အခန်း (၆) − ဖွင့်ဆိုရှင်းပြဆောင်းပါးပုံစံများ
ဖွင့်ဆိုရှင်းပြဆောင်းပါး (Explainer) တပုဒ်ကို ဘယ်လို တည်ဆောက်ရေးသားရမလဲဆိုတာ သိသွားပြီးတဲ့အခါ အခုအခန်းမှာတော့ “ဘယ်လိုပုံစံမျိုးတွေနဲ့ ရေးကြမလဲ” ဆိုတာ ဆက်လေ့လာကြည့်ကြရအောင်ပါ။
ဖွင့်ဆိုရှင်းပြဆောင်းပါး ဆိုတာ စာစီစာကုံးလိုမျိုး စာသားတွေချည်းပဲ ရေးရတာ မဟုတ်ပါဘူး။ ဖွင့်ဆိုရှင်းပြဆောင်းပါး ပုံစံအမျိုးမျိုးရှိပါတယ်။ ဒီလက်စွဲစာအုပ်မှာတော့ အသုံးများတဲ့ ပုံစံ (၅) မျိုး ကိုပဲ ရှင်းပြချင်ပါတယ်။
●အမေးအဖြေပုံစံ (Q&A Style)

Public Service Announcement
ဒီပုံစံဟာ ဖွင့်ဆိုရှင်းပြတွေမှာ အသုံးအများဆုံးနဲ့ အရိုးရှင်းဆုံးပုံစံပါပဲ။ စာဖတ်သူ သိချင်နေမယ့် မေးခွန်းတွေကို တခုချင်းစီ ထုတ်လိုက်ပြီး အောက်ကနေ ရှင်းလင်းချက်တွေ ရေးပေးတာမျိုးပါ။
-ဘာကြောင့် ဖြစ်တာလဲ? (Why is it happening?)
-ဘယ်သူတွေ ပါဝင်နေလဲ? (Who is involved?)
-နောက်ထပ် ဘာဖြစ်လာနိုင်လဲ? (What happens next?) ဆိုတဲ့ မေးခွန်း ၃ ခု၊ ၄ ခု လောက်နဲ့တင် သတင်းတပုဒ်လုံးကို အနှစ်ချုပ် ရှင်းပြပေးလေ့ ရှိပါတယ်။ မေးခွန်းတွေနဲ့ ခွဲရေးထားတာမို့ စာဖတ်သူက သူသိချင်တဲ့အချက်ကိုပဲ တိုက်ရိုက်ရှာဖတ်လို့ ရသလို၊ ဖတ်ရတာလည်း မပင်ပန်းတော့ပါဘူး။
●အချက်အလက်တွေကို နံပါတ်တပ်ပြီး တင်ပြတဲ့ပုံစံ (The Listicle)
Listicle ဆိုတာ List (စာရင်းပုံစံ)နဲ့ Article (ဆောင်းပါး) နှစ်မျိုးပေါင်းထားတာ ဖြစ်ပါတယ်။
ရှင်းပြချင်တာ တခုချင်းစီကို နံပါတ်စဥ် ဒါမှမဟုတ်အချက်ပြအမှတ်အသား (Bullet Point) တွေနဲ့ ရေးတာမျိုးပါ။
အချက်အလက် တခုချင်းစီတွေကို နံပါတ်တွေနဲ့ စဉ်ပေးထားတာကြောင့် စာဖတ်သူက ဖတ်ရမှတ်ရတာ ပိုလွယ်သွားစေပါတယ်။ ဒီပုံစံကတော့ ဆိုရှယ်မီဒီယာမှာ အသုံးများပြီး ဖတ်ရအလွယ်ဆုံး ပုံစံဖြစ်ပါတယ်။
ဥပမာအနေနဲ့ “သတင်းစာဆရာကောင်းတယောက်ဖြစ်ဖို့ လိုအပ်တဲ့ အချက် ၅ ချက်” ဒါမှမဟုတ် “ကုန်ဈေးနှုန်းတက်ရခြင်းရဲ့ အကြောင်းရင်း ၃ ချက်” ဆိုတာမျိုးတွေပါ။
●ဖြစ်စဉ်အလိုက် ရှင်းပြတဲ့ပုံစံ (The Process/Timeline)
ဖြစ်ရပ်တခုခုဟာ အခုမှ ဖြစ်တာမဟုတ်ဘဲ အရင်ကတည်းက အဆင့်ဆင့် ဖြစ်ပျက်လာတာမျိုးဆိုရင် ဒီပုံစံကို အသုံးပြတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ “ရုရှားနဲ့ ယူကရိန်း ဘာကြောင့် စစ်ဖြစ်ရသလဲ” ဆိုတဲ့အကြောင်းကို ရှင်းပြချင်ရင် ၁၉၉၀ ပြည့်နှစ်တွေ ကစပြီး အခုထိ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို အချိန်ကာလအလိုက် စီစဥ်ပြီး ပြောပြတာမျိုးပါ။
ဒါဆိုရင် စာဖတ်သူဟာ ရှင်းပြချင်တဲ့ အကြောင်းအရာ တခုလုံးကို ကွက်ကွက်ကွင်းကွင်း မြင်သွားပါလိမ့်မယ်။
●နှိုင်းယှဉ်ပြတဲ့ပုံစံ (Comparison)
ဒီပုံစံတော့ အသစ်ဖြစ်ပေါ်လာတဲ့ အရာတခုကို လူတွေသိရှိပြီးသား အရာတခုနဲ့ နှိုင်းယှဉ်ပြတာမျိုး ဖြစ်ပါတယ်။
ဥပမာအနေနဲ့ “၅-ဂျီ (5G) အင်တာနက်ဟာ ၄-ဂျီ (4G) ထက် ဘယ်လောက် ပိုမြန်သလဲ၊ ဘာကွာခြားလဲ” ဆိုတာမျိုး ဒါမှမဟုတ် “ဥပဒေအဟောင်းနဲ့ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေ ၂ ခု ဟာ ဘာတွေ မတူတော့ဘူးလဲ” ဆိုတာမျိုးကို ဇယားလေးတွေနဲ့ဖြစ်ဖြစ်၊ ယှဉ်တွဲပြီးတော့ဖြစ်ဖြစ် ရှင်းပြတာပါ။
အရင်ဟာ နဲ့ အခုဟာ ဘာကွာခြားသွားတယ် ဆိုတာ ချက်ချင်း သဘောပေါက် သွားစေပါတယ်။
●ရုပ်ပုံအခြေပြုပုံစံ (Visual)
လူတွေရဲ့ ဦးနှောက်ဟာ စာသားတွေထက် ရုပ်ပုံတွေကို ပိုပြီး မြန်မြန်ဆန်ဆန် မှတ်မိနိုင်စွမ်း ရှိကြပါတယ်။ ဥပမာ အနေနဲ့ ကိန်းဂဏန်းတွေ အများကြီးပါတဲ့ ဇယားကြီးတခုကို ပြမယ့်အစား တက်နေတဲ့ မျဉ်းဂရပ် (Line Graph) လေးတစ်ခု ပြလိုက်ရင် စာဖတ်သူက ကုန်ဈေးနှုန်းကတက်နေတယ် ဆိုတာချက်ချင်း မြင်သွားပါတယ်။
ဖွင့်ဆိုရှင်းပြလုပ်တဲ့အခါ စာနဲ့ရေးတာထက် ရုပ်ပုံတွေ၊ ဇယားတွေ၊ မြေပုံတွေနဲ့ ရှင်းပြတာက စာဖတ်သူကို ပိုမို ရှင်းလင်းစေပါတယ်။ ဒါကြောင့် လိုအပ်လာရင် ရုပ်ပုံအခြေပြုပုံစံ (Visual) ကို သုံးရပါ့မယ်။
The Guardian သတင်းဌာနရဲ့ The Guide (The Visual Explainer) ကဏ္ဍဟာ အချက်အလက်ပြ ဂရပ်ဖစ် (Infographics) တွေ သုံးပြီး ရှင်းပြရာမှာ အရမ်းကောင်းပါတယ်။ စာတွေအများကြီး ဖတ်စရာမလိုဘဲ ပုံတွေ၊ ဇယားတွေ၊ မြေပုံတွေကို ကြည့်လိုက်ရုံနဲ့ နားလည်သွားအောင် လုပ်ပေးတဲ့ ကဏ္ဍဖြစ်ပါတယ်။
ဥပမာအနေနဲ့ “ မြန်မာ့နယ်စပ်ကုန်သွယ်ရေး ဂိတ်များနဲ့ တနှစ်အတွင်း ကုန်သွယ်နိုင်မှုပမာဏ” လို အကြောင်းအရာမျိုးကို ရှင်းပြတဲ့အခါ စာနဲ့ရေးတာထက် မြန်မာပြည် မြေပုံကို အသုံးပြုပြီး ရှင်းပြတာ ပိုကောင်းပါတယ်။ မြေပုံကားချပ်ပေါ်မှာ နယ်စပ်ဂိတ်တည်နေရာတွေကို ပြပြီး ကုန်သွယ်နိုင်မှုပမာဏတွေကို တခါတည်း ရှင်းပြတာ စာဖတ်သူကို ပိုမိုနားလည်စေပါတယ်။
အထက်က ပြောခဲ့တဲ့ ပုံစံတွေထဲကမှ ကိုယ်ရေးမယ့် အကြောင်းအရာနဲ့ ဘယ်ဟာက အကိုက်ညီဆုံးဖြစ်မလဲဆိုတာကို ရွေးချယ်ပြီး ရေးသားနိုင်ပါတယ်။ အရေးကြီးတာက ဘယ်ပုံစံနဲ့ပဲရေးရေး စာဖတ်သူရဲ့ ခေါင်းထဲမှာ “ရှင်းရှင်းလင်းလင်း” ဖြစ်သွားဖို့ပါပဲ။























































