ရှိန်း/People’s Spring
အိပ်မက်ပင် မမက်ဘူးသည့်တိုက်ပွဲအတွင်း ကိုနဂါးလေးရောက်နေပါတယ်။
ကိုယ့်ဘေးနားကရဲဘော်တွေကျသွားတာကိုလည်းမြင်ရပါတယ် ။ စစ်သားအလောင်းတွေကတော့ပုံထပ်နေပါတယ် ။ ဒီအဖြစ်အပျက်တွေကိုအိပ်မက်တခုလိုတောင်သူထင်နေမိပါတယ် ။
ဒါပေမယ့် ကျသွားတဲ့ သူ့ရဲ့ မိတ်ဆွေရဲဘော်တွေပြန်ရှင်မလာတော့ပဲ ထာဝရ နှုတ်ဆက်သွားတာက အိပ်မက် မဟုတ်ဘူးဆိုတာကိုသေချာစေခဲ့ပါတယ် ။ ဒီအဖြစ်အပျက်တွေဟာ အိပ်မက်မဟုတ်ဘဲ နောင်ချိုမြို့သိမ်းတိုက်ပွဲကိုသူဆင်နွှဲနေရင်းကြုံရတဲ့အဖြစ်အပျက်ဖြစ်တွေဖြစ်ပါတယ်

Public Service Announcement
စစ်ကိုင်းတိုင်းဇာတိ၊ ဝက်လက်နယ်အခြေစိုက် ဒေါင်းနီတပ်ဖွဲ့က ဒုတပ်ရင်းမှူးရင်းဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ်ကိုနဂါးလေး အတွက် စစ်တပ်အာဏာသိမ်းပြီးသုံးနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ၊နောင်ချိုမြို့သိမ်းတိုက်ပွဲလိုမျိုး ပြင်းထန်တဲ့တိုက်ပွဲကို အရင်က မတိုက်ခဲ့ဘူးပါဘူး။
သူနဲ့ အတူ မိတ်ဆွေ ရဲဘော်တွေဟာ ၁၀၂၇ ဒုတိယလှိုင်း နောင်ချိုမြို့သိမ်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ် ။
“မြေပြန့်နဲ့မတူတဲ့တကယ့်စစ်ပွဲကြီးထဲကိုရောက်သွားတဲ့အခါမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေတော့အများကြီးပဲ။ကိုယ့်ရှေ့မှာကျသွားတာရော၊ခေါင်းပြတ်တွေရော၊ကိုယ့်သူငယ်ချင်းအရင်းကြီးချက်ချင်းထွက်သွားတာတွေ၊ခြေပြတ်လပ်ပြတ်တွေ၊ဒါမျိုးတွေမြင်တွေ့နေရတာကစိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်”လို့ ကိုနဂါးလေးကပြောပါတယ်။
ဒေါင်းနီတပ်ဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီး လေးလအကြာ၂၀၂၁ခုနှစ် မေလကတည်းက အာဏာလုစစ်အုပ်စုကိုလက်နက်ဆွဲကိုင်တော်လှန်ဖို့စတင်တည်ထောင်ခဲ့တဲ့ ဝက်လက်နယ်အခြေစိုက် ဒေသတွင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)ဖြစ်ပါတယ် ။ စတင်တော်လှန်ချိန်တုန်းကလက်လုပ်သေနတ်တွေ ၊မိုင်းတွေနဲ့သာတိုက်ပွဲဝင်ခဲ့ကြတာပါ။ လက်နက် ရရှိရေးအတွက် နည်းမျိုးစုံကြိုးပမ်းခဲ့သလို ထုတ်လုပ်ရေးကိုလည်း ကြိုးစားခဲ့ကြပါတယ်။
ဝက်လက်နယ်က ဘုရားလေးကုန်းတိုက်ပွဲ၊ကျောင်းကုန်း၊သစ်ဆိမ့်စခန်းတိုက်ပွဲ၊ရွှေပန်းကုန်းစခန်းတိုက်ပွဲတွေမှာလည်း စစ်တပ်ကို လက်လုပ်သေနတ်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လက်နက်အင်အားမမျှတဲ့တိုက်ပွဲတွေရင်ဆိုင်ရပြီးတဲ့နောက် တိုက်ပွဲဝင်ဖို့အတွက် လက်နက်တပ်ဆင်ရေး အရေးကြီးလာတာကိုပိုသဘောပေါက်လာကြပါတယ် ။ ဒါကြောင့် လက်နက်ရရှိဖို့ ၊ စစ်ရေးအတွေ့အကြုံ စစ်ပညာ ရရှိဖို့ ၊ စစ်ပုံကျတဲ့ တပ်ဖွဲ့ထူထောင်နိုင်ရေး လက်တွေ့သင်ယူနိုင်ဖို့အတွက် ရှမ်းမြောက်ကို အညာသားတွေ ချီတက်ခဲ့ကြပါတယ်။
၂၀၂၃ခုနှစ်၊အောက်တိုဘာလမှာဒေါင်းနီတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးဦးဆောင်ပြီး ဒုတပ်ရင်းမှူးကိုနဂါးလေးအပါအဝင်တပ်ဖွဲ့ဝင် ၅၀ ဟာ မိုးကုတ်ဗျူဟာနဲ့ချိတ်ဆက်ပြီး ထွက်လာခဲ့ပါတယ်။
ရောက်ပြီး ရက်ပိုင်းအကြာမှာတင် ပထမဆုံးတိုက်ပွဲကို တပ်ဖွဲ့ဝင်တွေအားလုံးဆင်နွှဲရပါတယ်။
တပ်ဖွဲ့ဝင်တွေကို လူ ၁၀ ယောက်စီခွဲပြီး TNLAဦးဆောင်ကာ တခြားမဟာမိတ်ရဲဘော်တွေနဲ့ပါ ပူးပေါင်းပြီးတိုက်ပွဲဝင်ခဲ့ရပါတယ်။
မိုးကုတ်မြို့အနီးက မိုင်းလုံမြို့သိမ်းတိုက်ပွဲနဲ့ လယ်ကြီးစခန်းသိမ်းတိုက်ပွဲတွေကိုဆင်နွှဲရတာပါ။လေယာဥ်ပစ်ကူတွေကြားထဲ ကွန်မန်ဒါတွေရဲ့စကားကိုနားထောင်ပြီး မသေအောင်နေပြီးတိုက်ပွဲဝင်ခဲ့ကြပါတယ်။
ဒါပေမယ့် အဲဒီတုန်းက ကြမ်းတမ်းတယ်ထင်ခဲ့ရတဲ့တိုက်ပွဲဟာ ၁၀၂၇ ဒုတိယလှိုင်း ၊ ရှမ်းမန်းစစ်ဆင်ရေးကတိုက်ပွဲတွေနဲ့ နှိုင်းယှဥ်လိုက်တဲ့အခါ အသေးစားတိုက်ပွဲတခုလောက်ပဲရှိခဲ့ပါတယ်။မိုင်းလုံမြို့သိမ်းတိုက်ပွဲ နဲ့ လယ်ကြီးစခန်းသိမ်းတိုက်ပွဲတွေအပြီး စစ်သင်တန်းသုံးလတက်ရပါတယ် ။
စစ်သင်တန်းဆင်းပြီးနောက်မှာတော့နောင်ချိုမြို့နယ်စစ်ဆင်ရေးစတင်ခဲ့ပါတယ်။ပထမဆုံးက ဘန့်ဘွေးရွာ၊အဲဒီနောက် သရက်ကုန်းတိုက်ပွဲတွေ စတင်ခဲ့ပါတယ်။
စစ်သင်တန်းပြီးတဲ့အချိန်က ၁၀၂၇ဒုတိယလှိုင်းကို အညာသား PDF တွေ ဝင်နွှဲကြရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး( MDY PDF)နဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ရတာပါ။
၁၀၂၇ဒုတိယလှိုင်းမှာ အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ နောင်ချိုမြို့အနီးက စစ်ကောင်စီရဲ့ အမှတ် ၁၁၄ ခြေလျင်တပ်ရင်း (ခလရ-၁၁၄) ၊ အမှတ် ၁၁၅ ခြေလျင်တပ်ရင်း (ခလရ-၁၁၅) သိမ်းတိုက်ပွဲတွေမှာ ကိုနဂါးလေးပါဝင်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ ကိုနဂါးလေးတို့ဒေါင်းနီတပ်ဖွဲ့ကရဲဘော်တွေက တပ်စိတ်တခုမှာ ၂ ယောက်စီလောက်ပဲအတူတူတာဝန်ကျပါတယ်။
ကိုနဂါးလေးက ဒေါင်းနီတပ်က သူနဲ့ရွယ်တူ အသက်၂၈နှစ်အရွယ် ရဲဘော်ကိုရှိုင်း တို့ဟာ ခလရ (၁၁၄)ကို ထိုးစစ်ဆင်ရပါတယ်။စစ်ကြောင်းသုံးကြောင်းခွဲပြီးထိုးစစ်ဆင်တဲ့အချိန် စစ်ကောင်စီကလည်း လေယာဥ်ပစ်ကူအများအပြားသုံးပါတယ်။
နောင်ချိုမြို့ကို သိမ်းတာကတရက်ထဲနဲ့ရခဲ့ပေမယ့် တပ်ရင်းတွေကိုတိုက်ရတဲ့အချိန်ကခက်ခက်ခဲခဲ တိုက်ခဲ့တယ်လို့ကိုနဂါးလေးကအတွေ့ကြုံကိုပြောပါတယ်။
လေကြောင်းပစ်နေတဲ့ကြားထဲကနေ”၁၁၄မှာက ရဲဘော်၂ယောက်ရဲ့အလောင်းကျန်ခဲ့လို့ ညကြီးမင်းကြီး ပြန်သွားယူရင်း စခန်းပါတခါထဲသိမ်းခဲ့ရတယ်”လို့ ကိုနဂါးလေးကအတွေ့အကြုံကို ပြောပါတယ်။
မိုးကရွာပြီး လေကြောင်းပစ်ကူကြောင့် ရိက္ခာထုတ်ရောက်မလာတာကို ရဲဘော်တွေအားလုံးတောင့်ခံခဲ့ရပါတယ်။
နောင်ချိုမြို့နယ်မှာ စစ်ကောင်စီရဲ့အရေးကြီးဆုံးအမြောက်တပ် (၆၀၆) ကို သိမ်းခဲ့ရတာကလည်း အမှတ်ရစရာဖြစ်ခဲ့တယ်လို့ကိုနဂါးလေးကပြောပါတယ်။
တပ်ရင်းတွေအတိုက်ခံရပြီးတဲ့နောက် ထွက်ပြေးကြတဲ့စစ်ကောင်စီတပ်သားတွေဟာ အမတ (၆၀၆)ဘက်ကို ထွက်ပြေးပူးပေါင်းသွားကြပါတယ်။
တခြားစစ်စခန်းတွေ ၊ တပ်ရင်းဌာနချုပ်တွေကို တိုက်ခိုက်ခံရစဥ်ကတည်းကခံစစ်အခိုင်အမာပြင်ထားတဲ့ အမတ (၆၀၆)ကိုတိုက်ခိုက်ရတာက တော်လှန်ရေးရဲဘော်တွေအတွက်အလွန် ခက်ခဲခဲ့ပါတယ်။ အမြောက်တပ်ကို သိမ်းပြီးချိန် မှာ စစ်သားအလောင်းတွေ ပုံထပ်နေသလို ၊တော်လှန်ရေးတပ်ဖွဲ့တွေမှာလည်း ထိခိုက်ကျဆုံးမှုတွေများခဲ့ပါတယ် ။
“သတ်ကွင်းကြီးထဲကနေ တိုက်ရတာလေ။ ကျွန်တော်တို့ရဲဘော်တွေ၂၀ကျော်လောက်ကျခဲ့တယ်။ဆုတ်မိန့်လည်းမပါတော့ ရအောင်တိုက်ရတယ်”လို့ ကိုနဂါးလေးကပြောပါတယ်။
ဂျက်ဖိုက်တာ၊လက်နက်ကြီး၊ဟောင်ဝစ်ဆာပစ်ကူအများအပြားနဲ့စစ်ကောင်စီကလည်း ခံစစ်အပြင်းအထန်ပြုလုပ်ခဲ့ပါတယ်။၁၂ရက်အကြာမှာ စစ်ကောင်စီတပ်သားတွေရဲ့အလောင်း အများအပြားနဲ့အတူ အမြှောက်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေအောင်နိုင်ခဲ့ပါတယ်။
တိုက်ပွဲအတွေ့အကြုံအရ စစ်ကောင်စီတပ်ဟာ လက်နက် နဲ့ ပစ်အားမှာ အားသာပေမယ့် စိတ်ဓါတ်ပျက်ပြားနေပြီး ဘာအတွက်စစ်တိုက်နေလဲဆိုတာကိုတောင် သိပုံမရဘူးလို့ ကိုနဂါးလေးက သုံးသပ်ပါတယ်။တော်လှန်ရေးတပ်တွေကတော့ စစ်အာဏာရှင် စနစ် ပြုတ်ကျအောင်တိုက်မယ်ဆိုတဲ့ ခံယူချက်ကြောင့်တိုက်တာမို့ ခံယူချက်က ကွာခြားလှပါတယ်။
ဒီရှမ်းမြောက်စစ်ဆင်ရေးမှာ ကိုနဂါးလေးမမေ့နိုင်ခဲ့တဲ့အချိန်တခုလည်းရှိပါတယ်။ အဲတာကတော့ နောင်ချိုမြို့နယ်၊သရက်ကုန်းတိုက်ပွဲပါ။သရက်ကုန်းကိုတော်လှန်ရေးတပ်တွေသိမ်းယူပြီးချိန်မှာ စစ်တပ်ကဒရုန်းတွေသုံးကာ အပြင်းအထန်ထိုးစစ်ဆင်ရယူခဲ့ပါတယ်။ဘန်ကာထဲကနေထွက်မရအောင် ဒရုန်းကနေ ဒရော့ဗုံးကျဲတာတွေ စစ်တပ်ဘက်ကဆက်တိုက်လုပ်ခဲ့ပါတယ်။
ထမင်းထုတ်ထွက်ယူရင်း ဗုံးထိပြီးကျဆုံးတဲ့ရဲဘော်တွေလည်းရှိပါတယ်။အဲဒီနောက် စစ်တပ်တန်ပြန်ထိုးစစ်ကလည်း ပြင်းထန်လာပါတယ်။ဆုတ်မိန့်ကျလာတဲ့အချိန်မှာ ကိုနဂါးလေးနဲ့အတူတူ ရှေ့တန်းကင်းမှာရှိနေတဲ့ ဒေါင်းနီတပ်ကရဲဘော် ကိုရှိုင်း.ရဲ့ စကားပြောစက်က အားကုန်သွားပါတယ်။
ဆက်သွယ်ရေးမြောင်းထဲကနေပြန်ခံပစ်နေတဲ့ ရဲဘော် ကိုရှိုင်းပြန်ဆုတ်ဖို့ သူ့ကိုစက်ကနေလှမ်းပြောပေမယ့် ဘယ်လိုမှပြောမရပါဘူး။မိနစ်ပိုင်းအတွင်းမှာပဲ စစ်တပ်ရဲ့ဒရုန်းနဲ့ဗုံးချမှုကြောင့် ဒေါင်းနီတပ်က ကိုရှိုင်းအသက်ပေးလိုက်ရပါတယ်။
“အဲဒီခံစားချက်ကြီးကတော်တော်ဆိုးတာပဲ”လို့ကိုနဂါးလေးကပြောပါတယ်။
အဲဒီတိုက်ပွဲတွေအပြီး မတ္တရာ၊စဥ့်ကူး၊သပိတ်ကျင်းတိုက်ပွဲတွေကိုဆက်တိုက်ရပါတယ်။
ဒီစစ်ဆင်ရေးတွေမှာ ဒေါင်းနီတပ်ကပဲ အသက်၂၀ အရွယ်ရဲဘော်ဒင်ကြီးလည်းပါဝင်ပါတယ်။
ရဲဘော်ဒင်ကြီးကတော့စကားပြောတဲ့အချိန်မှာ လူငယ်ပီပီ စိတ်အားတက်ကြွတာကိုတွေ့ရပါတယ်။
အကြမ်းတမ်းဆုံးဖြစ်ခဲ့တဲ့ သပိတ်ကျင်းမြို့နယ်က မန်စိန်တိုက်ပွဲအကြောင်းကို သူပြန်ပြောပြပါတယ်။
မန်စိန်၊ကွင်း၃၀ ကနေ ၇မိုင်(လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာ)အထိ တိုက်ခိုက်ခဲ့ရတာပါ။
ပထမဆုံး မန်စိန်ရွှေလုပ်ကွက်မှာ အရေးပါတဲ့ ဗျူဟာကုန်း ၂ ကုန်းကိုရဖို့ တော်လှန်ရေးတပ်ပေါင်းစုတွေထိုးစစ်ဆင်ရပါတယ်။အဲဒီဗျူဟာ ကုန်းတွေကို မန်စိန်ကုန်း(ဗျူဟာကုန်း)နဲ့ နဂါးရုံကုန်းလို့ခေါ်ကြပါတယ်။
ဒီကုန်းတွေကိုထိုးစစ်ဆင်ဖို့ MDY-PDFက တပ်ရင်းတွေနဲ့တပ်ပေါင်းစုကလည်း အင်အားအများအပြားသုံးခဲ့တယ်လို့ဆိုပါတယ်။ ပထမဆုံးဝင်ရောက်ရတဲ့ ဗျူဟာကုန်းတွေရဲ့အောက် ကျွန်းတောရွာမှာ တိုက်ပွဲစတင်ပြီး ဗျူဟာကုန်းကိုတက်ရပါတယ်။
အဲဒီဗျူဟာကုန်းတွေရဲ့ထိပ်တွေမှာ စစ်ကောင်စီတပ်တွေထိုင်ထားပါတယ်။
“အဓိကလိုချင်တာကဗျူဟာကုန်းပေါ့။ဗျူဟာကုန်းရရင် နဂါးရုံကုန်း နဲ့ အောက်ကရွှေဆိုဒ်တွေကို ကျွန်တော်တို့ကအပေါ်စီးကပစ်ရုံပဲလေ”လို့ ရဲဘော်ဒင်ကြီးကပြောပါတယ်။
တောင်ကုန်းပေါ်တက်ဖို့လမ်းကမရှိ တော့လမ်းဖောက်ပြီးတော့ တောင်ပေါ်ထိပ်ကစစ်တပ်အထိုင်ကို သိမ်းရမယ့်စစ်ဆင်ရေးဖြစ်ပါတယ်။ရဲဘော်တွေအကုန် ကိုယ့်လမ်းကိုဖောက်ပြီးတောင်ပေါ်တက်ရပါတယ်။
တော်လှန်ရေးတပ်တွေတက်လာမှန်းသိတဲ့စစ်တပ်ကလည်း ဗျူဟာ မျိုးစုံနဲ့ပြန်လည်ခုခံပါတယ်။တခါတလေဆို ရဲဘော်တွေကြားထဲစစ်သားတွေရုတ်တရက်ပေါ်လာပြီးကိုယ့်ရင်ဘတ်ကိုသူ့သေနတ်ထောက်၊သူ့ရင်ဘတ်ကိုကိုယ့်သေနတ်ထောက်ပုံစံမျိုးနဲ့တောင် စစ်သားတွေကို ချေမှုန်းခဲ့ရတယ်လို့ဆိုပါတယ်။
“ရန်သူနဲ့အနီးကပ်ဆုံးကို ကပ်ရတဲ့အချိန်မှာ အရမ်းသတိကပ်ရတယ်။ကြောင်သွားတဲ့သူကခံရတာပဲ”လို့ ရဲဘော်ဒင်ကြီးကပြောပါတယ်။
သူကိုယ်တိုင်လည်း နှစ်ကြိမ်တိုင်ထိပ်တိုက်တွေ့ဆုံတာဖြစ်ခဲ့ပြီး နောက်မှာပါတဲ့ရဲဘော်တွေရဲ့သတိပေးချက်ကြောင့်ဟာ အသက်ရှင်ခဲ့တာလို့ဆိုပါတယ်။
တစ်လလောက်ဒီတိုက်ပွဲကြာခဲ့ပြီးတဲ့နောက် စစ်တပ်စခန်းက စစ်သားအကုန်လုံးကိုချေမှူန်းပြီး ဗျူဟာကုန်းကို သိမ်းယူနိုင်ခဲ့ပါတယ် ။တော်လှန်ရေး တပ်ဖွဲ့တွေမှာလည်း ရဲဘော်အကျအဆုံးလည်း များခဲ့တယ်လို့သူကပြောပါတယ်။
တခါမှတိုက်ပွဲကြီးတွေမကြုံတွေ့ဘူးအညာသားတွေဟာ အသက်ဘေး၊အငတ်ဘေးကြုံရတဲ့အချိန်မှာတောင် အိမ်ကိုလွမ်းလှပေမယ့် သူတို့ရည်မှန်းချက် ပြည့်မြောက်ဖို့ အိမ်ပြန်ချင်စိတ်မပေါ်ခဲ့ဘူးလို့ဆိုပါတယ်။
“ကျွန်တော်တို့က ရည်ရွယ်ချက်တခုအတွက်လာတာမို့ အိမ်ပြန်ချင်စိတ်တော့မရှိဘူး။ပင်ပန်းတာဘာညာလောက်ပဲရှိတာ”လို့ ရှမ်းမြောက်တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ဒေါင်းနီတပ်ကရဲဘော်တွေထဲက လူထုနွေဦးက စကားပြောခွင့်ရခဲ့တဲ့ ရဲဘော်၅ဦးလုံးကတညီတညွတ်ထဲပြောပါတယ်။
သူတို့ရည်ရွယ်တာက စစ်ကောင်စီကို ချေမှူန်းနိုင်ဖို့ လက်နက်ခဲယမ်းရရှိဖို့ ၊စစ်ပညာသင်ယူနိုင်ဖို့ နဲ့ စစ်ပုံကျအောင် စနစ်တကျဖွဲ့စည်းတိုက်ခိုက်တာတွေကို သင်ယူဖို့ ဖြစ်တယ်လို့ ဆိုကြပါတယ် ။
အခုဆိုရင် အဒီတိုက်ပွဲတွေမှာပါဝင်ခဲ့တဲ့ဒေါင်းနီတပ်ဖွဲ့ဝင်တွေဒီဇင်ဘာလအတွင်းမှာနောက်တန်းပြန်ဝင်လာကြပါပြီ။နောက်တန်းကရဲဘော်တွေက ရှေ့တန်းကိုပြန်ထွက်ကြပါပြီ။
ရှမ်းမန်းစစ်ဆင်ရေးမှာ ဒေါင်းနီတပ်ဖွဲ့ဝင် ၁၀၀ လောက်အထိပါဝင်ခဲ့ပြီး လက်ရှိအချိန်အထိ ရှေ့တန်းမှာရှိနေသေးသူတွေလည်းရှိပါတယ် ။သပိတ်ကျင်း ၇ မိုင်တိုက်ပွဲမှာလည်းပါဝင်နေကြတယ်လို့ တပ်ရင်းမှူးကိုလက်ျာကပြောပါတယ်။
နောင်ချိုမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ ဒေါင်းနီတပ်ဖွဲ့ဝင်တွေဟာ စစ်ရေးအတွေ့အကြုံရယူပြီးအညာပြန်ရောက်ခဲ့ပါပြီ။
ပြန်ရောက်လာတဲ့တပ်ဖွဲ့တွေရဲ့ပွဲဦးထွက် လက်စွမ်းပြမှုကတော့အင်အား ၇၀ ကျော်ပါ စစ်ကောင်စီရဲ့တပ်မ(၃၃) လက်အောက်ခံစစ်ကြောင်းကို ဇန်နဝါရီလ၅ရက်နေ့မှာ အုန္နဲပုတ်ရွာမှာ တိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီစစ်သား ၄၀ကျော်သေဆုံးပြီး ၃ဦးကိုအရှင်ဖမ်းမိခဲ့ပါတယ်။
ဒါဟာ ရှမ်းမန်းစစ်ဆင်ရေးအပြန် အညာသားတွေရဲ့ ပထမဆုံးအောင်ပွဲဖြစ်ပါတယ်။ ဒီတိုက်ပွဲကို တပ်မှာရှိတဲ့လက်နက်နဲ့ပဲ ဒီအောင်ပွဲကို ရယူနိုင်ခဲ့ကြတာပါ။ ရက်ပိုင်းအတွင်းမှာ ရှမ်းမန်းစစ်ဆင်ရေးကနေ တပ်ဖွဲ့ဝင်တွေ အတွက် လက်နက်တွေပိုမိုတပ်ဆင်နိုင်တော့မှာဖြစ်ပါတယ်။
“လက်နက်တွေရလာတော့ အားတော့ပိုဖြစ်တာပေါ့။စစ်ဆင်ရေးတွေကို ဒီထပ်ပိုလုပ်လာနိုင်မယ်ထင်ပါတယ် “လို့ ဒေါင်းနီတပ်ဖွဲ့တပ်ရင်းမှူးဗိုလက်ျာကပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ ဒေါင်းနီတပ်ဖွဲ့ဝင် ၉ ဦးအထိ အသက်ပေးခဲ့ရပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း နဲ့ ဒုတိယလှိုင်းမှာ ဒေါင်နီတပ်ဖွဲ့လိုပဲ စစ်ကိုင်းတိုင်း ၊မကွေးတိုင်း တို့က PDF တွေ အများအပြားသွားရောက်တိုက်ခိုက်ပေးခဲ့ကြတာပါ ။ အခုဆိုရင် PDF အများအပြားဟာ မူလတပ်ဖွဲ့ရှိရာ အညာကို တဖွဲဖွဲပြန်ရောက်လာကြပြီဖြစ်ပါတယ် ။
ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီက ရရှိခဲ့တဲ့ စစ်ပညာတွေထဲမှ စစ်ကို စစ်နဲ့တူအောင် စနစ်တကျ လေ့ကျင့်ဖွဲ့စည်းတာဖြစ်တယ်လို့လည်း ကိုနဂါးလေးကဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေး နဲ့ မန္တလေးတိုင်းက ရှမ်းမန်းစစ်ဆင်ရေး အတွေ့အကြုံတွေအရ စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေ တိုက်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတဲ့အမေးကိုတော့ ကိုနဂါလေးက အခုလိုပြောပါတယ် ။
“ကျွန်တော်တို့အဆင်သင့်ဖြစ်နေပြီ” ။ ။
