ဇွန်-၂၃၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ ထပ်တိုး လာနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှောင်တွေဟာ အမိုးအကာတွေအလုံအလောက်မရသေးသလို မိုးတွင်းကာလ စားနပ်ရိက္ခာအခက်အခဲနဲ့လည်း ကြုံလာရနိုင်တယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
စစ်တပ်က အရပ်သားလူနေကျေးရွာတွေကို ဦးတည်တိုက်ခိုက်နေတာကြောင့် ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်အစပ် ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ စစ်ဘေးရှောင်ဒုက္ခသည် ရှစ်ထောင်ဝန်းကျင်ထိတိုးလာပြီး အဲဒီစစ်ရှောင်တွေဟာ အမိုးအကာအောက် မရောက်ကြသေးတာပါ။
“ကျောက်ဖြူဘက်မှာဆိုရင် စစ်ရှောင်တွေလည်း အများကြီး တိုးလာတယ်။ ဒီဘက်မှာလည်း နည်းနည်း တိုးတယ်။ နဂိုစစ်ရှောင်တွေကလည်း သေချာလုံလုံခြုံခြုံနဲ့ မနေရတော့ မိုးရာသီမှာ မလွယ်ဘူး။ ကူညီရေးအဖွဲ့တွေကလည်း နိုင်သလောက် ကူညီနေကြပါတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ လူမှုကူညီရေးလုပ်နေသူ လူငယ်တစ်ဦးက ပြောပါ တယ်။

Public Service Announcement
ဒါ့အပြင်အခြားစစ်ဘေးရှောင်တွေ ရှိနေတဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်ဖြူ စတဲ့မြို့နယ်တွေမှ စစ်ရှောင်တွေဟာလည်း သူတို့နဂိုနေလာခဲ့တဲ့ တဲအိမ်တွေ လေပြင်းကြောင်း ပျက်စီးသွားကာ အသစ်ပြန် မဆောက်နိုင်တာကြောင့် မိုးမလုံတဲ့ တဲအိမ်တွေမှာ ဆက်နေကြရတယ်လို့ ဆိုပါတယ်။
“ဒီကာလမှာ သူတို့ရဲ့ နေထိုင်တဲ့အိမ်တွေဟာလည်း မိုးဒဏ်၊ လေဒဏ်ကို အများကြီးပြင်းလာရင် တနာရီကို မိုင် ငါး ဆယ်၊ ခြောက်ဆယ်လောက်နဲ့ တိုက်ရင်တောင် ပျက်စီးသွားနိုင်တဲ့အခြေအနေတွေဖြစ်နေပါတယ်။ အဝတ်တထည် ကိုယ်တခုဆိုသလို အဝတ်လိုအပ်ချက်တွေလည်း ရှိနေကြပါတယ်” လို့ ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဇင်ချောင်းလူငယ်ပရဟိအသင်း ဥက္ကဌ ကိုနိုင်လင်းထွန်းက ပြောပါတယ်။
စစ်ဘေးရှောင်တွေအတွက် အမိုးအကာအခက်အခဲရှိနေသလို မိုးတွင်းကာလ စားသောက်ဖို့အတွက် ရိက္ခာအခက်အခဲလည်း ကြုံလာရနိုင်တယ်လို့ ကူညီရေးအဖွဲ့တွေက ဆိုပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်အများစုဟာ အဝတ်တ ထည်၊ ကိုယ်တခုနဲ့ တိမ်းရှောင်လာကြသူတွေများပြီး အလုပ်အကိုင်တွေလည်း ရှားပါးကာ ပုံမှန်အထောက်အပံ့တွေ လည်း မရကြတာကြောင့် ဝမ်းရေးအခက်ကြုံနိုင်တာလို့ ပြောပါတယ်။
“မိုးရာသီဆိုတာက ဒီဘက်မှာ တခုအလုပ်အကိုင်မှ မရှိတဲ့အခါ သူတို့မှာ ကိုယ့်ဝမ်းရေးအတွက် ကိုယ်တိုင်ဖြေရှင်း နိုင်ဖို့ အခြေအနေက တော်တော်များများမရှိဘူး။ ဆန်စျေးက တက်တယ်၊ ကုန်စျေးနှုန်းတွေက တောက်လျှောက် တက်နေတယ်။ CSO အဖွဲ့တွေ၊ NGO တွေ ၊ ဒီဘက် HDCO တို့ဘက်က မပေးနိုင်တဲ့အနေအထားမှာ တော်တော် ဒုက္ခရောက်နိုင်တယ်” လို့ ကိုနိုင်လင်းထွန်းက ပြောပါတယ်။
စစ်ဘးရှောင်ဒုက္ခသည် ငါးသောင်းဝန်းကျင်ရှိနေတဲ့ ကျောက်ဖြူမြို့နယ်မှာ စပါးစိုက်ပျိုးကြတဲ့ရွာတွေအားလုံးနီးပါး စစ်ဘေးရှောင်နေကြရတာကြောင့် ဆန်ရှားနေပြီး ဆန်ကြမ်းတအိတ်ကို ကျပ်တသိန်းဝန်းကျင်ထိစျေးတက်နေတယ်လို့ဆိုပါတယ်။
“ဆန်ပြဿနာကလည်း ဒီဘက်မှာ ရေရှည်စိန်ခေါ်မှုတွေ တွေ့လာနိုင်ပါတယ်။ ၃၂ ဗူးဝင် တတောင်း(ကျောက်ဖြူ ဒေသအခေါ် ဆန်တတောင်း)ကို တသောင်းခွဲ လောက်နဲ့ တော်တော် ရှားလာပါတယ်။ နောက်နှစ် ဆန်ပေါ်ချိန် မကျခင်ထိ တော်တော်အခက်အခဲကြုံလာနိုင်တယ်” လို့ ကိုနိုင်လင်းထွန်းက ပြောပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ နိုင်ငံတကာကူညီရေးအဖွဲ့တွေရဲ့ လစဉ်အထောက်အပံ့ တွေ မရကြဘဲ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ဝမ်းရေးဖြေရှင်းနေကြရတာပါ။
တခါတရံ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်ခံ HDCO(လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုး ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး)က ဆန်နဲ့ ရိက္ခာအချို့ ထောက်ပံ့ပေးနေပေမယ့် လောက်ငှမှုမရှိဘူးလို့ ဆိုပါ တယ်။
“ကယ်ဆယ်ရေးမရတာ ကြာပြီ။ အလှူရှင်တွေက တခါတရံမှ လာလှူတယ်။ အလုပ်လည်းမရှိ၊ စားစရာလည်း မရှိ ရင် အလှူခံစားတယ်။ တခါတလေ ရုံးတွေကနေ အကူအညီသွားတောင်းတယ်။ မိုးတွင်းဆိုတော့ ကျပန်းအလုပ် တွေလည်း ရှားတော့မှာ။ မိုးတမိုး ဘယ်လိုစားနေရမလဲ မသိသေးဘူး” လို့ မြေပုံမြို့နယ်မှာ မိသားစုငါးဦးနဲ့အတူ ခိုလှုံနေတဲ့ ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှာင်ဒုက္ခသည် ခြောက်သိန်းကျော်ထိ ရှိနေပြီး သူတို့ဟာ လမ်းဘေးဝဲယာတ လျှောက် တဲအိမ်တွေ၊ ဘာသာရေးအဆောက်အဦးတွေ၊ တာလပတ်မိုး၊ တာလပတ်ကာ စစ်ရှောင်စခန်းတွေမှာ ခိုလှုံ နေကြရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက နိုင်ငံတကာအကူညီတွေလည်း ပုံမှန်မရကြတော့တာ ဖြစ်ပါတယ်။


















































