို အမြင့်ဆုံးအဆင့်ရင်ဆိုင်နေရသော်လည်း တကိုယ်ရည်သက်သာခွင့်ရရန် ‘စစ်အာဏာရှင်အလိုကျ ဦးညွှတ်ခဲ့သူမဟုတ်ပါ’ ဟု ထုတ်ပြန်သည်။

၂၀၂၁ စစ်အာဏာသိမ်းမှုကို ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြသူ၊ မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းကလည်း ဆရာဇော်သည် အာဏာရှင်အား ‘ငုံ့မခံဘဲ တုန့်ပြန်’သည့် လေးစားအပ်သောပုဂ္ဂိုလ်ကြီးအဖြစ် ဝမ်းနည်းမှတ်တမ်းတင်သည်။

သူသည် ဆေးဝါးကုသမှု မလုံလောက်သည့်ကြားမှ ကင်ဆာဝေဒနာကိုကြံ့ကြံ့ခံကာ ပြည်သူ့ဘက်မှရပ်တည်ခဲ့သူ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း NLD က အခိုင်အမာဆိုသည်။ ​အဖမ်းဆီးခံဘဝတွင် သွေးကင်ဆာရောဂါအတွက် လုံလောက်သည့် ကုသမှုမရသည့်အပြင် ထောင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ကျန်းမာရေးသိသာစွာကျဆင်းလာသော်လည်း လုံလောက်သည့်ကုသမှုများနှင့် သင့်တင့်လျောက်ပတ်သည့် နေရာထိုင်ခင်းမရရှိခဲ့ခြင်းသည် ကွယ်လွန်တိမ်းပါးမှု၏ အရင်းခံအကြောင်းများဖြစ်သည်ဟု NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

စစ်​ကောင်စီက သူ့အား​ထောင်အတွင်း ကျန်းမာ​ရေး​စောင့်​ရှောက်မှုလုံ​လောက်စွာမ​ပေးခဲ့​သော်လည်းကွယ်လွန်ခါနီး နှင့် ကွယ်လွန်ချိန်တွင်စစ်အုပ်စုက နိုင်ငံ​ရေးအမြတ်ထုတ်ခဲ့သည်။ ​နောက်ဆုံးအချိန်​ရောက်၍ ​ဆေးရုံကုတင်​ပေါ်တွင် ​အောက်စီဂျင်ပိုက်တပ်ထားချိန်တွင်မှ စစ်​ကောင်စီက “လူမှု​ရေးအရ ငဲ့ညှာ​သောအားဖြင့်လည်း​ကောင်း၊ နိုင်ငံ​တော်၏ ​ ​မေတ္တာ နှင့် ​စေတနာကိုနာလည်ရန်​ရှေးရှု​​သောအားဖြင့်လည်း​ကောင်း”ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသည်ဟု ​ဆေးရုံလာ၍ လွတ်ငြိမ်း​ပေးကြောင်းလာဖတ်သွားသည်။

သို့​သော် မကွယ်လွန်​သေးပါလည်း စစ်အုပ်စုက​ထောင်​ချောက်ဆင်ခဲ့သည်။​နောက်တကြိမ်ပြစ်မှုကျူးလွန်ပါက ယခုပြစ်ဒဏ်များကိုပါဆက်လက်ကြခံရမည်ဟု ​အသက်​ငွေ့​​ငွေသာကျန်​သောသူကိုစစ်အုပ်စုက​ထောင်​ချောက်ဆင်ခဲ့ခြင်းဖြစ်သည်။​ဒေါက်တာ​​ဇော်မြင့်​​မောင်ကွယ်လွန်ပြီး​နောက် စစ်​ကောင်စီ၏ မန္တလးတိုင်းဝန်ကြီးချုပ်ဆိုသူက လာ၍ နာ​ရေးလာ​မေးသည်ဆိုကာ စစ်အုပ်စုကလူ​ကောင်းမျက်နှာဖုံးစွပ်ပြ၍ နိုင်ငံ​ရေးအမြတ်ထုတ်ရန် ကြိုးစားခဲ့ပြန်သည်။

စစ်အုပ်စုက ထိုသို့ဟန်​ဆောင်၍ နိုင်ငံ​ရေးအမြတ်ထုတ်​သော်လည်း ဆရာ​ဇော်ကချစ်သလို ၊ဆရာ​ဇော်ကိုလည်းချစ်​သော မန္တ​လေးမှပြည်သူများက ​အောက်တိုဘာ ၈ ရက်နာ​ရေးကို စစ်တပ်၏ ခြိမ်း​ခြောက်မှုများကြားမှ ပြည်သူ​​ထောင်၊​သောင်ချီ လိုက်ပါပို့​ဆောင်ခဲ့ပါသည်။ ပြည်သူကို ချစ်ပြီး အများအကျိုး​​ဆောင်လျင် ပြည်သူက မည်သို့ချစ်ခင် ​လေးစားသည်ကို စစ်အာဏာရှင်များအားသာဓကထပ်ပြလိုက်ခြင်းလည်းဖြစ်သည်။ပြည်သူများအ​ပေါ် စကားချိုသာစွာ​ဆို ပြီး ၊ နှိမ့်ချသလို ၊နူးညံစွာဆက်ဆံ​သော သူ့ကို က​လေးများကပင် ချစ်ခင်သူဖြစ်သည်။

ယုံကြည်ချက်၊ ရပ်တည်ချက် မှန်ကန်ခိုင်မာပြီး ၊အနစ်နာခံသလို ဇွဲ ၊သတ္တိ၊ပညာ၊​စေတနာတို့ဖြင့်ပြည့်ဝ​သော သူ့ကို ပြည်သူများသာမက နိုင်ငံ​ရေးသမားများ၊အဖွဲ့အစည်းများကလည်း ​လေးစားကြသည်။နိုင်ငံရေးလုပ်သက် ၃၆နှစ်အတွင်း အကျဥ်းထောင်သုံး ခု၌ ၂၃ နှစ်ခန့်ကြာ စစ်အာဏာရှင်များ၏ ပုံစံအမျိုးမျိုး ညှင်းပန်းနှိပ်စက်မှုများကို ဦးမညွှတ်ခဲ့သူ ဒေါက်တာဇော်မြင့်မောင်ကို ပါတီမတူ နိုင်ငံရေးသမားများက လေးစားကြသလို ‘ဒီမိုကရေစီသူရဲကောင်း’အဖြစ်လည်း တင်စားကြသည်။

ဒေါက်တာဇော်မြင့်မောင် ယုံကြည်စွဲကိုင်လွှင့်ထူခဲ့သော ဒီမိုကရေစီစိတ်ဓာတ်ခွန်အားများသည် ယနေ့နွေဦးတော်လှန်ရေး၏ မြန်မာစစ်အာဏာရှင်အပြီးတိုင် ချေမှုန်းတိုက်ဖျက်ရေးအတွက် အကောင်းဆုံးစံနမူနာ တိုက်ပွဲအင်အားတရပ်ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF က ဝမ်းနည်းသဝဏ်လွှာ၌ ဖော်ပြသည်။

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(MPU)ကလည်း ၁၉၈၈ မှ မကွယ်လွန်မီနောက်ဆုံးအချိန်အထိ စစ်အာဏာရှင်များကို အန်တုခဲ့သူ၊ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး၊ တိုင်းပြည်အရေးတို့အတွက် အနစ်နာခံကာ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဇော်မြင့်မောင်ကို လေးစားဦးညွှတ်ဂုဏ်ပြုကြောင်း ထုတ်ပြန်သည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီိသမ္မတ ကချင်တိုင်းရင်းသား ဒူဝါလရှီးလက ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားခြင်းသည် တိုင်းပြည်နှင့် လူမျိုးအတွက် ကြီးစွာသောဆုံးရှုံးမှုတစ်ခုအဖြစ် မှတ်ယူကြောင်းနှင့် ကွယ်

လွန်ချိန်အထိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် တစိုက်မတ်မတ်ထမ်းရွက်ခဲ့သည့် ဒေါက်တာဇော်မြင့်မောင်အား အလေးပြုကြောင်း သဝဏ်လွှာပေးပို့သည်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သည့်နေ့တွင် NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့်အစိုးရအဖွဲ့တို့က ဒေါက်တာဇော်မြင့်မောင် မျှော်မှန်းခဲ့သည့်အတိုင်း ပြည်သူ့နွေဦးတော်လှန်ရေးကို အမြန်ဆုံးပြီးမြောက်အောင်မြင်သည်အထိ မမှိတ်မသုန် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ကတိသစ္စာပြုကြ​လေသည်။

​၎င်းကို​လေးစားချစ်ခင်ကြ​​သော​​နွေဦး​တော်လှန်​ရေးမှ ရဲ​ဘော်များက မပြီးဆုံး​သေး​သောတာဝန်များ ၊သူရည်​မျှော်​သောပြည်သူ့​အောင်ပွဲ​ဆီရောက်သည်အထိ ဆက်လက်ချီတက်ကြမည်ဟု အသီးသီးကတိသစ္စာပြုခဲ့ကြသည်။

​ဒေါက်တာ​ဇော်မြင့်​မောင်ကလည်း ၂၀၂၀ ​ရွေး​ကောက်ပွဲအကြို ကာလတွင် ​လူထု​ခေါင်း​ဆောင်​ဒေါ်​အောင်ဆန်းစုကြည်နှင့် နိုင်ငံ​ရေးစကားဝိုင်းတွင် ၎င်းတို့​နေရာဆက်ခံမည့် လူငယ်မျိုးဆက်သစ်များအတွက် စကားလက်​ဆောင်းပါးခဲ့ပါသည်။

“နိုင်ငံ​ရေးလုပ်တယ် ဆိုတာ ခံနိုင်ရည်ရှိရမယ် ၊ဇွဲရှိရမယ်၊ရည်မှန်းချက်ရှိရမယ်​ပေါ့​နော်။​နောက်ပြီး​တော့ ယုံကြည်ချက်လည်း မ​ဖောက်ပြန်ရဘူး။

တဆင့်ချင်းတက်ရမယ် ဆိုတာ​လေး​တွေကို ​နောင်မျိုးဆက်သစ်​လေး​တွေကိုသိ​​စေချင်ပါတယ်”။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ၊ မန္တ​လေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ရည်စူးသည့် ရက်လည်အလှူကို ယနေ့ အောက်တိုဘာ ၁၃ရက် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၌ ကျင်းပခဲ့ကြောင်း ABSDFက ထုတ်ပြန်သည်။

ဆောင်းပါး

သီတင်းကျွတ်လဆန်းရက်ပေမယ့် မန္တလေးမြို့ရဲ့ မနက်ခင်းဟာ နွေရာသီလိုပဲ ပူလောင်နေတယ်။ ချွေးပြိုက်ပြိုက်ကျရတဲ့ မနက်ခင်းမှာပဲ ထောင်ချီများပြားလှတဲ့ ဆိုင်ကယ်တွေဟာ မန္တလေးမြို့ထဲကနေ အုပ်လိုက်ကြီး ထွက်လာခဲ့ကြတယ်။

သတင်း

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နာရေးအပြန်ဆိုင်ကယ်များအား စစ်အု​ပ်စုက စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း အဆိုပါမာရေးလိုက်ပါပို့ဆောင်သော မြို့ခံများက ပြောသည်။

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးကို ဒီနေ့ မန္တလေး မှာ ပြုလုပ်ရာ မန္တလေးမြို့ပြည်သူလူထု လိုက်ပါပို့ဆောင်ပေးကြတာတွေ့ရပါတယ်။