သော်မွန်/People’s Spring
လွန်ခဲ့တဲ့ ငါးနှစ် နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးဖို့ မဖြူစင်(အမည်လွှဲ)တစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပါတယ်။ အသက် ၁၈ နှစ်ပြည့်လို့ First Voter လို့ ခေါ်တဲ့ ပထမဆုံးအကြိမ်အဖြစ် မဲပေးရမယ့်အပေါ် မဖြူစင်သာမက သူ့မိသားစုနဲ့ ဆွေမျိုးတွေပါ တက်ကြွစွာ မဲရုံကို သွားရောက်ခဲ့ကြကြောင်း ပြန်ပြောပြတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့တုန်းက တမိသားစုလုံးတောင်မကဘူး၊ ဆွေမျိုးတမျိုးလုံး မနက်အစောကြီး မဲရုံသွားပြီး တန်းစီနေကြပြီပေါ့နော်။ အဲဒီတုန်းက လက်ကို မှင်တို့လိုက်ကတည်းက ငါက လူကြီးဖြစ်သွားပြီ။ ၁၈ နှစ်လည်း ပြည့်သွားပြီ။ ငါလုပ်ချင်တဲ့ ခံယူချက်လေးကို ဖော်ပြခွင့်ရသွားပြီဆိုပြီးတော့ အဲဒီတုန်းက မှတ်ခဲ့တာ”လို့ မဖြူစင်က မဝေးသေးတဲ့အတိတ်က အဖြစ်အပျက်ကို ပြန်ပြောပါတယ်။
မဖြူစင် ပြောတဲ့’အဲဒီတုန်းက’ဆိုတဲ့ မဝေးသေးတဲ့အတိတ်ဟာ ငါးနှစ်သာရှိပေမယ့် အခြေအနေတွေကတော့ ‘ကပြောင်းကပြန်’ ဖြစ်လို့နေပါပြီ။ ယုံကြည်ချက်တွေ၊ အနာဂတ်အတွက် မျှော်လင့်ချက်တွေအပြည့်နဲ့ မဲရုံကို မနက်အစောကြီးထပြီး First Voter အခွင့်အရေးကို အမိအရ အသုံးချခဲ့တဲ့ မဖြူစင်တစ်ယောက် မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဖြစ်ခဲ့ရတယ်။ မဖြူစင်ပေးခဲ့တဲ့ မဲတစ်ပြားအပါအဝင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခဲ့ကြတဲ့ ပြည်သူလူထု ၂၅ သန်းကျော်ရဲ့ မဲပြားတွေအဟောသိကံ ဖြစ်သွားခဲ့တယ်။ စစ်တပ်က အာဏာသိမ်းခဲ့လို့ပါ။

Public Service Announcement
၂၀၂၅ နှစ်ကုန်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ ကျင်းပဖို့လုပ်ဆောင်နေပေမယ့် လက်ရှိ ထိုင်းနိုင်ငံ ရောက်နေတဲ့ မဖြူစင်ကတော့ စိတ်မဝင်စားသလို မဲလည်း ပေးမှာမဟုတ်ဘူးလို့ ပြောတယ်။
“ညီမတို့အသက်အပိုင်းအခြားမှာ ပထမဆုံးမဲပေးလိုက်ရကတည်းကိုက ညီမတို့မှာ ပယ်ဖျက်ခံလိုက်ရတာ။ ပထမဆုံးအကြိမ်ဆိုတာ များသောအားဖြင့် အရေးကြီးဆုံးအချိန်ပေါ့နော်။ ဒါပေမဲ့ အဲဒီအချိန်ကတည်းက ငါတို့ မဲတွေက အရေးမပါတဲ့၊ သဲထဲ ရေသွန်သလို ဖြစ်သွားတယ်ဆိုတဲ့ ခံစားချက်ကြီး ရလိုက်တာဆိုတော့ ဘယ်လိုမှ စိတ်လည်းမဝင်စားဘူး”လို့ အသက်(၂၃)နှစ်အရွယ် မဖြူစင်က စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် သူ့သဘောထားကို ပြောတယ်။
မဖြူစင်ဟာ လူငယ်ပညာတတ်တစ်ယောက်ဖြစ်ပြီး လက်ရှိမှာ ဘန်ကောက်မြို့က တက္ကသိုလ်တစ်ခုမှာ မဟာဘွဲ့(M.A)ယူဖို့ ကျောင်းတက်နေသူတစ်ဦးပါ။
နှစ်ပေါင်း ၆၀ နီးပါးအတွင်း အရပ်သားအစိုးရ ပထမဆုံးကျင်းပပေးတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဖြစ်ပေမယ့် အသက် ၁၈နှစ်ပြည့်လို့ ပထမဆုံးမဲပေးခွင့်ရှိတဲ့ First Voter ၅ သန်းဝန်းကျင်အပါအဝင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၃၈ သန်းခန့် ရှိခဲ့တယ်။ အဲဒီဆန္ဒမဲပေးခွင့်ရှိသူတွေထဲက ၇၁ ရာနှုန်းကျော်က မဲပေးခဲ့ကြကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေက မှတ်တမ်းတင်ခဲ့ကြတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သောင်ပြိုကမ်းပြို ထပ်မံအနိုင်ရတဲ့ အဲဒီရွေးကောက်ပွဲကို မဲသမာမှုတွေ ရှိတယ်ဆိုပြီး စစ်တပ်က စွပ်စွဲခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ အာဏာသိမ်းခဲ့တယ်။
စစ်တပ်အာဏာမသိမ်းခင် အချိန်အထိ အာဏာသိမ်းမယ်လို့ မထင်သလို စစ်တပ်က ရက်စက်မယ်၊ တဇွတ်ထိုး လုပ်မယ်လို့ မယုံကြည်ခဲ့ဘူးလို့ မဖြူစင်က ပြောတယ်။ အာဏာမသိမ်းခင်အချိန်အထိ စစ်တပ်အပေါ် လေးစားသမှုရှိခဲ့တယ်လို့ သူက ဆက်ပြောတယ်။
“ဒါပေမဲ့လည်း အဲဒီနေ့(အာဏာသိမ်းတဲ့နေ့မှာ) သူတို့ကို ယုံကြည်မှု အလွဲသုံးစားလုပ်ပစ်လိုက်တယ်လို့ ခံစားလိုက်ရတော့ ညီမတို့အနေနဲ့က ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ဘူးပေါ့”လို့ မဖြူစင်က ဆိုတယ်။
ပြီးခဲ့တဲ့ငါးနှစ်ရွေးကောက်ပွဲမှာအသက်၁၈နှစ်ပြည့်လို့ First Voter ထဲ ပါခဲ့တဲ့၊ လက်ရှိ ချင်းမိုင်ရောက်နေတဲ့ လူငယ်တစ်ဦးကလည်း အရမ်းစိတ်လှုပ်ရှားပြီး မဲပေးခဲ့တယ်လို့ ပြောတယ်။ အဲဒီအချိန်က ဘာကြောင့်စိတ်လှုပ်ရှားမဲပေးခဲ့ရတာလို့ မေးကြည့်တဲ့အခါ “ကိုယ်တွေနေခဲ့တဲ့နေရာမှာတိုးတက်ပြောင်းလဲမှုတွေ ကိုယ်တွေကိုယ်တိုင် မြင်ခဲ့ရတယ်။ လူငယ်တွေအတွက် အခွင့်အလမ်းတွေ အများကြီး ရခဲ့တယ်”လို့ အဲဒီလူငယ်က ပြန်ဖြေတယ်။
လက်ရှိမှာတော့ အဲဒီလူငယ်ဟာ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်ကနေ ထွက်ခွာလာရပြီး အိမ်နီးချင်းထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အလုပ်လုပ်နေတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဒီမိုကရေစီစနစ်ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်တဲ့ရွေးကောက်ပွဲ ကျင်းပပေးမယ့် ဒီမိုကရေစီစံနှုန်းတွေကို ကျင့်သုံးနေခြင်းမရှိဘူးလို့ ချင်းမိုင်မြို့ရောက်လူငယ်က သတ်မှတ်တယ်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို သတိထားမိလာတာက ရွေးကောက်ပွဲအကြောင်း ဝါဒဖြန့်ဇာတ်ကားနဲ့ အဲဒီဇာတ်ကားကို ဝေဖန်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေကြောင့် ဖြစ်တယ်လို့ သူက ဆိုတယ်။
“ညီမပတ်ဝန်းကျင်မှာ မဲပေးဖို့ဘယ်သူမှစိတ်မဝင်စားဘူး။ ဒါကအဖက်လုပ်စရာကိစ္စရပ်ကို မဟုတ်ဘူး။ အရေးယူပြီး စိတ်ဝင်စားပြီးတော့ နောက်ပိုင်းမှာ ဖမ်းဆီးတာတွေလုပ်လာတဲ့အတွက်ကြောင့်သာ ဒါတွေကို သိသင့်တယ်ဆိုပြီး လိုက်ပြီးလေ့လာတာပဲရှိတာ”လို့ အဲဒီလူငယ်က ပြောတယ်။
စစ်တပ်ရွေးကောက်ပွဲဟာယုံကြည်စရာမရှိသလို ဘယ်ပြည်သူတစ်ဦးတစ်ယောက်ကိုမျှလည်း ကိုယ်စားမပြုကြောင်း၊ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက သူတို့ကိုယ် သူတို့ ကိုယ်စားပြုကြောင်း၊ အဲဒီအတွက် ဒီရွေးကောက်ပွဲကို မဲပေးဖို့ လုံးဝစဥ်းစားဖို့ မလိုကြောင်း အဲဒီလူငယ်က ဆက်ပြောတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲမတိုင်ခင် ၅လကြိုတင်ကာရွေးကောက်ပွဲဟန့်တားနှောင့်ယှက်သူတွေကို အရေးယူမယ့် ဥပဒေတရပ်ပြဋ္ဌာန်းခဲ့ပြီး အဲဒီဥပဒေအရ အနိမ့်ဆုံးထောင်ဒဏ်က ၃ နှစ်ဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်က သေဒဏ်ဖြစ်တယ်။ ဥပဒေပြဋ္ဌာန်းအပြီး ၃ လကျော်အတွင်း ပြည်သူ တစ်ရာဝန်းကျင်ဖမ်းဆီးခံခဲ့ရပြီး အသက် ၁၈နှစ်မပြည့်သေးသူတွေလည်းပါဝင်တွေ့ရတယ်။ ရွေးကောက်ပွဲဆန့်ကျင်၊ လက်မခံကြောင်း ရေးသားထားတဲ့ ဖေ့စ်ဘုတ်ပို့စ်ကို ‘like’၊ ‘heart’ reaction ပေးသူတချို့ပါမချန် စစ်ကောင်စီက အဲဒီဥပဒေသုံးပြီး ဖမ်းဆီးနေတာပါ။
ချင်းမိုင်မြို့ရောက် လူငယ်ကတော့ စစ်ကောင်စီရဲ့ အခုရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ၊ သူတို့အာဏာဆက်ရဖို့ ပြုလုပ်တဲ့ ရွေးကောက်ပွဲ၊ လူငယ်ကိုယ်စားပြုမှု မရှိတဲ့ ရွေးကောက်ပွဲလို့ သတ်မှတ်တယ်။ “သူတို့ရွေးကောက်ပွဲ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ သူတို့အတွက်တော့ ကောင်းလာကောင်း ကောင်းလာနိုင်ပေမယ့် ပြည်သူတွေအတွက်တော့ ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး။ သူတို့သည် တရားဝင်အကြမ်းဖက်ခွင့်၊ သူတို့ရဲ့ အကြမ်းဖက်လုပ်ငန်းစဥ်တွေကို လုပ်ပိုင်ခွင့်အနေနဲ့ပဲ ရသွားပြီးတော့ ပြည်သူတွေအတွက် ပိုပြီး ဆိုးရွားလာမယ်၊ ပိုပြီး ကျပ်တည်းလာမယ်၊ ပိုပြီး ဖိနှိပ်မှုတွေ ဒါတွေအများကြီး ခံရမယ်လို့ ထင်ပါတယ်”လို့ သူက ဆိုတယ်။
ချင်းမိုင်တက္ကသိုလ်(CMU)ကနေ ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ယူထားတဲ့ သုတေသီလူငယ်တစ်ဦးကလည်းစစ်တပ်ရွေးကောက်ပွဲဟာ၂၀၀၈ ဖွဲ့စည်း
ပုံအခြေခံဥပဒေအောက်ကနေ တရားဝင်မှု(legitimacy)ရအောင် ပြုလုပ်တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ သုံးသပ်တယ်။ လက်ရှိ တိုင်းပြည်ပြင်ပရောက်နေတဲ့ သူ့အနေနဲ့ မဲပေးဖို့ မရှိသလို ပြည်တွင်းက ပြည်သူတွေအနေနဲ့ ဆန္ဒအရသာဆိုရင် စစ်အုပ်စုကလွဲလို့ ဘယ်သူမှ မဲပေးချင်ကြမယ် မထင်ဘူးလို့ သုတေသီလူငယ်က ပြောတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းတွေမှာ မဲပေးခြင်းက ဒီမိုကရေစီဖြစ်တယ် ပြောထားပေမယ့် အခုထိ လူများစုကြီးရဲ့ဆန္ဒကို မျက်
ကွယ်ပြုထားတာ၊ ကရင်နီအပါအဝင် နိုင်ငံတဝန်းကို ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်တပ်က ဒီမိုကရေစီရဲ့ အနှစ်သာရ … စသဖြင့် အော်နေတာက ရယ်စရာအကောင်းဆုံး ပြတ်လုံးဖြစ်တယ်လို့ သုတေသီလူငယ်က ဆိုပါတယ်။
ရွေးကောက်ပွဲတစ်ခုမှာ မဲပေးခြင်း၊ မပေးခြင်းဟာ နိုင်ငံသားတစ်ဦးရဲ့ ရပိုင်ခွင့်/အခွင့်အရေးဖြစ်ပြီး တစ်ဦးချင်းစီတိုင်းက လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာ ‘No Vote Campaign’ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့တယ်။ အခု စစ်အုပ်စုရွေးကောက်ပွဲမတိုင်ခင်မှာတော့ ‘No Vote Campaign’ မတွေ့ရပါဘူး။ အဲဒီကမ်းပိန်းလုပ်ရင်လည်း နှစ်ရှည်ထောင်ဒဏ်အပြင် သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခံရနိုင်ကြောင်း ပြည်သူတွေ နားလည်ထားကြတယ်။
နောက်ပြီး လူငယ်တွေနဲ့ပတ်သက်လို့ စစ်တပ်အနေနဲ့ အလေးထားထည့်သွင်းစဥ်းစားတယ်လို့ မထင်ကြောင်း အထက်ပါသုတေသီလူငယ်က မှတ်ချက်ပြုတယ်။ မရှိလို့ပဲ မြန်မာလူငယ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ မရရတဲ့နည်း အောက်လမ်း/တရားမဝင် ဝင်ရောက်လာတာ၊ စစ်မှုထမ်းဥပဒေကြောင့် တခြားနိုင်ငံတွေမှာ တရားမဝင်နည်းနဲ့ မရရတဲ့ အလုပ်ကို ရှာကြံပြီး လုပ်နေရတဲ့သူတွေ အများကြီးရှိတယ်လို့ သူက ဆိုတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ်(UNDP)ရဲ့ ၂၀၂၅ သြဂုတ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အသက် ၁၈ ကနေ ၃၅ နှစ် လူငယ် ၃ သိန်းကနေ ၅ သိန်းကြား အရေအတွက်ဟာ တိုင်းပြည်ပြင်ပကို ရောက်သွားကြပြီး တိုင်းပြည်မှာ ကျန်ခဲ့တဲ့ လူငယ်တွေထဲက ၄၀ ရာခိုင်နှုန်းကလည်း အခွင့်အရေးရရင် တိုင်းပြည်ကနေ ထွက်ခွာသွားချင်နေကြတယ်လို့ သိရတယ်။ UNDP ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေက အာဏာသိမ်းစစ်တပ်ရဲ့ လူငယ်တွေအပေါ် သဘောထားနဲ့ စစ်တပ်လက်အောက် တိုင်းပြည်မှာ လူငယ်တွေအတွက် အနာဂတ် မရှိဘူးဆိုတာ မြင်သာစေတယ်။
“သူတို့က လူငယ်တွေရဲ့ အနာဂတ်ကို လုံးဝထည့်မတွက်လို့သာလျှင် သူတို့ရဲ့ အုပ်စုတစု၊ စစ်တပ်အုပ်စုတစုရဲ့ အာဏာတောင့်တင်းဖို့အတွက်၊ သူတို့ခေါင်းထဲမှာ အဲဒါပဲ ရှိတယ်။ လူငယ်တွေအတွက် ဘာမှ စဥ်းစားနေတာ မရှိဘူးပေါ့။ သူတို့ကိုယ်ကျိုးအတွက် ဘယ်သူ့ကို မဆို ချနင်းမှာပဲ”လို့ ချင်းမိုင်မြို့က သုတေသီလူငယ်က ပြောတယ်။ နိုင်ငံတဝန်းမှာ စစ်တပ်ကို လက်နက်ကိုင်လမ်းစဥ်နဲ့ တွန်းလှန်တိုက်ခိုက်နေသူအများစုဟာလည်း လူငယ်တွေဖြစ်တယ်လို့ အဲဒီသုတေသီက ဆိုတယ်။
၂၀၂၃ နှစ်ကုန်ပိုင်းမှာ စစ်တပ်ဟာ ထောင်ချီတဲ့ စစ်စခန်းတွေနဲ့ မြို့တွေ တမြို့ပြီးတမြို့ လက်လွှတ်ဆုံးရှုံးလာချိန်မှာစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြဋ္ဌာန်းခဲ့တယ်။ အဲဒီဥပဒေပြဋ္ဌာန်းမှုဟာ လူငယ်တွေကို အဓမ္မစစ်မှုထမ်းစေခိုင်းပြီး စစ်တပ်အသက်ဆက်နိုင်ဖို့ ရှေ့တန်းမှာ အသေခံတိုက်ခိုင်းဖို့ ဖြစ်တယ်လို့ စစ်ရေး၊နိုင်ငံရေးအကဲခတ်တွေက ပြောကြတယ်။ ကာလတို စစ်သင်တန်းတက်ပြီး ရှေ့တန်းမျက်နှာကို စေလွှတ်ခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီ ထွက်ပြေးလာသူ ဒါမှမဟုတ် ရင်ဆိုင်တိုက်ပွဲတွေမှာ ဖမ်းဆီးခံရသူ လူငယ်တွေက ထွက်ဆိုကြတယ်။ ဒါကြောင့် လူငယ်တွေဟာ စစ်မှုထမ်းဥပဒေကို နည်းမျိုးစုံနဲ့ ရှောင်လွှဲနိုင်ဖို့ကြိုးစားခဲ့ကြတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို ထွက်ခွာလာခဲ့ရသူ လူငယ်များစွာထဲမှာ ဘန်ကောက်မြို့ Assumption University မှာ တက်ရောက်နေတဲ့ အသက် ၁၉ နှစ်အရွယ် Joseph လည်း ပါဝင်တယ်။ တကယ်တော့ သူဟာ ၂၀၂၄ ခုနှစ်မှာ ၁၈ နှစ်ပြည့်ခဲ့လို့ လာမယ့် ဒီဇင်ဘာမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ First Voter စာရင်းဝင်တယ်။ ဒါပေမဲ့ First Voter အခွင့်အရေးကို စစ်ကောင်စီရွေးကောက်ပွဲမှာ အသုံးမပြုဘူးလို့ Joseph က အခိုင်အမာဆိုတယ်။
“ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ ကိုယ်စားပြုတာမျိုးတွေ လုပ်ပေးမယ်ဆိုရင်တော့ ပထမဆုံးမဲပေးရမယ့် အခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ မဲမပေးနိုင်သေးဘူးဗျ”လို့ သူက ပြောတယ်။ Joseph အပါအဝင် သူ့ပတ်ဝန်းကျင်က လူငယ်တွေက စစ်မှုထမ်းဥပဒေကြောင့် တိုင်းပြည်ကနေ မထွက်ခွာချင်ဘဲ ထွက်ခွာလာရပြီးစစ်တပ်ကြီးမှူးပြုလုပ်မယ့်ရွေးကောက်ပွဲကိုလည်း စိတ်ဝင်စားမှုမရှိကြဘူးလို့ ပြောတယ်။
အကြောင်းရင်းကတော့ အခုလက်ရှိ စနစ်အပေါ်မှာ အယုံအကြည်မရှိတော့တာ၊ နောက်ပြီး မဲပေးတာနဲ့ အခုအခြေအနေကြီးကို ပြောင်းလဲသွားနိုင်မယ်လို့ဆိုတဲ့ ယုံကြည်မှုတွေလည်း မရှိတာကြောင့်လူငယ်တွေက စိတ်မဝင်စားကြတာလို့ Joseph က ရှင်းပြတယ်။
Joseph တို့လို လူငယ်တွေ သိထားတာက ရွေးကောက်ပွဲဆိုတာ ပြိုင်ဆိုင်မှုပြင်းထန်မယ်၊ လွတ်လပ်မယ်၊ ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ကိုယ်စားပြုမှုတွေကို အလေးထားမယ်၊ လူငယ်တွေရဲ့အသံ၊ လူငယ်တွေရဲ့ပါဝင်မှုကို ဦးစားပေးမယ် စတဲ့အချက်တွေနဲ့ ဖြစ်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ အခုအခြေအနေမှာ ရွေးကောက်ပွဲ ကော်မရှင်က စစ်ကောင်စီရဲ့ ထိန်းချုပ်ခံကြီးဖြစ်ပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ခဲယဥ်းလိမ့်မယ်လို့ Joseph က မှတ်ချက်ပေးတယ်။
စစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့က သူတို့ပါတီတွေမှာ လူငယ်တွေပါဝင်မှု၊ စိတ်ဝင်စားမှု အားကောင်းတယ်လို့ ပြောဆိုကြတဲ့အပေါ် Joseph က သဘောမတူပါဘူး။ တခြားလူငယ်တွေကလည်း Joseph လိုပဲ မြင်ကြတယ်။ ရန်ကုန်အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေမှာ လူငယ်တွေ သိသိသာသာ နည်းပါးသွားပြီး ကျန်ရှိတဲ့ လူငယ်တွေဟာလည်း လွတ်လပ်မှု ဆုံးရှုံးနေရခြင်းနဲ့အတူ နိုင်ငံရေးမှာလည်း စိတ်ဝင်စားမှု နည်းကြတယ်လို့ People’s Spring က မေးမြန်းခွင့်ရတဲ့ လူငယ်တချို့က ပြောတယ်။
အာဏာသိမ်းစစ်ကောင်စီက လူငယ်ပါဝင်တာ၊ မပါဝင်တာကို ထည့်စဥ်းစားနေမှာမဟုတ်ဘဲ သူတို့အာဏာတည်မြဲဖို့အတွက်ပဲ ရွေးကောက်ပွဲကို ဖြစ်အောင် လုပ်သွားမယ် ထင်ကြောင်း Joseph က ပြောတယ်။
ဥရောပရောက် အသက် ၃၄နှစ်အရွယ် လူငယ်တစ်ဦးကလည်း မြန်မာသံရုံးက အီးမေးလ်ပို့လို့ ရွေးကောက်ပွဲရှိတာ သိပေမယ့် မဲပေးဖို့ အစီအစဥ်မရှိဘူးလို့ ပြောတယ်။ စစ်တပ်အသိုင်းအဝိုင်းက လူငယ်တွေပဲ မဲပေးကြမယ်လို့ ထင်ပြီး ကျန်တဲ့ လူငယ်တွေကတော့ မဲပေးကြမှာမဟုတ်ဘူးလို့ အဲဒီလူငယ်က သူ့အမြင်ကို ပြောတယ်။
လူငယ်တွေဟာ သူတို့မဲပေးခြင်း၊ မပေးခြင်းနဲ့ ရွေးကောက်ပွဲရလဒ်ကို မပြောင်းလဲနိုင်သလို အခု စစ်ကောင်စီ ရွေးကောက်ပွဲကြောင့်လည်း တိုင်း
ပြည်ရဲ့အနာဂတ်က အကောင်းဘက်ကို ဦးတည်လိမ့်မယ်လို့ မထင်မိကြောင်း ပြောတယ်။
“ပြောင်းလဲဖို့ဆိုတာ လွတ်လပ်တဲ့စနစ်၊တရားမျှတမှု၊ လူတိုင်းတန်ဖိုးထားတဲ့ နိုင်ငံရေးမူဝါဒတွေလိုအပ်မယ်ထင်တယ်ဗျ။ အခုလောလောဆယ်တော့ အဲဒါတွေလည်း မတွေ့ရသေးတော့ ပိုပြီး ဆိုးသွားမယ်လို့တောင် ထင်တယ်ဗျ”လို့ Joseph က ပြောတယ်။
ချင်းမိုင်မြို့က သုတေသီလူငယ်ကလည်း စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးဆိုတာ အားလုံးအသိဖြစ်ပြီး စစ်တပ်ဦးစီးပြုလုပ်တဲ့ရွေးကောက်ပွဲက ပိုကောင်းတဲ့ တိုင်းပြည်၊ ပိုကောင်းတဲ့ အနာဂတ် ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောတယ်။
“နောက်ပြီး စစ်တပ်လုပ်နေတဲ့ လုပ်ရပ်တွေ အကုန်လုံးက လူငယ်တွေရဲ့ ဘဝကိုရော၊ တိုင်းပြည်ရဲ့အနာဂတ်ကိုရော ဖျက်ဆီးနေတာမျိုး ဖြစ်တယ်။ ဒီရွေးကောက်ပွဲကနေ ဘယ်လိုမှ ပိုကောင်းတဲ့အနာဂတ်ကို ရောက်လာမှာမဟုတ်ဘူး”လို့ အဲဒီသုတေသီက ဆိုတယ်။ စစ်တပ်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့လည်း လိုတယ်လို့ သူက တိုက်တွန်းတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် များစွာပျက်စီးသွားတဲ့ တိုင်းပြည်မှာ ပြန်လည်တည်ဆောက်ရေး လမ်းကြောင်းမှာ များစွာ ရှည်လျားလိမ့်မယ်လို့ အထက်ပါလူငယ်သုတေသီက သုံးသပ်တယ်။ ဒါပေမဲ့ သေချာတာက ပိုကောင်းတဲ့အနာဂတ်မှာ လက်ရှိ စစ်တပ်ရှိနေလို့ မရဘဲ သူရှိနေသရွေ့ ပိုကောင်းတဲ့အနာဂတ်က ရှိလာမှာ မဟုတ်ဘူးလို့ ဆိုတယ်။
“စစ်တပ်က နိုင်ငံရေးမှာ ရှိနေလို့ မရဘူး။ ၂၀၀၈ လည်း ရှိလို့မရဘူး။ အခုလည်း ပျက်စီးသွားပြီဆိုတော့ ဖွဲ့စည်းပုံအသစ် ရှိရမယ်။ အရင်တုန်းက ဖြစ်ခဲ့သလို တိုင်းရင်းသားလူမျိုးစုဒေသအသီးသီးမှာ စီးပွားရေးအရ၊ လူမှုရေးအရ မညီမျှမှုတွေ မရှိစေချင်ဘူး။ တန်းတူညီမျှမှုရှိတဲ့ လူမှုအဖွဲ့အစည်းတစ်ခုကို ပိုပြီးမျှော်လင့်တယ်။ အချုပ်ဆိုရင်တော့ ဒီစစ်တပ်က နိုင်ငံရေးမှာလုံးဝပါလို့ မရတော့ဘူး။ ပါလို့မရတဲ့ အခြေအနေရောက်မှပဲ ပိုကောင်းတဲ့အနာဂတ်ကို မျှော်လင့်လို့ရတယ်လို့ မြင်ပါတယ်”လို့ သူက ပြောတယ်။
အရပ်သားအစိုးရလက်ထက်မှာ ရင်ခုန်စိတ်လှုပ်ရှားစွာ ပထမဆုံးအကြိမ် ဆန္ဒမဲပေးခဲ့တဲ့ မဖြူစင်ကတော့ အရပ်သား စစ်စစ်က ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲမှပဲ မဲပြန်ပေးမယ်လို့ အခိုင်အမာဆိုတယ်။ ။


















































