Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေတပ်ကို နျူကလီးယားလက်နက် တပ်ဆင်ပြီး ပိုကြီးတဲ့ စစ်သင်္ဘောတွေနဲ့ အားဖြည့်မယ်လို့ ကင်မ်ဂျုံအွန်းပြော

ရေတပ်ကို နျူကလီးယားလက်နက် တပ်ဆင်မှာ ဖြစ်သလို ပိုပြီးကြီးမားတဲ့ စစ်သင်္ဘောကြီးတွေနဲ့ အားဖြည့်သွားမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - KCNA

ရေတပ်ကို နျူကလီးယားလက်နက် တပ်ဆင်မှာ ဖြစ်သလို ပိုပြီးကြီးမားတဲ့ စစ်သင်္ဘောကြီးတွေနဲ့ အားဖြည့်သွားမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် စီမံကိန်းတွေကြောင့် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ ကြုံနေရပေမယ့် မြောက်ကိုရီးယားဟာ အဲဒီ လက်နက် စီမံကိန်းတွေကို လုံးဝ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ အဓိပတိကြီး ကင်မ်က ပြောဆိုခဲ့ကြောင်းလည်း မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNAက ဇွန်လ ၂၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ဇွန်လ ၂၃ ရက်နေ့တုန်းက မြောက်ကိုရီးယား ရေတပ်ရဲ့ ချိုဟွန်း ဖျက်သင်္ဘော တပ်တော်ဝင် အခမ်းအနားကို နမ်ဖိုဆိပ်ကမ်းမှာ ကျင်းပခဲ့ချိန်မှာ ကင်မ်က ရေတပ်အင်အား ချဲ့ထွင်ရေးအတွက် သူ့ရဲ့ ရည်မှန်းချက်တွေကို မိန့်ခွန်းထဲ ထည့်ပြောသွားတာ ဖြစ်ပါတယ်။

ချိုဟွန်းဟာ မြောက်ကိုရီးယား ရေတပ်က တည်ဆောက်ထားတဲ့ တန်ချိန် ၅၀၀၀ အလေးချိန်ရှိတဲ့ ဖျက်သင်္ဘော နှစ်စီးထဲက တစ်စီးဖြစ်ပါတယ်။ အဲဒီ ရေယာဉ်တွေဟာ လက်ရှိ မြောက်ကိုရီးယား ရေတပ်မှာ အကြီးဆုံး စစ်သင်္ဘောတွေပါ။

Public Service Announcement

Public Service Announcement

ချိုဟွန်းကို တပ်တော်ဝင်စေပြီးတဲ့ အချိန်မှာတော့ မြောက်ကိုရီးယား ရေတပ်ရဲ့ ရည်မှန်းချက်ဟာ ကန်ကွန်းဆိုတဲ့ အမျိုးအစားတူ စစ်သင်္ဘောကို အပြီးသတ် တည်ဆောက်ဖို့ ဖြစ်ကြောင်း၊ အဲဒီနောက်မှာတော့ တန်ချိန် ၁၀၀၀၀ ထိ လေးလံတဲ့ မဟာဗျူဟာ စစ်သင်္ဘောတွေကို တစ်စီးပြီးတစ်စီး ဆောက်လုပ်မှာဖြစ်ကြောင်း ကင်မ်က ပြောပါတယ်။

ဒါ့အပြင် ရေတပ်မှာ နျူကလီးယား စစ်လက်နက်တွေ တပ်ဆင်မယ့် စီမံကိန်းဟာလည်း မူလ မျှော်လင့်ထားတဲ့ လမ်းကြောင်းအတိုင်း မယိမ်းမယိုင် ရှေ့ဆက်သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်ကို ကွဲပြားတဲ့ ပလက်ဖောင်း အမျိုးမျိုးမှာ ဖြန့်ကျက်ထားပြီး ကြုံလာနိုင်သမျှ ခြိမ်းခြောက်မှုတိုင်းအတွက် အသင့်ပြင်ထားဖို့ လိုကြောင်းလည်း ကင်မ်က ပြောကြားသွားပါတယ်။

အစောပိုင်းတုန်းက မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ချိုဟွန်းဟာ နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး လက်နက်စနစ်တွေ တပ်ဆင်ထားတယ်လို့ ထုတ်ပြန်ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ စတင် မိတ်ဆက်ခဲ့တဲ့နောက်ပိုင်း ကင်မ်ဟာ အဲဒီ ဖျက်သင်္ဘောဆီ မကြာခဏ သွားရောက် စစ်ဆေးခဲ့သလို ဧပြီလတုန်းကလည်း ချိုဟွန်းကနေ ခရုစ်ဒုံးကျည် ပစ်ခတ်မှု တစ်ခုကို စောင့်ကြည့်ခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံလုံခြုံရေးအတွက် နျူကလီးယား လက်နက် ပိုင်ဆိုင်မှုကို အဓိက အာရုံစိုက် ချဲ့ထွင် အကောင်အထည် ဖော်နေခဲ့ရာက ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာတော့ သမားရိုးကျ စစ်လက်နက်တွေရဲ့ နည်းပညာ အဆင့်မြှင့်တင်ရေးကိုလည်း ပိုပြီး အားထည့်လာခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

Facebook