Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကလေးမြို့မှာ အလိုအပ်ဆုံးကတော့ အောက်စီဂျင်ပဲ။ တစ်နေ့ ၁၅ ယောက်နဲ့ ၂၀ ကြား သေနေတယ်”

ကလေးမြို့အတွက် အခုအချိန်မှာ အလိုအပ်ဆုံးကတော့ အောက်စီဂျင်ပဲဖြစ်ပြီးတော့ ကလေးမြို့အတွက်အတွက်လိုအပ်တဲ့အောက်စီဂျင်တွေကို မုံရွာ နဲ့ မန္တလေးမြို့တွေကနေ အိုးတွေနဲ့ သွားသယ်ရတာဖြစ်ပြီး ရန်ကုန်က လှမ်းလှူပို့ပေးတာတွေလည်း ရှိပါတယ်။

ကလေးမြို့မှာ ရပ်ကွက်ပေါင်း ၆၀ ကျော်ရှိပြီးတော့ အခုအဖြစ်များဆုံးကတော့ တပ်ဦးသီတာ၊သဇင်၊ ချမ်းမြေ့အောင်စည် စတဲ့ ရပ်ကွက်တွေမှာကူးစက်ဖြစ်ပွား သေဆုံးမှုများနေတာဖြစ်တယ်လို့သိရပါတယ်။

ကလေးမြို့အလယ်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ တပ်ဦးသီတာရပ်ကွက်နဲ့ သဇင်ရပ်ကွက် ကိုဗစ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေးကောက်မတီ ဒုဥက္ကဒေါ်ကျင်း ကို လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ ဒီကော်မတီက ခရစ်ယာန်အသင်းတော်အောက်ကနေ ယာယီဖွဲ့စည်းထားတာဖြစ်ပြီးတော့ ဘော်လန်တီယာ ဆရာဝန်နဲ့ လူငယ်တွေပါဝင်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ – KP Diary

မေး – ကလေးမြို့မှာ ကိုဗစ်ကူးစက်မှုကြောင့် အသေအပျောက်လည်းတော်တော်များနေတယ်လို့ကြားရပါတယ်။ လက်ရှိကိုဗစ်ကူးစက်မှုအခြေအနေက ဘယ်လိုရှိနေပါသလဲ ဆရာမ။

Public Service Announcement

Public Service Announcement

ဖြေ- ကျွန်မတို့ စင်တာမှာ လာစစ်တဲ့သူတွေထဲမှာ ၅၀ ရာခိုင်နှုန်းက ပိုးတွေ့တယ်။

မေး- ကလေးမှာ ဆိုးဆိုးရွားရွားသေနေကြတယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်မှာတက်နေတာတွေလည်းရှိပါတယ်။ နေ့စဉ်သေဆုံးမှုက ကလေးတစ်မြို့ထဲဆို ဘယ်လောက်လောက်ထိ အမြင့်ဆုံးရောက်နေပါပြီလဲ။

ဖြေ- သေတာကတော့ နေ့စဉ် ၂၀ ထိလောက်ရှိတတ်တယ်။ အများဆုံးကတော့ တစ်ရက်ထဲ ၂၇ ယောက်ဆုံးတာကတော့ အများဆုံးပါပဲ။ ကိုဗစ်နဲ့ ဆုံးတာက စဖြစ်ကတည်းက တဖြည်းဖြည်းတိုးလာတာ မသေတဲ့ရက်ကိုမရှိဘူး။ ပထမစဖြစ်စက တစ်ရက်ကို ၃ ယောက်၊ ၄ ယောက်၊ ၅ ယောက်ကနေ များလာခဲ့တာ။

ဓာတ်ပုံ – KP Diary

မေး- သေဆုံးတဲ့သူတွေက အသက်အရွယ်အရ ဘယ်လိုအရွယ်တွေများလဲ။

ဖြေ- အသက်ကြီးပိုင်းတွေရော လူငယ်တွေလည်းပါတယ်။ အသက် ၄၀ အရွယ်တွေ၊ ၃၀ အရွယ်တွေလည်းပါတယ်။ များသောအားဖြင့်က အသက် ၆၀ ကျော်တွေပါ။ ရောဂါအခံရှိသူတွေက မြန်တယ်။

မေး – ရောဂါစစ်ဆေးပေးတာကိုရော ဘယ်အဖွဲ့အစည်းတွေကလုပ်ပေးနေလဲ။ ဘယ်လိုပုံစံမျိုးနဲ့ စစ်ဆေးပါလဲရှင့်။

ဖြေ- ကျန်းမာရေးဌာနကတော့ မြို့တော်ခန်းမမှာ ကျန်းမာရေးဝန်ထမ်းတွေက Test Kit နဲ့ စစ်ပေးတာရှိပါတယ်။ ကျွန်မတို့ အဖွဲ့တွေကတော့ Test kit တွေနဲ့ စစ်တာကို Test Kit ဖိုးတောင်းတာတော့ ရှိပါတယ်။ စစ်ဆေးပေးတာအတွက်တော့ မယူပါဘူး။

မေး -အောက်စီဂျင်အိုးတွေ ပြတ်လတ်တယ်ဆိုတာမျိုးလည်း သတင်းတွေတွေ့ရပါတယ်။ အောက်စီဂျင်ပေးရတဲ့လူနာ တွေကို လုံလုံလောက်လောက်ပေးနိုင်လား။

ဖြေ- လိုတာတော့ တော်တော်လိုအပ်တယ်။လုံလောက်သလား မလုံလောက်သလားကတော့ ကျွန်မတို့အနီးနားဝန်းကျင်တွေကတော့ မရ၊ ရ အောင် အောက်ပိုင်း (မုံရွာ၊ မန္တလေး) ကို ကိုယ်တိုင်ကားနဲ့သွားတိုက်တာတွေရှိတယ်။ အသင်းအဖွဲ့တွေအချင်းချင်း လိုတာကို လှည့်သုံး။ ပြန်ရရင် ပြန်ဆပ် အဲလိုမျိုးနဲ့တော့ သွားနေရတာပေါ့။ တော်တော်ကို ပြေးလွှားပြီးတော့ ရှာရတာပေါ့။

မေး -လက်ရှိ စစ်ကိုင်းတိုင်းထဲက ကလေးနဲ့ တမူးကတော့ တော်တော်လေးကူးစက်ပျံ့နှံ့နေတာကို နေ့စဉ် လူနာသစ်ထုတ်ပြန်ချက်တွေအရသိရပါတယ်။ အနီးအနားက တခြားမြို့တွေအခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ- ကျွန်မတို့ကတော့ ချင်းပြည်နယ်နဲ့ နီးစပ်တယ်။ ပထမဖြစ်တာကတော့ အိန္ဒိယနယ်စပ် ကျီခါးတို့ တွန်းဇံတို့ဘက်မှာ တစ်အားဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ကျီခါးက Lockdown ချလိုက်တော့ ကျီခါးမှာတော့ ထိန်းနိုင်သွားပြီ။ ဒါပေမယ့် တီးတိန်မှာတော့ အဖြစ်များသေးတယ်။ နောက်ကျွန်မတို့မြို့ ကလေး။ ဥပမာ ကျွန်မတို့ အခုအောက်စီဂျင်သွားသယ်ရင်လည်း စစ်ဆေးမှုမှတ်တမ်းမှာ Negative ဖြစ်မှ မြို့ကို အဝင်ခံတာဆိုတော့ ကျန်တဲ့မြို့တွေက ကျွန်မတို့မြို့လောက်မဖြစ်နိုင်လောက်ဘူးလို့မှန်းတာပေါ့နော်။

ဓာတ်ပုံ – KP Diary

မေး – ကလေးမြို့ကို Stay at Home ကြေညာထားတော့ သွားလာ ဝင်ထွက် ကူးလူးခွင့်တွေကရော ဘယ်လိုရှိပါသလဲ။ အခြေခံစားသောက်ကုန်စီးဆင်းမှုတွေကရော အဆင်ပြေကြရဲ့လား။

ဖြေ- စစ်ဆေးမှုရှိတယ်။စစ်ဆေးမှုမှတ်တမ်းမရှိရင် အဝင်မခံကြဘူး။ ကုန်စည်စီးဆင်းမှုကတော့ မဖြစ်မနေအခြေခံစားကုန်တွေကတော့ အတတ်နိုင်ဆုံး ကုန်စည်လွှတ်ပေးတယ်။ အဲဒါတော့သွားလို့ရတယ်။ ဒါပေမယ့် အရင်လိုမဟုတ်တဲ့အခါကျတော့ စျေးက နဲနဲလေး မသိမသာ စျေးတက်ချင်တယ်။

မေး -အရပ်သားအစိုးရက ကာကွယ်ဆေးထိုးအစီအစဉ်စဖို့အချိန်မှာ အာဏာသိမ်းသွားတော့ အဲဒီနောက်အာဏာသိမ်းစစ်တပ်ကနေပြီးတော့ ကာကွယ်ဆေးထိုးပေးတာတွေရှိတယ်။ ကလေးမှာ ကာကွယ်ဆေးထိုးလိုက်ရသူတွေရောရှိပြီးပြီလား။

ဖြေ – ရှိပါတယ်။

မေး -ကလေးမြို့အတွက် အခုအချိန်မှာ အလိုအပ်ဆုံးကိုပြောပါဆိုရင် ဘာဖြစ်မလဲ။

ဖြေ- အောက်စီဂျင်ပဲ။ အောက်စီဂျင်တအားလိုတယ်။ နောက် ဆေးဝါးကလည်းဒီမှာခက်ခဲနေတော့ အောက်ပိုင်းကို မှာရတာပေါ့။ ဆေးကတော့ ဟိုကနေကူညီဒီကနေကူညီနဲ့ ကိုယ့်ဆေးခန်းအတွက်ကတော့ရတယ်။အလိုအပ်ဆုံးကတော့ အောက်စီဂျင်ပဲ။ နောက် ကျန်းမာရေး ပညာပေးဖို့လည်း တော်တော်လိုမယ်။ ကျွန်မတို့ကလေးမြို့က ရပ်ကွက် ၆၀ ကျော်ရှိတယ်။ ကျွန်မတို့ ရပ်ကွက်တွေမှာတော့ သူ့နည်းသူ့ဟန်နဲ့ လုပ်တာတွေရှိတယ်။ ကျန်တဲ့ ရပ်ကွက်တွေမှာလည်း လုပ်ဖို့ကောင်းတယ်လို့ထင်တယ်။လုပ်ဖို့လည်း ကျွန်မတို့ ကြိုးစားနေတယ်။ ကျေးရွာအုပ်စုတွေကို ကျန်းမာရေးအသိပညာပေးပြီးတော့ ဒီလိုလက္ခဏာတွေရှိရင်တော့ ကိုဗစ်ဖြစ်နေပြီ။ ကုသမယ်။ ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကြမယ်။ အပြင်လူနဲ့ မထိတွေ့နဲ့တော့။ ပြီးရင် အောက်စီဂျင်တိုင်းပါ။ အောက်စီဂျင်ကျရင် အောက်စီဂျင်ရှူရမယ်။ ကုသမှုလက်ခံယူဖို့ ဆေးရုံဆေးခန်းသွားဖို့။ တက်နိုင်သလောက်ကုသမှုယူဖို့ဆိုတာကိုတော့ တတ်နိုင်သလောက် ကျေးရွာတွေကို ပြောပြချင်တယ်ရှင့်။

◾️ သကာနွေဦး

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။