People’s Spring
စစ်အာဏာရှင်ကို ကဏ္ဍအသီးသီးမှ တော်လှန်နေကြတဲ့ တော်လှန်ရေးသမားတွေရဲ့ နှစ်သစ် ၂၀၂၅ အတွက်သတင်းစကားကို လူထုနွေဦးက စုစည်းဖော်ပြပေးလိုက်ပါတယ် ။
●ဆလိုင်းထန်းချွန်းဖေ(ဥက္ကဋ္ဌ ၊ ချင်းညီနောင်စစ်ရေးကော်မတီ၊ CDF-မင်းတပ် စစ်ဦးစီးချုပ်)
နှစ်သစ်မှာတော့ ကျနော်တို့ တနိုင်ငံလုံးမှာရှိနေတဲ့ ပြည်သူလူထုက စစ်ကျွန်ဘ၀ကနေ အမြန်ဆုံးလွတ်မြောက်ချင်ကြတယ် လွတ်မြောက်လိုကြတယ်။ ပြည်သူလူထုက သူ့တာဝန်ကို ကျေအောင်လည်း ကြိုးစားနေကြတယ်ပေါ့။ တဖက်မှာလည်း ကျနော်တို့ တော်လှန်ရေး အင်အားစုတွေက အလုပ်ကို တကယ်လုပ်ဖို့ လိုအပ်ပါတယ်။ တကယ် ဒီတော်လှန်ရေးမှာ သာယာတာမျိုး မဖြစ်ဘဲနဲ့ အလုပ်ကို အလုပ်နဲ့တူအောင် တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင် လုပ်ပြီးတော့ ပြည်သူလူထုရဲ့ လိုလားချက်ကို အမြန်ဖြည့်ဆည်းပေးဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ပြောလိုပါတယ်။ ပြည်သူလူထုကို နောက်တစ်ခု သတင်းစကားပါးချင်တာကတော့ ကျနော်တို့ လွန်ခဲ့တဲ့ ၂၀၂၁မှာ လက်နက်အားကိုးပြီး တိုင်းပြည်အာဏာကို ရယူခဲ့တဲ့ အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက် မင်းအောင်လှိုင်အုပ်စုက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူလူထုကို ဘယ်ကောင်သေရဲလဲ ထွက်လာခဲ့ဆိုပြီးတော့ သေနတ်အားကိုးပြီး ဒီကောင်တွေ မိုက်ကြေးခွဲခဲ့တယ်ပေါ့လေ။ ဒါပေမဲ့ အခု ၂၀၂၅ ပေါ့လေ လေးနှစ်တာ ရောက်လာတဲ့အခါမှာ ရှိတဲ့လက်နက်တောင်ထားခဲ့ပြီးတော့ ထွက်ပြေးရတဲ့ အနေအထား ဖြစ်နေပြီ။ဆိုတော့ကျနော်တို့အများကြီး ကြိုးစားခဲ့ကြတယ် ပြည်သူလူထုက အများကြီး ကြိုးစားခဲ့တယ် ဝိုင်းရံပံ့ပိုးပေးခဲ့တယ်။ ဒါတွေဟာ အလကားမဟုတ်ပါဘူး။ ကျနော်တို့ တဆင့်ခြင်း တဆင့်ခြင်း စစ်တပ်ကို အကြပ်ရိုက်ပြီး ကျနော်တို့ မြို့တွေသိမ်းနိုင်တဲ့အနေအထားတခုဖြစ်လာတယ်။ အခုဆိုရင် မဟာဗျူဟာ မြောက်တဲ့ စစ်ဆင်ရေးတွေကိုလည်း တနိုင်ငံလုံးမှာ ဖော်ဆောင်လာနိုင်တဲ့အနေအထားတွေရှိတယ်။ ဆိုတော့ ဘာမှမစိုးရိမ်ပါနဲ့။ ကျနော်တို့ လေးနှစ်နဲ့ပဲ ကြိုးစားခဲ့တဲ့ ရလဒ်တွေက တနိုင်ငံလုံးမှာ မြို့တွေ သိမ်းလာနိုင်တဲ့အနေအထား ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ကူညီဖေးမမှုတွေနဲ့ကျနော်တို့ အတိုင်းအတာ တခုအထိ စစ်ရေးအရရော နိုင်ငံရေးအရရော အထူးသဖြင့် စစ်ရေးအရ အောင်မြင်မှုတွေရနေကြပြီ။ ကျနော်တို့ အားလျော့နေဖို့ မဟုတ်ဘူး။တဆင့်ခြင်းသွားရမယ်။အား အသစ်တဖန် ပြန်မွေးပြီးတော့ ကျနော်တို့ ရှေ့ကို ပြည်သူနဲ့အတူ ကျနော်တို့ ဆက်ပြီးတော့ ခရီးသွားရင် တနိုင်ငံလုံး လွတ်မြောက်ကို လွတ်မြောက်မယ်ဆိုတဲ့ သတင်းစကားကို ပါးချင်ပါတယ်။
●မသဥ္ဇာရွှန်းလဲ့ရည် (ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ)
ကျွန်မတို့ ၂၀၂၅ကို ရောက်လာတဲ့အချိန်မှာစစ်အုပ်စုနဲ့ တဖက်သတ်အပစ်ရပ်ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲ လုပ်မယ်ဆိုတာမျိုး သတင်းတွေ အများကြီးတက်လာတယ်။ ဒါ့အပြင် ဘယ်လိုဘယ်လို အခြေအနေတွေ ရှိရင်တော့ တွေ့ဆုံဆွေးနွေးမယ်၊ ဘယ်လိုဘယ်လို အခြေအနေတွေ ဖြစ်လာရင်တော့ နိုင်ငံရေးဆွေးနွေးမယ်ဆိုတာမျိုးတွေ တော်လှန်ရေးအစုအဖွဲ့အသီးသီးကြားထဲမှာ နွေဦးတော်လှန်ရေးစကတည်းက ဆွေးနွေးနေတဲ့ ကိစ္စဖြစ်တယ်။ အဲဒီထဲမှာ NUG အပါအဝင် တော်လှန်ရေးဦးဆောင်အဖွဲ့တွေ မမေ့ရမှာ ဘာလဲဆိုတော့ တရားမျှတမှု ကိစ္စဖြစ်တယ်။ စစ်အုပ်စုသည် ကိုယ့်နေရာကိုယ် ပြန်ရမယ်၊ နိုင်ငံရေးကနေ ထွက်ရမယ်။ နောက် ကျွန်မတို့နိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကို သွားနိုင်ရမယ်။ ဒါတွေကတော့ အားလုံးသဘောတူနားလည်ထားကြတဲ့ကိစ္စတွေဖြစ်တယ်။ ဒါပေမဲ့ အဲဒီထဲမှာ အရေးကြီးဆုံးအချက်က un-impunity culture ပေါ့။ ပြစ်ဒဏ်ကင်းလွှတ်ခွင့် ယဥ်ကျေးမှုကို အဆုံးသတ်ဖို့အတွက် ကျွန်မတို့နိုင်ငံအရေးအကြီးဆုံး လိုအပ်နေတဲ့ ဖြစ်ရပ်ဖြစ်တယ်။ ပြစ်ဒဏ်တွေမြောက်မြားစွာ ကျူးလွန်ပြီးတဲ့အခါမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိပြီးတော့ဒီအဆိုးကျော့သံသရာလည်နေတာကနေမှ အကြမ်းဖက်မှုသံသရာ မြန်မာပြည်မှာ အမြစ်တွယ်နေခဲ့တယ်။ ဒါတွေကို အပြီးသတ်ဖို့ဆိုရင် အမှားကျူးလွန်ခဲ့သူမှန်သမျှ ခြွင်းချက်မရှိ အပြစ်ပေးအရေးယူခံရနိုင်တဲ့ စနစ်ကို သွားဖို့လိုတယ်။ အဲဒီထဲမှာ ကျွန်မတို့ ကိုယ်တိုင်လည်း ကင်းလွတ်ခွင့်ရမှာမဟုတ်ဘူး။ ဘယ်သူမဆို ကင်းလွတ်ခွင့်ရမှာမဟုတ်ဘူး။ နိုင်ငံရေးစနစ်ကနေ မောင်းနှင်တဲ့၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ နိုင်ငံရေးစနစ်ကို မဖြစ်မနေ သွားကြဖို့ဆိုရင် အရေးကြီးဆုံးအချက်က ကျူးလွန်ခဲ့တဲ့သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးလိုက်လို့ မရဘူး။ အဲဒီတော့ စစ်အုပ်စုနဲ့ ရင်ကြားစေ့တဲ့ကိစ္စ၊ လက်ဆွဲနှုတ်ဆက်တဲ့ ကိစ္စ ပြီးခဲ့တဲ့ ကာလ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က နိုင်ငံရေးကို ပြန်ဆန်းစစ်ကြည့်ဖို့လိုတယ်။ ပြန်သုံးသပ်ကြရင် ကျွန်မတို့ တရားမျှတမှုမရဘဲနဲ့ ရင်ကြားစေ့ခဲ့တဲ့ ဖြစ်ရပ်က အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာကို တွေ့ရမှာဖြစ်တယ်။ တရားမျှတမှုမရှိဘဲ ကျွန်မတို့ ရှေ့ဆက်လို့မရဘူး။ အဲဒီတော့ တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် ခြွင်းချက်မရှိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့က ကျွန်မတို့ ပြည်သူတွေအတွက် အဓိကအကျဆုံးသော စစ်ကျွန်ဘဝကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ ပြောချင်တယ်။
●ပဒိုစောတောနီ( KNU ပြောရေးဆိုခွင့်ရှိသူ)
၂၀၂၁ နောက်ပိုင်း စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်လာတဲ့ ပြည်သူတစ်ရပ်လုံးအနေနဲ့ ဒီလိုမျိုး အများကြီးပေးဆပ်ခဲ့ရတာကိုတော့ နားလည်သဘောပေါက်တယ်။ ဘာပဲဖြစ်ဖြစ် အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့ပြည်သူလူထုတရပ်လုံးက ဘယ်လိုပဲတိုက်တိုက် မအောင်နိုင်ဘူးဆိုတဲ့ နိုင်ငံတကာရဲ့အမြင်တွေဟာ ဒီကနေ့ ဒီအချိန်ခါမှာဆိုရင် လုံးဝ တက်တက်စင်အောင်လွဲသွားခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ပြည်သူလူထု အနေနဲ့ သူတို့(နိုင်ငံတကာကိုဆိုလိုခြင်းဖြစ်)မှန်းဆခဲ့တဲ့ဟာတွေရော သူတို့တွက်ချက်ထားတဲ့ဟာတွေရော လုံးဝမမှန်ဘူးဆိုတာ သက်သေပြနိုင်တဲ့အပေါ်မှာ အထူးသဖြင့် ၂၀၂၄ ခုနှစ် တစ်နှစ်လုံးဆိုရင် ပြည်သူလူထုရဲ့လုပ်ရပ်အပေါ်မှာ မူတည်ပြီးတော့ ရလဒ်တွေဟာ အင်မတန်ပဲ အားရစရာကောင်းပါတယ်။ ဒါပေမယ့် ဒီရလဒ်တွေဟာ ဆုံးခန်းတိုင်အောင် မရောက်သေးပါဘူး။ စစ်အာဏာရှင်စနစ် တစ်ခုလုံး ချုပ်ငြိမ်းပြီးတော့ ကျွန်တော်တို့လိုချင်တဲ့ ဒီ တောက်ပြောင်ပြီး ကျွန်တော်တို့အနာဂတ်အတွက် အင်မတန်မှပဲ ဂုဏ်ရောင်ပြောင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် ဆိုရင်တော့ အခုလာမယ့် ၂၀၂၅ ထဲမှာ ကျွန်တော်တို့ပြည်သူလူထုတရပ်လုံးကပဲ ထပ်ပြီး အားစိုက်ဖို့လိုပါသေးတယ်။ တစ်နှစ်လုံးကို ပြန်ကြည့်လိုက်တဲ့အခါမှာ စစ်အာဏာရှင်စနစ်ဟာ တော်တော်လေးကိုချိနဲ့သွားတယ်ဆိုတာ အများကြီး တွေ့နေရပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ စစ်ရေး၊နိုင်ငံရေး၊ သံတမန်ရေး ဖိအားပေါင်းစုံနဲ့ သူတို့ဘယ်လိုမှရုန်းထွက်လို့ မရနိုင်ဘူးဆိုတာ မြင်နေရတဲ့အပေါ်မှာ ကျွန်တော်တို့ပြည်သူလူထုအနေနဲ့ ဘယ်လိုမှ အားလျှော့လို့မရပါဘူး။ ဒီ့ထက်ပိုပြီးတော့ အားစိုက်ပြီးတော့ ၂၀၂၅ နှစ်အတွင်းမှာ ထဲထဲဝင်ဝင်နဲ့ ရှိတဲ့အင်အားအကုန်လုံး ဖျစ်ညှစ်ပြီးတော့ ကျွန်တော်တို့ တွန်းတွန်းထိုးထိုးနဲ့ ဆက်ပြီးတော့ ရုန်းကန်တိုက်ပွဲဝင်သွားကြမယ်ဆိုရင် ၂၀၂၅ ခုနှစ်မှာ လုံးလုံးကြီး စစ်အာဏာရှင်စနစ်ပြိုလဲသွားမယ်လို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပေမယ့်လို့ ကျွန်တော်မြင်တာကတော့ အထူးသဖြင့် ၈၀ ရာခိုင်နှုန်း အထက်မှာတော့ လုံးဝ စစ်အာဏာရှင်စနစ်ဟာ ကျဆုံးသွားမယ်ဆိုတာ ကျွန်တော်တို့မြင်တဲ့အပေါ်မှာ ဒီ့ထက်ပိုပြီးတော့တွန်းအားပေးရုန်းကန်တိုက်ပွဲဝင်ကြဖို့ပဲလိုပါတယ်။နောက်ဆုံးတနေ့မှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်အာဏာရှင်စနစ်ဟာ ဘယ်တော့မှ မပြိုလဲနိုင်ဘူး၊ ဘယ်တော့မှ မကျဆုံးနိုင်ဘူးဆိုတဲ့ နိုင်ငံတကာရဲ့အမြင်တွေ တိုင်းနိုင်ငံတွေရဲ့လွဲမှားနေတဲ့အမြင်တွေကိုသက်သေပြလို့ရမယ်ဆိုတာ ဒီနှစ်လာမယ့် ၂၀၂၅ မှာ ကျွန်တော်တို့အားလုံး ရုန်းကန်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်နော်။အားလုံးကို ကျေးဇူးတင်ပါတယ်။
●မအေးမြင့်အောင်အောင် (တက်ကြွလှုပ်ရှားသူ၊AFCC-MDY)
အခုဆိုရင်ဒီ၂၀၂၅ခုနစ်ထဲမှာ အာဏာသိမ်း ၄ နှစ်ပြည့်တော့မယ်ပေါ့။ ၄နှစ်တာကာလမှာ တိုးတက်ပြောင်းလဲလာတွေလည်း ရှိသလို တဖက်မှာလည်း ပြည်သူလူထုက စစ်ရဲ့ဒဏ်တွေ၊ နောက်တစ်ခု နိုင်ငံရေးစနစ်မကောင်းခြင်းရဲ့ အကျိုးဆက်တွေ၊ ဆိုးကျိုးတွေကို အလူးအလဲ ခံနေရတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ တော်လှန်နှစ်သစ်တွေ နောက်ထပ် နောက်ထပ် အများကြီးရှိလာလို့ မရဘူး။ ပြောချင်တာက တော်လှန်ရေးက အရမ်းကြာသွားလို့ မရဘူး။ တော်လှန်ရေး အရမ်းကြာသွားရင် ထိခိုက်နစ်နာဆုံးက ပြည်သူလူထုပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လာမယ့်နှစ်သစ်မှာ NUG တော်လှန်ရေးအစိုးရအနေနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေ အနေနဲ့ဆိုရင် အလုပ်ပိုဖြစ်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ သမ္မတကြီးဒူဝါလရှီးလက နှစ်သစ်မိန့်ခွန်းပြောတယ်ပေါ့လေ။ NUG reform (NUG ပြုပြင်ပြောင်းလဲရေး)လုပ်မယ့် ကိစ္စတွေ၊ ပ-သုံးလုံး ယန္တရားတွေကို ပြုပြင်ဖွဲ့စည်းမယ့်ကိစ္စတွေကို သတင်းစကားပါးခဲ့တာရှိတယ်။ ကျွန်တော်တို့က ဒီလိုသတင်းစကားပါးတာကိုလည်း ကြိုဆိုတယ်။ တဖက်မှာလည်း ဒါနဲ့အညီ အလုပ်တကယ်လုပ်ဖို့ လိုအပ်တယ်။ အလုပ်ဖြစ်မြောက်ဖို့ လိုအပ်တယ်ဆိုတာ ပြောချင်ပါတယ်။ ပြည်သူလူထုတွေကို အထူးတလည်တိုက်တွန်းလိုတာက ကျွန်တော်တို့တတွေ အားလုံးက မိမိကိုယ်ကိုယ်တော်လှန်ရေးတပ်သားတွေ ဖြစ်တယ်ဆိုတာကို အထူးသတိပြုဖို့ လိုအပ်တယ်။ တော်လှန်ရေးမှာ PDF တွေ စွတ်တိုက်မှ တော်လှန်ရေးပြီးသွားမှာ၊ NUG အစိုးရကလုပ်မှ တော်လှန်ရေးပြီးသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတရပ်လုံး၊ လူထုတရပ်လုံးက အသီးသီးမိမိရဲ့တာဝန်ကို ထမ်းဆောင်ဖို့လိုအပ်တယ်။ အဲဒါမှသာလျှင် တော်လှန်ရေးက ရှေ့ရောက်မယ်။ ကျွန်တော်တို့ လိုချင်တဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ကျွန်တော်တို့အားလုံး မျှော်မှန်းတဲ့၊ မျှော်လင့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ရမှာဖြစ်ပါတယ်လို့။ ဒါကြောင့် နှစ်သစ်ကနေ စပြီးတော့ ကျွန်တော်တို့ ပိုပြီး ရုန်းကြမယ်။ အားစိုက်ကြမယ်။ ဒီနေရာကနေ အထူးတလည် မှာကြားချင်ပါတယ်။
●မာဝီ (KNDF ဒုတိယစစ်ဦးစီးချုပ် )
ပြည်သူတွေက တာဝန်ကျေပါတယ် တာဝန်မကျေသေးတာက ကျနော်တို့ လက်နက်စွဲကိုင်တော်လှန်တဲ့ အစုအဖွဲ့တွေပါ၊ တစ်ယောက်တစ်မျိုး တစ်ဖွဲ့တစ်ဖုံနဲ့ဖြစ်နေရင်တော့ ပြည်သူတွေက ဒုက္ခတွေကို ကြာရှည်ခံစားကြရလိမ့်မယ်၊ ကျနော်တို့ လက်နက်စွဲကိုင်တဲ့သူတွေ ညီမှ စည်းလုံးမှသာ အောင်ပွဲကို ဆွတ်ခူးနိုင်မှာပါ။ တကယ်တမ်းဆို လူထုကပဲ ဒုက္ခကို အသေအလဲခံရတာ ကျနော်တို့တွေက ဒုက္ခရောက်တယ်ဆိုတာ ကားစီးပြီးသွားလာနိုင်သေးတယ်၊ အရက်လေး ဘီယာလေး ဝိုင်လေးသောက်နိုင်သေးတယ်၊ စီးကရက်အဖြူဘူးလေး အိတ်ကပ်ထဲထည့်ထားနိုင်သေးတယ်။ လူထု ဒုက္ခရောက်တယ်ဆိုတာ စားစရာဆန်က ဆန်အိုးထဲမရှိတာမျိုး၊ ဘယ်အလှူရှင်လာလှူမလဲဆိုပြီး စစ်ရှောင်မိုးကာတဲလေးရဲ့အပေါက်ဝကနေမျှော်နေရတာမျိုး၊ သာရေးနာရေးလေးဖြစ်လို့မှ ငွေစွန်းငွေစလေးထည့်ဖို့မရှိနေတာမျိုး။ အဲ့တော့ လူထုဒုက္ခက်ို အမြန်ချုပ်ငြိမ်းနိုင်ဖို့က ကျနော်တို့ စည်းလုံးရေး တာဝန်ကျေရမယ်၊ ကျနော်တို့ တစ်စုတစ်စည်းတည်းဖြစ်ရေးတာဝန်ကျေရမယ်။ တစ်နိုင်ငံလုံးမှာ လူထုအတွက်ဆိုပြီး တပ်ဖွဲ့တွေပေါ်လာပြီးမှ ဟိုလူနဲ့ မပေါင်းနိုင် ဒီလူနဲ့မတည့်ဖြစ်ရင်တော့ အစကတည်းက မပေါ်လာတာကောင်းတယ်။ တပ်ဖွဲ့တွေအားလုံးကလည်း စုစည်းပေါင်းစပ်နိုင်ဖို့က အကုန်လုံးသန္ဓေမှန်ဖို့လည်းလိုတယ်၊ စိတ်ဓါတ်ကောင်းဖို့လိုတယ်၊ အောင်ပွဲကိုရယူတဲ့အခါမှာ ကိုယ့်ရဲ့ညာဏ၊ ကာယလုပ်အားတွေကို ဘယ်နေရာမှာဘယ်လိုထည့်ဝင်ပြီး အားဖြည့်ပလိုက်မယ်ဆိုတဲ့ စိတ်မျိုးတွေဖြစ်ဖို့လိုတယ်။ အကျိုးမျှော်ပေါင်းတာမျိုးမဖြစ်ဖို့တော့ လိုတာပေါ့။ဒါမှပဲ ကျနော်တို့ရဲ့ စည်းလုံးခြင်း စုစည်းခြင်းဟာ အခြေခိုင်ပြီး အာမခံချက်ရှိမှာဖြစ်ပါတယ်။
ကျနော်တို့ကတော့ လူထုကို စိတ်မပျက်စေရပါဘူး။ တစ်လှန်ရေးထဲဝင်လာတုန်းကလဲ ဘယ်သူမှမခိုင်းဘူး၊ ကိုယ့်စိတ်နဲ့ကိုယ် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲဝင်တယ်။ တော်လှန်ရေးအောင်သွားတဲ့အခါလည်း အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ကိုယ့်အိမ်ကို ကိုယ်ပြန်ရဲရမယ် ပြန်ကြမယ် (အိမ်တော့မရှိတော့ဘူးပေါ့လေ ခွေးတွေမီးရှိ့ကုန်ပြီ)။ လူထုနဲ့ဆိုင်တဲ့ပစ္စည်း လူထုကိုပြန်အပ်ဖို့လိုတယ် လူထုကိုကိုယ်စားပြုနိုင်တဲ့ အစိုးရကိုပြန်အပ်ဖို့လိုတယ်။ ကျနော်တ်ို့စုပေါင်းအားနဲ့သာ အောင်ပွဲခံနိုင်မှာဖြစ်လို့ စုရအောင် စည်းရအောင် စုပြီးစည်းပြီးပြီဆိုရင်တော့ အကြမ်းဖက်စကစကို ဆော်ပလော်တီးရအောင်။ လူထုဒုက္ခခရီးတိုတောင် ကျနော်တို့လက်နက်စွဲကိုင်တော်လှန်ရေးအဖွဲ့တွေ တာဝန်ကျေကြရအောင်။ ။