Connect with us

Hi, what are you looking for?

ဆောင်းပါး

နှစ်သစ်ကူးရုံးပိတ်ရက်​တွေနဲ့ ကမ်းခြေဂယက်

စစ်ကောင်စီတပ်ဟာ ဧရာဝတီတိုင်းက စစ်သားစုဆောင်းခံရသူ သင်တန်းသားအများအပြားကိုလည်း ရခိုင်ပြည်နယ်ကို ပို့ဆောင်နေပါသေးတယ်။

ငွေဆောင်နဲ့ချောင်းသာသွားကြမယ့် ခရီးသည်တင်ယာဥ်အချို့
ငွေဆောင်နဲ့ချောင်းသာသွားကြမယ့် ခရီးသည်တင်ယာဥ်အချို့

Scorpio/People’s Spring

ရန်ကုန်ကနေ ချောင်းသာကို Express ကားနဲ့ မိသားစုနဲ့အတူ ခရီးသွားခဲ့တဲ့ အသက် ၃၀ အရွယ် မမိုးမိုး(အမည်လွှဲ)တစ်ယောက် ရန်ကုန်နဲ့ ဧရာဝတီတိုင်း စစ်ဆေးရေးဂိတ်အရောက်မှာ ရင်ထိတ်စရာတစ်ခု စတင်ကြုံတွေ့ ခဲ့ရပါတယ်။

အဲဒီဂိတ်က စစ်သားတွေဟာ ကားပေါ်ကိုတက်လာပြီး မှတ်ပုံတင်တွေစစ်၊ မျက်နှာတွေသေချာကြည့်ပါတယ်။ လူငယ်အမျိုးသားတွေဆို ပိုစစ် ပိုရစ်ပြန်တယ်။ အသက် လေးဆယ်ဝန်းကျင် အမျိုးသားတစ်ယောက်အလှည့်မှာတော့ ဘာမသင်္ကာသွားတယ်မသိ အင်္ကျီတွေပါ ချွတ်ခိုင်းတော့တယ်လို့မမိုးမိုးက ပြောပြတယ်။

ကားပေါ်တင် ဆယ်မိနစ်လောက်မေးပြီးရုံတင်အားမရဘဲ အောက်ကိုခေါ်ဆောင်သွားပါတယ်။ ကားပေါ်ကလူတွေလည်း ရင်တထိတ်ထိတ်နဲ့ စောင့်ခဲ့ရတယ်လို့ မမိုးမိုးက ပြောတယ်။ မိနစ်နှစ်ဆယ်လောက်အကြာမှ အဲဒီအမျိုးသားကို ကားပေါ်ပြန်တက်ခွင့်ပေးပြီး ကားထွက်ခွင့်ပေးလိုက်တယ်လို့ မမိုးမိုးက ပြောတယ်။

Public Service Announcement

Public Service Announcement

အမြန်လမ်းမှာ ဒီဇင်ဘာ၂၃ရက်က နွားထိုးကြီး PDF မှတာဝန်ရှိသူက ခရီးသည် ​တွေကို ​စကား​ပြောကြား​နေစဥ်
အမြန်လမ်းမှာ ဒီဇင်ဘာ၂၃ရက်က နွားထိုးကြီး PDF မှတာဝန်ရှိသူက ခရီးသည် ​တွေကို ​စကား​ပြောကြား​နေစဥ်

“ငါခရီးထွက်လာတာ မှားများမှားပြီးလားလို့ တွေးမိခဲ့တယ်။ မတော်ဆွဲထားလိုက်ရင်ဆိုတဲ့အတွေးနဲ့ပါ။”လို့ မမိုးမိုးက ပြောတယ်။

အစစ်ခံရတဲ့သူ အဖမ်းမခံလိုက်ရပေမယ့် တစ်ကားလုံး ရင်ထိတ်ခဲ့ရတယ်လို့ မမိုးမိုးက ပြောတယ်။

အာဏာသိမ်းကာလတလျှောက်လုံး မြန်မာပြည်သူတွေ ဘယ်ကိုသွားသွား၊ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကြောင့် စိတ်အနှောင့်အယှက်ကြုံကြရတယ်။ အချိန်စောင့်ဆိုင်းရတာ၊ စစ်ဆေးမေးမြန်းခံရတာ၊ အော်ဟစ်ခြိမ်းခြောက်ခံရတာ၊ ငွေညှစ်ခံရတာ၊ နောက်​ဆုံး ​ဖမ်း​ဆီးခံရတာတွေအထိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ကြုံနေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။

အခုအချိန်မှာ မကြာခင်ရောက်ရှိလာတော့မယ့် ဒီဇင်ဘာပိတ်ရက်တွေနဲ့ နှစ်သစ်ကူးပိတ်ရက်တွေကြောင့် ဧရာဝတီတိုင်းထဲက ငွေဆောင်နဲ့ချောင်းသာကမ်းခြေတွေကို သွားလာဖို့ ကြိုတင်ပြင်ဆင်နေကြပါပြီ။ ငွေဆောင်ကောချောင်းသာမှာပါ ဟိုတယ်ဘွတ်ကင်တွေ ပြည့်နေပြီလို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေထံကနေ သိရတယ်။

“အခုကို ဟိုတယ်တွေမှာ လူအပြည့်ပဲ။”လို့ ချောင်းသာရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ဖိနှိပ်မှုအောက်မှာ​နေစဥ် စိတ်ဆင်းရဲပူ​လောင်စရာ​တွေနဲ့ မွန်းကြပ်နေကြတဲ့ ပြည်သူတချို့ကလည်း ဒီဇင်ဘာပိတ်ရက်မှာ ငွေဆောင်နဲ့ချောင်းသာကို အလည်သွားကြဖို့ ရွေးချယ်ထားကြပါတယ်။ ဒါပေမယ့် ဆောင်းပါး အဖွင့်မှာပြောခဲ့သလို ငွေဆောင်နဲ့ချောင်းသာလမ်းတလျှောက်မှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေရဲ့ ဆိုးရွားတဲ့အပြုအမူတွေကြောင့် သွားလာမယ့်သူတွေဟာ စိုးရိမ်နေကြတယ်လို့ သိရတယ်။

“အစစ်အဆေးကတော့ နဂိုထက်ပိုရှိတယ်။”လို့ သွားလာနေကျ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပုသိမ် – ချောင်းသာ – ငွေဆောင်လမ်းပိုင်းမှာ စစ်တပ်က ခရီးသွားတွေကို ဖမ်းဆီးပြီးစစ်သားသစ်စုဆောင်းနေတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ် – ချောင်းသာ၊ ပုသိမ် – ငွေဆောင်ကမ်းခြေသွားလမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်က အောက်

တိုဘာလလယ်ကစပြီး ဂိတ်စခန်းအသစ်တွေ ထပ်တိုးထားသလို ခရီးသွားတွေကို အဓမ္မဖမ်းဆီးပြီး တပ်သားစုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ ပုသိမ်ဒေသခံချို့ကပြောပါတယ်။

” ဂိတ်တွေက အရင်က ငွေဆောင်လမ်းခွဲအပါအဝင် အဓိက နေရာငါးခုပဲရှိတာ။ အခုက တော်တော်ကို များတယ်။အဖမ်းခံရတာက လူငယ်တွေများတယ်။ အပျင်းပြေဖမ်းပြီး ငွေညှစ်တာမျိုးတွေလည်း ရှ်ိတယ်”လို့ ပုသိမ်၊ချောင်းသာလမ်းပိုင်း ကျေးရွာတစ်ရွာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အမြန်လမ်းမှာ ဒီဇင်ဘာ၂၃ရက်က နွားထိုးကြီး PDF မှတာဝန်ရှိသူက ခရီးသည် ​တွေကို ​စကား​ပြောကြား​နေစဥ်
အမြန်လမ်းမှာ ဒီဇင်ဘာ၂၃ရက်က နွားထိုးကြီး PDF မှတာဝန်ရှိသူက ခရီးသည် ​တွေကို ​စကား​ပြောကြား​နေစဥ်

စစ်မှုထမ်းဖမ်းဆီးခံရတဲ့ အရေအတွက်ကိုတော့ လူထုနွေဦးက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ငွေဆောင်နဲ့ ချောင်းသာလမ်းခွဲမှာ စစ်ကောင်စီတပ်ကအင်အားများအပြားနဲ့ အထိုင်ချထားပြီး အဲဒီနေရာနဲ့ ချောင်းသာအဝင် ဥတိုတံတားထိပ် စစ်ဆေးဂိတ်ဟာ ခရီးသွားတွေကို ဖမ်းဆီးတာ၊ ခြိမ်းခြောက်ငွေတောင်းတာတွေ အဆိုးရွားဆုံး ပြုလုပ်နေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

“ဘာမှတ်ပုံတင်ကိုင်ထားလဲအရေးကြီးတယ်။ မြင်းခြံမှတ်ပုံတင်ကိုင်ထားတဲ့တစ်ယောက်နားပန်းအရိုက်ခံရတယ်။”လို့ ယခင်ရက်ပိုင်းက သွားရောက်ခဲ့ဖူးတဲ့လူငယ်တစ်ဦးက ပြောပြတယ်။

ရခိုင်ပြည်နယ် နဲ့ ဧရာဝတီတိုင်းအစပ်ဖြစ်တဲ့ငါးသိုင်းချောင်း-ဂွကားလမ်းပေါ်(ဂွမြို့နယ်အတွင်း)မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့်ဆက်စပ်နေတဲ့ရွှေသောင်ယံ၊ချောင်းသာဘက်မှာရိုက်ခတ်မှုရှိတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

“ဘယ်နေရာသွားမှာလဲမေးတယ်။ ချောင်းသာလို့ပြောတော့အဲနေရာသွားမှာသေချာလားလို့ထပ်မေးတယ်။ရစ်တယ်။”လို့ ချောင်းသာသွားခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။

နိုင်ငံတဝန်းစစ်ရှုံးပြီး မြို့​တွေ ၊စခန်း​တွေ ဆက်တိုက်အသိမ်းခံ​နေရတဲ့စစ်ကောင်စီဟာ စစ်မှုထမ်းဖို့အရေအတွက် အလုံအလောက်မရသေးတာကြောင့် ရန်ကုန်၊မန္တလေး၊စစ်ကိုင်း၊မကွေး၊ မော်လမြိုင် အစရှိတဲ့ဒေသတွေအပြင် ဧရာဝတီတိုင်းကလူငယ်တွေနဲ့ ခရီးသွားတွေကိုပါ စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာပါ။

လက်ရှိ ပုသိမ်မြို့ပေါ်က ရပ်ကွက်အချို့မှာလည်း ည ၈ နာရီနောက်ဆုံးထားပြန်ကြဖို့ နှိုးဆော်ထားပြီး ချောင်းသာမှာတော့ ည ၁၀ နာရီနောက်ပိုင်းဟိုတယ်ဝင်း အပြင်မထွက်ဖို့ သတိပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းသာနဲ့ ငွေဆောင်အပြင် ဧရာဝတီတိုင်းအတွင်းက ကမ်းရိုးတန်းဒေသတွေဟာ ရခိုင်ကန်ရိုးတန်းနဲ့ တဆက်တည်းဖြစ်ပြီး ချောင်းသာအနီး ရွှေသောင်ယံမြို့နယ်ဟာလည်း ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ ဆက်စပ်နေတာပါ။

ဂွမြို့နယ်မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများဟာ ရေလမ်းချင်းဆက်စပ်နေတဲ့ ရွှေ သောင်ယံမြို့၊ ကုန်းလမ်းချင်းဆက်စပ်နေတဲ့ ငါးသိုင်းချောင်း၊ရေကြည်မြို့တွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အမြန်လမ်းမှာ ဒီဇင်ဘာ၂၃ရက်က နွားထိုးကြီး PDF မှတာဝန်ရှိသူက ခရီးသည် ​တွေကို ​စကား​ပြောကြား​နေစဥ်
အမြန်လမ်းမှာ ဒီဇင်ဘာ၂၃ရက်က နွားထိုးကြီး PDF မှတာဝန်ရှိသူက ခရီးသည် ​တွေကို ​စကား​ပြောကြား​နေစဥ်

စစ်ကောင်စီတပ်ဟာ ဧရာဝတီတိုင်းက စစ်သားစုဆောင်းခံရသူ သင်တန်းသားအများအပြားကိုလည်း ရခိုင်ပြည်နယ်ကို ပို့ဆောင်နေပါသေးတယ်။သင်တန်းဆင်းပြီးစ ​ရှေ့တန်းပို့ခံရတဲ့စစ်သားသစ်​တွေဟာ ​သေဆုံးဒဏ်ရာရသူ ၊ထွက်​ပြေးသူလည်းအများအပြားရှိ​နေပါတယ် ။

ချောင်းသာတင်မကပါဘူး။ မွန်ပြည်နယ်မှာလည်း ဒီဇင်ဘာ ၁၉ ရက်က ကျိုက်ထီးရိုးသွားတဲ့ကားတွေ ကျိုက်ထိုမြို့နယ်တနေရာမှာ ပစ်ခတ်မှုတွေ၊ လက်နက်ကြီးကျတာတွေရှိလို့ ခေတ္တစောင့်ဆိုင်းခဲ့ရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

တန်ဆောင်တိုင်ကာလတုန်းကလည်း ရွာငံမြို့နယ်မှာ တိုက်ပွဲဖြစ်နေလို့ ခရီးသွားကားတွေ အချိန်အတော်ကြာ ပိတ်မိခဲ့ဖူးပါသေးတယ်။

သို့ပေမဲ့ ငွေစကြေးစအနည်းငယ်တက်နိုင်တဲ့ ပြည်သူတွေဟာ ပိတ်ရက်တွေရောက်လာရင်တော့ ပစ်သံခတ်သံတွေကြားကနေပဲ အပန်းဖြေခရီးအတွက် ခြေဆန့်တတ်ကြပါတယ်။ တချို့ကတော့ တိုက်ပွဲအခြေအနေတွေကြောင့် ခရီးစဥ်တွေဖျက်သိမ်းကြတာလည်း ရှိပါတယ်။ တချို့ကတော့ ငွေအပြည့်ချေပြီးသား ဟိုတယ်ခတွေ၊ ကားခတွေ၊ ရတောင့်ရခဲပိတ်ရက်တွေကြောင့် တဒုံးဒုံးတဒိုင်းဒိုင်းကြားကနေပဲ အပျော်ခရီးအတွက် ပြင်ဆင်နေကြပါပြီ။ သွားသင့်မသွားသင့် ချီတုံချတုံဖြစ်နေသူတွေလည်း ရှိနေပါသေးတယ်။

မန္တလေး(၇)မြို့နယ်မှာလည်း ဒီဇင်ဘာ(၁)ရက်နေ့ကနေ (၁၅) ရက်နေ့ အထိ နှစ်ပတ်တာကာလအတွင်း စစ်မှုထမ်းဖို့ မတရားဖမ်းဆီးခံရတဲ့ လူငယ် (၁၂၅)ဦးအထိ ရှိခဲ့တာကြောင့် လူငယ်လူထုအနေနဲ့ အချိန်မတော် သွားလာတာတွေ၊ မလိုအပ်ဘဲ ခရီးသွားလာတာတွေ၊ ပျော်ပွဲရွှင်ပွဲသွားလာတာတွေ တတ်နိုင်သမျှရှောင်ကြဉ်သင့်တဲ့အကြောင်း မန္တလေးသပိတ်အင်အားစုက သတိပေးထားပါတယ်။

အလားတူ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၈)မှာ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းက​နေ ခရီးသွားကားပေါ်တွေက ပြည်သူတွေကို တွေ့ဆုံပြီး ပြည်သူများအနေနဲ့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်ကို မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ည အချိန်မတော် မထွက်ကြဖို့နဲ့ တိုက်ပွဲနဲ့တိုးရင် ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ နွားထိုးကြီး PDFက သတိပေးခဲ့ပါသေးတယ်။

ဒီဇင်ဘာ ၂၃ ရင်​နေ့မှာ​တော့ ရန်ကုန်-မန္တ​လေးအမြန်လမ်းမ​ မိုင်တိုင် ၃၁၈ မှာ PDF ​တွေ​​ရောက်လာပြီး ခရီးသည်တင်ကား​တွေကိုစစ်​ဆေးသလို ၊ခရီးသည်​တွေနဲ့ ​တွေ့ဆုံစကား​ပြောခဲ့တာ​ကြောင့် ပြည်သူအများအံအားသင့်ခဲ့ရပါတယ်။

“ဖြစ်နိုင်ရင်တော့ မလိုအပ်ရင် အပြင်မထွက်စေချင်ဘူး။ အရေးကြီးလုံးဝရှိမှသွားပါ။ တိုက်ပွဲတွေဘာတွေရှိရင် ညပ်သွားနိုင်တယ်။ မိုင်းထိခိုက်မှုတွေ ရှိနိုင်တယ်။”လို့ နွားထိုးကြီး PDF တာဝန်ရှိသူက ခရီးသည်တွေကို မှာကြားခဲ့ပါတယ်။အမြန်လမ်းမ​ပေါ်မှာည​နေ ၆ နာရီ နဲ့ မနက် ၆ နာရီအတွင်းမှာ ကား​တွေမသွားကြဖို့လည်း​သူက​ပြောပါတယ် ။

အခုဆိုရင် ရခိုင်ပြည်နယ် ၊ကချင်ပြည်နယ် ၊ချင်းပြည်နယ် ၊စစ်ကိုင်းတိုင်းတို့မှာ မြို့သိမ်းတိုက်ပွဲ​တွေ ပြင်းထန်​နေပါတယ် ။ ကရင်၊ကရင်နီ ၊ရှမ်းပြည်နယ်​တောင်ပိုင်း ၊မ​ကွေးတိုင်း ၊မန္တ​လေးတိုင်း၊ပဲခူးတိုင်း ၊ တနသာ်ရီတိုင်းမှာလည်းတိုက်ပွဲ​တွေ ဖြစ်ပွား​နေပါတယ် ။အရင်က တိုက်ပွဲ​တွေမရှိဘူး​ပြောခဲ့တဲ့ ဧရာဝတီတိုင်းမှာ​တောင် စစ်ရိပ်သန်း​နေပြီဖြစ်ပါတယ် ။

“အဓိကတော့ ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာ။ ဒီလမ်းချင်းတူပေမယ့် တစ်ယောက်နဲ့တစ်ယောက်မတူတော့ ကိုယ်ဖာသာသွားမယ့်နေရာလမ်းကြောင်းအခြေအနေ ကြိုစုံစမ်းပြီးသွားကြပေါ့။ ဖြစ်လာရင်တော့ ကိုယ်ဖြစ်ကိုယ်ခံပဲ။”လို့ ပုသိမ်-ရန်ကုန် ကူးသန်းနေတဲ့ ရန်ကုန်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲ​တွေက မကြာခင်ဒီလမ်းမ​ပေါ်မှာ​ဖော်​ဆောင်မှု​တွေလာ​တောမှာပါ။ဖြစ်နိုင်ရင်​တော့ မလိုအပ်ရင် အပြင်မထွက်​စေချင်ဘူး။အ​ရေးကြီးလုံးဝ ရှိမှသွားပါ။လုံခြုံ​အောင်​နေကြပါ”လို့ နွားထိုးကြီး PDF က တာဝန်ရှိသူက အမြန်လမ်းမှာ ခရီးသည်​တွေ နဲ့​တွေ့ဆုံစဥ်ပြောခဲ့ပါတယ် ။ ။

(ငွေဆောင်နဲ့ချောင်းသာသွားကြမယ့် ခရီးသည်တင်ယာဥ်အချို့/ အမြန်လမ်းမှာ ဒီဇင်ဘာ၂၃ရက်က နွားထိုးကြီး PDF မှတာဝန်ရှိသူက ခရီးသည် ​တွေကို ​စကား​ပြောကြား​နေစဥ်။ ။ဓာတ်ပုံ-CJ)

ဆက်စပ်သတင်းများ