Connect with us

Hi, what are you looking for?

ဆောင်းပါး

သားအရိုးပြာ ရင်ဝယ်ပိုက်လို့

သီတင်းကျွတ်လဆန်းရက်မို့ အညာဟာ ပူနွေးနေခဲ့တယ်။ အညာမြေ မန္တလေးတိုင်း၊ တောင်သာနယ်က ထန်းလက်မိုးထန်းလက်ကာ နေအိမ်လေးရှိတဲ့ ဝင်းကလေးထဲကို တောင်သာ PDF အဖွဲ့က တော်လှန်ရေး ရဲဘော်တွေ ဝင်လာခဲ့ကြတယ်။

ကျဆုံးရဲ​ဘော်​​တွေရဲ့ အရိုးပြာအိုးကိုPDF ​တွေကမိဘ​တွေထံ​ပေးအပ်ပြီး ကန်​တော့​နေကြစဥ်

Scorpio/People’s Spring

သီတင်းကျွတ်လဆန်းရက်မို့ အညာဟာ ပူနွေးနေခဲ့တယ်။ အညာမြေ မန္တလေးတိုင်း၊ တောင်သာနယ်က ထန်းလက်မိုးထန်းလက်ကာ နေအိမ်လေးရှိတဲ့ ဝင်းကလေးထဲကို တောင်သာ PDF အဖွဲ့က တော်လှန်ရေး ရဲဘော်တွေ ဝင်လာခဲ့ကြတယ်။

ရဲဘော်တွေဝင်လာခဲ့တဲ့ အိမ်ကလေးကတော့ တောင်သာ PDF အဖွဲ့ထဲက ရဲဘော်ဝက်ကြီးရဲ့ မိသားစုနေတဲ့အိမ်ကလေးပါ။ ဝါကျွတ်ကာလမို့ မိဘတွေဆီ လာကန်တော့ကြတာပါ။ ဒါပေမဲ့ ကာယကံရှင်ဖြစ်တဲ့ ရဲဘော်ဝက်ကြီးကတော့ မပါတော့ပါဘူး။ ရဲဘော်ဝက်ကြီးဟာ စက်တင်ဘာ ၁၀ ရက်နေ့က မလှိုင်-တောင်သာလမ်းမှာ စစ်ကောင်စီတ​ပ်နဲ့ တိုက်ပွဲဖြစ်ပွားရင်း ကျဆုံးခဲ့ပါပြီ။

အိမ်ကလေးအဝင်ဝမှာ အဆင်သင့် စောင့်နေခဲ့ကြတဲ့ မိဘနှစ်ပါးဟာ ရဲဘော်တွေပေးမယ့်အရာကို ရင်ခုန်လှိုက်မောစွာနဲ့ စောင့်မျှော်နေခဲ့ကြတာပါ။ အမျိုးသမီး ရဲဘော်လေးတယောက်က ဓာတ်ပုံမှန်ဘောင်လေးတခု ရိုရိုသေသေ လာပေးပါတယ်။ နောက်ရဲဘော်လေးတယောက်ကတော့ အဖုံးအုပ်ထားတဲ့ မြေအိုးလေးတစ်လုံး။ သားကလေးရဲ့ အရိုးပြာအိုးလေးပါ။

Public Service Announcement

Public Service Announcement

သားဖြစ်သူရဲ့ အရိုးပြာအိုးလေးကိုင်ထားတဲ့မိခင်ဖြစ်သူကတော့ မျက်ရည်တွေကျလာခဲ့တယ်။ မိန်းမဖော်တယောက်က အနောက်ကနေ သိုင်းဖက်ပြီး အားပေးနေတယ်။

ရဲဘော်တွေက မိဘနှစ်ပါးကို အလေးပြုကြပါတယ်။ ပြီးတော့မြေပြင်ပေါ်ထိုင်ချပြီးလက်အုပ်ချီမိုးကန်တော့ကြတယ်။မိဘနှစ်ပါး မျက်ရည်တွေကျလာခဲ့ကြတယ်။ဘေးကထိုင်ကြည့်နေတဲ့ ဆွေမျိုးသားချင်းတွေ မျက်ရည်မဆည်နိုင်ကြဘူး။ အဒေါ်ကြီးတဦးဆို မြေပေါ်မှာထိုင်ချရင်း အိမ်တိုင်ကိုမှီရင်း အားရပါးရ ငိုနေခဲ့တယ်။ ရဲဘော်တွေလည်း မျက်ရည်စို့ကြတယ်။ အဲဒီနေ့က ရဲဘော်ဝက်ကြီးနဲ့အတူတူ ကျဆုံးခဲ့တဲ့ ရဲဘော်ချစ်ကို ရဲ့ နေအိမ်ကိုလည်း PDF​တွေ အရိုးပြာသွားရောက်ပေးအပ်ခဲ့ပါတယ်။

အလားတူပဲ သီတင်းကျွတ်လပြည့်မတိုင်မီ တရက် အဖိတ်နေ့က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျေးရွာတရွာက နေအိမ်ဝင်းလေးထဲကို အညာမြေတပ်ပေါင်းစုက ရဲဘော်တွေ ဝင်လာခဲ့ကြတယ်။ သူတို့လည်းစက်တင်ဘာ ၂၈ ရက်နေ့ကမှ လေကြောင်းပစ်ခတ်ခံရပြီး ကျဆုံးခဲ့ရတဲ့ အသက် ၂ဝ နှစ်အရွယ် ရဲဘော် သေမင်း၊ အသက် ၁၈ နှစ်အရွယ်ရဲဘော် ဗလနဲ့ အသက် ၃၉ နှစ်အရွယ် ရဲဘော် နိုင်ကြီးတို့ရဲ့ မိဘတွေဆီ လာခဲ့ကြတာပါ။

ကျန်ရစ်တဲ့ မိသားစုဆီ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးအပ်ပါတယ်။ သဝဏ်လွှာနဲ့အတူ ကျဆုံးရဲဘော်ရဲ့ဓာတ်ပုံလေးနဲ့အတူ သူ့အငွေ့အသက်လေးတွေ ရှိနိုင်သေးတဲ့ သူဝတ်ခဲ့တဲ့ စစ်ယူနီဖောင်းနဲ့ အသုံးအဆောင်လေးတွေလည်း ပေးခဲ့ကြတယ်။ နောက်ပြီး ကျန်ရစ်သူမိသားစုအတွက် တစုကို ၁၄၅ သိန်းစီလည်း ကန်တော့ခဲ့ကြပါတယ်။ မိဘတွေလည်း မျက်ရည်ကျကြတယ်။ ရဲဘော်တွေလည်း မျက်ရည်ဝဲကြတယ်။

“မိဘတွေလည်း ပြိုလဲသွားတာပေါ့။သူတို့တွေရဲ့ ငိုကြွေးတဲ့အသံတွေက အခုချိန်အထိ ကျနော်တို့နားထဲမှာ ပြန်ကြားနေတယ်။”လို့ အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။

“ရဲဘော်တွေအတွက် ဖော်မပြနိုင်အောင် ဝမ်းနည်းရတယ်။ အတူတူတိုက်ခဲ့ကြတဲ့ အရောင်တူတဲ့ငှက်တွေ အတူတူ ပျံသန်းခဲ့ကြတယ်။ လမ်းခုလတ်မှာ အတူတူပျံသန်းခဲ့ကြတဲ့ငှက်တွေ အတောင်ကျိုးပြီး ပဲ့ကြွေသွားတဲ့အခါမှာ ဆက်ပျံဖို့တောင် ခွန်အားမရှိတော့လောက် ခံစားသွားခဲ့ရပါတယ်။”လို့ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။

အိပ်မက်တွေလည်း အတူတူ၊ စိတ်ကူးတွေလည်း အတူတူ၊ မျှော်လင့်ချက်တွေလည်း အတူတူ လမ်းတခုတည်းကို အတူတူ လျှောက်ခဲ့ကြတယ်။ ဒါပေမဲ့ လမ်းခုလတ်မှာ သူတို့ ပြတ်ကျန်သွားတဲ့အခါမှာ စိတ်တခုလုံး၊ ရင်တခုလုံးက ပြိုလဲသွားတာပေါ့လို့ ကိုဘိုသန့်စင်က ရင်ဖွင့်တယ်။

ဒါပေမဲ့ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင် တော်လှန်ရေးခရီးအတွက် ကြာရှည်ပြိုလဲနေလို့ မဖြစ်ဘူးလို့ သူက တွေးပါတယ်။

“အဲဒီအတွေးနဲ့ပဲ ပြန်ပြီးတော့တည့်မတ်ရတာပေါ့။”လို့ သူက ပြောတယ်။

ကျဆုံးရဲဘော်နဲ့ ပြည်သူတွေ၊ ကျန်ရစ်ခဲ့တဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေအတွက် ရပိုင်ခွင့်တွေ၊ ဆုံးရှုံးနစ်နာခဲ့ရမှုတွေအတွက် ဒီလမ်းကို ဆက်လျှောက်ရမယ်ဆိုတဲ့အသိနဲ့ ကိုဘိုဘိုသန့်စင်တို့ အားတင်းခဲ့ကြတယ်။

“ကျနော်တို့ အခုတော့အားတင်းပြီးတော့ ကျနော်တို့ကော ကျနော်တို့ရဲဘော်တွေကော စိတ်ခွန်အားပေး ပြောပြရင်းနဲ့ ဒီခရီးကို ရအောင်ဆက်လျှောက်မယ် ကျနော်တို့ရဲ့ဆုံးရှုံးမှုတွေအတွက် ကျနော်တို့တောင်းယူမယ်။”လို့ သူက ပြောပြတယ်။

လာကန်တော့ကြတဲ့ရဲဘော်လေးတွေကိုလည်းမိဘတွေက မျက်ရည်တွေကြားကနေ ကြည်ကြည်နူးနူး ကြည့်ခဲ့ပါတယ်။

တောင်သာက မအေအိုကတော့ သားရဲ့အရိုးပြာအိုးလေးကို ရင်မှာ ပိုက်ရင်း တုန်ရင်နေတဲ့အသံနဲ့ပဲ “ကျန်းမာချမ်းသာကြပါစေ။ အမေ့သားသမီးတွေလည်း (စစ်အာဏာရှင် လက်အောက်ကလွတ်မြောက်ဖို့) အမြန်ဆုံး လုပ်ကိုင်နိုင်ကြပါစေ။ ဆထက်တပိုးတိုးတက်ပြီး ရည်မှန်းချက်ပန်းတိုင် ရောက်နိုင်တဲ့ သားကောင်းရတနာ၊ သမီးကောင်းရတနာတွေ ဖြစ်ကြပါစေ။”လို့ ဆုတောင်းပေးလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ