မိုမို/People’s Spring
လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်ကမြန်မာနိုင်ငံထဲသွင်းလာတဲ့ဂျပန် တစ်ပတ်ရစ် ကားဟောင်းတွေဟာရက်ပိုင်းအတွင်း ကျပ်သိန်းတစ်ရာကျော် စျေးခုန်တက်လာပါတယ်။
ဧပြီ ၁ ရက်က နေပြည်တော်စစ်ကောင်စီရဲ့ အစည်းအဝေးတစ်ခုမှာ ယာဥ်အိုယာဥ်ဟောင်း အပ်နှံပြီး EV ကားတင်သွင်းမယ့်စနစ်ကို ဆောင်ရွက်မယ်လို့အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ပြောပြီးနောက်ပိုင်းဈေးတွေတက်လာတာပါ။
နှစ် ၂၀ ကျော်သက်တမ်းရှိကားဟောင်းတွေကိုစစ်ကောင်စီလက်အောက်က ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) မှာ အပ်နှံလိုက်တဲ့အခါ ရရှိတဲ့ အပ်နှံစလစ် (Scrap Slip)ကိုသုံးပြီး EV ကား တင်သွင်းခွင့် ရမယ်လို့ဆိုပါတယ်။

Public Service Announcement
“ ၁၉၉၉ ခုနှစ်ထုတ်(မက်ခ်တူး ၉၉)က အရင် သိန်း ၅၀၀ လောက်က အခု ၆၀၀ ကျော်နေပြီ။စလစ် လို ချင်တဲ့သူများနေတယ်။အဲဒါကြောင့် ဂျပန်တပတ်ရစ် အကုန်စျေးတက်နေတယ်” လို့ မြောက်ဒဂုံမြို့နယ်က မော်တော်ယာဥ် အရောင်းပြခန်းပိုင်ရှင် ကိုမျိုး(အမည်လွှဲက)ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာတန်ဖိုးတက်ပြီး ကျပ်ငွေတန်ဖိုးကျတာ ၊စစ်တပ်မှာဒေါ်လာနည်းလာတာကြောင့် လက်နက်ခဲယမ်း၊လေယာဥ်ဆီ၊လေယာဥ် ၊ဒရုန်းစစ်သုံးပစ္စည်းတွေဝယ်ဖို့ စစ်တပ် ဒေါ်လာတွေကို ပုဂ္ဂလိကလုပ်ငန်းတွေဆီ ကနေရနိုင်သမျှနည်းလမ်းအကုန်သုံးယူပါတယ်။တချိန်တည်းမှာ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေသုံးစွဲမှုလျော့နည်းဖို့ ဆေးဝါးတွေအပါအဝင်သွင်းကုန်အားလုံးကိုကန့်သတ်ပိတ်ဆို့ခဲ့ပါတယ် ။
ဒါတင်မကသေးပဲ အခုအခါ လစဥ်ဒေါ်လာသန်းပေါင်းများစွာကုန်နေတဲ့ စက်သုံးဆီကို သုံးစွဲမှုလျှော့ချဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။စက်သုံးဆီသုံးဂျပန်တစ်ပတ်ရစ်ကားတွေကို အနာဂါတ်မှာတင်သွင်းခွင့်မပြုဘဲ လျှပ်စစ်ကား (EV ကား)တွေကို အဓိကထားသုံးစွဲဖို့စီစဥ်နေတာဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ အစီအစဥ်မှာ EV ကားတွေပိုတင်သွင်းခိုင်းပြီး တင်သွင်းမယ့်သူတွေက အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သား၊သမီး နဲ့ စစ်တပ်အသိုင်းအဝိုင်းကဖြစ်နေတာကတော့ လုပ်ငန်းရှင်နဲ့ပြည်သူတွေကြားအဓိကပြောစရာဖြစ်နေပါတယ် ။
မင်းအောင်လှိုင်ရဲ့ လျှပ်စစ်ကားတင်သွင်းရေး
မူဝါဒမှာသား အောင်ပြည့်စုံ နဲ့ သမီးခင်သီရိသက်မွန်တို့က EV ကားတင်သွင်းခွင့် ကုမ္ပဏီထောင်ခဲ့ပြီး လျှပ်စစ်ကား(EV) လေးထောင်နီးပါး ပြည်
တွင်းကို တင်သွင်းထားတယ်လို့ မော်တော်ယာဥ်ရောင်းဝယ်ရေးလုပ်ငန်းရှင် တဦးကအသိပေးပါတယ်။
လက်ရှိ EV ကားတင်သွင်းနိုင်ဖို့ လျှောက်ထားတဲ့ ကိုယ်စား လှယ်ကုမ္ပဏီ ၈၀ ဝန်းကျင်ရှိပါတယ်။ EV ကားစျေးကွက် မှာ စစ်ခေါင်းဆောင် သားနဲ့ သမီးကကိုယ်စားလှယ်ယူထားတဲ့ တရုတ်ထုတ် BYD၊ MG အမှတ်တံဆိပ်ကားကို အများဆုံး တင်သွင်းခွင့်ရထားပါတယ်။
“ BYD EV ဆို မော်ဒယ်အလိုက် တင်သွင်းထားတာ လေးမျိုးရှိပြီ။ရန်ကုန်မှာတင် အစီးရေ တစ်ထောင် ကျော် နှစ်ထောင်ရှိတယ်။ဆိပ်ကမ်းမှာ မထုတ်ရသေးတာလည်းရှိသေးတယ်။ဒီလိုပဲ MG ဆိုလည်း တထောင် ဝန်းကျင်ရှိတယ်။တခြားမကြည့်နဲ့ EV တက္ကစီတွေ ဆို အဲဒီတံဆိပ်တွေပဲ” လို့ မော်တော်ယာဥ် စျေးကွက်လေ့လာသူက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်လက်အောက်မှာ လျှပ်စစ်မီး မှန်အောင်မပေးနိုင်ဘဲ လျှပ်စစ်ကားတွေ သွင်းနေတာကြောင့် EV ကားတွေကိုအားသွင်းပေးတဲ့စင်တာတွေကလည်းဈေးကွက်ကြီးဖြစ်ပြီး အလုပ်ဖြစ်နေပါတယ် ။EV ကားအားသွင်းစင်တာတွေကိုလည်းစစ်တပ်နဲ့ ဆက်နွယ်တဲ့လုပ်ငန်းရှင်တွေကပဲ အဓိကလုပ်ကိုင်ခွင့်ရနေတာဖြစ်ပါတယ်။
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရဲ့စာရင်းတွေအရ ၂၀၂၆ခုနှစ် ဖေဖော်
ဝါရီလကုန်အထိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မော် တော်ယာဥ်စာရင်းအရ လျှပ်စစ်ကား( EV) အစီးရေ ၁၂,၇၄၁ စီး ရှိပါတယ်။
တစ်နှစ်အတွင်း EV ကားတင်သွင်းမှု ထက်ဝက်ကျော်ခဲ့ပေမယ့် အများစုက တရုတ်နိုင်ငံကနေ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်မော်တော်ယာဥ်(EV) စျေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကထုတ်လုပ်နေပါတယ်။
တစ်နှစ်ကို ကားအစီးရေ ၁၂ သန်းကျော် ထုတ်ပြီး စျေးပေါပေါနဲ့ ကမ္ဘာ့ EV ကား စျေးကွက်ကိုစိုးမိုးဖို့က တရုတ်ကုမ္ပဏီတွေ ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်အပါအဝင် အနောက် နိုင်ငံတွေက တိုးမြှင့်လိုက်တဲ့ အခွန်စည်းကြပ်မှုကတဆင့် တရုတ် EVကားစျေးကွက်မှာ သောင်းကနင်းဖြစ်နေပြီး ဒေဝါလီခံရတဲ့ ကုမ္ပဏီတွေ ဆက်တိုက်ရှိနေပါတယ်။
စျေးကွက် အခြေအနေကြောင့်တရုတ်အစိုးရကနိုင်ငံတွင်း ကားထုတ်လုပ်မှု အထူးသဖြင့် EV မော်တော်ယာဥ်တွေ ထုတ်လုပ်မှုကို ထိန်းချုပ်ဖို့အပါ အဝင် ၂၀၂၀ နောက် ပိုင်း ထုတ်လုပ်ခဲ့တဲ့ EV ကားတွေကို ပြည်ပထံ ရောင်းချနိုင်ရေး မူဝါဒ တစ်ခုကို ၂၀၂၅ ခုနှစ်သြဂုတ်လက စတင်ခဲ့ပါတယ်။
တိုက်ဆိုင်မှု ဒါမှမဟုတ် ကြိုတင်ရည်ရွယ်ထားမှု ဟုတ်၊မဟုတ်မသိရပေမယ့် ၂၀၂၅ခုနှစ်သြဂုတ် ၃၁ ရက်ကအာဏာသိမ်းခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဥ်မှာ မြန်မာနိုင်ငံထဲ လျှပ်စစ်ကား
တပ်ဆင်ထုတ် လုပ်မှုတိုးချဲ့လိုတယ်လို့ တရုတ်လုပ်ငန်းရှင်တွေက ကမ်းလှမ်းခဲ့ပါတယ်။
၂၀၁၅ က စတင်ခဲ့တဲ့ တရုတ်နိုင်ငံ EV မော်တော်ယာဥ်စျေးကွက်မှာ ကုမ္ပဏီ ၅၀၀ ရှိခဲ့ပေမယ့် ၁၀ နှစ်အကြာ(၂၀၂၅ ခုနှစ်)မှာ ကုမ္ပဏီ ၁၀၀ ပဲကျန်ရှိတော့တာက စျေးပေါပေါနဲ့ စျေးကွက်ဖောက်ဖို့ ကြံရွယ်ချက်ရဲ့ကျရှုံးမှုအဖြစ် China News က ပြီးခဲ့တဲ့နှစ် မေလ က ဖော်ပြခဲ့ပါတယ်။
၂၀၃၀ မှာ အမှန်တကယ်ရှင်သန်နိုင်မယ့် တရုတ်EV ကားကုမ္ပ ဏီ ရှစ်ခုပဲရှိလိမ့်မယ်လို့လည်း တရုတ်စီးပွားရေးကျွမ်းကျင်သူအချို့ကသုံးသပ်ထားပါတယ်။
တရုတ်နိုင်ငံထုတ် EV ကားတွေဟာ အရည်အသွေး လျှော့ချထားတာနဲ့ရောင်းစျေးနိမ့်ပြီး ဈေး
ကွက်ပိုင်ဆိုင်မှုရဖို့ ကြိုးပမ်းမှုရဲ့ အကျိုးဆက်ကြောင့်စျေးကွက် ပျက်ခဲ့တာပါ။
မျှော်မှန်းထားသလောက် အမြတ်ငွေမရရှိခဲ့ဘဲ စိတ်ပျက်ဖွယ်ဝင်ငွေအခြေအနေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် တရုတ် EV စျေးကွက်က ရှေ့လျှောက် ပိုမိုခက်ခဲတဲ့ အခြေအနေတွေရှိလာနိုင်တယ်ဆိုပြီး ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား ထုတ်လုပ်သူဖြစ်တဲ့ တရုတ်BYD ကုမ္ပဏီဥက္ကဌက ၂၀၂၆ မတ်လ ၃၁ ရက်က ပြောထားပါတယ်။
တရုတ်ပြည်တွင်းမှာ သူတို့ပေါ်လစီနဲ့မကိုက်တော့လို့ လမ်းပေါ်တက်ခွင့်မရတဲ့ EV ကားတွေကို modified လုပ်ပြီး engine ထည့် export only စနစ်ကို တရုတ်အစိုးရကခွင့်ပြုလိုက်တယ်။ ဒါမှ ကားကုမ္ပဏီတွေ အရှုံးသက်သာ(သို့)အမြတ်ငွေပြန်ပေါ်နိုင်မယ့်သဘော လို့ မော်တော်ယာဥ်အ ကြောင်း လေ့လာနေသူတစ်ဦးက သုံးသပ်ပါတယ်။
ပြည်တွင်းကားဈေးကွက်ထဲမှာ တရုတ်နိုင်ငံထုတ် MG၊BYD ၊Dayun ၊ Leapmptor ၊ Livan ၊ DON GFENG ၊ NETA ၊ JMEV ၊ RIDDARA ၊ FOR THING ၊ CHERY ၊ IM LS6 ၊ MAXUS ၊Geely၊Hongqi ၊BAW EVH ၊AIQAR ၊Bestune၊Wuliing ၊Beijing၊Voyah၊Geometry E ၊GAC စတဲ့လျှပ်စစ်ကားတွေကို တင်သွင်းရောင်းချနေတာဖြစ်ပါတယ်။
ဂျပန်၊ဥရောပ အမှတ်တံဆိပ်တွေထဲက တရုတ်နိုင်ငံနဲ့ဖက်စပ် တပ်ဆင်ထုတ်လုပ်တဲ့ GAC Toyota ၊Volkswagen ID4၊NISSAN ARIYA နှင့် Honda EV ယာဥ်တချို့လည်းမြန်မာနိုင်ငံစျေးကွက်ကို ရောက်ရှိထားပါတယ်။
“ EV မကောင်းဘူးပြောတာမဟုတ်ဘူး။တကယ့် စ နစ်တကျနဲ့ ထုတ်ထားတယ်။အာမခံချက်တွေ အ တိုင်း ပေးမယ် ဆိုလက်ခံတယ်။ဒါပေမယ့် ပြည် တွင်းက EV တွေဆို Spare Part တစ်ခု ပျက်တယ်ဆို အနည်း ဆုံးသုံးလလောက်စောင့်နေရတာမျိုးရှိနေတယ်” လို့ EV ကား ပြုပြင်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ တရုတ် EV ကားကုမ္ပဏီ ငါးခုထက်မနည်း ဒေဝါလီခံထားရပြီးအကျိုးဆက်အနေနဲ့တင်သွင်းရောင်း ချခဲ့တဲ့နိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာဆိုရင်အပိုပစ္စည်းပြတ်လပ်မှုအာမခံမရတော့တဲ့အတွက် NETA တရုတ် EV ကားကုမ္ပဏီကို အရေးယူပေးဖို့တိုင်ကြားမှုတွေ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း EV ကားအတွက် သုံးစွဲသူအခွင့်အလမ်းမူဝါဒမရှိဘဲ စစ်တပ်ရဲ့စီးပွား/ကူးသန်း ဝန်ကြီးဌာန လက်အောက်က စားသုံးသူရေးရာဦးစီးဌာနကိုပဲ တိုင်ကြားနိုင်ပေမယ့် အလုပ်မဖြစ်ခဲ့ဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူကဆိုပါတယ်။
တရုတ်စျေးကွက်မှာ EV ကားစျေးတွေဟာ အမှန် အကန် မဖြစ်နိုင်တဲ့သူခိုးစျေးနဲ့ ချရောင်းပေးနေရပါတယ်။ ဒါကြောင့်တရုတ်ကားတွေဟာ သေချာ
ပေါက်မြန်မာပြည်စျေးကွက်ထဲ ထိုးထည့်လာမှာ ဧကန်မုချပါပဲလို့ မော်တော်ယာဥ်စျေးကွက် စောင့်ကြည်သူတစ်ဦးက ပြောပါတယ်။
“ ဂျပန် တပတ်ရစ်တွေ သိန်းထောင်ကျော်နေလို့ အသစ်စျေးကသိန်း ၁,၀၀၀ နီးပါး ဆိုလို့ဝယ်လိုက်တာ။ပထမ သုံးလလောက်က ဘာမှ မဖြစ်ဘူး။နောက် ပိုင်း ဘက်ထရီ error တစ်ခုဖြစ်တော့ ဝယ်ခဲ့တဲ့ အရောင်းစင်တာမှာပဲသွားပြတော့ ဟိုနေပြင်ရမယ်။ဒီနေ့ပြင်လို့ရမယ်နဲ့ နောက်မှ ပစ္စည်းပျက်နေလို့ပါ ဆိုပြီလုပ်တယ်” လို့ တရုတ် EV ကားဝယိစီးခဲ့သူတဦးက သူအတွေ့အကြုံကိုပြောပါတယ်။
ဒါ့အပြင် ရန်ကုန် နဲ့ နေပြည်တော်မှာ EV ကားလေးစီးထက်မနည်း အားသွင်းရင်း မီးလောင်ခဲ့ပြီး နဂိုကတည်းက အာမခံ မရခဲ့တာ ကြောင့် အသုံးပြုသူတွေရဲ့ ဆုံးရှုံးမှုပဲ ဖြစ်ခဲ့ရပါတယ်။
နိုင်ငံတွင်းလျှပ်စစ်မီး ဖူလုံမှုမရှိတာနဲ့ အခက်အခဲမျိုးစုံနဲ့ အားသွင်းရတဲ့ အခြေ အနေတွေ အပြင် အပိုပစ္စည်းစရိတ်ကြီးမားတာကြောင့် EV ယာဥ်တွေကို အာမခံကုမ္ပဏီတွေက လက်ရှောင်ထားပါတယ်။
ဒါပေမယ့် စစ်အုပ်စု ကတော့ သူနဲ့ နီးစပ်သူတွေ အတွက်ဝင်ငွေဖြောင့်ဖို့ပဲကြည့်ပြီး ခိုင်မာတဲ့မူဝါဒမရှိဘဲ EV ကားတွေ ထပ်သွင်းချင်တာက တရုတ်နိုင်ငံရဲ့ ရောင်းမစွန်တဲ့လျှပ်စစ်ကားတွေအတွက်တော့ မျက်စိကျစရာစျေးကွက် ဖြစ်လာနေပါတယ်။
“ နိုင်ငံရေး တင်မဟုတ်တော့ဘူး အခုကားစျေးကွက်လည်းမျက်ဖြူစိုက်လေတရုတ်ကြိုက်လေ အခြေ အနေမျိုးပဲ” လို့ ကိုမျိုးကပြောလိုက်ပါတယ်။





















































