ကရင်နီ(ကယား)ပြည်နယ်ရှိမြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သော မေလမှစ၍ ဒေသခံများစစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။တိုက်ပွဲနယ်မြေပိုမိုကျယ်ပြန့်လာပြီး တိုက်ပွဲများပိုမိုပြင်းထန်လာသောကြောင့် စစ်ဘေူဒုက္ခသည်ဦးရေတိုးလာနေသည်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပြောရေးဆိုခွင့်ရှိသူတစ်ဦးအား စစ်ရှောင်ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဒေသတွင်း အခြေအနေများကို မေးမြန်းဖော်ပြလိုက်ပါသည်။
မေး-ကယားပြည်နယ်မှာ တိုက်ပွဲဖြစ်တာလည်း အတော်ကြာပြီဆိုတော့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ-စစ်ရှောင်တွေကတော့ ကျွန်တော်တို့ ပြည်နယ်တစ်ခုလုံးနီးပါးရှိတယ်။ ကယားပြည်နယ်ရဲ့ လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်က စစ်ရှောင်နေရတဲ့ အခြေအနေမှာ ရှိနေတယ်။ လူဦးရေက ကျွန်တော်တို့ဆီမှာက သုံးသိန်းလောက်ရှိတယ်ဆိုတော့ တစ်သိန်းလောက်ကတော့ စစ်ရှောင်ဖြစ်နေတာပေါ့။ သူတို့မှာတော့ အဓိကအားဖြင့် အခက်အခဲ ပိုပြီးတော့ ရှိလာနိုင်တာက ရေကိစ္စတွေပိုပြီး အခက်အခဲဖြစ်လာနိုင်တယ်။ မိုးကုန်ပြီဆိုတော့ ဆောင်းအကုန်ပိုင်းလောက်က စပြီး အဓိက စစ်ရှောင်တွေက တောထဲမှာ နေရတာ ဆိုတော့ ရေအခက်အခဲတွေ ဖြစ်လာနိုင်တယ်။ နောက် စားဖို့ သောက်ဖို့ကတော့ သူတို့ တက်နိုင်သလောက်ကတော့ ရွာပြန်လို့ရသေးတဲ့ရွာတချို့ဆိုရင်တော့ စားနပ်ရိက္ခာစုတာမျိုးတော့လုပ်တယ်။ ဒါက တစ်လ နှစ်လတော့ လုံလောက်မှုတော့ ရှိကောင်းရှိနိုင်တာပေါ့ ဒါပေမဲ့ ဒီထက် ရေရှည်ဖြစ်လာမယ်ဆိုရင် စားနပ်ရိက္ခာတွေ အခက်အခဲတွေဖြစ်လာနိုင်တဲ့အခြေအနေတွေရှိတာပေါ့။
မေး-မေလက တိုက်ပွဲတွေ စပေါ်လာတာဆိုတော့ ဒေသခံတွေ တိမ်းရှောင်ရတဲ့ ပုံစံတွေကဘယ်လိုမျိုးလဲ။

Public Service Announcement
ဖြေ- အဲဒီကတည်းက စတော့ တချို့ တောထဲ စစ်ရှောင်စခန်းထဲသွားနေတာက ၆လ၊ ၇လ လောက်ရှိတဲ့ အုပ်စုတွေရှိတယ်။ နောက် ပြီးခဲ့တဲ့ တလောတုန်းက လွန်ခဲ့တဲ့ တစ်လ နှစ်လတုန်းက ထွက်လာတဲ့ အုပ်စုတွေရှိတယ်။ အဲဒီအခြေအနေမျိုးရှိတယ်။

မေး-စစ်ရှောင်တွေက ဘယ်ဒေသမှာ များလဲ။
ဖြေ- ကျွန်တော်တို့ မြို့နယ်တိုင်းလိုလိုမှာရှိတယ်။ ဒါပေမဲ့ တချို့မြို့နယ်တွေက နည်းတယ် တချို့မြို့နယ်တွေက များတယ်။ အထူးသဖြင့်တော့ ဖယ်ခုံဘက်မှာ ရှိမယ်။ ဒီးမော့ဆို ဖရူဆို၊ လွိုင်ကော် အရှေ့ဘက်ခြမ်းမှာကတော့ များတယ်။ ဖယ်ခုံ အရှေ့ဘက်ခြမ်းရော အနောက်ဘက်ခြမ်းရော၊ မိုးဗြဲဆည် အရှေ့ဘက်ခြမ်းရော အနောက်ဘက် ခြမ်းရော စစ်ရှောင်တွေ ရှိတယ်။
မေး-တိုက်ပွဲဖြစ်လို့ ရှောင်တိမ်းရတာမျိုးအပြင် အခြားဘယ်လိုအခြေအနေကြောင့် ထွက်ပြေးရတာမျိုး ရှိပါသလဲ။
ဖြေ-အများအားဖြင့်တော့ တိုက်ပွဲကြောင့် စစ်ရှောင်နေရတာပဲ။ အဓိက ဘာလဲဆိုရင် တိုက်ပွဲ ဖြစ်လို့ အနီးနားမှာ တိုက်ပွဲဖြစ်လို့ ရွာထဲမှာ နေလို့မရတော့ဘူးဆိုတဲ့ အခြေအနေမျိုးရှိတယ်။ တချို့ကလည်း သူတို့ရှိတဲ့နေရာမှာ တိုက်ပွဲဖြစ်တယ် အခုတော့ မဖြစ်ဘူး ဒါပေမဲ့ အိမ်မီးရှို့ခံရတဲ့ ရွာတွေတချို့ရှိတယ်။ တချို့က စစ်ကောင်စီကနေ မိုင်းထောင်ထားခဲ့တဲ့နေရာတွေရှိတယ် အဲဒါကြောင့် မပြန်ရဲတော့ဘဲ ပြန်မနေတဲ့ဟာမျိုးတွေရှိတာပေါ့။

မေး-ဆောင်းကာလဖြစ်သလို တိုက်ပွဲတွေလည်း အရှိန်မြှင့်နိုင်တာမျိုးလည်းရှိတော့ စစ်ရှောင်တွေအတွက် အဓိက စိန်ခေါ်မှုတွေဘာတွေဖြစ်မလဲ။
ဖြေ-စစ်ဖြစ်တဲ့ဒေသဆိုတော့ သူတို့အတွက်က လုံခြုံတယ်လို့တော့ မရှိဘူးပေါ့။ နည်းနည်း ပုန်းလို့ရှောင်လို့ရတဲ့ နေရာဒေသက နောက်ပိုင်းဆို ဒီထက်တိုက်ပွဲ ပိုဖြစ်လာမယ်ဆိုရင်တော့ ဒီထက်ပိုပြီးတော့ သူတို့အတွက် အစစ အရာရာ ခက်ခဲလာလိမ့်မယ်။ စစ်ရှောင်တွေနေရေးထိုင်ရေး စားရေးသောက်ရေး ကလေးတွေရဲ့ ပညာရေးတွေ နောက် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကိစ္စတွေ စသဖြင့် အဲဒါတွေက ပိုပြီးတော့မှ ခက်ခဲလာနိုင်တယ်။ အခုဆိုရင် ကျွန်တော်တို့ ပြည်နယ် ပြင်ပကနေ ဆေးတို့ ဆန်တို့ တင်သွင်းလို့မရတော့ဘူး ။စစ်ကောင်စီက ဒီဟာကို သိလို့ရှိရင် ပေးမသွင်းဘူး။ ဥပမာ ဆန်ဆိုရင် လွိုင်ကော်ကနေ ရွာတွေကို ပေးမသယ်တော့တာရှိတယ်။ နောက် ဆေးဆိုရင်လည်း ပြည်နယ် ပြင်ပကနေ ဝင်ခွင့်မပေးတာလည်းရှိနေတာပေါ့။ အဲဒါကြောင့်ဆေးနဲ့ စားနပ်ရိက္ခာ ကိစ္စတွေပိုပြီးမှ ခက်ခဲလာနိုင်တယ်။ နွေရာသည်ရောက်ရင်တော့ ရေအခက်အခဲတွေပိုဖြစ်လာမှာပေါ့။

မေး-စစ်ရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူတွေအနေနဲ့ရော ဘယ်လိုအခက်အခဲတွေကြုံရတယ်လို့သိရပါသလဲ။
ဖြေ-ကျွန်တော်တို့ သိရသလောက်ကတော့ လမ်းပမ်းဆက်သွယ်ရေးပေါ့။
စစ်ရှောင်တွေကို စားနပ်ရိက္ခာပဲဖြစ်ဖြစ် အဝတ်အစားပဲဖြစ်ဖြစ် ဆေးကုသမှုပိုင်းပဲဖြစ်ဖြစ် ပညာရေးကိစ္စပဲဖြစ်ဖြစ် အခုက ပစ္စည်းတွေ ဥပမာ ဆေးပဲဖြစ်ဖြစ် ဆန်ပဲဖြစ်ဖြစ်တင်လို့မရတော့တဲ့အတွက် ပြည်နယ်ပြင်ပကနေ သွင်းလာဖို့ အရမ်းခက်ခဲလာတယ်။ နောက်ပြီးတော့ ကူညီတဲ့သူတွေကို သိလို့ရှိရင် လိုက်ဖမ်းတာမျိုးတွေရှိတယ်။ ပြီးခဲ့တဲ့ တလောကလည်း လူနာတွေကို ကုသပေးတဲ့ ကတ်သလစ်ဘာသာက ဆေးခန်းကိုလည်း ဝင်ဖမ်းတာရှိတယ်။ တရားမဝင် ဆေးကုသတယ်လို့ ခေါင်းစဉ်တပ်ပြီးမှ အဲဒီမှာ အရေးကြီးတွေ ပစ္စည်းတွေယူသွားတာမျိုးလုပ်တယ်။ ကူညီပေးတဲ့ သူတွေကို လိုက်ခေါ်တာမျိုးတွေလည်း တောက်လျှောက်ရှိတယ်။ တချို့ကူညီပေးတဲ့သူတွေဆိုလည်း စစ်ရှောင်နေရတဲ့ အခြေအနေမျိုးတွေဖြစ်ကုန်ပြီ။ နောက်ပိုင်း အခက်အခဲတွေပိုဖြစ်လာတာပေါ့။

မေး-စစ်ရှောင်ပြည်သူတွေကိုဖမ်းဆီးခံရတာ ၊သတ်ဖြတ်ခံရတာ ၊သေဆုံးမှုတွေ ရှိပါသလား။
ဖြေ- ရှိတယ်။ လက်နက်ကြီးထိတာမျိုးရှိတယ်။နောက်ပြီးတော့ ရွာကို ရိက္ခာပြန်ယူတုန်း ပစ်သတ်ခံရတာမျိုးတွေလည်းရှိတယ်။ အရေအတွက် အတိအကျတော့ မပြောနိုင်ဘူး။ ဆယ်ဂဏန်းနဲ့ချီပြီးရှိတယ် ဘယ်နှစ်ယောက်လဲဆိုတာ အတိအကျ
ကစာရင်းကြည့်မှရမယ်။
မေး-စစ်ရှောင်လူထုတွေအနေနဲ့ ဒီလိုအခြေအနေကြုံနေရတဲ့အပေါ် ဘယ်လိုစိတ်ခံစားချက်တွေရှိနေတယ်လို့ ကြားမိပါသလဲ။
ဖြေ-စစ်ရှောင်တွေအနေနဲ့ကတော့ သူတို့က စစ်ကောင်စီကိုတော့ အမြန်ဆုံးအပြုတ်တိုက်ဖို့ကိုတော့သူတို့က မျှော်လင့်ကြတာပေါ့။ ကျွန်တော်တို့နဲ့ စကားပြောဖြစ်တဲ့ စစ်ရှောင်တွေ တော်တော်များများကတော့ မြန်မြန်တိုက်၊ နိုင်အောင်တိုက်၊ ငါတို့ ဒုက္ခ ဘယ်လိုပဲရောက်ရောက် ငါတို့တက်နိုင်သလောက် ကြိုးစားရပ်တည်နေမယ် ရှောင်နေမယ်၊ နင်တို့မြန်မြန်တိုက် နိုင်အောင်တိုက် ငါတို့ စစ်အုပ်ချုပ်တာကိုဘယ်လိုမှ လက်မခံနိုင်ဘူး။ အဲဒါကြောင့် နိုင်အောင်တိုက် ဖြစ်နိုင်ရင် မြန်မြန်တိုက်ပေးပေါ့။ နောက်တစ်ခုက ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေကိုရောနင်တို့ ပြောလို့မရဘူးလားပေါ့။ ငါတို့ ဒေသလိုမျိုး ကျန်တဲ့ဒေသတွေမှာ စစ်ကောင်စီကိုတော်လှန်တာတွေ ဒီထက်ပိုပြီး အားဖြည့်ပြီးတော့ လုပ်ပေးဖို့ တောင်းဆိုလို့မရဘူးလား စသဖြင့် အဲဒါမျိုးတွေ ပြောလာတာရှိတယ်။

မေး – သူတို့ပြောတာက တစ်နိုင်ငံလုံး စစ်ကောင်စီကို ခုခံတော်လှန်ကြဖို့ ညွှန်းတာပေါ့နော်။ KNDFအနေနဲ့ရော အခြားတိုင်းနဲ့ ပြည်နယ်ကိုဘယ်လိုသတင်းစကား ပါးလိုပါသလဲ။
ဖြေ-အားလုံးညီညီညွတ်ညွတ်နဲ့ ဒီထက်ပိုပြီး အားကောင်းကောင်းနဲ့ တော်လှန်ကြဖို့ လိုတယ်။ နောက် ဒီမှာ ရှိတဲ့ စစ်ရှောင်တွေကလည်း အဲဒီလိုမျိုးဖြစ်စေချင်တယ်။ ကျွန်တော်တို့ KNDF အနေနဲ့လည်း တစ်နိုင်ငံလုံးမှာရှိတဲ့ PDF ပဲပြောပြောပေါ့နော် စစ်ကောင်စီကို လက်မခံဘဲနဲ့ ပြန်ပြီးမှ တော်လှန်နေတဲ့ ပြည်သူပြည်သားအားလုံး ဒီထက်ပိုစည်းလုံးတဲ့ တော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ လိုတယ်လို့ပဲ ပြောချင်ပါတယ်။ အဲဒီလို ဖြစ်စေချင်ပါတယ်။
မေး-လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကလည်း တိုက်ပွဲတွေဖြစ်လို့ နယ်စပ်ကိုသွားနေရတဲ့ ကရင်နီစစ်ဘေးဒုက္ခသည်တွေရှိတော့ အဲဒီဘက် အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ-နယ်စပ်မှာတော့ တော်တော်များများရောက်သွားပြီ။ အရင်ကတည်းက ရောက်နေတဲ့အုပ်စုတွေရှိသလိုဒီ ၂၀၂၁ မှာ အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီဘက်ကို ရောက်သွားတဲ့ စစ်ရှောင်တွေလည်း ထောင်ဂဏန်းရှိနေပြီ။ အရင်က စစ်ရှောင်ကလည်း နှစ်သောင်းကျော် သုံးသောင်းလောက်ရှိမယ်ထင်တယ်။
မေး-ဘာများဖြည့်စွက်ပြောလိုပါသလဲ။
ဖြေ-ဖြည့်စွက်ပြောစရာသိပ်တော့မရှိပါဘူး။ အဓိကတော့ ဘယ်နေရာပဲ ရောက်ရောက်ဘယ်လိုမျိုးပုံစံပဲ ရှိနေနေပေါ့ ကျွန်တော်တို့ လူထုအရေးတော်ပုံအောင်နိုင်ဖို့အတွက် အတူတူပါဝင်ရအောင်၊ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူရဲ့ သတင်းကိုလည်း အချင်းချင်း မှန်ကန်တဲ့ သတင်းဖြန့်ဝေပေးကြို့ အချင်းချင်းကြားထဲမှာသွေးမကွဲကြဖို့ပေါ့။
ကျေးဇူးတင်ပါတယ်။


















































