-ခါကာဘို ရေးသားသည်။
ဒီမိုကရေစီကို ယုံကြည်ခဲ့တဲ့ မြန်မာပြည်သူတွေဟာ နိုင်ငံတကာကုမ္ပဏီတွေကလည်း သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ပေးမယ်လို့ ယုံကြည် ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ ယုံကြည်မှုဟာ မြန်မာနိုင်ငံမှာ ကြေကွဲစရာအဖြစ် ပြောင်းလဲ သွားခဲ့တယ်။
၂၀၂၆ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ ဗြိတိန်အခြေစိုက် The Observer သတင်းစာက ထုတ်ဖော်ရေးသား ခဲ့တဲ့ စုံစမ်းဖော်ထုတ်မှုတစ်ခုအရ၊ နော်ဝေနိုင်ငံပိုင် အစုရှယ်ယာ အများစုပါဝင်တဲ့ ဆက်သွယ်ရေးကုမ္ပဏီ Telenor ဟာ မြန်မာစစ်ကောင်စီရဲ့ တောင်းဆိုချက်အရ သုံးစွဲသူတချို့ရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေကို လွှဲပြောင်းပေးခဲ့ပြီး၊ အဲဒီထဲမှာ ကိုဖြိုးဇေယျာသော်ရဲ့ ဖုန်းဒေတာလည်း ပါဝင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
အဲဒီအချက်အလက်တွေဟာသူနဲ့ အခြားဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ဖမ်းဆီးခံရပြီး နောက်ဆုံးအသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေတယ်လို့လည်း တရားစွဲဆိုသူတွေက ဆိုထားပါတယ်။

Public Service Announcement
ဒီဖြစ်ရပ်ဟာ ဆက်သွယ်ရေးကုမ္ပဏီတွေရဲ့ လူ့အခွင့်အရေးတာဝန်၊ ကိုယ်ရေးအချက်အလက် လုံခြုံရေးနဲ့ ကော်ပိုရိတ်ကျင့်ဝတ်တို့ကို ကမ္ဘာတစ်ဝန်း ပြန်လည် ဆွေးနွေးစေတဲ့ အမှုတစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့ပါတယ်။
ဖြစ်ရပ်ရဲ့အစဟာ ၂၀၂၁ ခုနှစ်အောက်တိုဘာလ ၃၁ ရက်နေ့က အာဏာသိမ်းစစ်တပ်လက်အောက်ကဆက်သွယ်ရေး ဝန်ကြီးဌာနက “အမျိုးသားလုံခြုံရေး” အကြောင်းပြချက်နဲ့ တယ်လီနောထံ သုံးစွဲသူခြောက်ဦးရဲ့ Call Log တွေကို တောင်းခံခဲ့တဲ့ အီးမေးလ်တစ်စောင်ကနေ စတင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအချိန်ဟာ စစ်အာဏာသိမ်းပြီး ဆယ်လအကြာ၊ စစ်ကောင်စီက ဒီမိုကရေစီအရေး လှုပ်ရှားသူ တွေကို အပြင်းအထန် လိုက်လံဖမ်းဆီးနေတဲ့ကာလ ဖြစ်ပါတယ်။
တောင်းခံရတဲ့ ဖုန်းနံပါတ်တွေထဲမှာ ကိုဖြိုးဇေယျာသော် အသုံးပြုခဲ့တဲ့ နံပါတ်လည်း ပါဝင်နေတယ်လို့ နောက်ပိုင်း ထွက်ပေါ်လာတဲ့ အတွင်းရေး စာရွက်စာတမ်းတွေက ဖော်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ကိုဖြိုးဇေယျာသော်ဟာ အာဏာသိမ်းပြီးနောက်စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုရှောင်တိမ်းရင်းလပေါင်းများစွာ ပုန်းလျှိုးကွယ်လျှိုးနေထိုင်ခဲ့ရပါတယ်။ လုံခြုံတဲ့အိမ်တစ်လုံးကနေ နောက်တစ်လုံးကို အဆက်မပြတ် ပြောင်းရွှေ့ရသလို၊ သူ့ရဲ့ခြေရာခံရမယ့် အန္တရာယ်ကို လျှော့ချနိုင်ဖို့ SIM ကတ်တွေကိုလည်း အမြဲပြောင်းလဲအသုံးပြုနေခဲ့ပါတယ်။
အဲဒီအီးမေးလ်ရောက်ပြီး သုံးပတ်ခန့်အကြာ၊ ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ၁၈ရက် တန်ဆောင်မုန်းလပြည့်နေ့ မှာတော့ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်က Safe House တစ်ခုထဲမှာ အသက် ၄၀ အရွယ် ကိုဖြိုးဇေယျာသော်ဟာ နေ့လယ်စာစားဖို့ ခဏတဖြုတ် အနားယူနေခဲ့ပါတယ်။
မိုးမလင်းခင်အချိန်ကတည်းက သူက နိုးနေပြီး စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ရဲဘော်တွေနဲ့ ဆက်သွယ် ညှိနှိုင်းမှုတွေ လုပ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ မသဇင်ညွန့်အောင်က သူအကြိုက်ဆုံးဖြစ်တဲ့ ဝက်နံရိုးဟင်းနဲ့ ထမင်းကို တိတ်တိတ်ဆိတ်ဆိတ် ပြင်ဆင်ပေးထားခဲ့ပါတယ်။
ထမင်းစားဖို့ ထိုင်လိုက်ချိန်မှာ ကိုဖြိုးဇေယျာသော်က မကြာခင် နေရာပြောင်းရမယ်လို့ ပြောခဲ့ပါတယ်။ “နေရာသစ်တစ်ခုကို ပြောင်းဖို့လိုမယ်ထင်တယ်၊ အသေးစိတ်ကိုတော့ ထမင်းစားပြီးမှ ဆက်ပြောမယ်” လို့ မသဇင်က ပြန်ပြောပြပါတယ်။ ဒါပေမဲ့ သူတို့အတွက်တော့ အဲဒီစကားဆက်ဖို့ အချိန်မရလိုက်တော့ပါဘူး။
အခြေအနေကို သတိထားမိချိန်မှာတော့ သူတို့ရှိတဲ့ အဆောက်အအုံဝင်းတစ်ခုလုံးကို စစ်တပ်က ဝိုင်းထားပြီးသား ဖြစ်နေခဲ့ပါတယ်။
၁၀ ထပ်မြောက်တိုက်ခန်းက ပြတင်းပေါက်ကနေ မသဇင်က အောက်မှာ ရပ်ထားတဲ့ စစ်ကားတွေကို မြင်နေရပြီး “သူတို့လာနေတယ်ဆိုတာ ကြိုသိရင်တော့ကျွန်မတို့ လွတ်အောင်ထွက်နိုင်မယ့်နည်းလမ်းရှာမိမှာပါ” လို့ ပြန်ပြောပြခဲ့ပါတယ်။
မိနစ်ပိုင်းအတွင်းမှာပဲ လက်နက်ကိုင်တွေက တံခါးကို ရိုက်ချိုးဝင်ရောက်လာပြီး ကိုဖြိုးဇေယျာသော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီနောက် တိုက်ခန်းထဲမှာတော့ မွှေနှောက်ဖျက်ဆီးခံထားရတဲ့ မြင်ကွင်းနဲ့အတူ မသဇင်တစ်ယောက်တည်းကျန်ရစ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ သူမစိတ်ထဲမှာ ဘယ်လိုလုပ်ပြီး သူတို့ကို ရှာတွေ့သွားတာလဲ၊ တစ်ယောက်ယောက်က သတင်းပေးလိုက်တာလားဆိုတဲ့ မေးခွန်းကိုဘဲ အထပ်ထပ် ပြန်မေးနေမိပါတယ်။
နောက်ပိုင်းမှသာ သူမ မသိသေးတာတစ်ခုရှိခဲ့ပါတယ်။ ကိုဖြိုးဇေယျာသော်ရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေကို နော်ဝေအစိုးရအစုရှယ်ယာအများစုပါဝင်တဲ့ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုကနေ စစ်ကောင်စီထံ လွှဲပြောင်း ပေးထားခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။
တယ်လီနောကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၇ နှစ်ခန့်က မြန်မာနိုင်ငံကို ဝင်ရောက် လာခဲ့တာပါ။ အဲဒီအချိန်က စစ်ဗိုလ်ချုပ်ကြီးတွေက စီးပွားရေးတံခါးကို တဖြည်းဖြည်းဖွင့်ပေးနေပြီး “စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီဆီကို သွားမယ့် လမ်းပြမြေပုံ ၇ ဆင့်”ကို အကောင်အထည် ဖော်နေတဲ့ ကာလလည်းဖြစ်ပါတယ်။ ဆယ်စုနှစ်ငါးစုကြာ စစ်အာဏာရှင်စနစ်အောက်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး၊ အထီးကျန်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် ရှိနေခဲ့တာပါ။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် နော်ဝေဘုရင်နှင့် မိဖုရားတို့သည် မြန်မာနိုင်ငံသို့ အစိုးရအဖွဲ့ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး ရန်ကုန်မြို့ရှိ ၁၃ ထပ်မြင့်သည့် တယ်လီနောရုံးချုပ်သို့ သွားရောက်ခဲ့သည်။ “သင်တို့ရဲ့အကူးအပြောင်းကာလမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်
ရလိမ့်မယ်ဆိုတာကို ကျွန်ုပ်တို့ သိရှိပါတယ်” ဟု ဘုရင် ဟာရယ်လ် (King Harald) က ရန်ကုန်တက္ကသိုလ်တွင် ကျင်းပသည့် မိန့်ခွန်း၌ အရာရှိများ၊ သံတမန်များနှင့် ကျောင်းသားများကို ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ “စစ်မှန်ပြီး ရိုးသားသော မိတ်ဆွေ” ဖြစ်လာမည်ဟု ကတိပြုခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် တယ်လီနော၏ မြန်မာနိုင်ငံမှ ဝင်ငွေသည် ဒေါ်လာ သန်း ၈၀၀ ကျော် (ပေါင် ၆၀၅ သန်း) အထိ ရှိခဲ့သည်။ ထိုအချိန်တွင် ကုမ္ပဏီ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သုံးစွဲသူ ၁၆သန်း ကျော် ရှိနေပြီဖြစ်သည်။
အဲဒီအချိန်က တယ်လီနောရဲ့ အပြာရောင်ပွင့်ဖတ်သုံးပွင့် Logo ဟာ နိုင်ငံတစ်ခုလုံးအတွက် လွတ်လပ်မှု နဲ့ ပွင့်လင်းလာမှုရဲ့ သင်္ကေတ တစ်ခုလို ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ မြန်မာနိုင်ငံထဲက သူတို့ရဲ့လုပ်ငန်းခရီးစဉ်ဟာစိန်ခေါ်မှုတွေ၊ အန္တရာယ်တွေ ကြားထဲမှာပဲ ရှုပ်ထွေး လာခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာတော့ အရာအားလုံး ပြောင်းလဲသွားပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေက အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံနဲ့ အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီး လိုက်တဲ့အခါ တယ်လီနောလည်း တစ်ဖက်မှာ ကော်ပိုရိတ်တာဝန်ယူမှု၊ တစ်ဖက်မှာတော့အာဏာပိုင်ရဲ့ တောင်းဆိုချက်တွေကြားမှာ တော်တော်လေး ဗျာများ ခဲ့ရပါတယ်။
“တယ်လီနောမြန်မာရဲ့ အချက်အလက်တွေကို အာဏာပိုင်တွေက အလွဲသုံးစားလုပ်ခဲ့တယ်ဆိုရင် ဒါဟာ တကယ်ကို ဆိုးရွားတဲ့ကိစ္စပါပဲ။ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်သူတွေကို ဆက်ဆံပုံအတွက် တာဝန်ကတော့ စစ်အာဏာပိုင်တွေ ဆီမှာပဲ ရှိပါတယ်။ တယ်လီနောဖြစ်စေ၊ တခြား ဘယ်အဖွဲ့အစည်းဖြစ်စေ အဲဒီတာဝန်ကို မယူနိုင်ပါဘူး” လို့ တယ်လီနာဘက်က တုံ့ပြန်ခဲ့ပါတယ်။
တယ်လီနော မြန်မာနိုင်ငံကနေ ထွက်ခွာနေတဲ့ကာလတစ်ဝိုက်မှာ စစ်ခုံရုံးက ကိုဖြိုးဇေယျာသော်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။
အင်းစိန်ထောင်ထဲက Zoom ခေါ်ဆိုမှုတစ်ခုမှာ မိခင်ဖြစ်သူကို စာဖတ်မျက်မှန်၊ အဘိဓာန်နဲ့ ငွေအနည်းငယ် ပို့ပေးဖို့တောင်းဆိုခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာတော့ သူနဲ့အတူ ဒီမိုကရေစီအရေးလှုပ်ရှားသူသုံးဦးကို ကွပ်မျက်လိုက်ပြီဆိုတဲ့ သတင်းသာ ထွက်ပေါ်လာခဲ့ပါတယ်။
သူဟာ ၁၉ ရာစု ဗြိတိသျှကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားတဲ့ Panopticon ပုံစံ အင်းစိန်ထောင်အတွင်းကနေ အယူခံဝင်ခဲ့ပေမယ့် အယူခံက ပယ်ချခံခဲ့ရပြီး နောက်ဆုံးမှာတော့ မြန်မာနိုင်ငံတစ်ဝန်းလုံးရဲ့ စိတ်နှလုံးကို ထိခိုက်စေခဲ့တဲ့ ကြေကွဲဖွယ်အဆုံးသတ်ကို ရင်ဆိုင်ခဲ့ရပါတယ်။
အာဏာသိမ်းပြီးနောက်ငါးနှစ်အကြာမှာတော့ တယ်လီနောဟာ မြန်မာနိုင်ငံက သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီလက်ထဲရောက်အောင်ကူညီပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုမှုတွေကို ရင်ဆိုင်နေရပါတယ်။
“မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တာတွေကတကယ်ကို ဝမ်းနည်းစရာကောင်းပါတယ်” လို့တော့ တယ်လီနောဘက်က The Observer ရဲ့ မေးမြန်းချက်တွေကို တုံ့ပြန်ပြောကြားထားပါတယ်။
The Observer ရဲ့ ဖော်ပြချက်အရ တယ်လီနောအတွင်းရှိ Sustainability Teamက”ဒီအချက်အလက်တွေ ထုတ်ပေးလိုက်ရင်သုံးစွဲသူ ဖမ်းဆီးခံရနိုင်တယ်” လို့အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ အတည်ပြုချက် ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကုမ္ပဏီရဲ့ အဆိုအရ စစ်ကောင်စီရဲ့ အမိန့်ကို မလိုက်နာရင် ဝန်ထမ်းတွေ ထောင်ချခံရတာ၊ ညှဉ်းပန်း နှိပ်စက်ခံရတာ၊ အသက်အန္တရာယ်ကြုံရတာအထိ ဖြစ်နိုင်တယ်လို့လည်း ရှင်းပြထားပါတယ်။
၂၀၂၅ ခုနှစ်မှာတော့ မြန်မာသုံးစွဲသူတချို့က နော်ဝေနိုင်ငံမှာ Telenor ကို Class Action တရားစွဲဆို ခဲ့ပါတယ်။ တရားလိုတွေက တယ်လီနောဟာ သုံးစွဲသူတွေရဲ့ အန္တရာယ်ကို ကြိုတင်သိရှိထားပါလျက် ဒေတာတွေကို လွှဲပြောင်းပေးခဲ့ပြီး အဲဒီလုပ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ် လာစေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
တစ်ဖက်မှာလည်း တယ်လီနောက ဥပဒေအရ မလွှဲမရှောင်သာ လုပ်ဆောင်ခဲ့ရတာဖြစ်ကြောင်း ငြင်းဆိုထားပါတယ်။
ဒီအမှုက တယ်လီနောမှာ ဥပဒေအရ တာဝန်ရှိ၊ မရှိကို နော်ဝေတရားရုံးက ဆုံးဖြတ်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကတော့ ဒစ်ဂျစ်တယ်ခေတ်မှာ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ တည်နေရာဒေတာနဲ့ ကိုယ်ရေးအချက်အလက်တွေဟာ ကိုယ်ရေးလုံခြုံမှုကိုသာမက လူတစ်ယောက်ရဲ့ အသက်အန္တရာယ် အထိ သက်ရောက်နိုင်တယ်ဆိုတာကို ကမ္ဘာကို သတိပေးလိုက်တဲ့ ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်နေပြီ ဖြစ်ပါတယ်။
တရားရုံးရဲ့ နောက်ဆုံးဆုံးဖြတ်ချက် ဘယ်လိုထွက်ပေါ်လာမလဲဆိုတာ မသိရသေးပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းထဲမှာ ကော်ပိုရိတ်တာဝန်ယူမှု၊ ဒေတာကာကွယ်ရေးနဲ့ လူ့အခွင့်အရေးတို့ ဘယ်လောက်အရေးကြီးသလဲဆိုတာကိုတော့ ဒီအမှုက ရှင်းရှင်းလင်းလင်း မေးခွန်းထုတ်ထားပါတယ်။ ။
ကိုးကား -The Observer


















































