သော်မွန်/People’s Spring
မြန်မာစစ်တပ်သမိုင်းတွင် မကြုံစဖူးရှုံးနိမ့်မှုများကို ဆက််တိုက်ရင်ဆိုင်နေရချိန်၌ စစ်တပ်၏ တာဝန်အရှိဆုံးခေါင်းဆောင် မင်းအောင်လှိုင်မှာ အားကစားပွဲတော်နှင့် ခရစ္စမတ်ပွဲတော်များကို မပျက်မကွက်တက်ရောက်နေကာ ဗိုလ်ချုပ်ကြီးများ၏ ကိုယ်ကျိုးစီးပွားအတွက် အသက်စွန့်တိုက်ခိုက်နေသည့် အောက်ခြေရဲဘော်များအား ပြက်ရယ်ပြုလျက်ရှိသည်။
လေးလကျော်အတွင်း တိုင်းစစ်ဌာနချုပ် ၂ခုနှင့် ဒါဇင်နှင့်ချီမြို့များကို လက်လွှတ်ဆုံးရှုံးခဲ့ရသည့်တိုင် ပွဲတက်မပျက်သော စစ်ခေါင်းဆောင်မင်းအောင်လှိုင်လက်ထက်တွင် မြန်မာစစ်တပ်၏ အလုံးစုံကျဆုံးမှုကို သိပ်မဝေးသည့်အချိန်ကာလအတွင်း ကြုံတွေ့ရနိုင်ဖွယ်ရှိသည်ဟု CDM တပ်မတော်သားများက ယုံကြည်နေကြသည်။
သေချာသည်မှာ စစ်တပ်ထောက်ခံနေသူများအကြား စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ပြင်းထန်သည့်ဝေဖန်မှုများပြုလုပ်နေသည်။ စစ်တပ်ထဲတွင်လည်း ထောက်ခံသူအရေအတွက်မှာ အနည်းစုသာဖြစ်သွားကြောင်း နေပြည်တော်သတင်းရင်းမြစ်အချို့က ပြောသည်။
သို့သော် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၂၀၂၄ မကုန်မီတွင် ၎င်း၏စစ်တပ်အတွင်း တတိယမြောက်ခေါင်းဆောင်နေရာအပါအဝင် အရေးပါသည့်နေရာအချို့ကို အပြောင်းအလဲပြုလုပ်ခဲ့သည်။ ယင်းမှာ ၎င်း၏အာဏာဆက်လက်ခိုင်မာအားကောင်းရေးအတွက် ပြင်ဆင်မှုဖြစ်သည်ဟု စစ်ရေးအကဲခတ်များကရှုမြင်ကြသည်။
“သူ(မင်းအောင်လှိုင်)စိတ်ချရတဲ့၊ သူ လက်သပ်မွေးထားတဲ့ လူယုံကို ပေးဖို့အတွက် ဒီအခင်းအကျင်းကို သူ စလိုက်တာပေါ့” ဟု စစ်တပ်အရာရှိကြီးဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။
စစ်ခေါင်းဆောင်သည် ၎င်းထက် ၁၀ နှစ်ကျော်ငယ်ရွယ်သူ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး(ညှိကွပ်)ရာထူး တိုးမြှင့်ပေးအပ်လိုက်သည်။ ကျော်စွာလင်းသည် စစ်တပ်၏ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထဲတွင် အသက်ငယ်ဆုံးဖြစ်ပြီး တပ်ချုပ်၊ ဒုတပ်ချုပ်အထိဖြစ်လာနိုင်ဖွယ်ရှိသည့် ညှိကွပ်ရာထူးကို ၅၁နှစ်အရွယ်တွင် ရရှိလာသည်။ စစ်တပ်တွင် ဗိုလ်ချုပ်ကြီးဖြစ်လာသော ကျော်စွာလင်းသည် တိုက်ပွဲအတွေ့အကြုံရှိသူမဟုတ်သည့်အပြင် ၎င်း၏အရည်အချင်းကြောင့် ယခုကဲ့သို့ ထိပ်ပိုင်းရာထူး ရရှိခြင်းမဟုတ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်များက ပြောသည်။
မင်းအောင်လှိုင် အာဏာသိမ်းထားသည့် လေးနှစ်မပြည့်မီတွင် နိုင်ငံတဝန်း မြို့ပေါင်း ၉၃မြို့(ဒီဇင်ဘာ ၂၂ရက်အထိ)ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်တပ်၏ တိုင်းစစ်ဌာနချုပ် ၁၄ခုအနက် ၂ ခုကို ကိုးကန့်တပ်မတော်(MNDAA)နှင့် အာရက္ခတပ်တော်(AA)တို့က တိုက်ခိုက်သိမ်းပိုက်ထားသည်။ နောက်ထပ် တိုင်းစစ်ဌာနချုပ် ၃ ခုထက်မနည်း တိုက်ခိုက်မှုများနှင့် ကြုံနေရပြီး စစ်ရေးသတင်းရင်းမြစ်အချို့၏ အဆိုအရ မကြာမီကာလအတွင်း တော်လှန်ရေးတပ်များက တိုင်းစစ်ဌာနချုပ် အနည်းဆုံး ၂ခုကို ထပ်မံတိုက်ခိုက်သိမ်းပိုက်မည်ဟု သိရသည်။
“စစ်တပ်ရဲ့ စွမ်းဆောင်ရည် capacity တော်တော်ကို ကျဆင်းသွားပြီဆိုတာ ဒီရလဒ်အရ လက်ခံအသိအမှတ်ပြုရမှာ” ဟု စစ်တပ်အရာရှိကြီးဟောင်းတစ်ဦးက ပြောသည်။
ရက္ခိုင်ပြည်နယ်စစ်ဆင်ရေး တစ်နှစ်ကျော်ကာလအတွင်း ပြည်နယ်ရှိ မြို့နယ် ၁၇ခုအနက် မြို့နယ် ၁၃ခုကို အလုံးစုံသိမ်းပိုက်ထားပြီး ဂွမြို့နယ်ကိုလည်း အပြီးသတ်ချေမှုန်းတိုက်ခိုက်နေသော AA သည် မင်းအောင်လှိုင်၏ စစ်တပ်ကို ‘အကြမ်းဖက်ဖက်ဆစ်စစ်ရှုံးစစ်ကောင်စီ’ဟု အမည်ပေးထားသည်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များအား မည်သို့ပင်ဖြည့်တင်းစေကာမူ အတင်းအဓမ္မစုဆောင်းထားသော တပ်သားသစ်များဖြင့် ဖွဲ့စည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေပြီး ညွန့်ပေါင်းတပ်အစုအပေါင်းတစ်ခုကဲ့သို့ ဖြစ်နေသော အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တိုက်တိုင်းရှုံးပြီး ကစဥ့်ကလျားထွက်ပြေးနေကြောင်း AA က ဒီဇင်ဘာ ၂၂ရက်တွင် ထုတ်ပြန်သည်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာပင် မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်တပ်၏ စွမ်းဆောင်ရည် ကင်းမဲ့မှုကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပြီး အရှေ့မြောက်ဒေသကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင်လည်း စစ်တပ်သည် ထုံးစံအတိုင်း ရာနှင့်ချီသောအခြေစိုက်စစ်စခန်းများကို ဆုတ်ခွာ ထွက်ပြေးခဲ့ရသည့်အပြင် ၂၀၂၄ သြဂုတ်လဆန်းတွင် လားရှိုးအခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခုကို စတင် လက်လွှတ်ဆုံးရှုံးခဲ့သည်။ နောက်ထပ် ၅လမပြည့်မီမှာပင် နိုင်ငံအနောက်ပိုင်းရှိ အမ်းမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခုကို ထပ်မံဆုံးရှုံးခဲ့ပြန်သည်။
“အခုဖြစ်နေတာတွေက unprecedented ပေါ့။ တလျှောက်လုံးမှာ မဖြစ်ဖူးတာတွေ၊ ဖြစ်မယ်လို့ ပြည်တွင်းရော၊ ပြည်ပမှာရော မထင်ကြတာတွေ ဖြစ်နေတာပေါ့” ဟု မြန်မာ့နိုင်ငံရေး၊ စစ်ရေးလေ့လာစောင့်ကြည့်သူ Otto က မှတ်ချက်ပြုသည်။
စစ်ကောင်စီ၏ ဆုံးရှုံးမှုများက ရပ်တန့်မနေပါ။
ရက္ခိုင်ပြည်နယ်၌ အာရက္ခတပ်တော်(AA)၏ အောင်ပွဲများ ဆက်တိုက်ရှိနေချိန် တပြိုင်နက်တည်းတွင် ချင်းတော်လှန်ရေးတပ်များက ပြည်မဘက်မှ ပြည်နယ်အဝင်မြို့နှစ်မြို့ဖြစ်သည့် မင်းတပ်နှင့် ကန်ပက်လက်မြို့များကို ဒီဇင်ဘာ ၂၁ နှင့် ၂၂ ရက်များတွင် ရက်ဆက်သိမ်းပိုက်ခဲ့သည်။ ချင်းညီနောင်ဦးဆောင်သည့် ပူးပေါင်းတပ်များက ပြည်နယ်အတွင်း သိမ်းပိုက်ရန် ကျန်ရှိသည့်မြို့များကိုလည်း မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ချင်းပြည်နယ် တောင်ပိုင်းတစ်ခွင်လုံး စစ်ကောင်စီ ကင်းစင်ခဲ့ပြီဖြစ်ပြီး မြောက်ပိုင်းအစွန်မြို့ တွန်းဇံကိုလည်း ချင်းပြည်ကောင်စီ၏ ချင်းအမျိုးသားတပ်မတော် CNAဦးဆောင်သည့်တော်လှန်ရေးတပ်များက ပြီးခဲ့သည့် မေလကတည်းက သိမ်းပိုက်ထားပြီးဖြစ်သည်။ ချင်းပြည်နယ် ၉မြို့နယ်အနက် ၅မြို့နယ်ကို တော်လှန်ရေးတပ်များက အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပြီး ၃မြို့နယ်ကိုလည်း အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်လျက်ရှိသည်။ ထို့အတွက် ချင်းတပြည်နယ်လုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရန်မှာ လက်တကမ်းအလိုဟုသာ ဆိုရမည်ဖြစ်သည်။
“စစ်တပ်အနေနဲ့ ဒီနှစ်ဆန်းလောက်ကတည်းက သူ့ဘက်က စခေါ်နိုင်တဲ့ initiative(လက်ဦးမှု)လုပ်နိုင်စွမ်းမရှိိတော့ဘူး။ သူ့ဘက်က initiative ဖော်ဆောင်နိုင်စွမ်းမရှိတော့ဘူးဆိုတော့ စစ်တပ်အနေနဲ့ အောင်မြင်ဖို့ရာ ရာခိုင်နှုန်းက နည်းတယ်”ဟု ဆောင်းပါးရှင်လည်းဖြစ်သူ Otto က သုံးသပ်သည်။
ထို့အပြင် စစ်တပ်၏ လက်ရှိ နယ်မြေဆုံးရှုံးမှုမှာ တဆက်တစပ်တည်း ကျယ်ပြောစွာ လက်လွှတ်ဆုံးရှုံးနေရခြင်းဖြစ်သည်။ နိုင်ငံ့မြေပုံထိပ်ပိုင်း မြောက်ဖျား ကချင်ပြည်နယ်၊ အနောက်ပိုင်း ချင်းပြည်နယ်၊ ရက္ခိုင်ပြည်နယ် နယ်မြေများစွာကို ဆက်တိုက် ဆုံးရှုံးနေခြင်းဖြစ်သည်။ ယင်းကို နိုင်ငံရေးအကဲခတ်များက စင်္ကြံ(corridor)တစ်ခု ပေါ်ထွန်းလာခြင်းဟု အမည်ပေးကြသည်။
၂၀၂၁ နှစ်ကုန်ပိုင်းတွင် နိုင်ငံရေး၊ စစ်ရေးအကဲခတ်အချို့က မြောက်ပိုင်း-အနောက်ပိုင်းစင်္ကြံ(North-West Corridor)ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းခဲ့ရာ ယခုသုံးနှစ်အကြာတွင် အကောင်အထည်ပေါ်လာနေပြီဖြစ်သည်။
“အခုဖြစ်သွားတာဆိုရင် corridor တစ်ခုဖြစ်သွားပြီ။ မြန်မာပြည်မြောက်ဖျားကနေ အနောက်ပိုင်း ရက္ခိုင်အထိ။ ကချင်၊ ချင်း၊ ရက္ခိုင် corridor တစ်ခုဖြစ်သွားပြီ။ အဲဒီ corridor ဖြစ်တာက မြန်မာပြည် ပြည်တွင်းစစ်အစောပိုင်းကာလတွေမှာပဲ ဖြစ်ခဲ့ဖူးတာ။ တော်လှန်ရေးတပ်ဖွဲ့တွေပဲ ပြောပြော၊ အတိုက်အခံတပ်ဖွဲ့တွေပဲ ပြောပြော၊ လက်ယက်ထိုး စိုးမိုးနယ်မြေတွေ ဖြစ်သွားပြီးတော့ corridor တစ်ခုဖြစ်သွားတာ၊ အလှည့်အပြောင်းဖြစ်နိုင်မယ့် (စစ်တပ်ရဲ့)ထိုးစစ်ကြီးကြီးမားမားကတော့ ဖြစ်နိုင်ဖို့ရာ ရာခိုင်နှုန်း နည်းတယ်” ဟု Otto က သုံးသပ်သည်။
သို့ရာတွင်စစ်ကောင်စီသည် ၎င်းကျင်းပမည်ဆိုသော ရွေးကောက်ပွဲကာလအထိ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကို တတ်နိုင်သရွေ့ခုခံကာ စစ်တပ်အတွက် အရေးကြီးသည့်နေရာများကို ထိန်းထားရန်ကြိုးစားလိမ့်မည်ဟု Otto က ခန့်မှန်းသည်။ “နိုင်ငံရေးအရ ပြန်ပြောရရင် ရွေးကောက်ပွဲကို စစ်ခေါင်းဆောင်က ပြန်မျှော်နေတယ်လို့ ယူဆရတယ်။ စစ်ရေးအရက သူထိန်းလို့ရတဲ့ နေရာတွေ ထိန်းမယ်။ မထိန်းလို့ရတဲ့ နေရာတွေကို လွှတ်ပေးလိုက်တော့မယ်လို့ အဲဒီလိုပုံစံလို့ ယူဆရမယ်ပေါ့” ဟု ၎င်းက ဆိုသည်။
ထို့အပြင် စစ်တပ်အတွက် လက်လွှတ်ဆုံးရှုံးနယ်မြေကျယ်ပြန့်လာသည်နှင့်အမျှ ၎င်းအတွက် ထောက်ပို့လမ်းကြောင်းပိုမိုတိုလာသည်ကို တော်လှန်ရေးတပ်ဖွဲ့များ သတိပြုရန်လိုအပ်ကြောင်း Otto က မှတ်ချက်ပြုသည်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)ကျဆုံးချိန် ၂၀၂၄ သြဂုတ်ကတည်းက လက်လွှတ်ဆုံးရှုံးခဲ့ပြီးသော နယ်မြေများကို သင့်တော်သလိုတုံ့ပြန်၍ ပြန်လည်ရယူမည်ဟု ကြွားလုံးထုတ်ခဲ့သော်လည်း ၎င်းဆုံးရှုံးခဲ့ပြီးသော နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုမှလွဲ၍ မည်သို့မျှ မတတ်နိုင်ပေ။
“မင်းအောင်လှိုင်ပြောသမျှ ဘာမှ မဖြစ်ဘူး။ ရှမ်းမြောက်မှာ၊ ရက္ခိုင်မှာ တစ်ခုတစ်လေတောင် ပြန်ယူနိုင်တာမရှိဘူး။ သူ့စကားတွေအပေါ် ဘယ်သူမှ အယုံအကြည်မရှိပါဘူး” ဟု စစ်တပ်အရာရှိကြီးဟောင်းတစ်ဦးက ပြောသည်။
တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်တပ်၏ တပ်ရင်း၊ တပ်ဖွဲ့စခန်းများ ကျဆုံးမှုတိုင်းအတွက် မင်းအောင်လှိုင်တွင်သာ အဓိကတာဝန်ရှိပြီး စစ်တပ်အတွင်း၌ များစွာထိုးနှက်ချက်ဖြစ်စေကြောင်း CDM ဗိုလ်ကြီး ကိုကောင်းသူဝင်းက မှတ်ချက်ပြုသည်။
“စစ်တပ်ထဲက မိသားစုတွေ ဘယ်လိုမှ ထင်မထားတဲ့ တိုင်းစစ်ဌာနချုပ်ကျတာ နှစ်ခု။ နောက်ထပ်လည်း ဘယ်အချိန်မှာ ၃ခု၊ ၄ခုဖြစ်လာမလဲဆိုတာ အနေအထားမျိုးက တပ်တွင်းထဲ ရိုက်ခက်မှု အများကြီးဖြစ်လာတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ရှိတဲ့ တိုင်းစစ်ဌာနချုပ်တွေ ဘယ်အချိန်မှာ ကျသွားနိုင်သလဲပေါ့။ သူတို့တွေမလုံခြုံမှုဖြစ်စေတယ်”ဟု ကိုကောင်းသူဝင်းက ပြောသည်။
ဆက်လက်ပြီး ၎င်းက “စစ်တပ် ကျဆုံးမှုက စစ်တပ်အာဏာစသိမ်းတဲ့အချိန်ကစလို့ တဖြည်းဖြည်းလုံးပါးပါးလာတယ်။ စစ်တပ်က တဖြည်းဖြည်းကျဆုံးလာတာတွေ့ရတယ်။ တိုင်းရင်းသား ERO တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ရဲ့ ကျဆုံးခန်းကို တွေ့မြင်နေရတယ်” ဟု ဆိုသည်။
CDM ဗိုလ်ကြီး ကိုလင်းထက်အောင်ကလည်း လက်ရှိစစ်တပ်၏ ရှုံးနိမ့်မှုများ၏ ရိုက်ခတ်မှုသည် တပ်တွင်း၌ ကြီးကြီးမားမားဖြစ်ပေါ်နေပြီး အထက်အောက် ယုံကြည်မှုများ၊ အမိန့်နာခံမှုများ တော်တော်ပျက်ပြားသွားသည့်အပြင် စစ်သည်များက စစ်တိုက်လိုမှု လုံးဝမရှိတော့ဟုပင် ပြော၍ရကြောင်း မှတ်ချက်ပြုသည်။
“တိုင်းစစ်ဌာနချုပ်တွေ ကျဆုံးမှုဟာ စစ်တပ် အလုံးစုံကျဆုံးမှုရဲ့ အစ၊လမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ ပြောလို့ရပါတယ်။ စစ်တပ်အလုံးစုံကျဆုံးခန်းနီးလားဆိုရင် နီးပါပြီ။ သက်ဆိုင်ရာစစ်ရေး၊ နိုင်ငံရေး ဖိအားပေးမှုက စစ်တပ် ကျဆုံးခန်းကို အရောက်ပို့ဖို့ ရာခိုင်နှုန်းက များလာပါပြီ။ အဆုံးသတ်အောင်ပွဲကို ရောက်ဖို့အတွက် ဒေသအသီးသီး၊ ကက္ဍအသီးသီးက ဒီထက်ပိုပြီး အားစိုက်တွန်းဖို့လိုအပ်ပါတယ်။ အဲဒီလိုဆိုရင် စစ်တပ်ကျဆုံးခန်းက မနှေးအမြန်ရောက်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ကိုလင်းထက်အောင်က ဆိုလေသည်။ ။