လေယာဉ်တင် သင်္ဘောရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကို ဂျပန်ရေတပ်က ရန်စတဲ့ သဘောဆန်ဆန် အနှောင့်အယှက် ပေးခဲ့ကြောင်း တရုတ် ရေတပ်က စွပ်စွဲခဲ့ပါတယ်။
တရုတ် ရေတပ်ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောဖြစ်တဲ့ Liaoningဟာ အခြံအရံ စစ်သင်္ဘောတွေနဲ့အတူ အခုသီတင်းပတ် အစောပိုင်းမှာ တရုတ်ရေပိုင်နက်ဆီ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ အဲဒီ လေယာဉ်တင် သင်္ဘောကြီးဟာ ပစိဖိတ် သမုဒ္ဒရာထဲကို ရက်ပေါင်း ၄၀ ကြာ သွားရောက်ပြီး ခံစစ်နဲ့ တိုက်စစ် အစီအမံတွေကို လက်တွေ့ လေ့ကျင့်နေခဲ့တာ ဖြစ်တယ်လို့ ရေတပ်က ထုတ်ပြန်ပါတယ်။
ခရီးရှည် ခုတ်မောင်းပြီး စစ်ရေးလေ့ကျင့်ခဲ့တဲ့ အစီအစဉ်မှာ Liaoning ဦးဆောင်တဲ့ တရုတ် ရေတပ်ဖွဲ့နားကို ဂျပန်ရေတပ်ရဲ့ ကင်းထောက် လေယာဉ်တွေ၊ ဖျက်သင်္ဘောတွေက အလွန်အကျွံ ချဉ်းကပ်ပြီး စောင့်ကြည့်တာ၊ တကောက်ကောက် လိုက်ပါတာမျိုး နည်းတွေနဲ့ နှောင့်ယှက်ခဲ့ကြောင်း တရုတ် အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ Liaoningနဲ့ အခြံအရံ စစ်သင်္ဘောနှစ်စီးဟာ အဲဒီလို ရန်လိုနဲ့ အနှောင့်အယှက် ပေးမှုတွေကို ပရော်ဖက်ရှင်ဆန်ဆန်ဆန်၊ ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်နိုင်ခဲ့တယ်လို့လည်း CCTVက ဆိုပါတယ်။ ဂျပန် လေယာဉ်နဲ့ ရေယာဉ်တွေ မကြာခဏ ချဉ်းကပ်လာခဲ့တာကြောင့် လေယာဉ်တင် သင်္ဘောပေါ်မှာ အခြေစိုက်တဲ့ တိုက်လေယာဉ်တွေဟာ အလှည့်ကျ ပျံတက်ပြီး ကာကွယ်ရေးအတွက် အသင့်ပြင်ဆင်ထားခဲ့ကြောင်းလည်း သိရပါတယ်။

Public Service Announcement
CCTVက ထုတ်ပြန်တဲ့ ဗီဒီယို မှတ်တမ်းတွေမှာတော့ ဂျပန်ပြည်စောင့်တပ် ရေတပ် (MSDF)ရဲ့ ကင်းထောက်လေယာဉ်တွေနဲ့ ဖျက်သင်္ဘောတွေက တရုတ်သင်္ဘောတွေ အနီးတဝိုက်မှာ ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။
မေလကတည်းက ဖိလစ်ပိုင်နိုင်ငံ အရှေ့ဖက် ပစိဖိတ် သမုဒ္ဒရာ ရေပြင်မှာ Liaoning ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်စုက စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေခဲ့ကြောင်း ဇွန်လ ၁ ရက်နေ့မှာ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီ ရေတပ်အုပ်စုဟာ လေ့ကျင့်မှုတွေ ပြီးဆုံးပြီး တရုတ်နိုင်ငံဆီ ပြန်ရောက်လာတာပါ။
ဂျပန်ကလည်း တရုတ် လေယာဉ်တင် သင်္ဘောနဲ့ အခြံအရံ ရေယာဉ်တွေရဲ့ ဖြတ်သန်း ခုတ်မောင်းမှုကို စောင့်ကြည့်ခဲ့ကြောင်း အတည်ပြုပေမယ့် တရုတ်ဖက်က စွပ်စွဲတဲ့ အနှောင့်အယှက်ပေး ချဉ်းကပ်မှုတွေ အကြောင်းကိုတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။
Liaoningဟာ တရုတ်ရေတပ်က လက်ရှိ ပိုင်ဆိုင်ထားတဲ့ လေယာဉ်တင် သင်္ဘော ၃ စီးထဲမှာ ပထမဆုံး၊ ပြီးတော့ နည်းပညာပိုင်းအရ ခေတ်နောက်အဆုံး ရေယာဉ် ဖြစ်ပါတယ်။ ဆိုဗီယက် ဒီဇိုင်းဟောင်း လေယာဉ်တင် သင်္ဘော ကိုယ်ထည် အခွံကြီးကို ယူကရိန်းဆီကနေ ဝယ်ယူပြီး တရုတ်က အသစ်ပြန်လည် မွမ်းမံ တည်ဆောက်ထားတာပါ။ Liaoningမှာ J-15 တိုက်လေယာဉ်တွေ၊ Z-18 ရဟတ်ယာဉ်တွေ၊ Z-9 ရဟတ်ယာဉ်တွေ စုစုပေါင်း လေယာဉ် အစီး ၄၀ လောက် အခြေစိုက်နိုင်ကြောင်းလည်း သိရပါတယ်။
ကိုးကား: Japan Times


















































