Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“အာဏာရှင်ဖြုတ်ချရေးလူထုလှုပ်ရှားမှုမှာတော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး ကတော့ အခုတောင်းဆိုတိုက်ပွဲဝင်နေတဲ့ လူထုလှုပ်ရှားမှုတွေနဲ့အတူ အတူတကွ ရပ်တည်နေတယ်လို့ပဲမြင်တယ်။ ဒီအတိုင်းပဲ အတူတကွစုပေါင်းပြီးတော့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်ရမယ်လို့နားလည်တယ်”

KNU တွဲဖက်အတွင်းရေးမှူး ပဒိုစောလှထွန်းနှင့် မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း​​ ကရင်အမျိုးသားအစည်းအရုံး ( KNU)၏ ရပ်တည်ချက် ၊ ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံထူ​ထောင်​ရေးအတွက် KNU ၏ ရှုမြင်ပုံနှင့်ကြိုးပမ်းမှု ၊ KNU နယ်​မြေတွင်ခိုလှုံလာသူများနှင့်ပတ်သပ်၍ ရပ်တည်ချက် ၊ တရုတ်လွှမ်းမိုးမှုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအ​ခြေအ​နေ ၊ KNU နှစ်ပတ်လည်ညီလာခံအစည်းအ​ဝေးစသည်တို့နှင့်ပက်သပ်၍ KNUတွဲဖက်အတွင်းရေးမှူး ပဒိုစောလှထွန်းကို​​ People’s Spring က မေးမြန်ထားသည်များကို​ဖော်ပြလိုက်ပါသည်။

​မေး-စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU အဖွဲ့ရဲ့ ရပ်တည်ဆောင်ရွက်ချက်တွေကို ရှင်းပြပေးပါလား။

​ဖြေ-ကျွန်တော်တို့ KNUကတော့ အာဏာသိမ်းပြီး ၁၁လအတွင်းမှာ KNU အဖွဲ့အစည်းရဲ့ အဖွဲ့တွင်း လုပ်ငန်းတွေဖြစ်တဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေး နောက် စစ်ရေး၊ စည်းရုံးရေးပေါ့။ အဖွဲ့အစည်းတွင်းမှာ ဌာန ၁၄ခုရှိတယ်။ အဲဒီဌာနဆိုင်ရာ လုပ်ငန်းတွေကိုလည်း ပုံမှန်အကောင်အထည်ဖော်မှုလုပ်တာပေါ့ ဒါက အဖွဲ့တွင်း ကိစ္စ။ နောက် KNU ရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို အခြေခံတဲ့ အကောင်အထည်ဖော်ရမယ့် လုပ်ငန်းတွေကို အကောင်အထည် ဖော် ဆောင်ရွက်တာပေါ့။ တစ်ဖက်မှာ လက်နက်ကိုင်တိုက်ပွဲတွေရှိတယ်ဆိုတော့ KNLA ရဲ့ အပတ်စဉ် အခြေခံ သင်တန်း တွေကိုလည်း လုပ်တာပေါ့ ။ ဒီဘက်ကာလမှာ ကိုဗစ်တွေလည်းရှိတော့ ကျန်းမာရေးဌာနဘက်ကလည်း ကိုဗစ်ကူးစက်မှု လျော့ပါးအောင် ဆောင်ရန် ၊ရှောင်ရန်နဲ့ ကျန်းမာရေးဆိုင်ရာ ကူညီစောင့်ရှောက်မှုတွေ လည်းလုပ်တာပေါ့။ ပညာရေးအပိုင်းက တချို့ကျောင်းတွေဖွင့်လို့မရတာရှိတယ် ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျောင်းတွေဖွင့်ခဲ့တာလည်းရှိတယ်။ နောက် တစ်ဖက်မှာတော့ နိုင်ငံရေးအရလည်း အာဏာသိမ်း ပြီးတွေ့ရမှာပေါ့။ ပြည်သူလူထုတွေ အာဏာသိမ်းမှုကို လက်မခံလို့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြမှုတွေရှိတယ်။ အဲဒီမှာ KNUအနေနဲ့ တွေ့ရှိချက်တစ်ခုတွေ့တယ်။ မတူညီတဲ့ ဆန္ဒဖော်ထုတ်မှု၊ တောင်းဆိုမှုပေါ့။ ဒီဘက်က အာဏာသိမ်းခံရတဲ့ NLD ဘက်က ပြည်သူတွေဘက်က အဓိက အရေးကြီးတဲ့ အာဏာရှင်စနစ်ကို ဖျက်သိမ်းခြင်း၊ နောက်ဖမ်းဆီးခံရသူတွေလွှတ်ပေးပေါ ရွေးကောက်ပွဲ တွေအသိအမှတ်ပြုဖို့ လွှတ်တော်ခေါ်ယူဖို့ အဲဒါတောင်းဆိုတာပေါ့။ နောက် အခြားတစ်ဖက်မှာ ပြန်ကြည့်ရင်တော့ ပြည်သူတွေရဲ့အထွေထွေ သပိတ်မှာ အဓိက အာဏာရှင်စနစ် ဖျက်သိမ်းခြင်း ၊ဖမ်းဆီးသူတွေလွှတ်ပေးဖို့ ဒါက ခုနနဲ့တူတာတွေရှိတာပေါ့။ ဒါပေမဲ့ မတူတာက ၂၀၀၈ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ထူထောင်ရေးက တောင်းဆိုမှု နှစ်ခုက မတူဘူး။ အဲဒါကြောင့် ဆန္ဒဖော်ထုတ်တောင်းဆိုမှုက နိုင်ငံရေးအရ တောင်းဆိုမှုနဲ့ ဘုံနိုင်ငံရေးတောင်းဆိုမှု တူအောင် ဆောင်ရွက်ပေးရတဲ့ အပိုင်းတွေရှိတာပေါ့။ အဲဒါကြောင့် မတ်၊ ဧပြီလောက်မှာတော့ NLD အခြေခံ ပြည်သူ လူထုရော ကျွန်တော်တို့ အထွေထွေ ဆန္ဒပြ ပြည်သူလူထုတွေရော တောင်းဆိုမှုတွေ ပြန်တူသွားတယ်။ ကျွန်တော်တို့ ပြန်နားလည်လိုက်တာက ၂၀၀၈ ဖွဲ့စည်းပုံ မဖျက်သိမ်းလို့မရဘူး။ နောက် ဖွဲ့စည်းတည်ဆောက်ချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်တဲ့ အတွက် ၂၀၀၈ အလွန် တည်ဆောက်ချင်တဲ့ နိုင်ငံတော် အတွက်ပါ ရည်ရွယ်တဲ့ တောင်းဆိုမှုတွေ ဘုံနိုင်ငံရေးရပ်တည်ချက်တွေ ဖြစ်သွားတာပေါ့။ အဲဒါကြောင့်မို့လို့ အာဏာရှင်စနစ်ဖျက်ပေးဖို့ပါတယ်။ ဖမ်းဆီးသူခံရတဲ့သူတွေလွှတ်ပေးဖို့ ပေါ့ ဖမ်းဆီးခံရတဲ့ သမ္မတပါတယ် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ အခြား ဖမ်းဆီးခံ ထိတဲ့ ဘယ်သူမဆိုပေါ့ လွှတ်ပေးဖို့ပေါ့။ ပြီးတော့ ၂၀၀၈ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ တောင်းဆိုမှုတွေ တူသွားအောင်ပေါ့။ ဒီဘက်က အကြမ်းမဖက် ဆန္ဒဖော်ထုတ်တဲ့ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို ဆောင်ရွက်ပေးခဲ့တဲ့ အပိုင်းတွေလည်း ပါတာပေါ့။

မေး-အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာနယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတာဘာ​ကြောင့်ပါလဲ။

Public Service Announcement

Public Service Announcement

​ဖြေ-KNUနယ်မြေအတွင်းမှာ ဒီအာဏာမသိမ်းခင်ကလည်း တိုက်ပွဲတွေရှိတာပေါ့။ ဒါပေမဲ့ သတင်းအရ ထွက်တာတို့ ထိမ်းသိမ်းရတဲ့ အပိုင်းတွေ ရှိတာပေါ့နော်။ ဒီဘက် အာဏာသိမ်းမှု အလွန်မှာတော့ သိကြတဲ့ အတိုင်းပဲ တပ်မတော်ဘက်က KNUရဲ့ နယ်မြေဒေသတွေကို စစ်ဆင်ရေးပုံစံမျိုးတွေ တိုးလာတယ် ချဲ့လာတယ် အင်အားတွေ ဖြည့်လာတယ် အဲဒီလိုမျိုးတွေ လည်း ရှိလာတဲ့အပေါ် အာဏာသိမ်းပြီး နောက်ပိုင်း KNU ရဲ့ ခရိုင် တပ်မဟာ တော်တော်များများမှာ တိုက်ပွဲတွေ ဆက်တိုက်ပေါ်ပေါက်လာရတဲ့ အကြောင်းအရင်းဖြစ်တာပေါ့။ အဓိကတော့ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှု နယ်မြေစိုးမိုးမှုနဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေ စစ်ဆင်ရေးပုံစံ ထိုးဖောက်ဝင်ရောက်မှုတွေကြောင့် ဖြစ်တဲ့ တိုက်ပွဲတွေ လို့ ပြောလို့ရတာပေါ့။

​မေး-တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး KNU ထုတ်ပြန်တဲ့အခါ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များတာ တွေ့ရပြီး KNUဘက်က နည်းတာတွေ့ရပါတယ်။ ဒီဟာ ဘယ်လိုအခြေအနေကြောင့်ပါလဲ။

​ဖြေ-အဲဒါကတော့ သူတို့အော်ပရေးရှင်းဖော်ထုတ်တဲ့ တပ်တွေမှာ ပါဝင်ပတ်သက်တဲ့ စစ်ကောင်စီတွေရဲ့စိတ်ဓာတ်နဲ့ တိုက်ခိုက်ရေးအပေါ်မှာလည်း မူတည်သလို နယ်မြေအရ ကျွမ်းကျင်မှုမရှိတဲ့ သူတွေနဲ့လည်း ဆိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခု တပ်မတော်သားတွေရဲ့ အနေအထားတွေက စစ်တပ်ထဲ ဝင်ရတာက စိတ်ဆန္ဒရှိလို့ ဝင်ရတာနည်းပါးတာပေါ့။ တပ်ထဲကို ဝင်ရတာက သူ့ဘ၀ မိသားစုဘ၀ ရပ်တည်ရေးလား၊ ဘ၀မှာ လုပ်စားကိုင်စားမရှိတော့တဲ့အခါ နောက်ဆုံး မထူးတော့ဘူးကွာ တပ်ထဲဝင်မယ်ဆိုတဲ့ ဝင်ရောက်မှုကလည်း ရှိတော့ တိုက်ခိုက်ရမယ့် စိတ်ဓာတွေက မရှိနေဘူး။ အမိန့်ပေးလို့သာ တိုက်ရတယ် ဒါပေမဲ့ နယ်မြေဒေသအရလည်း မကျွမ်းကျင်တဲ့အပေါ်မှာ သွားရ လာရ လှုပ်ရှားမှုတွေက နယ်မြေအပေါ်မှာ အခြေခံတဲ့ ထိတွေ့မှုတွေ တိုက်ပွဲတွေ ဖြစ်တဲ့အခါကျတော့ သူတို့ဘက်ကကျဆုံးထိခိုက်မှု ပိုများတဲ့ အခြေအနေဖြစ်တယ်လို့ ပြောလို့ရတာပေါ့။

​မေး-တိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေအခြေအနေက ဘယ်လိုရှိပါသလဲ။

​ဖြေ-KNU အနေနဲ့ နှစ်ပေါင်းများစွာမှာ ဒီလိုမျိုး တိုက်ပွဲကြီးတွေ စစ်ရေးဆိုင်ရာ တိုက်ပွဲငယ်တွေ နှစ်ပေါင်းများစွာ တိုက်လာတော့ ကျွန်တော်တို့ ပြည်သူတွေက စစ်ရှောင်တဲ့ သူတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်ရတဲ့ သူတွေရှိတာပေါ့။ တိုက်ပွဲကြီးတဲ့နေရာဆိုရင် ထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူ ဒုက္ခရောက်တဲ့ ဦးရေက နေရာ ဒေသအလိုက် ကွာခြားတာပေါ့ ။ တိုက်ပွဲတွေ ပိုများများ ဖြစ်တဲ့နေရာမှာတော့ တိုက်ပွဲဖြစ်တဲ့အပေါ် ထွက်ပြေးတိမ်းရှောင်တွေပိုများတာပေါ့။

Public Service Announcement

​မေး-ဒီတော်လှန်ရေးကာလမှာ KNU နယ်မြေတွေမှာ လူထုတွေကို ကူညီစောင့်ရှောက်တာ အကာအကွယ်ပေးတာ တွေလည်းတွေ့ရတော့ ဒီအပေါ် ရှင်းပြပေးပါလား။

​ဖြေ-အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုအချို့က ဒီအာဏာသိမ်းမှုကို လက်မခံဘူး။ တစ်ဖက်မှာတော့ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ တစ်ဖက်မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အပေါ်မှာ အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း လူသားမဆန်စွာ ကြမ်းတမ်းခက်ထန်စွာနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ ဖမ်းဆီးမှုတွေလုပ်လာသလို သူတို့ကို ဆန့်ကျင်တော်လှန်တယ်ဆိုပြီးတော့ ပုဒ်မတွေ ထုတ်ပြီး ဖမ်းဆီးမှုတွေ လုပ်တဲ့အပေါ်မှာ လက်နက်ဘာမှ မရှိတဲ့ ပြည်သူအချို့က အဲဒါတွေ ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ အနေအထားတွေရှိလာတာပေါ့။ ရှိလာတော့ KNU အနေနဲ့က အကြောက်တရားအောက်က ရှိနေတဲ့ ပြည်သူတွေ ဖြစ်တဲ့အတွက် သူတို့တွေရဲ့ လူသားဘ၀ လုံခြုံမှုအတွက်ကို KNU အနေနဲ့ လူသားချင်းဆိုင်ရာစာနာထောက်ထားမှုကို အခြေခံပြီးတော့ ကြည့်ရတဲ့ အနေအထားဖြစ်တာပေါ့။ ဒါက မဖြစ်မနေ ကြည့်ရမယ့် အနေအထားနဲ့ အခြေအနေဖြစ်တာပေါ့။ တကယ်ဒုက္ခရောက်တဲ့သူတွေကို ကျွန်တော်တို့ ဘယ်လိုမျက်နှာလွှဲထားလို့ရမှာလဲ။ မျက်နှာလွှဲခဲပစ်ထားတယ်ဆိုရင် ဒါက လူသားမဆန်တဲ့ မေတ္တာတရား ကင်းမဲ့တဲ့ ပုံစံ ဖြစ်သွားမှာပေါ့။ ကျွန်တော်တို့ KNU အနေနဲ့တော့ ဒါကိုတော့ လက်ခံလို့မရဘူး။ ဒုက္ခရောက်တဲ့ သူတွေကိုတော့ တက်နိုင်တဲ့ဘက်က KNU အနေနဲ့ နိုင်တဲ့ဘက်က အကောင်းဆုံးနဲ့ အတက်နိုင်ဆုံး လူသားချင်းဆိုင်ရာ အောက်က မေတ္တာတရားနဲ့ ကူညီစောင့်မမှုတွေ ဆောင်ရွက်ပေးတာပေါ့။

မေး-လာရောက်ခိုလှုံတာတွေရှိသလို တစ်ဖက်မှာလည်း သင်တန်းလာတက်တာမျိုးလည်းရှိတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြလို့ရရင် ရှင်းပြပေးပါလား။

​ဖြေ- သင်တန်းဆိုတဲ့ဟာမျိုးက ဘယ်လိုပြောရမလဲဆိုတော့ ကိုယ်က ဘာမှ လက်နက်မရှိ ဘာမရှိ တောင်းဆိုတဲ့အပေါ်မှာ အာဏာသိမ်းဘက်က ဒါကို ဖြေရှင်းခြင်းမပြုဘဲ ကြမ်းတမ်းခက်ထန်တဲ့ ကျွန်တော်တို့ မှတ်တမ်း ဓာတ်ပုံတွေမှာရော ဖြစ်စဉ်တွေမှာ တင်လာတဲ့ သတင်းအချက်အလက်တွေကို ကြည့်ရင် တော်တော်ရင်နာစရာကောင်းတဲ့ သတ်ဖြတ်မှုတွေ ပစ်ခတ်မှုတွေ ဖမ်းဆီးမှုတွေ နှိပ်စက်မှုတွေ ကြုံရတဲ့အခါကျတော့ ကျွန်တော်တို့ လက်နက်မဲ့ ဆန္ဒဖော်ထုတ်ကြတဲ့သူတွေက နောက်ဆုံးမှာ မခံနိုင်တဲ့ အခြေအနေ တွေ့ရတာပေါ့။ အဲဒါကြောင့် ဒီဘက်မှာတော့ ပြန်လည်ပြီးတော့ အကောင်အထည် ဖော်နိုင်ဖို့ ဒီတောင်းဆိုမှုတွေ ဆက်လုပ်နိုင်ဖို့ အခက်အခဲကရှိမှာပေါ့။ အဲဒါကြောင့်မို့လို့ သူတို့ကလည်း ရရာ လက်နက် ရရာ သင်တန်း ရရာအခြေခံတွေကိုလည်း သူတို့ တောင်းဆိုတာတွေရှိလာတော့ ကျွန်တော်ထင်ပါတယ် သူတို့ရဲ့ လိုချင်တဲ့ သင်တန်းပုံစံမျိုးတွေက အောက်ခြေရဲ့ ဆက်စပ်နေတဲ့အပေါ်မှာ တချို့ကလည်း သင်တန်းတွေပေးလိုက် တာတွေရှိတာပေါ့။ ကျွန်တော်နားလည်သလောက် တချို့ကလည်း သူတို့ဟာသူတို့ သင်တန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာအချို့ကိုလည်း အွန်လိုင်းဖြစ်တဲ့ YouTube တွေကလည်း ရှာဖွေပြီးတော့လည်း တက်တဲ့ပုံစံမျိုးလည်း ရှိတာပေါ့ ။ခုခေတ်မှာတော့ စစ်သင်တန်းပဲ ပြောပြော လက်နက်ကိုင်တွယ်မှုပဲ ပြောပြော အားလုံးက လေလိုင်းပေါ်မှာ ရှိတော့ လေလိုင်းပေါ်မှာ လေ့လာပြီး ဖန်တီးလုပ်တာတွေရှိသလို သင်တန်းပို့ချမှုတွေလုပ်တာလည်း တွေ့ရတယ်။ ဒါက ကျွန်တော်တို့ သိရှိနေတဲ့ အနေအထားပေါ့။

​မေး-ဒီတော်လှန်ရေးကာလမှာဆိုရင် KNU အပါအဝင် ကချင်၊ ချင်း၊ ကရင်နီ၊ ကိုးကန့်တပ်တွေသာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတာရှိတာပေါ့။ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တိုက်ပွဲမဖြစ်သလို လူထုလှုပ်ရှားမှုအပေါ် ပါဝင်ဆောင်ရွက်တာမျိုးမတွေ့ရတော့ ဘာကွာခြားသွားပါသလဲ။

​ဖြေ-ကျွန်တော်နားလည်သလောက်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးကတော့ ဒီနိုင်ငံရဲ့အာဏာရှင် ဖြုတ်ချရေးက သူတို့ရဲ့ မဟာဗျူဟာနဲ့ သူတို့ရှိနေကြတယ်လို့ နားလည်တာပေါ့။ ဘာဖြစ်လို့လည်းဆိုရင် ဒါက ကျွန်တော်တို့တွေအားလုံး လက်ခံလို့မရတဲ့အရာဖြစ်တာပေါ့။ ဒီနိုင်ငံရဲ့ မဟာလူမျိုးကြီး ဝါဒနဲ့ စစ်အာဏာရှင် ကြီးစိုးတဲ့ သူတွေရဲ့ အောက်ကနေ သူတို့ ဘယ်လိုမှ ရပ်တည်နေဖို့ မသင့်ဘူး မရပ်တည်နိုင်ဘူး။ အဲဒီအပေါ်မှာပဲ တိုင်းရင်းသားတွေက လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ သူ့ရဲ့ အမျိုးသားတန်းတူရေးနဲ့ သူ့အမျိုးသားကာကွယ်မှုနဲ့ ဒီအာဏာရှင် ဖြုတ်ချရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ချည်းပဲ ဖြစ်တယ်ဆိုတော့ တိုက်ပွဲနည်းနာမှာတော့ သူတို့တွေက သူ့နည်းနာနဲ့ တိုက်တဲ့ ပုံစံတော့ရှိပါလိမ့်မယ်။ ကျွန်တော်နားလည်သလောက်တော့ မဟာဗျူဟာအရ အားလုံးက ဒီတိုက်ပွဲထဲမှာ ပါဝင်နေကြတယ်။ ဒါပေမဲ့ နည်းနာပိုင်းနဲ့ နည်းဗျူဟာပိုင်းအရ ခုနမေးတဲ့ မေးခွန်းအပေါ်မှာ ပါဝင် တိုက်နေရတဲ့ ပုံစံမျိုး ဆောင်ရွက်နေရတယ်လို့ ဒီလိုပဲနားလည်ပါတယ်။

မေး-စစ်အာဏာရှန် ဖြုတ်ချရေး လူထုလှုပ်ရှားမှုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘယ်လို ရပ်တည်သင့်တယ်လို့ မြင်ပါသလဲ။

​ဖြေ-ဒီအချိန်မှာ ဘယ်လိုရပ်တည်သင့်သလဲဆိုတော့ ကျွန်တော်တို့အားလုံးကတော့ ဒီနိုင်ငံရဲ့ အာဏာရှင် သက်ဆိုးရှည်ရေးကို လက်ခံလို့မရတဲ့ အခြေအနေနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ အာဏာရှင်စနစ်အောက်မှာပဲ ကျွန်တော်တို့ ဒီနိုင်ငံကြီးမှာ အသက်ရှင်လာခဲ့ရတဲ့ ဆယ်စုနှစ်ပေါင်းများစွာမှာ ဘယ်လိုမှ လက်ခံလို့မရဘူး။ အာဏာရှင်ဖြုတ်ချရေးလူထုလှုပ်ရှားမှုမှာတော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး ကတော့ အခုတောင်းဆိုတိုက်ပွဲဝင်နေတဲ့ လူထုလှုပ်ရှားမှုတွေနဲ့အတူ အတူတကွ ရပ်တည်နေတယ်လို့ပဲမြင်တယ်။ ဒီအတိုင်းပဲ အတူတကွစုပေါင်းပြီးတော့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်ရမယ်လို့နားလည်တယ်။ အဲဒီအတိုင်းပဲ ရပ်တည်နေမယ်လို့ထင်တာပေါ။

မေး-NUCC မှာ KNU ပါတဲ့အခါပြည်သူတွေက အတော်အားတက်သွားကြတာတွေ့ရပါတယ်။ စစ်ကောင်စီက တိုင်းရင်သားလက်နက်ကိုင်တွေကို ဖိအားပေးခြိမ်းခြောက်လိုက် ၊ မက်လုံးတွေပေးပြီးစည်းရုံးလိုက် လုပ် နေပေမယ့် KNU ကနွေဦးတော်လှန်ရေးတောက်လျှောက်ပြည်သူတွေနဲ့အတူရပ်တည်ခဲ့တာက ဘာကြောင့်ပါလဲ။

​ဖြေ-အဓိကတော့ ကနဦး ကျွန်တော်ပြောပြခဲ့တဲ့ အာဏာသိမ်းတဲ့ ကာလ ၁၁လအတွင်းမှာ ကျွန်တော်တို့ ဘာလုပ်ခဲ့လဲဆိုတဲ့ဥစ္စာ ကို ဒီမှာတော့ ပြန်ပြီးတော့ ဆက်စပ်ရမှာပေါ့။ KNUအနေနဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် လုံး၀အရေးကြီးတယ်။ နောက် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းဖို့လိုအပ်တယ်။ ပြီးရင်အနာဂတ်မှာ အတူတကွ ယှဉ်တွဲနေထိုင်မယ့် ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ လိုတာပေါ့။ အဲဒါကြောင့်မို့လို့ NUCC မှာလည်း ဒီနိုင်ငံ အတွက် အကိုက်ညီဆုံးဖြစ်တဲ့ နိုင်ငံရေးစနစ်ပေါ့ ဆိုလိုတာက ဒီနိုင်ငံမှာ ကျွန်တော်တို့ အားလုံး တန်းတူညီမျှ အခွင့်အရေး ပေးမယ့် အတူတတွ တရားမျှတမှုရော တန်းတူညီမျှမှုရော ကိုယ့်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအခြေခံတဲ့ နိုင်ငံတစ်ခုကို တည်ဆောက်ဖို့က လက်ရှိ ဒီကာလမှာ နိုင်ငံရေးအရ NUCC ရဲ့ စုဖွဲ့မှုမှာ ရှိနေကြတာပေါ့။ ရှိနေကြတော့ ဒီစုဖွဲ့မှု အောက်မှာ ဒီနိုင်ငံကို တည်ဆောက်ရမယ့် ပြုပြင်ပြောင်းလဲရေးအရသွားရမယ့် နိုင်ငံရေးဆိုင်ရာ ဘုံရပ်တည်ချက်က ဒီမှာ ရှိတဲ့အတွက် တစိုက်မတ်မတ် ကြိုးစားပြီးတော့ ပါဝင်တာ ဖြစ်သလို ကြိုးစားပြီးတော့ လိုအပ်တဲ့ လမ်းညွှန်မှုဖြစ်စေ ရပ်တည်ချက်တွေဖြစ်စေ ရှေ့ဆက်သွားရမယ့် နိုင်ငံရေးအခင်းအကျင်းဖြစ်စေ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်ရမယ့် ပလက်ပေါင်းတစ်ခုအနေနဲ့သော်လည်းကောင်း ကြားမှာ ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်ရမယ့် စုဖွဲ့မှု ပုံသဏ္ဍန်တစ်ခုရ ရှိနေတဲ့အတွက် ဒီအပေါ်မှာ ကျွန်တော်တို့ အားသွန်ခွန်စိုက် တစိုက်မတ်မတ် ပါဝင်တာဖြစ်တယ်။ အဓိကတော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ့် လမ်းကြောင်း တစ်ခုအရ ချဉ်းကပ်တာလည်း ဖြစ်တယ်။ အားလုံးကလည်း ဒီအပေါ် သွားကြမယ်လို့ သံဓိဌာန်တွေချထားတယ်။ နောက် ဒီစနစ်နဲ့ ကျွန်တော်တို့ တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရဲ့ သဏ္ဍန်ကလည်းဒီနိုင်ငံနဲ့ ကိုက်ညီတဲ့ သဏ္ဍန်ဖြစ်တာပေါ့နော်။ အဲဒါကြောင့်မို့လို့ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှု ကာလမှာ ပေါ်ပေါက်လာတဲ့ အာဏာရှင် ဖြုတ်ချရေး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကို အတူ ပါဝင်ကြမယ့် သူတွေနဲ့အတူ ကျွန်တော်တို့ ပါဝင်ဖြစ်ခဲ့တာဖြစ်တယ်။ ဒါကလည်း ကျွန်တော်တို့ တစိုက်မတ် မတ်ရပ်တည်လာတဲ့ ဟိုး ၁၉၅၆ ကတည်းက KNU ရပ်တည်လာတဲ့ နိုင်ငံရေးရပ်တည်ချက်တစ်ခုအနေနဲ့ ရပ်တည်ပြီး သွားတယ်ဆိုလည်း ပြောလို့ရတာပေါ့။

​မေး-နောက်တစ်ခုကတော့ KNLAနဲ့ PDF ပေါင်းပြီး တိုက်ပွဲဝင်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက တပ်မဟာ(၅)ဘက်မှာ သတင်းထုတ်ပြန်တာတွေ့ရပါတယ်။ PDF တွေရဲ့တိုက်ရည်ခိုက် ရည်အပေါ်ဘယ်လိုမြင်ပါလဲ ။ ဒီမေးခွန်းဖြေကြားလို့ အဆင်ပြေရင် ဖြေကြားပေးပါလား။

​ဖြေ-အဲဒီအပေါ်မှာတော့ သတင်းအရတော့ ရေးတာတော့ တွေ့တယ်။ တကယ့် မြေပြင်မှာ ဟုတ်မဟုတ်ကတော့ ပြန်ပြီး စိစစ်ရမှာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် PDF ရဲ့ တိုက်ရည်ခိုက်ရည်ကို ပြန်ကြည့်ရင် ကရင် KNU ဒေသမှာတင်မဟုတ်ဘူးပေါ့ အခု ဖြစ်နေတာက PDF ဆိုတာက တစ်နိုင်ငံလုံး ဒီအာဏာရှင်ကို တွန်းလှန်ဖို့ လက်မခံနိုင်လို့ ပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တာပေါ့။ သူတို့ရဲ့ တိုက်ရည်ခိုက်ရည် ပြန်ကြည့်ရင် တစ်ဖက်မှာ လက်ရုံးရည်ထက် နှလုံးရည်က ပိုးအားကောင်းတာပေါ့။ သူတို့ရဲ့ နှလုံးရည်ရဲ့ စိတ်ဓာတ်နဲ့ ခံနိုင်ရည်နဲ့ ရပ်တည်ချက်တွေ ခိုင်မာတဲ့အပေါ်မှာ သူတို့ရဲ့ တိုက်ရည်ခိုက်ရည်ကလည်း ကောင်းမွန်တဲ့ ပုံစံလို့ ပြောလို့ရတာပေါ့။ အဲဒီလိုမျိုးတွေ့ရတာပေါ့။

မေး-လက်နက်ကိုင်တာလပိုင်းပဲရှိတဲ့နိုင်ငံတစ်ဝန်းက PDF တွေ၊ LDF တွေ ၊မြို့ပြပျောက်ကျားတွေက ဆယ်စုနှစ်ပေါင်များစွာလေ့ကျင့်လက်နက်ကိုင်လာတဲ့ စစ်ကောင်စီတပ်တွေကို လက်နက်အင်အားနည်းပေမယ့် တစ်ကယ်တိုက်တော့စစ်ကောင်စီတပ်တွေအထိ့နာအောင် တိုက်နိုင်တာတွေ့ရပါတယ်။ ဘာကြောင့်လိုမြင်ပါလဲ ။

​ဖြေ-မြန်မာနိုင်ငံရဲ့ မြန်မာ့တပ်မတော်လို့ခေါ်တဲ့ တပ်မတော်သားတွေက အမှန်တကယ် ပြန်ကြည့်ရင် အရင်တုန်းက တပ်မတော်သားအနေနဲ့ စုဆောင်းတဲ့နေရာမှာ အလုပ်လက်မဲ့သူတွေ ဘ၀ရပ်တည်နေထိုင်လို့မရတဲ့သူတွေအများကြီးရှိတာပေါ့။ ရှိတဲ့အခါသူတို့တွေက သူ့ရဲ့ မိသားစု ဘ၀သော်လည်းကောင်း သူ့ရဲ့ ရပ်တည်ရေးအရသော်လည်းကောင်း လုပ်စားကိုင်းစားရတာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဘာမှမရှိတော့ ခုနက ကျွန်တော်ပြောခဲ့သလို မထူးတော့ဘူး စစ်တပ်ထဲပဲ ဝင်လိုက်မယ်။ စစ်တပ်ထဲဝင်လိုက်ရင် စစ်တပ်က ထောက်ပံ့တဲ့ ငွေကြေးတချို့ရတာပေါ့ ။အဓိကတော့ စစ်တပ်ထဲဝင်တဲ့ ခံယူချက်က လက်ရှိတပ်မတော်သားတွေမှာ ဘာကြောင့် စစ်တပ်ထဲဝင်ရတယ်ဆိုတဲ့ ခံယူချက်က နိုင်ငံတော်ကို ကာကွယ်ဖို့ တိုင်းပြည်ကို ကာကွယ်ဖို့ထက် သူ့ဘ၀ ရပ်တည်ရေးအခြေခံတဲ့ဝင်ရောက်မှု တစ်ခု ဖြစ်တာပေါ။ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါကျတော့ သူတို့ တိုက်နေရတဲ့ တိုက်ပွဲတွေကို ပြန်ပြီးတော့ စဉ်းစားဆင်ခြင်သုံးသပ်မိတာလည်း ဖြစ်မှာပေါ့။ နောက်တစ်ခုက တိုက်ချင်ခိုက်ချင်စိတ်က ဆန္ဒမဲ့တာပေါ့။အမိန့်အတိုင်း မဖြစ်မနေသွားရမယ် မိသားစုတွေကြောင့် မတက်သာလို့ ရုန်းထွက်လို့မရတဲ့ အခြေအနေအောက်မှာ ရှေ့တန်းထွက်လိုက်ရတဲ့ အခြေအနေမျိုးတွေဖြစ်လာတယ်။ သူတို့ ခံစားချက်နဲ့ လှုပ်ရှားမှု က စစ်တိုက်ခိုက်မှုတွေမှာ စိတ်ဆန္ဒပြင်းပြမှုမရှိဘူးပေါ့။ အဲဒါကြောင့်မို့လို့ပဲ တစ်ဖက်မှာလပိုင်းပဲ ပြောတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နိုင်ငံအတွက်ကို လက်ခံလို့မရတဲ့ အာဏာရှင်ပြုတ်ကျရမယ် ဒီအာဏာရှင်အလိုမရှိဘူး နောက် ဒီအာဏာရှင်တွေကို ချုပ်ငြိမ်းဖို့ မဖြစ်မနေ အသက်ပေး တိုက်ခိုက်ရမယ် ခုခံရမယ်ဆိုတဲ့ အဲဒီအပေါ် မှာပဲ ကွာသွားတယ်လို့ မြင်တယ်။ အဲဒါကြောင့်မို့လို့ပဲ တိုက်တဲ့တိုက်ပွဲတိုင်းမှာ စိတ်ဓာတ်ပြင်းပြမှု ခံယူချက် နောက်ပြီးတော့ နိုင်ကို နိုင်ရမယ်ဆိုတဲ့ ရပ်တည်ခံယူချက်တွေကပဲ သူတို့ရဲ့ အောင်မြင်မှုတွေ အာဏာသိမ်း စကစ ဘက်က ကျဆုံးမှုတွေများတာ ကျွန်တော်တို့ တွေ့ရတာပေါ။ တစ်ဖက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ခံယူထားတဲ့ ခံယူချက်နဲ့ နောက်တစ်ခုက သူတို့ ပိုင်နိုင်တဲ့ သူတို့ဒေသတွင်း မြေပြင် ပထဝီ အနေအထားကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တဲ့အတွက်လည်း စကစဘက်က အကျအဆုံးများတယ်လို့ သုံးသပ်လို့ရတာပေါ့။

​မေး-ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ခိုက်ရေးစွမ်းရည်ပိုတက်လာဖို့ဘယ်လိုအကြံပြုချင်ပါသလဲ။

​ဖြေ-အဲဒါက စွမ်းရည်မြှင့်အောင်တော့ ပိုမိုကောင်းမွန်တဲ့ သင်တန်းတွေ တက်ဖို့လိုတာပေါ့။ စစ်ရေးတိုက်ခိုက်မှုတွေမှာတော့ တိုက်နည်းခိုက်နည်း စစ်ပွဲရဲ့ ပရိယာယ်နောက် စစ်ရေးဆိုင်ရာနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကတော့ သင်တန်းတက်မှပဲ ကျွမ်းကျင်တဲ့ ပိုမိုကောင်းမွန်တဲ့ အခြေအနေကိုတော့ ရမှာပေါ့။ တစ်ဖက်မှာတော့ သင်တန်းတွေနဲ့ လက်တွေ့မြေပြင်ပေါင်းစမှပဲ ပိုထိရောက်တဲ့ တိုက်ပွဲနည်းနာတွေဖော်လို့ရမှာပေါ့။ ဒီထက်ပိုကောင်းအောင် အရေးကြီးတဲ့ သူတို့ ပိုသိသင့်တဲ့ သူတို့ တက်ရမယ့် စစ်ဘက်ဆိုင်ရာ သင်တန်းတွေကိုတော့ တက်ဖို့လိုတာပေါ့။

​မေး-စစ်ကောင်စီကို နိုင်ငံတကာက အဆက်အဆံလုပ်တာမျိုးမရှိဘူးဒါပေမဲ့ ကမ္ဘောဒီယားက အဆက်အဆံစလုပ်တာတွေ့ပါတယ်။ အဲဒီနောက်မှာ တရုတ်လက်ပါမယ်လို့သုံးသပ်တာတွေရှိပါတယ်။ တရုတ်က အမြဲတမ်းသူသြဇာလွှမ်းတဲ့ EAOs တွေကိုကိုင်ပြီး မြန်မာ့ပြည်တွင်းရေးကို ကစားတာတွေလုပ်လေ့ရှိတော့ ဒီတစ်ကြိမ်ရော အဲလိုလုပ်လာနိုင်တယ်ထင်ပါလား ။ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး တရုတ်က EAOs တွေကို စစ်ကောင်စီနဲ့ပူးပေါင်းဖို့ဖိအားပေးလာခဲ့ရင် ဘယ်လိုရပ်တည်လုပ်ကိုင်သင့်တယ်ထင်ပါလဲ။

​ဖြေ-ပြန်ကြည့်ရင် မြန်မာနိုင်ငံရဲ့ အာဏာသိမ်းမှု အဆက်ဆက်နဲ့ နိုင်ငံတကာရဲ့ ဆက်စပ်မှုက တွေ့ရမှာပေါ့။ ၆၂မှာ အာဏာသိမ်းတဲ့နောက်ပိုင်းမှာ ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်စပ်မှုက အခန်းကဏ္ဍတစ်ခုအနေနဲ့ ရှိနေပေမယ့် သူတို့ရဲ့ အာဏာရှင်ထားရှိချင်တဲ့ အကျိုးစီးပွားကို အခြေခံတဲ့တည်ဆောက်မှုတွေကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံက ဆင်းရဲတွင်းနက်ပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့တယ်။ ဒီအတိုင်း ၈၈မှာ ထပ်ပြီး အာဏာသိမ်းပြန်တော့လည်း ကမ္ဘာ့နိုင်ငံတော်တော်များများက အာဏာရှင်လက်မခံတဲ့ ပုံစံမျိုးနဲ့ ဆန်ရှင်တွေဖြတ်ကြတာပေါ့ ဒါပေမဲ့ အဲဒီကာလတုန်းက ဒီဘက်က အဓိကတော့ တရုတ်နိုင်ငံက ဒီဘက် န၀တ၊နအဖ ခေတ်တစ်လျှောက်လုံး နောက်ကနေ ရပ်တည်ပေးခဲ့တဲ့ နိုင်ငံလို့ ပြောလို့ရတာပေါ့။ ဘာကြောင့်လဲဆိုရင် ကုလသမဂ္ဂ အရေးတွေမှာ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံဘက်က ရပ်တည်ပေးတယ် ဆိုတဲ့ အနေအထားမျိုးနဲ့ မဲခွဲဆုံးဖြတ်မှုတွေမှာ ဗီဒိုအာဏာသုံးပြီးတော့ ရပ်တည်ပေးခဲ့တာပေါ့။ ဒါပေမဲ့ ဖေဖော်ဝါရီ ၁ရက်နေ့အလွန်မှာတော့ တရုတ်ရဲ့ ရပ်တည်ချက်က ကနဦးက စကစဘက်ကရှိနေသော်လည်း နောက်ပိုင်းမှာတော့ ရပ်တည်ချက်တွေ ပြောင်းလဲမှုတွေပြလာတာလည်းတွေ့ရတာပေါ့။ ဒီဘက် NLDကို အတိအလင်း ပြန်ပြီး လက်ခံတာတို့ NLD မပါရင် ရှေ့ဆက် နိုင်ငံရေး သွားလို့မလွယ်တာတွေကို သူက အသိပေးပြီး ပြောပြတာတွေရှိသလို နောက် ကုလသမဂ္ဂ အစည်းအဝေးတွေမှာ ဘာသိဘာသာပဲ ဗီဒိုအာဏာတွေမထုတ်သုံးတာတို့ ဒီဘက်က စစ်ကောင်စီရဲ့အနေအထားတွေလည်း လက်မခံတဲ့ ပုံစံတွေ ပြသတဲ့အနေနဲ့ လုပ်လာတာလည်း ဒီဘက်က ထူးခြားတဲ့ တရုတ်ရဲ့ ရပ်တည်ချက် ကို ကျွန်တော်တို့ တွေ့ရတာပေါ့။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် တရုတ်ကတော့ မြန်မာနိုင်ငံဟာ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ ဘယ်လိုပြောမလဲ သူ့ရဲ့ စားအိုးကြီး တစ်ခုလို ထင်မှတ်ပြီးတော့ ကိုင်တွယ်ထားတဲ့အတွက် သူလက်လွှတ်ရမယ့် ဆုံးရှုံးမှုတွေနဲ့ သူ့နိုင်ငံရဲ့ လွှမ်းမိုးမှုကိုလည်း လျှော့ချလို့မဖြစ်နိုင်ဘူးပေါ့။အဲဒါကြောင့်မို့လို့ အဲဒါကို သူ balance လုပ်ပြီးတော့ သွားနေရတဲ့အပိုင်းလည်း ကျွန်တော်တို့ သုံးသပ်လို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်ကထက်စာရင် တရုတ်ရဲ့ လက်ရှိအာဏာသိမ်းစစ်ကောင်စီအပေါ်မှာ အရင်အာဏာသိမ်းခဲ့တဲ့ သူတွေထက် စာရင်တော့ အနောက်ကနေ ရပ်တည်ပေးမှုက ကွာခြားလာတာ မြင်ရတာပေါ့။ တစ်ဖက်မှာတော့ EAOတွေအပေါ် သူလွှမ်းမိုးချုပ်ခြယ်လာနိုင်တဲ့ ပုံစံက ရှိကောင်းရှိမယ်။ ဒါပေမဲ့ ရှိပေမယ့် EAOတွေက သူ့ရဲ့နဂိုရ်မူလ ရပ်တည်ချက်နဲ့ နိုင်ငံရေးရပ်တည်ချက်ကတော့ ရှိနေဆဲပဲဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် EAOတွေရဲ့ ရပ်တည်ချက်က ကိုယ့်ရဲ့အမျိုးသားဆိုင်ရာ မျှော်မှန်းချက်နဲ့ နိုင်ငံရေး ဆိုင်ရာ ရပ်တည်ချက်တွေအောက်မှာ တည်ဆောက်ချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ရရှိရေးအတွက်က မားမားမတ်မတ် ရှိနေမှာပဲ။ တစ်ဖက်မှာ သူ့ရဲ့ လွှမ်းမိုးမှုနဲ့ ဖိအားပေးမှုတွေရှိလာတာ တောင်မှတိုင်းရင်းသားတွေရဲ့ ရပ်တည်ချက်က ရှိနေမှာပဲဆိုတာ ပြောလို့ရတာပေါ့။

မေး-တရုတ်ရဲ့ လွှမ်းမိုးမှု ဖိအားပေးမှုရှိနေရင်တောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်ချက်က မပြောင်းလဲဘဲ ဆက်ရှိနေရမယ့် အခြေအနေမျိုးလား။

​ဖြေ-ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ပြန်ကြည့်ရင် သမိုင်းကြောင်းတလျှောက်မှာ တရုတ်နိုင်ငံရဲ့ မြန်မာအစိုးရ အပါအဝင် လွှမ်းမိုးမှုတွေ ရှိနေပေမယ့် တိုင်းရင်းသားတွေရဲ့ တည်ဆောက်ချင်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်ကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့အတိုင်းအတာကဟိုးအရင်ကတည်းက ရှိခဲ့တာ။ဒီဘက် ကာလာမှာ ဒီထက်တောင်ပိုပြီး ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်တာပေါ့။

မေး-နောက်ဆုံးမေးခွန်းက လာမယ့်နှစ်မှာ KNU ညီလာခံ ရှိလာနိုင်တော့ တကယ်လို့ ညီလာခံမှာ ခေါင်းဆောင် အပြောင်းအလဲတွေ ဖြစ်သွားရင်တော်လှန်ရေးအပေါ် သက်ရောက်မှု ဖြစ်နိုင်ပါသလား။

​ဖြေ-ဒါကတော့ ဘာမှတော့ မရှိနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် လက်နက်ကိုင်တော်လှန်ရေးစကတည်းက ၁၉၅၆ ကွန်ကရက်မှာကတည်းက KNU သွားရမယ့် နိုင်ငံရေးရပ်တည်ချက် နိုင်ငံရေးလမ်းစဉ်ကိုချထားပြီးသား ဖြစ်တယ်။ ဒီနိုင်ငံရေးလမ်းစဉ်တွေနဲ့ ဥက္ကဋ္ဌကြီး စောဘဦးကြီး ကိုယ်တိုင်ချမှတ်ပေးခဲ့တဲ့အပေါ်မှာ KNU ကရင့်အမျိုးသားအစည်းအရုံးက တစိုက်မတ်မတ်ပဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ ဒီဘက် အဖိနှိပ်ခံ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး တိုက်ပွဲဝင်နေတာဖြစ်တယ်။ အဲဒါကြောင့် လာမယ့် ကွန်ကရက်မှာလည်း KNUအနေနဲ့ ရှိထားပြီးသား နိုင်ငံရေးရပ်တည်ချက်တွေ ရှေ့ဆက်တိုက်ပွဲဝင်ရမယ့် နိုင်ငံရေးဆိုင်ရာ ရှေ့ဆက်သွားမယ့် အခင်းအကျဉ်းအတွက် အပြောင်း အလဲရှိနိုင်မှာ မဟုတ်ဘူး။ ချမှတ်ထားတဲ့ ကိုယ့်ရဲ့နိုင်ငံရေးလမ်းစဉ်တွေအောက်က အောင်မြင်တဲ့အထိ ရရှိတဲ့အထိ တိုက်ပွဲဝင်သွားမှာ ဖြစ်တဲ့အတွက် ဒါက ရှိနေမှာပဲ။ စိုးရိမ်ရလောက်တဲ့ ပြောင်းလဲမှုရှိမယ်လို့ မထင်ဘူး။ အဖွဲ့အစည်းရဲ့ နိုင်ငံရေး ရပ်တည်ချက်အောက်မှာ ရပ်တည်ပြီးသွားကြမှာ ဖြစ်တယ်။

မေး-အခြားဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောပေးပါလား။

​ဖြေ-ကျွန်တော်တို့ အခုကြုံနေရတဲ့ အာဏာသိမ်းမှုအလွန် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေ အရ ပြည်သူတွေအားလုံးက ဒီနိုင်ငံကို တည်ဆောက်ချင်တဲ့ နိုင်ငံရေးစနစ်တစ်ခုကို သေသေချာချာတော့ စဉ်းစားကြဖို့လိုတယ်။ ဒီနိုင်ငံနဲ့ ကိုက်ညီတဲ့စနစ်ကဘယ်လိုစနစ်လဲပေါ့။နောက် နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင် စနစ်ပေါ့ တစ်ပါတီစနစ်ပေါ့ စစ်အာဏာရှင်စနစ်အောက်က အကြောက်တရားအောက်က နိုင်ငံရဲ့အသက်ရှင်လာမှုအတွက်ကိုအဆုံးသတ်ဖို့ စဉ်းစားကြရမှာ ဖြစ်တယ်။ ဒီနိုင်ငံမှာ အာဏာရှင်စနစ် မည်သည့်အာဏာရှင်စနစ်ကိုမှ ရှိဖို့ မလိုလားဘူး။ ပြီးတော့ ပြည်သူပြည်သားတွေအားလုံး အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုကလည်း ရှိဖို့လိုတယ်။ အဲဒါက ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ပြည်သူပြည်သားအားလုံး နိုင်ငံသားအားလုံးရဲ့ အာမခံချက်ရှိရှိ ပေးနိုင်တဲ့ ဖွဲ့စည်းပုံကို ရေးဆွဲပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကိုချီတက်သွားကြရမှာဖြစ်တယ်။ အဲဒီအပေါ်မှာ ကိုယ့်ရှိတဲ့အခင်းအကျင်းအောက်ကနေ ရှေ့ဆက်သွားမယ့် နိုင်ငံတော်တည်ဆောက်ရေးထဲမှာ အတူတကွ ပါဝင်ကြဖို့ပေါ့။ အဲဒါမှပဲ တည်ဆောက်မဲ့ အနာဂတ်မှာ အတူတကွ ယှဉ်တွဲနေထိုင်ပြီး အေးအေးချမ်းချမ်ပျော်ရွှင်စွာနေထိုင်နိုင်မယ့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ကြမှာ နေထိုင်နိုင်ကြမှာ ဖြစ်တယ်။

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။