အာရုဏ်ဦး/People’s Spring
ထိုင်ခုံပြည့်ဆိုရင် လူအယောက် အစိတ်သုံးဆယ်လောက်ဆံ့တဲ့ မီနီဘတ်စ်လေးတစ်စီးဟာ အဝေးပြေးလမ်းမကြီးအတိုင်း မြို့တော်ရန်ကုန်ဆီ ဦးတည်ခုတ်မောင်းနေပါတယ်။
မနက် ၅ နာရီခွဲသာရှိသေးပေမယ့် ဘတ်စ် ကားပေါ်မှာ ထိုင်ခုံလွတ်မရှိသလောက် ခရီး သည်တွေနဲ့ပြည့်နေပါပြီ။ အများစုဟာ လူ ငယ်တွေဖြစ်ပြီး သက်ကြီးပိုင်းဆိုလို့ ခေါင်းမွေးဖြူဖြူနဲ့ ဦးလေးကြီးနှစ်ယောက်သာ လိုက်ပါလာတာ တွေ့ရတယ်။
တစ်စီးလုံး အသက် ၁၈ နဲ့ ၂၀ ကြား အမျိုးသမီးငယ်တွေက လေးပုံတစ်ပုံလောက် ရှိနေပါတယ်။ သူတို့ဟာ မြို့ တော်ရန်ကုန်နဲ့ ၂ နာရီခွဲလောက် ကားစီးရတဲ့ နယ်မြို့လေးတစ်မြို့ကနေလာကြတာပါ။
ကားပေါ်ထိုင်လိုက်လာရင်း လေတိုးသံတဟူးဟူးနဲ့အတူ ဆောင်းမနက်ရဲ့ အေးစက်စိုထိုင်းမှုကို ထိတွေ့ခံစားရပါတယ်။ ဒါပေမဲ့ လူငယ်အများစုကတော့ အနွေးထည်တွေ ဝတ်မထားကြပါဘူး။
ကားဆိုက်ရင် အလုပ်ချိန်မီမှမီပါ့မလားဆိုတဲ့ စိုးရိမ်စိတ်က သူတို့မျက်နှာပေါ် ကနုပျိုခြင်းတွေကို ဖယ်ရှားလိုက်ကြတယ်ထင်ပါရဲ့။ အ များစုဟာ ရှူတည်တည် မှုန်တေတေ။ အရွယ်နဲ့မလိုက်အောင် မျက်နှာထားတွေ တည်တင်းနေကြတယ်။ ပြီးတော့ အဲဒီစိုးရိမ်စိတ်ကပဲ အအေးဒဏ်ကိုအံတုဖို့ လှုံ့ ဆော်ပေးနေတယ်လို့ ယူဆရပါတယ်။ ကိုယ်တိုင်ကတော့ အ နွေးထည်ကြီးဝတ်၊ အိတ်ကပ်ထဲလက်ထိုးထည့်ပြီး ကုပ်ကုပ်လေးလိုက်လာမိတယ်။
ကားပေါ်ပါတဲ့ လူငယ်တွေကတော့ ဆင်းရမယ့်မှတ်တိုင်ဆီ စိတ်စောနေတာကလွဲရင် ဘာမှ တွေးတော့ကြံဆနေပုံ မတွေ့ရဘူး။ အများစုက ရှေ့တူ
ရူသို့သာ လှမ်းမျှော်ကြည့်နေကြပြီး နီးလာပြီဆိုတဲ့အသိနဲ့ ဖင်တကြွကြွဖြစ်နေကြတယ်။
ဒီလိုနဲ့ အဝေးပြေးဘတ်စ်ကားဟာ မြို့တော်ရန်ကုန်ရဲ့ ဆင်ခြေဖုန်းရပ်ကွက်တွေဆီ ချဥ်းနင်းလာခဲ့တယ်။ ဒီအခါမှာ ကားပေါ်ပါ လူငယ်တွေဟာ လုပ်ငန်းခွင်ဝင်ဖို့ သက်ဆိုင်ရာ ကား မှတ်တိုင်တွေမှာ အလျှိုလျှိုဆင်သွားကြပါတော့တယ်။
လိုရာခရီးရောက်ပြီမို့ ကျနော်နဲ့ ကျနော့်အဖော်ဟာလည်း ဘတ်စ်ကားပေါ်က ဆင်းလိုက်ကြတယ်။ ပြီးတော့ ဆက်မသွားဖြစ်သေးဘဲ ကားမူးလာတဲ့ ကျနော့်အဖော်ကိုအနည်းငယ်နားလို့ရအောင် လက်ဘက်ရည်တစ်ဆိုင်ထဲ ဝင်ထိုင်လိုက်တယ်။
ကျနော်တို့ထိုင်ဖြစ်တဲ့ဝိုင်းက ဆိုင်ရဲ့အပြင်ဘက်ဆုံး ဒေါင့်စွန်းနားက စားပွဲဝိုင်း။ အဲဒီဝိုင်းရဲ့ကပ်လျက်မှာ ထီဆိုင်လေးတစ်ဆိုင်ရှိတယ်။ သူ့ရှေ့နားမှာတော့ ဆိုက္ကားဂိတ်လေးတစ်ခု ရှိနေပါတယ်။ ကျနော်တို့ဟာ ကျွဲစိမ်းအအေးတစ်ဘူးနဲ့ လက်ဘက်ရည်ကျစိမ့်တစ်ခွက် စားပွဲထိုးထံလှမ်းမှာလိုက်တယ်။
ပြီးတော့ မူးနေတဲ့ကျနော့်အဖော်ကို အနည်း ငယ်နှိပ်နှယ်ပေးရင်း မှာထားတာတွေ ရောက်အလာကို စောင့်ဆိုင်းနေကြပါတယ်။ အဲဒီအ ချိန် ဘေးကပ်လျက်က ထီသည်ဦးလေးကြီးနဲ့ ဆိုက္ကားဆရာတစ်ဦး စကားပြောနေတာကို နားစွင့်ကြည့်မိတယ်။
“ညတုန်းက ပါသွားတာ တော်တော်များလား” တဲ့ ထီသည်ကြီးက ဆိုက္ကားဆရာကို မေးတယ်။ “များဆို အယောက် ၂၀ လောက်တောင် ရှိမယ်ထင်တယ်”တဲ့ ဟိုက ပြန်ဖြေတယ်။
ဒီအထိ သူတို့ ဘာအကြောင်းပြောနေကြတာလဲဆိုတာ ကျနော် သေချာဂဃ မသိရသေးဘူး။ ဒါကြောင့် ဆက်ပြီး နားထောင်နေမိတယ်။ ဒီတော့မှ ရန်ကုန်မှာ လူငယ်တချို့ ပေါ်တာဆွဲခံရတဲ့အကြောင်းပဲလို့ လိပ်ပတ်လည်သွားတယ်။
ဆိုက္ကားဆရာကြီးရဲ့ အပြောအရ အဲဒီညက သူတို့ဂိတ်နဲ့ ဓာတ်မီးတိုင်နှစ်တိုင်လောက်သာခြားတဲ့ ရပ်ကွက်စျေးထိပ်နား လူငယ်တချို့ အဖမ်းခံလိုက်ရတာလို့ သိရတယ်။ စစ်ကောင် စီတပ်သားတွေနဲ့ ရဲတွေဟာ စျေးထိပ်နား ကားတွေရပ်ပြီး ညအချိန်မတော် လမ်းပေါ် ထွက်တဲ့ လူငယ်တချို့ကို ဖမ်းခေါ်သွားတာလို့ ဆိုတယ်။
ယောကျ်ားလေး မိန်းခလေး ရွေးမနေဘဲ တွေ့သမျှလူငယ်တွေကို ကားပေါ်အကုန်ဆွဲတင်သွားတာလို့ သူတို့က ပြောတယ်။ စစ်သားနဲ့ရဲတွေ ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်ဆိုတဲ့နေရာဟာ ရန်ကုန်မြို့ မြို့နယ်တစ်ခုရဲ့ မိန်းလမ်းမကြီးပေါ်မှာပါ။
အဲဒီဆိုက္ကားဆရာကြီးရဲ့စကား ဘယ်လောက်ထိမှန်လဲ ကျနော်တိတိကျကျ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အခုရက်ပိုင်း ရန်ကုန်မြို့ခံအချို့ရဲ့ လူပျောက်ကြော်ငြာတွေ၊ ညပိုင်းအပြင်မထွက်ကြဖို့ သတိပေးချက်တွေ လူမှုကွန်ယက်မှာ ပြန့်နှံ့နေပါတယ်။
သာကေတမြို့နယ်မှာနေတဲ့ မိတ်ဆွေတစ်ဦးရဲ့ ပြောပြချက်အရလည်း သူတို့ရပ်ကွက်ထဲမှာ ပေါ်တာဆွဲခံရတဲ့ကလေးတချို့ ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်က သူတို့ရပ် ကွက်ထဲ စစ်တပ်ကဝင်ဆွဲလို့ လူငယ်လေးငါးဦးပါသွားတယ်။ အဲထဲမှာ ကျောင်းသားလူ ငယ်တစ်ဦးပါ ပါနေတာလို့ အဲဒီမိတ်ဆွေက ပြောပြပါတယ်။
ကျနော်နဲ့ ကျနော့်အဖော်ဟာ မှာထားတာတွေ စားသောက်ပြီးပြီမို့ ထီသည်ကြီးနဲ့ ဆိုက္ကားဆရာရဲ့ ပြောစကားတွေကို ဆက်ပြီးနားမထောင်အား တော့ပါဘူး။ ဒါကြောင့် လက်ဘက်ရည်နဲ့ အအေးအတွက် ကျသွင့်ငွေကျပ် ၄,၂၀၀(လက်ဘက်ရည်တစ်ခွက် ကျပ် ၁,၇၀၀၊ ကျွဲစိမ်းအအေးတစ်ဘူး ကျပ် ၂,၅၀၀)ရှင်းပေးပြီး မြို့ထဲဘက် ဆက်ထွက်လာခဲ့ကြတယ်။
ရန်ကုန်မြို့ထဲ ပန်းဆိုးတန်းလမ်းနားရောက် တော့ ဝင်နေကျ စာအုပ်ဆိုင်တွေဘက် ခြေဦးလှည့်မိတယ်။ ဒါပေမဲ့ ဆိုင်တချို့ဟာ နဂိုနေရာမှာ မရှိကြတော့ပါဘူး။ ဆိုင်တွေ ပိတ်သွားကြပါပြီ။ အ
ရောင်းအဝယ်တွေမကောင်းလို့ အပြီးပိတ်လိုက်တာလား နေရာရွှေ့ပြီးဆက်ဖွင့်ထားသေးလားဆိုတာကိုတော့ မသိရပါ။
အချို့စာအုပ်ဆိုင်ခန်းနေရာတွေမှာ လုပ်ငန်းသစ်၊ ဆိုင်သစ်တွေ အစားထိုးနေရာယူနေတာ တွေ့ရတယ်။ ဒါနဲ့ အဟောင်းဆိုင်တွေဘက်လှည့်ဦးမယ်ဆိုပြီး ၃၇ လမ်းဘက် လျှောက်လာလိုက်တယ်။ ဟောဗျာ…အဟောင်းဆိုင်တွေဘက်လည်း ဆိုင်တချို့မရှိကြပြန်ဘူး။
ဆိုင်တစ်ဆိုင်ကတော့ လမ်းကြားထဲကနေ မ ဟာဗန္ဓုလလမ်းပေါ်က အခန်းတခုမှာ ဆိုင်း ဘုတ်တင်ထားတာ လှမ်းတွေ့ရတယ်။ သည်တော့ ဆိုင်းဘုတ်ရှိရာ ဆက်လျှောက်လာလိုက်တာ ရှေ့ရောက်တော့ စေ့ပိတ်ထားတဲ့ သံဘာဂျာတံခါးတွေရဲ့နောက် အခန်းလွတ်ကြီးကိုသာ မြင်ခဲ့ရတယ်။
ဒါကြောင့် ပန်းဆိုးတန်းလမ်းဘက် ပြန်လှည့်လာပြီး လမ်းဘေးပလဖောင်းမှာချရောင်းတဲ့ စာအုပ်အဟောင်းတန်းဆီ လျှောက်လာဖြစ်တယ်။ စာအုပ်ဟောင်းတန်းဟာလည်း အရင်လို စည်စည်ကားမရှိလှဘူး။ မနက် ၁၀ နာရီခန့်သာရှိသေးပေမယ့် အဟောင်းတန်းထဲ လူရှင်းနေပြီ။ ရှင်းဆို ဆိုင်အချို့ဟာ စာအုပ်ပုံတွေကို မိုးကာတွေနဲ့ အုပ်ဆိုင်းထားကြပြီ။ အချို့သာ ဒီအတိုင်း ဟင်းလင်းဖွင့် ခင်းကျင်းထားတာကို တွေ့ရပါတယ်။
စစ်တပ်အာဏာမသိမ်းခင်ကဆိုရင်ပန်းဆိုးတန်း စာအုပ်ဟောင်းတန်းမှာ ရောင်းသူဝယ်သူ၊ ကြည့်ရှူ့လေ့လာသူအပါ အဝင် လမ်းသွားလမ်းလာတွေနဲ့ စည်းကားနေကျ။ ခုတော့ မြို့တော်ရန်ကုန်မှာ မြင်နေ ကျမြင်ကွင်းအချို့ ဆိတ်သုန်းခဲ့ပြီ။
အဲ… ပုံမှန်မဟုတ်တဲ့ မြင်ကွင်းသစ်အချို့ကိုတော့ မြို့တော်ရန်ကုန်က ကျနော်တို့ကို လှစ်ဟပြထားတယ်။ အဲထဲက မျက်စိထဲထင်းနေစေတဲ့အရာဟာ သံဆူးကြိုးအကာအရံတွေပါပဲ။ စစ်အုပ်စုအာဏာသိမ်းမှုအစောပိုင်းက ရဲစခန်းတွေရှေ့လောက်ပဲ အဲဒီလိုအကာအရံတွေ ချထားတတ်တာပါ။ အခုတော့ အစိုးရဌာနပိုင် ရုံးအဆောက်အအုံတိုင်းလိုလိုရဲ့ရှေ့မှာ သံဆူးကြိုးအကာအရံတွေ ချထားပါပြီ။
အများသူငါ ဖြတ်သန်းသွားလာနေကျ လမ်းဘေးပလဖောင်းတွေမှာ စျေးသည်တွေ မရှိသလောက်နည်းသွားပြီး သံဆူးကြိုးအကာ အရံတွေပဲ ဖောဖောသီသီ နေရာယူလျှက်ရှိနေပါတယ်။ ဒါတင်မက သေးပါဘူး။ အချို့ လမ်းပိုင်းနဲ့ လမ်းတိုလေးတွေဟာ လုံးဝဖြတ် သန်းခွင့်မရတော့ဘဲ အကာအရံတွေချပြီးပိတ်ချခံလိုက်ရတာကို တွေ့ရပါတယ်။
မြင်ကွင်းသစ်တွေထဲ တမူထူးနေတဲ့ နောက် ထပ် မြင်ကွင်းတစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ စည်ပင်ဝန်ထမ်းအချို့နဲ့ အရပ်ဝတ်တွေပေါင်းပြီး ကြက်ဥ၊ ဘဲဥတွေချ ရောင်းနေတဲ့ ခုံတန်းလေးတွေပါ။
ပုံမှန်ဆို အစိုးရဌာနတခုခုရဲ့ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းကရတဲ့ နို့၊ သားငါးနဲ့ အသီးအ ရွက်တွေကို ထုတ်ကုန်ပြပွဲနဲ့ အထိမ်းအမှတ်ရက်တွေမှာသာ ချရောင်းလေ့ရှိကြတာပါ။ ရောင်းရာမှာလည်း စည်ပင်ပိုင် မြို့တော်ခန်း မရှေ့ ပလဖောင်းတွေမှာ ဆိုင်ခန်းလေးတွေထိုးရင်ထိုး၊ အမိုးဖွင့်ယာဥ်ပေါ် ခင်းကျင်းပြီးရောင်းရင်ရောင်း ဒီလိုသာလုပ်ခဲ့ကြတာ။
အခုနေတွေ့ရတာက အဲဒီပုံမဟုတ်ဘူး။ မြို့ထဲ လမ်းကျယ်တခုနဲ့ လမ်းမကြီးတခုရဲ့ထောင့်နားက ပလဖောင်းမှာ စားပွဲခုံ တလုံနှစ်လုံချ၊ လူလေးငါးခြောက်ယောက်ဝိုင်းထိုင် ရောင်းနေကြတာ။ အရင်က ဌာနထုတ်ကုန်တွေရောင်းတယ်ဆိုရင် ယူနီဖောင်းဝတ်ထားတဲ့ ဝန်ထမ်းကျားမမရွေး ဝင်ရောင်းပေးကြတာပါ။ ခုဖြင့် အဲလိုမဟုတ်ဘူး။ ယူနီ ဖောင်းဝတ် စည်ပင်ဝန်ထမ်း တဦးနှစ်ဦးသာတွေ့ရပြီး ကျန်သူအားလုံးက အရပ်ဝတ်တွေ။ ပြီးရင် အမျိုးသမီးတစ်ဦးမှ မပါဘူး။ သန်သန်မာမာ အမျိုးသားတွေချည်း။
ရန်ကုန်မြို့ တွင်းနဲ့ ထိစပ်မြို့နယ်တွေရဲ့ လမ်းဖွဲ့စည်းပုံဟာ မှတ်ရလွယ်ပါတယ်။ နံပါတ်နဲ့နှစ်လမ်းပြီးရင် နာမည်နဲ့လမ်းကျယ်တစ်လမ်း လာပါတယ်။ ဒါကြောင့် စည်ပင်နဲ့အရပ်ဝတ်တွေထိုင်တဲ့ လမ်းကျယ်အချို့မှ စားပွဲဝိုင်းတွေကို မြို့ထဲမှာ အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။
တန်ဖိုးသင့် စားသောက်ကုန်တွေကို ခုလို လမ်းဘေးမှာ ခုံခင်းပြီး ရောင်းချပေးတာဟာ ကိုဗစ်ကပ်ရောဂါကလာတုန်းကလည်း ရှိခဲ့ဖူးပါတယ်။ သို့ပေမဲ့ ဌာနအစီအစဥ်နဲ့ ရောင်းချတာမျိုးက အနည်းစုပါ။ တစ်ဦးကိုတစ်ဦး ဖေးကူလိုတဲ့သဘောနဲ့ ပြည်သူက ပြည်သူ့ထံ ရောင်းချ၊ ဝေငှပေးခြင်းသာ အများစုဖြစ်ပါတယ်။
ကျနော်တို့ဟာ ရန်ကုန်မြို့တွင်း လည်ပတ်သွားလာပြီးတဲ့နောက် နယ်မြို့ကိုပြန်မယ့် ဘတ်စစ်ကားဂိတ်ဆီ အငှားယာဥ်တစ်စီးနဲ့ လာခဲ့ကြပါတယ်။ နယ်မြို့မှလာစဥ် ကျနော်ရယ် ကျနော့်အဖော်ရယ် နှစ်ဦးတည်းဖြစ်ပေမယ့် သာကေတမှမိတ်ဆွေပါ ကျနော်တို့ထံရောက်လာ၍ အငှားယာဥ်စီးတဲ့အခါ သုံးဦးဖြစ်သွားပါတယ်။
ဒါကြောင့် ယာဥ်စထွက်တယ်ဆိုရင်ပဲ အငှားယာဥ်မောင်းဦးလေးက စကားစလာပါတယ်။ ခုလို သုံးလေးယောက်စုပြီး မြို့ဆင်ခြေဖုန်းတွေဘက် ကားငှားရင် သူ မလိုက်ဖြစ်တော့ဘူးတဲ့။ အထူးသဖြင့် ယောကျ်ားလေးတွေချည်း စုငှားတာမျိုးဆို ပိုရှောင်တယ်တဲ့။
“ဟာ…ဟုတ်လား။ ဘာဖြစ်လို့လည်း အစ်ကိုရ”လို့ ကျနော်ကမေးတော့ “အခုနေ ဘယ်သူမှ စိတ်ချလို့ မရဘူး။ အကုန် သတိထားနေရတာ”တဲ့လေ။ ပြီးတော့ သူက ဆက်ပြောသေးတယ်။
“ကိုယ့်အာရုံက ရှေ့မှာလေ။ နောက်ကလာမယ့်အရာကို ကြိုမသိနိုင်ဘူး”တဲ့။ တဆက်တည်းမှာလည်း ကျနော်တို့ရှိရာ ကားနောက်ခန်းဆီ သူက လည်ပြန်ငဲ့ကြည့်တယ်။
ဒီလိုနဲ့ ကားဂိတ်မရောက်မချင်း သူနဲ့ကျနော် နောက်ကြည့်မှန်ကတဆင့် အကြည့်ချင်းဆုံဆုံသွားတာ ဘယ်နှစ်ကြိမ်တောင် ရှိလေမလဲမသိ။ မကြာခဏ ဆုံနေဖြစ်တယ်ဆိုတာတော့ သေချာပါတယ်။ ဟိုရောက်တော့ ဂိတ်အထိလိုက်လာပေးတဲ့ ကျနော့် မိတ်ဆွေကို နှုတ် ဆက်ပြီး မြို့တော်ရန်ကုန်ကနေ ပြန်ခဲ့ပါတယ်။ ။