Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“တရုတ်က သူ့ရဲ့သဘောထားမမှန်တဲ့နည်းတွေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဆက်ပြီးပါ၀င်နေအုန်းမယ်ဆိုရင် မကြာခင် တရုတ်အကျိုးစီးပွားတွေကို ပြည်သူတွေက တုန့်ပြန်ချင်လာတဲ့ အနေအထားကို ကျွန်တော်တို့ ခေါင်းဆောင်တွေက ဘယ်လောက်တားထားနိုင်မလဲ ။ အဲဒါ မသေချာတော့ဘူး။ သူတို့ဘက်က ဆင်ခြင်ဖို့လိုပြီ”

ဗိုလ်နဂါးနှင့် ​မေးမြန်းခန်း

စစ်ကိုင်းတိုင်း ​တော်လှန်​ရေးစစ်မျက်နှာနှင့်လက်ရှိမြေပြင် အ​ခြေအ​နေများ၊ ​​ဒေသခံပြည်သူကာကွယ်​ရေးတပ်ဖွဲ့များ၏ စိန်​ခေါ်မှုများ၊ အာဏာသိမ်းစစ်​ကောင်စီက ​​တော်လှန်​ရေးအားနည်း​စေရန် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ (PDF, LDF)များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကို ​သွေးခွဲ​ရန်ကြိုးပမ်းနေမှု ၊ တရုတ်က စစ်​ကောင်စီကို ကူညီရန် ကြိုးစားလာမှုများအ​ပေါ် ​​စသည်တို့နှင့်ပတ်သပ်၍မြေပြင်တွင်စစ်​ကောင်စီတပ်အား ရဲဝံ့စွာတိုက်ပွဲ ဝင်​နေ​သော ​ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Pale People’s Defense Force (PPDF)၏ ဦးဆောင်သူ ဗိုလ်နဂါး ၏ အမြင်များ၊အ​တွေ့အကြုံများကို People’s Spring သတင်းဌာနက မေးမြန်းထားပါသည်။

မေး – စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ မြေပြင်အခြေအနေကိုပြောပြပေးပါ။

ဖြေ – လက်ရှိမြေပြင်အနေအထားကတော့ စစ်ကောင်စီက စစ်ကိုင်းတိုင်းက တော်လှန်ရေးမှာတပ်ဦးလိုဖြစ်နေတဲ့ အတွက် စစ်ကိုင်းတိုင်းကို တဖြည်းဖြည်းချင်းထိုးစစ်တွေ ဆင်လာခဲ့တယ်။ အလောင်းမင်းတရားတွေရော၊ အနော်ရထာတွေရော အမည်တွေပေးပြီး စစ်ဆင်ရေးတွေ လုပ်လာတယ်။ တကယ်တော့ သူတို့စစ်ဆင်ရေးက အဲဒီ သူရဲကောင်းအမည်တွေနဲ့ မထိုက်တန်တဲ့ မြေခွေးစစ်ဆင်ရေး ၊ ၀ံပလွေစစ်ဆင်ရေး ဆိုတာမျိုးတွေနဲ့ ၀င်လာတာ။ ဘာလို့ ကျွန်တော်အဲလိုပြောရသလဲ ဆိုတော့ ကျွန်တော်တို့ ပြည်သူ့တော်လှန်ရေးတပ်တွေက တူမီးတွေ ကိုင်ပြီးတိုက်ကြတယ်။ သူတို့ လက်နက်တွေကို မကြောက်ဘူး ။ သူတို့မှာ တင့်ကားပါလည်းတိုက်တာပဲ ၊ လေယာဥ်နဲ့ လာတိုက်လည်း လွတ်အောင်ရှောင်ပြီး နိုင်အောင်ပြန်တိုက်တာပဲ။ အဲဒီအခါမှာ သူတို့ရဲ့ စာရိတ္တ ညံ့ဖျင်းမှုနဲ့ စစ်ရေးအရည်အချင်း လုံး၀ညံ့ဖျင်းမှုတွေကြောင့် အရှုံးပေါ်နေတယ်။ ဘယ်လက်နက်တွေနဲ့ လာလာ အရှုံးပေါ်နေတဲ့ အခါကျတော့ ဘာလုပ်လည်းဆိုတော့ နီးစပ်ရာပြည်သူတွေကို ဒုက္ခပေးတယ်။ နီးစပ်ရာပြည်သူတွေကို သူတို့ရဲ့ ဒေါသတွေကိုပုံချတယ် ။ အိမ်တွေကို မီးရှို့တယ်၊ လူတွေကို အရှင်လတ်လတ်ဖမ်းပြီး ကြိုးတုတ်၊ မီးရှို့သတ်တာတွေ ၊ဓားနဲ့မွှန်းတာတွေ၊ နားရွက်တွေဖြတ်တာတွေ အစွမ်းကုန်ရက်စက်ပြီးမှ သတ်တာမျိုးတွေ။ ဒီနားပတ်၀န်းကျင်မှာ စစ်ပွဲဖြစ်ရင် စစ်ပွဲမှာ ထုံးစံအတိုင်း ရှုံးလိုက်တာပဲ ။ ရှုံးပြီးရင် ဘာလုပ်တုန်းဆိုတော့ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ၊ အသက်ခြောက်ဆယ်ကျော်တွေကို လိင်စော်ကားတဲ့ ဖြစ်စဥ်တွေရှိတယ် ။ စစ်ရေးအနေအထားမှာတော့ စစ်ကိုင်းတိုင်းက မပြည့်မစုံနဲ့ပဲ ပြင်းပြင်းထန်ထန်ရင်ဆိုင်နေတဲ့ နယ်မြေ ဖြစ်နေတယ်။ လက်နက်မပြည့်စုံဘူး ။ စစ်ကိုင်းတိုင်းက စစ်ရေးကတော့ အတော် ပြင်းထန်တယ်၊ ကြမ်းတမ်းတယ်၊ ကျွန်တော်တို့ စစ်ကိုင်းတိုင်းက အနာတရတွေလည်း အခုဆို အတော်များနေပါပြီ။ တာ၀န်လည်း တော်တော်ကျေနေပါပြီ။ အနာတရတွေများတဲ့ကြားထဲက စစ်ကောင်စီရဲ့ ယုတ်မာမှုကြမ်းတမ်းမှုတွေကို ရင်ဆိုင်ရင်းနဲ့ မြန်မာပြည်သူတွေ လွတ်လပ်ရေး အတွက် ခက်ခက်ခဲခဲ ကြိုးစားနေကြရတဲ့ အနေအထားပါ။

မေး-ပုလဲ PDFအ​နေနဲ့ အာဏာသိမ်းစစ်​ကောင်စီတပ်​တွေနဲ့ တိုက်ပွဲဘယ်နှစ်ကြိမ်​လောက်ဖြစ်ပြီး စစ်​ကောင်စီတပ်သားဘယ်လောက်​​လောက်ကို ​ချေမှုန်းခဲ့ပြီးပြီလဲဆိုတာ အကြမ်းဖျင်းသိရမလား။

Public Service Announcement

Public Service Announcement

​ဖြေ- ​တော်​တော်ကိုများခဲ့ပြီ။ စစ်​ကြောင်း​တွေထိုးလာရင်း ​ရှေ့​ပြေးမိုင်းခွဲပြီးဝိုင်းပစ်တာမျိုး​ပေါ့ ​ပျောက်ကျားထိတွေ့တာမျိုး​တွေ ။​မြေပြင်မှာသူတို့ရဲ့စစ်​ကြောင်း​တွေနဲ့ထိပ်တိုက်ထိ့​တွေတာ​တွေအားလုံးဆိုရင်အကြိမ်​ရေ ၆၀ အထက်မှာရှိလိမ့်မယ်။ ဒီ​ကောင်​တွေဘယ်​လောက်​သေတယ်ဆိုတာ​ပြောဖို့က​တော့ခက်တယ်ဗျ​ ။ပြောရင်လည်း ဟုတ်ပါ့မလားလို​တောင် ​မေးစရာရှိတယ်။ ဘာလို့လည်းဆိုရင် တစ်ခါတစ်​လေမိုးကာ​တွေနဲ့အုပ် ကား​တွေနဲ့တင် ဖြစ်ကရက်ဆန်းလမ်းကအိမ်​တွေ​ပေါ်တင် မီးရှို့အဲဒီလို​တွေကြည့် လုပ်ရတာ။ သူတို့ရဲ့အဓိကကြတဲ့စစ်ကြောင်းက ဦး​ဆောင်သူ​တွေ ၊ဗျူဟာမှူး​တွေ ၊ဗိုလ်မှူး​တွေ​တော်​တော်များများ ကျွန်​တော်တို့နယ်ထဲမှာ လက်စတုန်းကြတာ မနည်းဘူး။ ဒီဘက်မှာကြ​တော့ ကျွန်​တော်တို့က စခန်းရယ်လို့လည်းအထိုင်ချတာမဟုတ်ဘူး ။စခန်းမရှိလို့ စစ်​ကောင်စီက ကျွန်​တော်တို့စခန်းရယ်လို ဖြိုလို့လည်းမရ ၊လူကိုဖမ်းဖို့လည်ူမလွယ်အဲဒီနည်းလမ်းနဲ့​ပေါ့ ဒီဘက်မှာ အထိ့အခိုက်နည်းနည်းနဲ့ ရန်သူကိုကြ​တော့ကျွန်​တော်တို့ရာနဲ့ချီသုတ်သင်ထားနိုင်ခဲ့တယ်။တချို့ပွဲ​တွေမှာဆိုရင် ရန်သူကို နှစ်ရက်တည်းနဲ့ ၇၀ ​လောက်ကားအစီး ၈၀​လောက်နဲ့လာတာမှာ ရန်သူကားသုံးစီး ​ပေါ်မှာလူကိုယ်မကျန်​လောက်​အောင် သုတ်သင်နိုင်တာ​တွေရှိတယ်။ ဆယ်နဲ့ချီသုတ်သင်နိုင်တာမျိုး ၊တစ်ခါတစ်​လေလည်းတစ်​ယောက်နှစ်​ယောက် အဲလိုနဲ့​တော်​တော်ကိုများတဲ့ပမာဏာဖြစ်​နေပါပြီ ။

မေး – စစ်​ကောင်စီတပ်က ချင်းပြည်နယ်မှာ၊ကရင်နီပြည်နယ်မှာ စစ်ကြောင်းထိုးတဲ့ အခါ ဒေသခံတွေကို ဖမ်းပြီး လူသားဒိုင်းအနေသုံးနေတာတွေတွေ့နေရတော့ စစ်ကိုင်းဘက်မှာရော အဲဒီလိုမျိုးတွေ ရှိပါလား။ ပြည်သူတွေ လူသားဒိုင်းအနေနဲ့ အသုံးချခြင်းမခံရအောင် ပြည်သူတွေ အနေနဲ့ စစ်ကြောင်းထိုးလာရင် ဘယ်လိုလုပ်သင့်တယ်လို့ အကြံပေးချင်ပါသလဲ။

ဖြေ -လူသားဒိုင်းလုပ်တာက တွင်တွင်ကျယ်ကျယ်ပါပဲ ။ သူတို့ တစ်နေရာကနေ တစ်နေရာ ရွေ့တော့မယ်ဆိုရင် ပြည်သူတွေကိုဖမ်း ရှေ့ကနေတင်ပြီးတော့ လူသားဒိုင်းအဖြစ်သုံးတယ် ။ ပစ်ရင်လည်း ငါတို့ကို မကျေနပ်လို့ ပစ်ရင်လည်း သူတို့လူတွေ အရင်သေ ဆိုတဲ့ ပုံစံမျိုးနဲ့ လူသားဒိုင်းလုပ်ကြတာ ။ သက်ကြီးရွယ်အိုတွေရော အမျိုးသမီးတွေရော လူငယ်တွေ ရော တွေ့ရာလူဖမ်းပြီးတော့ လူသားဒိုင်းလုပ်နေကြတာ။ အဲဒီအချိန်မှာ ပြည်သူတွေထဲမှာ အချို့က ပါတီဘက်ခွဲနေတဲ့ သူတွေကျတော့ ငါတို့ကတော့ အစိမ်းမို့ ငါတို့ကတော့ တပ်ထောက်ခံသူမို့လို့ ငါတို့ကို မလုပ်လောက်ပါဘူးလို့ တွက်ကြတယ် တွက်ကြပြီး နေတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် သူတို့ကိုမလုပ်လောက်ပါဘူးလို့ ယုံကြည်တဲ့ စစ်တပ်ကကျတော့ တကယ်တမ်းက ပြည်သူတွေ နှိုင်းနှိုင်းနေတဲ့ “ခွေး” ၊ တကယ်က ခွေးမဟုတ်ဘူးဗျ ။ ခွေး ကမှ အသိဥာဏ်ရှိတယ်။ ခွေးရူး၊ ခွေးရူးက သခင်မှန်း မသိဘူး ၊ သူတို့ကိုကျွေးတဲ့သူမှန်းလည်းမသိဘူး။ သူတို့ကို ချစ်တဲ့သူမှန်းလည်း မသိဘူး အကုန်ကိုက်တာ။ အဲ့ စစ်တပ်က ခွေးရူးနဲ့ တူနေမှန်း သူတို့က မသိဘူး ၊ သူတို့တော့ မလုပ်လောက်ပါဘူးဆိုပြီး နေကြတဲ့ သူတွေ ရှိတယ် ။ အသိ
ဥာဏ်လုံးလုံး မရှိတာမဟုတ်ဘူး အားနည်းတာပေါ့ ။ အဲဒီ လူတွေကို မုဒိမ်းကျင့်တယ် သတ်ဖြတ်တယ်။ သူတို့ကိုလည်း အစိမ်းတွေ အနီတွေ တပ်ထောက်ခံတာတွေ ရွေးမနေဘူး၊ အဲဒီလူတွေလည်း သတ်တာပဲ မုဒိမ်းကျင့်တာပဲ ။ အဲဒီလူတွေ စစ်မြေပြင်မှာရှိတယ်ဆိုရင် လူသားဒိုင်းကာဖို့ ထုတ်လာတာပဲ ။ ကျွန်တော်ပြောချင်တာကတော့ ပြည်သူတွေ အနေနဲ့ သတိထားဖို့ ။ စစ်ကောင်စီ စစ်ကြောင်းထိုးလာတာနဲ့ လွတ်အောင်သာပြေးတော့ ။ ပစ္စည်းလည်း ကိုယ်မသယ်နိုင်တာ သူတို့လိုချင်တာရှိရင် ယူသွားလိမ့်မယ် ထားခဲ့၊ လူထက်ဘာမှ တန်ကြေးမရှိဘူး။ ပြန်ရှာလို့ရတယ် ။ မကျေနပ်ရင် ပြန်တိုက်လို့ရတယ်။ ပြည်သူတွေကိုပြောချင်တာကတစ်ကယ်တော့စစ်တပ်မဟုတ်ဘူးဗျ ။စစ်တပ်ဆိုတာ တိုင်းပြည်နဲ့လူထုကာကွယ်ဖို့ ကမ္ဘာနဲ့အဝန်း။သူတို့ကစစ်တပ်မဟုတ်ဘူး။စစ်တပ်ထဲဝင်ပြီးထိပ်ပိုင်းအထိ့ရောက်သွားတဲ့အကြမ်းဖက်တွေ ။အဓမ္မစိတ်ရှိတဲ့အဖွဲ့အစည်း။ အဲဒီအဖွဲ့အစည်းရောက်လာတာနဲ့ တစ်ပြိုင်နက်ငါတို့ကတော့ သူတို့ထောက်ခံတဲ့အဖွဲ့ဆိုပြီးပေမနေကြပါနဲ့ ။ရှောင်ကြပါ။ မရှောင်လို့ လူသားဒိုင်းအနေနဲ့ဖမ်းတဲ့အခါ ကြံခိုင်ရေးမို့ ရှောင်မှာမဟုတ်ဘူး။ ကြံခိုင်ရေးမို့ ပြည်သူမို့ကျွန်တော်တို့ဘက်ကပစ်မှာမဟုတ်ဘူး မပစ်တဲ့အခါကျွန်တော်တို့ကအရေးနိမ့်တယ်။အဲလိုဖြစ်နေတဲ့အခါ အစိမ်းတွေ ၊အနီတွေခဏဘေးဖယ်ထား အကြမ်းဖက်အုပ်စုလာပြီဆိုရင် ပြည်သူတွေအနေနဲ့ ရှောင်ပေးကြပါ ။ကျွန်တော်တို့အနေနဲ့လည်းကိုယ်ပြည်သူတွေပါလာရင် ညှာရလို့ ။

မေး- စစ်ကောင်စီတပ်တွေကဆားလင်းကြီးက ပြည်သူ ၁၁ဦးကိုဖမ်းပြီးနှိပ်စက် ဓါးတွေနဲ့မွှန်းလို့ ပြည်သူတွေကနာကျင်လို့အော်တာကို စစ်သားတွေက ဝိုင်းဟားတိုက်ရယ်မောပြီး စိတ်လိုလက်ရနှပ်စက်ကြတယ် ပြီးတော့အရှင်လတ်လတ်မီးရှို့သတ်တယ်လို့ ဒေသခံအချို့နဲ့ ဒေသခံPDFတွေက မီဒီယာတွေကိုဖြေထားတာတွေ့ရပါတယ်။ ဘာလို့အဲ​လောက်လူမဆန်​အောင်လုပ်နိုင်ကြတာလဲ ။စစ်တပ်အတွင်းမှာမူးယစ်ဆေးဝါးသုံးတာ ၊စစ်ဆင်ရေးလုပ်တဲ့အခါ မူးယစ်ဆေးသုံးစေတယ်လို့ တပ်တွင်းကပေါက်ကြားလာတာတွေ ၊သတင်းတွေမှာဖော်ပြတာတွေ လည်းတွေ့ရဖူးပါတယ်။စစ်​ကောင်စီတပ်​တွေနဲ့​မြေပြင်ရင်ဆိုင်တဲ့အခါ မူးယစ်ဆေးဝါးသုံးစွဲထားတာမျိုးတွေ့ ဖူးပါလား။

ဖြေ- အဲတာအများကြီးပဲ ။ ကျွန်တော်ကိုယ်တိုင်ကယ်ထားလိုက်ဖူးတယ် ။ကျွန်တော်တို့ နယ်နဲ့တော့ဝေးပါတယ်။ မိတ္ထီလာ၊ ပျော်ဘွယ်နယ်ထဲကလူတစ်ယောက်ပါလာတာ။ ဓါးတွေနဲ့မွန်းထားတယ် လက်တွေရော ၊ဓားစာခံခေါ်လာတာ။တိုက်ပွဲထဲမှာကျွန်တော်တို့အဖွဲ့တွေဖော်ထုတ်ပြီးကယ်ထားဖူးတယ် ။ ​ရှင်း​အောင်​ပြောရရင် စစ်တပ်ဆိုတာက ကျွန်တော်တို့နိုင်ငံထဲမရှိတာကြာလှပြီ ။ကျွန်တော်တို့က စစ်တပ်ဆိုပြီး ယုံကြည်ထားတဲ့အချိန်မှာ စစ်တပ်ထဲမှာ ယုတ်မာတဲ့သူတွေတဖြည်းဖြည်းဝင်ရောက်လာပြီးတော့ အစိတ်အပိုင်းတစ်ခုဖြစ်လာပြီ ။ရှိနေပြီးသားလူတွေကိုလည်းစာရိတ္တတွေဖျက်ဆီးပြီးကမ္ဘာပေါ်မှာအယုတ်မာဆုံး၊အကြမ်းတမ်းဆုံး၊အယုတ်ညံဆုံး ဝါဒတွေနဲ့အကြမ်းတမ်းဆုံးစိတ်ဓါတ်တွေသွန်းပေးတယ် ။နောက်ဝင်လာတဲ့သူတွေကလည်း အများစုကအသိ့ပညာနဲ့စိတ်ဓါတ်မြင့်မားသူတွေမဟုတ်တော့ဘူး ။ယုတ်မာတဲ့သူတွေ ကလေကချေတွေနဲ့စုဖွဲ့ထားတာ။သူတို့ရဲ့စိတ်ဓါတ်တွေက လူတစ်ယောက်ကိုသတ္တိရှိရှိ ရင်ဆိုင် တိုက်ခိုက်ရဲတာမျိုးမရှိပေမယ့် အောက်တန်းကျတဲ့နည်းကောက်ကျစ်တဲ့နည်းတွေနဲ့ ညစ်ပတ်ဖို့ ဒါမှမဟုတ်အုပ်စုဖွဲ့အနိုင်ကျင့်တဲ့နေရာမှာကြတော့ လူကို သာမာန်တိရစ္ဆာန်တစ်ကောင်လိုတောင်မှ ထားရမယ့် စိတ်ထားမျိုးလောက်တောင်မှမထားနိုင်ဘူး။ ရက်ရက်စက်စက်တွေလုပ်တယ် ။ဓါးတွေနဲ့မွှန်းတယ် မီးနဲ့အရှင်လတ်လတ်ရှို့သတ်တယ်ဆိုတဲ့ ကိစ္စတွေက တော်ရုံတန်ယုံအကြမ်းဖက်အဖွဲ့တွေတောင်မလုပ်နိုင်ဘူး ။စိတ်ဓါတ်လည်းနှစ်ရှည်လများဖျက်ဆီးခံထားရထားယုံတင်မကဘူး မူးယစ်ဆေးဝါးနဲ့ပါ လူစိတ်ပျောက်အောင်၊ကျူးလွန်အောင်ဖန်တီးထားတဲ့တပ်ဖွဲ့ ။ အဲသလိုမျိုးလုပ်ထားတာတွေကျွန်တော်တို့ တော်တော်တွေ့ရတယ်။သေချာတယ် စစ်ကောင်စီဆိုတာလည်း တစ်ချိန်ကတည်းက မူးယစ်ဆေးဝါးကိစ္စတွေကအရာရှိကြီးတွေနဲ့ပတ်သပ်နေတာ။ သူတို့ဖောဖောသီသီသုံးနေတာအဲတာတွေ ။ လူယုတ်မာတွေ မြန်မာနိုင်ငံမှာရှိတဲ့
မသမာမှု ဂိုဏ်းချုပ် တွေဖြစ်နေတဲ့အခါကြတော့ဒါတွေကို တွယ်တွင်ကျယ်ကျယ်သုံးလာတယ် ၊တွင်တွင်ကျယ်ကျယ်ရက်စက်နေတယ် ။စိတ်ဓါတ်တွေကလည်းဖျက်ဆီးခံထားရတယ် ၊မူးယစ်ဆေးဝါးလည်းသုံးထားတယ် ။ဒါတွေတော်တော်တွေ့နေရတယ် ။

မေး-စစ်​ကောင်စီတပ်​တွေက အဲလိုရက်ရက်စက်စက်၊ယုတ်ယုတ်မာမာ​​တွေလုပ်တာက သူတို့ကိုပြန်
မတိုက်ရဲ​အောင်၊ပြည်သူ​တွေကို ​ကြောက်လာ​အောင်လုပ်တာလို့ သုံးသပ်တာမျိုးလည်းရှိတယ်။လက်​တွေ့မှာ ​ဒေသခံပြည်သူ​တွေကို ရက်စက်ပြ​တော့သူတို့ထင်သလို ပြည်သူ​​တွေက​ကြောက်ပြီး ​တော်လှန်​ရေးအတွက်အားနည်းသွားတာမျိုးဖြစ်လား ။

​​ဖြေ- -တစ်ခါရက်စက်ရင် နောက်တစ်ယောက်ပဲ​ပေါ်လာတယ်၊ တော်လှန်ချင်တဲ့စိတ်တွေ သူတို့က ရက်စက်ယုတ်မာလေ ဒီဘ၀ ကရုန်းထွက်ဖို့ ရှင်ရက်နဲ့ သေနေရတဲ့ ဘ၀ကနေရုန်းထွက်ဖို့ လိုလာပြီဆိုတဲ့ အသိတွေ ပြည်သူတွေ ဆီမှာရောက်လာလေ ပိုပြီးတော်လှန်ချင်စိတ်တွေက ပိုလာလေလေပါပဲ။ ဒါကရပ်တန့်သွားမှာမဟုတ်ဘူး ။တစ်ချိန်ကျရင် သူတို့ရဲ့ ယုတ်မာမှုနဲ့ အတူ သူတို့တွေက လောကကြီးထဲကနေ ပျောက်ကွယ် သွားရလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူတွေက ဘ၀ကို ပြတ်ပြတ်သားသားဆုံးဖြတ်ပြီးတော့ သူတို့ကိုတော်လှန်ဖို့ စစ်မြေပြင်ကိုရောက်လာကြတဲ့ လူတွေ များသွားပြီ ။ သူတို့က ပြည်သူကို အနိုင်ကျင့်တာဆိုတော့ ပြည်သူတစ်ရပ်လုံးက သူတို့ရဲ့ ရန်သူဖြစ်သွားပြီ အဲဒီ တော့ ပြည်သူတစ်ရပ်လုံးကပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ သူတို့ လူယုတ်မာတွေ သာပျောက်ကွယ်သွားဖို့ရှိတယ် ။ ကြောက်မသွားဘူး ၊ ကြောက်ရင်လည်း ကျွန်တော်တို့က ကြောက်ရက်နဲ့ တိုက်ကြတော့မှာပဲ ။

မေး – နို၀င်ဘာလကစပြီး စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ စစ်ဆင်ရေးတွေ လုပ်နေပေမယ့် တစ်လခွဲကျော် ကြာလာတဲ့အထိ လက်နက်အင်အားမပြည့်စုံတဲ့ကြားက ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်တွေ အထိနာအောင် တိုက်ခိုက်နိုင်တာတွေ့ရတယ်။ ဘာကြောင့်ပါလဲ ။


ဖြေ – အဓိကကတော့ စိတ်ဓာတ်ပါ ။ စိတ်ဓာတ်ဆိုတာ အရာအားလုံးကို အောင်နိုင် စေနိုင်တဲ့စွမ်းအားရှိတယ်။ ဒီအထဲမှာပါတဲ့ လူအများစုက စိတ်ဓာတ်ပြင်းပြကြတယ်။ ငါတို့ပြည်သူတွေအတွက် ၊ခေတ်အဆက်ဆက် ဖိနှိပ်ခံရတဲ့ အနှိမ်ခံတွေ၊ တစ်နိုင်ငံလုံးကို နစ်မြုပ်၀ါးမြိုနေတဲ့ ငရဲခန်း ကနေ တို့ပြည်သူတွေ လွတ်အောင်ကယ်မယ်၊ ငါတို့ အသက်တွေ ချနင်းရင် နင်းရပါစေဆိုတဲ့ စိတ်ရင်းပေါ့။ အဲဒီစိတ် က အောင်နိုင်ခြင်းမှာ အဓိက ကျတယ်။ နောက်ပြီးတော့ အဓိက စစ်ကောင်စီ ရင်ဆိုင်နေရတာပြည်သူအပေါ်မှာ ရက်စက်ယုတ်မာ အနိုင်ကျင့်တာဆိုတော့ သူတို့က ပြည်သူရဲ့ ရန်သူ ဖြစ်နေတယ်။ ကမ္ဘာမှာ ဖြစ်ဖြစ် ၊ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် ပြည်သူကို အခြေပြုပြီးမှ ဘယ်အဖွဲ့အစည်းမဆို ဖြစ်ပေါ်လာရတာ၊ အင်အားကိုတည်ဆောက်ကြရတာ။ အဲဒီတော့ သူတို့က ပြည်သူ့ရန်သူဖြစ်နေတယ် ကျွန်တော်တို့က ပြည်သူဖြစ်နေတဲ့ အတွက် အဲဒီမှာ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါ၀င်မှုမှာ ကျွန်တော်တို့က အားသာတယ် ။အဲတာလည်း တစ်ချက်။ စစ်ကောင်စီထဲမှာ အများစုက ယုတ်မာတဲ့သူတွေ ၊ ရာခိုင်နှုန်း နည်းနည်းလေးက အခြေအနေအရ အပြင်ကိုထွက်မလာနိုင်သေးပေမယ့် ပြည်သူနဲ့ တစ်သားတည်း ရှိနေသေးတယ်။ တချို့ကတော့ ထွက်လာပြီ။ ဒါပေမယ့် ထွက်မလာနိုင်သေးပေမယ့် ကျွန်တော်တို့ကို သတင်းပိုင်း ၊ နည်းပညာပိုင်း ၊ ဗျူဟာပိုင်းတွေကို ထောက်ပံ့ပေးနေတဲ့ တကယ်ပြည်သူကိုချစ်တဲ့ ထွက်ဖို့ရာခက်ခဲနေတဲ့ အရာရှိ အကြီးပိုင်းတွေ ရှိသေးတယ် ။ သူတို့ရဲ့ အကူအညီတွေ ကလည်း တစ်ချက်ပေါ့ ။ ကျွန်တော်တို့ရဲ့ နယ်မြေကျွမ်းကျင်မှုကလည်း တစ်ချက်ပေါ့။

မေး – စစ်ကိုင်းတိုင်းမှာ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီးတော့ စစ်ဆင်ရေးလုပ်နိုင်တဲ့ အခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။

ဖြေ – စစ်ကိုင်းက တက်ညီလက်ညီနဲ့ တစ်နေရာမဟုတ် တစ်နေရာ တိုက်ပွဲဖော်နေကြတာပဲ။ပူး‌ပေါင်းတယ်ဆိုတာ တစ်နေရာတည်း သွားစုတာ မဟုတ်ဘူးပေါ့ ။ သူ့ဒေသ ၊ သူ့မြို့နယ် အလိုက် အားလုံးနီးပါးက တာ၀န်ကျေကျေနဲ့ အနီးကပ်ဆုံးရန်သူကို တိုက်နေကြတာပဲ။ စစ်ကိုင်းအနေနဲ့က တစ်ရာ ရာခိုင်နှုန်းတာ၀န်မကျေသေးဘူးဆိုရင်တောင် တခြား တိုင်းနဲ့ ပြည်နယ်တွေက အတုယူရလောက်အောင် တာ၀န်ကျေတဲ့ အနေအထားရှိပါတယ်။

မေး – အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂအပါအ၀င် ဘယ်ကမှ အသိအမှတ်မပြုတဲ့ အခြေအနေမှာ အရင်အပတ်က ကမ္ဘောဒီးယား၀န်ကြီးချုပ်က စစ်ကောင်စီ ၀န်ကြီးကိုခေါ်တွေ့ပြီး သူကိုယ်တိုင်လည်း မြန်မာပြည်လာဖို့ စီစဥ်နေတယ်လို့ သတင်းထွက်နေတယ်။ အာဏာရှင် ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ရဲ့အကျိုးစီးပွားပါနိုင်သလို နောက်ကွယ်က တရုတ်ရဲ့လက်ပါတယ်လို့ အများစုကသုံးသပ်ကြပါတယ်။ အာဆီယံ – တရုတ် ဆွေး‌နွေးပွဲတုန်းကလဲ အာဏာသိမ်းခေါင်းဆောင်ကို ဖိတ်ဖို့ တရုတ်ကကြိုးစားခဲ့သေးတယ်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး စစ်ကောင်စီကို နောက်ဖေးပေါက်ကနေ တရား၀င်မှုရဖို့ တရုတ်က ကြိုးစားလာတယ်ဆိုရင် ပြည်သူတွေ အတွက် ရှေ့ကနေ တိုက်ပွဲ၀င်နေသူ တစ်ဦးအနေနဲ့ တရုတ်ရဲ့ မြန်မာပြည်အရေး ၀င်စွက်ဖက်တာကို ဘယ်လိုမြင်ပါသလဲ။

ဖြေ – ရိုးရိုးရှင်းရှင်းလေး ပြောရရင် ဒီနားပတ်၀န်းကျင် နိုင်ငံတွေက ညီအစ်ကိုတွေလို့ မြင်ကြမယ်ဆိုရင်တော့ တရုတ်က ကျွန်တော်တို့ ဒီနားပတ်၀န်းကျင်မှာ အစ်ကိုလို့ ပြောလို့ရတယ်။ သူက အင်အားကြီးတဲ့ နိုင်ငံဖြစ်ပြီးတော့ ကမ္ဘာမှာ အရှိန်အ၀ါကောင်းကောင်း ခန့်ခန့်ထည်ထည်ရှိဖို့ဆိုရင် သူက သဘောထားဖြောင့်ဖြောင့်မှန်မှန်နဲ့ ကျွန်တော်တို့နိုင်ငံတွေ တိုးတက်ဖို့လည်း ရိုးရိုးသားသား လက်တွဲလုပ်သွားရမှာ။ ဒါပေမယ့် တရုတ်က ဘယ်ခေတ် ဘယ်အခါကမှ ကျွန်တော်တို့နိုင်ငံအပေါ်မှာ ရိုးသားတဲ့ ညီအစ်ကို ဆက်ဆံရေးမျိုး မတွေ့ခဲ့ရဖူးဘူး။ တစ်ဘက်မှာ ဟန်ဆောင်ပြုံးပြီးတော့ တစ်ဘက်မှာ နိုင်ငံကို နည်းအမျိုးမျိုး ‌နှောက်ထားမယ်။ နည်းအမျိုးမျိုးနဲ့ နှောက်ထားပြီးတော့ ဒီနိုင်ငံရဲ့ မငြိမ်သက်မှု၊ ဖွံ့ဖြိုးမှုအားနည်းမှု၊ အစစ မပြည့်စုံခြင်းတွေ အပေါ်မှာ အကျိုးအမြတ်ထုတ်ပြီး သူ့နိုင်ငံအတွက်ပဲ ပါ၀ါတည်ဆောက်နေတာ ။ ပွင့်ပွင့်လင်းလင်းပြောရရင် အိမ်နီးချင်းကောင်း မပီသဘူး။ ကမ္ဘောဒီးယားဆိုတာလည်း သူ့ရဲ့ လက်တံထဲကပါပဲ။ သူ့ရဲ့ အစီအမံနဲ့ ရောက်လာပြီးတော့ ပြည်သူတွေအသိအမှတ်ပြုမထားတဲ့ စစ်ကောင်စီ ထံလာပြီးတော့ တွေ့ဖို့၊ လူရာသွင်းပေးဖို့ ပြည်သူမကြိုက်တာတွေ လုပ်ချင်တာ ။ အဓိက ပြောမယ်ဆို တရုတ်ပဲ။

မေး- တစ်ဖက်မှာလည်း တရုတ်က သူသြဇာလွှမ်းမိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အာဏာလုစစ်ကောင်စီကို ငြိမ်းချမ်းရေး အကြောင်းပြတွေ့ဆုံဆွေးနွေးဖို့ ဖိအားပေးနေတာ စီစဥ်နေတာတွေ သိရပါတယ် ။ ဒီအပေါ်မှာရော ဗိုလ်နဂါးအ မြင်ကိုသိပါရ​စေ ။

ဖြေ – လက်နက်ကိုင်တွေ အချင်းချင်း တစ်ဖက်ကနေ ညှိနှိုင်းသလိုလုပ်လိုက် ၊ တစ်ဖက်ကနေ ပြင်းပြင်းထန်ထန်ပြသာနာတွေ ဖန်တီးလိုက်နဲ့ နိုင်ငံရေး ကစားနေတဲ့ သူပဲ။ သူ့အင်အားကို အသုံးချပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင်၊ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာရော ၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပြည်သူတွေ ကြားမှာရော ပြသနာတွေ မီးမွှေးပေးထားတဲ့ အိမ်နီးချင်းတစ်ခုဖြစ်တယ်။ ပြည်သူတွေကလည်းသိတယ် ၊ ကမ္ဘာကလည်းသိတယ်။ဘာအထိဖြစ်လာပြီလည်းဆိုတော့ သူတို့ရဲ့ကျော‌ထောက်နောက်ခံအင်အားနဲ့ စစ်တပ်ရဲ့ ယုတ်မာမှုတွေ ခံလာရတဲ့ အခါ စစ်ကောင်စီကို မုန်းသလို ၊ တရုတ်ကိုလည်း တော်တော်ရွံမုန်းလာကြတယ်။ အဲဒီတော့ သူနဲ့ပတ်သက်တဲ့ အကျိုးစီးပွားတွေကို ပြည်သူတွေက ခေတ်မီနည်းပညာတွေနဲ့ ရှာတတ်‌ဖွေတတ်နေပြီ။ သူ့အကျိုးစီးပွားတွေကိုလည်း ဖျက်ဆီးဖို့ အရံသင့်ဖြစ်နေကြပြီ။ ပေါက်တော့မယ့် မီးတောင်လို ဖြစ်နေပြီ။ အနေအထားတစ်ခုကြောင့် ကျွန်တော်တို့ကို ခေါင်းဆောင်တဲ့ NUG အစိုးရက ထိန်းကွပ်ထားတဲ့ အနေအထားကြောင့်သာ အောင့်အီးသည်းခံနေကြတာ။ တရုတ်က သူ့ရဲ့သဘောထားမမှန်တဲ့နည်းတွေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဆက်ပြီးပါ၀င်နေအုန်းမယ်ဆိုရင် မကြာခင် တရုတ်အကျိုးစီးပွားတွေကို ပြည်သူတွေက တုန့်ပြန်ချင်လာတဲ့ အနေအထားကို ကျွန်တော်တို့ ခေါင်းဆောင်တွေက ဘယ်လောက်တားထားနိုင်မလဲ ။ အဲဒါမသေချာတော့ဘူး။ သူတို့ဘက်က ဆင်ခြင်ဖို့လိုပြီ ။ သူတို့ မဆင်ခြင်လို့ အဲဒီလိုဖြစ်လာရင် သူတို့အကျိုးစီးပွားတွေ သူတို့ လုံခြံအောင် ကာကွယ်နိုင်မယ် မထင်နဲ့ ။ အခုခေတ်မှာ လူတွေက အကျင့်သန်ရင် အကြံပေါ်တာပဲ။ တန်ပြန်ဖို့အတွက် ခေတ်မီနည်းပညာတွေ ထိုက်သင့်အားလျော်စွာ ရှိနေပြီ ။ အဲဒီကျမှ သူတို့နောင်တရမယ်ဆိုရင် အလကားဖြစ်သွားမယ် ၊ အချိန်မမီပဲဖြစ်သွားမယ်။ အခုကတည်းက တရုတ်ဟာ မှန်ကန်တဲ့ သဘောထားနဲ့ မြန်မာ့နိုင်ငံရေးမှာ ရှိနေပေးသင့်တယ်။ တရုတ်အနေနဲ့ ဆင်ခြင်သင့်တယ်လို့ ကျွန်တော့ အနေနဲ့ ပြောချင်တယ် ။

မေး – နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူရပ်တည်ပြီး စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲ၀င်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိသလို အခုအချိန်အထိ တော်လှန်ရေးမှာ မပါသေးတဲ့ အဖွဲ့တွေလည်းရှိတယ်။ စစ်ကောင်စီက အခုတိုက်ပွဲတွေ ကြာရှည်လာတဲ့ အခါမှာ အထိနာလာတဲ့ အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးလိုက် စည်းရုံးလိုက်နဲ့ လုပ်နေတာ တွေ့ရပါတယ်။ စစ်​ကောင်စီတပ်က PDF တွေနဲ့ပဲ တိုက်ရတယ်ဆိုတာမျိုးဖြစ်အောင် ကြိုးစားနေတယ်။ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

ဖြေ-​ စစ်တပ်က ယုတ်မာ​နေတဲ့အချိန် ကျွန်​တော်တို့အားလုံးက လက်တွဲပြီးတိုက်ကြရမှာပဲ ။ သ​ဘောထားမှန်ကန်ပြီးရပ်တည်ချက် မှန်ကန်သူတိုင်းကပါဝင်ကြရမှာပဲ။ အ​ကြောင်းတစ်ခုခု​ကြောင့်တုံ့​နှေး​နေတာဆိုရင်လည်း ပါဝင်​စေချင်တယ် ။မမှန်ကန်တဲ့ဘက်မှာရပ်တည်သူနဲ့ မှန်ကန်တဲ့ဘက်မှာရပ်တည်သူက​တော့ ကွဲပြား​နေမှာပဲ ။ (စစ်​ကောင်စီက)လူယုတ်မာ​တွေမှန်းသိနေမှ​တော့ ဘယ်သူ့မှမကူညီလည်း လူယုတ်မာကို ဒူး​ထောက် ၊သူတို့​ပြောတာ​ခေါင်းညိတ်အသတ်ရှင်ရမယ့်ဘဝမှာမ​နေချင်ဘူး ။သူတို့​အောက်မှာဆို ကျွန်​တော်တို့တစ်တိုင်းပြည်လုံးရှင်လည်းမထူးဘူး၊ ​သေလည်းမထူးဘူး ကျွန်​တော်တို့နိုင်ငံသား​တွေက ကမ္ဘာ့အလယ်မှာ မျက်နှာငယ်​နေရတဲ့ကျွန်သာသာဘဝ ဖြစ်​နေရမှာကို ကျွန်​တော်တို့လက်မခံ​တော့ဘူး ။ ကျွန်​တော်တို့​ခေတ်မှာ ရတဲ့နည်းနဲ့ နိုင်​အောင်တိုက်မယ် ။ တိုင်းရင်းသားညီအစ်ကို​တွေအ​နေနဲ့လည်း ပါဝင်​ပေးကြပါ။ ပါဝင်​ပေးကြဖို့လည်း​တောင်းဆိုချင်ပါတယ်။ကျွတ်​တော်တို့က​တော့ တက်မရှိရင်လက်နဲ့​လှော်မယ် ။ ဒီ​​တော်လှန်​ရေးမှာ အနိုင်နဲ့အဆုံး သတ်ရတဲ့အထိ့ ကျွန်​တော်တို့သွားမယ် ။

မေး- ဒီဇင်ဘာ ၁၀ ရက်က တိတ်ဆိတ်ခြင်းသပိတ်ကို နိုင်ငံတစ်ဝန်းလုပ်ပြီး​တော့ အာဏာသိမ်းထားတာဆယ်လကျော်ကြာလာ​ပေမယ့် ပြည်သူ​တွေက စစ်​ကောင်စီကိုလက်မခံဘူး ၊ဆန့်ကျင်တယ်ဆိုတာကို ပြသခဲ့တယ်။ ပြည်သူ​တွေဒီလို ဆန္ဒထုတ်​ဖော်တာကို ကမ္ဘာကလည်း အံအားသင့်သွားပြီး ကမ္ဘာမီဒီယာ​တွေမှာအကျယ်တစ်ဝင့်​ဖော်ပြတာ​တွေ့ရပါတယ်။ တစ်နိုင်ငံလုံးကပြည်သူ​တွေက ဒီလို ဆန္ဒထုတ်​ဖော်ပြတာက ပြည်သူ​တွေအတွက် ​ရှေ့က​နေ တိုက်ပွဲဝင်​နေတဲ့ PDF ​တွေအတွက် ခွန်အားဖြစ်စေပါသလား ။

​ဖြေ – ဖြစ်တာ​ပေါ့ ။ဝမ်းသာတာ​ပေါ့ ။ ​တော်လှန်​ရေးမှာ ပြည်သူ​တွေကလက်နက်ကိုင်ပြီး​တော့ တိုက်ပွဲဝင်တာနည်း​သေးတယ်ဆိုတာ အမှားနဲ့အမှန်ကို ပြတ်ပြတ်သားသားမရပ်တည်ရဲ ​သေးတာ​တွေ ၊အ​ကြောက်တရား​တွေ အဲတာ​တွေ​ကြောင့်သာ လက်နက်ကိုင်​တော်လှန်​ရေးမှာအားလုံးမပါဝင်ကြ​သေး​ပေမယ့်လို့ ဒီလိုအချိန်မှာကြ ​တော့အမူအရာနဲ့​ပေါ့ ။စစ်​ကောင်စီရဲ့အုပ်ချုပ်မှု မလိုချင်ဘူး။ စစ်​ကောင်စီလို့​ပြော​ ​ပြောနေတာကို ကျွန်​တော့အမှားပါ ။ဒီအကြမ်းဖက်အဖွဲ့ရဲ့အုပ်ချုပ်တာကို မလိုချင်ဘူး သူတို့​အောက်မှာမ​နေချင်ဘူးဆိုတာကို အကြမ်းဖက်အဖွဲ့လည်းသိ့​အောင်၊ ပြည်သူအချင်းချင်းလည်းသိ့​အောင်း ၊ကမ္ဘာကသိ့​အောင် အမူအရာနဲ့ဆန့်ကျင်ပြကြတာ ။ အဲဒါက​တော်လှန်​ရေးအတွက်ခွန်အားဖြစ်​စေပါတယ်။ ကျွန်​တော်တို့မျက်နှာချင်းဆိုင်တိုက်ခိုက်​နေရတဲ့ လူက ပြည်သူ​တွေတစ်ကယ့်ရွံတဲ့အဖွဲ့အစည်းမှန်းသိ့ရတယ် ။ အဲဒီအတွက် ငါတို့လုပ်​နေတဲ့အလုပ်မမှားဘူးဆိုတာလည်းသိ့ရတယ်။ တစ်​နေ့​နေ့တစ်ချိန်ချိန်ကြရင် ပြည်သူ​တွေ ကျွန်​တော်တို့နဲ့အတူတူ လာရပ်ကြလိမ့်မယ် ဆိုတဲ့ အ​တွေးမျိုးနဲ့ မျိုးစုံပါပဲ ခွန်အား​တွေဖြစ်ရတယ် ။​ကျေနပ်တယ် ။

မေး-​မြေပြင်မှာတိုက်ခိုက်​နေရတဲ့အဖွဲ့​တွေအ​နေနဲ့ အဓိကအခက်အခဲကဘာ​တွေပါလဲ ။ပြည်သူ​တွေကို​ရော ဘာများ​အကူအညီ​တောင်းချင်လဲ ။

​ဖြေ- အခက်ခဲ​တွေက​တော့အများကြီးပဲ ။ လွတ်လပ်​ရေးရဖို့ ၊ဒီမိုက​ရေစီရဖို့ လက်နက်ကိုင်​တော်လှန်ရ​တော့မယ် လူသားကမ္ဘာမှာ အမှန်တရားရှာ​ဖွေဖို့က ကိုယ် ကိုယ်တိုင် အင်အားရှိမှရမယ် ဆိုတာသိ့​နေကြပြီပဲ ။ သိ့​နေကြ​ပေမယ့်အခါမှာ တာဝန်ယူလိုစိတ် တာဝန်ခံလိုစိတ် ပေါ့ ။ ကျွန်​တော်တို့တစ်တိုင်းထဲ​တောင်မှ အကြမ်းဖက်အုပ်စုမှာ ဒီ​လောက်ပြာယာခပ်​နေရင် တစ်နိုင်ငံလုံးသာ ညီညီညွတ်ညွတ် ထကြွကြည့် သူတို့​တွေ ဘယ်ပို့လို့ပို့ရမှန်းမသိ့ဘဲ ဗြဲလျှံစင်သွားမယ်။ နဂိုကတည်းကစစ်​ရေး၊စစ်ရာအရည်အချင်းမရှိတဲ့​ကောင်​တွေ တစ်နိုင်ငံလုံးကလက်နက်ကိုင်ဆန့်ကျင်လာရင် ​နေစရာကို ရှိမှာ မဟုတ်ဘူး။ ​ပြေချင်တာကဗျာ ကျွန်​တော့မြို့နယ်တစ်မြို့နယ်တည်းဆိုရင်​တောင် သူ​ဌေးဦး​ရေ တစ်​ထောင်​လောက်ရှိတယ် ။ အဲသူ​ဌေး​တွေက လက်နက် တစ်လက်မ​ပြောနဲ့ ၁၀ လက်ဖိုး ​တောင်မဖြုန်တဲ့သူ​ဌေး​တွေရှိတယ်။ ဒါ​ပေမယ့်သူတို့ကိုယ်တိုင်လည်းမပါနိုင်ဘူး ပါ​နေတဲ့လူ​တွေကိုယ်ကြ အဲလိုလက်နက်ဝယ်​ပေးဖို့ ကြမလုပ်ချင်ကြဘူး ။တစ်​ယောက်တစ်လက်မဟုတ်​တောင် သူ​​ဌေး​တွေက နှစ်​ယောက်တစ်လက်ဝယ်​ပေး ။ သူ​ဌေးတစ်​ထောင်ရှိရင် အလက် ၅၀၀ ရမယ်။ ကျန်တဲ့သူ​တွေက ကျည်ဆံဖိုးဖြည့်မယ် ။ အဲမှာလက်နက်ကိုင်တဲ့သူ​တွေကလည်း ပြည်သူ့ကို ကာကွယ်ချင်တဲ့စိတ်ပဲထား။ လက်နက် လက်ထဲ​ရောက်တာနဲ့ လက်နက်အ​ပေါ်သာယာပြီး နီးစပ်ရာကိုအာဏာပြချင်တဲ့စိတ်မထားပဲတိုက်။ ဒါက က​လေးအ​တွေးလို့ပဲ ​ပြောလို့လည်းရပါတယ်။ ရိုးရိုးရှင်းရှင်း​လေး​တွေးပြတာ။အဲဒီလိုသာ ကျွန်​တော်မြို့နယ် အလက် ၅၀၀ ဆိုရင် အဲ​ကောင်​တွေ ​ခြေလှမ်းကိုမကျူးရဲဘူး ။ ဒီ​ကောင်​တွေကိုယ်မတားဆီးနိုင်ရင် အချိန်မ​ရွေးကိုယ်ရဲ့ စည်းစိမ်ဥစ္စာ​တွေဆီ ရောက်ချလာပြီး ကား​တွေဆိုင်ကယ်​တွေနဲ့သယ်သွားနိုင်တယ် ။အဲ​တော့ဒီလိုအစိုးမရတဲ့ကာလကြီးမှာ သိပ်ပြီးမ​နှာ​မြောနေနဲ့ ။ငြိမ်းချမ်းတဲ့ဆီကို သွားဖို့ ​ငွေထုတ်ရင်းကြ ၊လူထုတ်ရင်းကြ ။ အကြံဥာဏ်​တွေထုတ်ပြီးရင်းကြ။ အသံတိတ်သပိတ်မှာ​တောင်ဒီ​ကောင်​တွေကို မလိုလားတာ အမူအရာနဲ့သက်​သေပြပြီးပြီ ။ ပြီး​တော့အဲ​လောက်နဲ့မရတာလည်း​သေချာ​နေပြီ ။ ရှင်း​အောင်​ပြောရရင် ပြည်သူ​တွေက ဒီအကြမ်းဖက်အုပ်စုကို​ခေါင်း​ဆောင်အဖြစ်မလိုချင်ဘူး ။ ပြည်သူ့အစိုးရကိုလိုချင်တယ် ။ဒီမိုက​ရေစီကိုလိုချင်တယ် လွတ်လပ်​ရေးကိုလိုချင်တယ် ဆိုတာကို သက်​သေပြပြီးပြီ အဲတာကိုဘယ်လိုယူကြမလဲ ဆိုတဲ့အပိုင်းကြ​တော့ လက်​တွေ့ပါတာနည်း​နေ​သေးတယ်။အဲဒီအပိုင်းကအဓိကစိန်​ခေါ်မှုပဲ ။ ပြည်သူ​တွေကိုကျွန်​တော်​စော်ကားတာမဟုတ်ပါဘူး အားစိုက်ဖို့​ပြောတာပါ ။

​မေး-NUGကို​​ရော ဘယ်လိုသတင်းစကားပါးချင်ပါလဲ ။

​ဖြေ- NUG ကိုသတင်းစကားပါးချင်တာက​တော့ အကြမ်းဖက်အုပ်စုက အာဏာလုထားလို့ ကျွန်​တော်တို့ကဆန္ဒပြကြတယ်၊ဆန္ဒပြတာကို မရလို့ အခုလိုလက်နက်ကိုင်တိုက်ပွဲဝင်​နေကြတယ်။NUG ကို ကျွန်​တော်တို့က အားလုံးဝန်းရံ​ပေးထားတယ် အသိ့အမှတ်ပြု​ပေးထားပါတယ်။NUG အ​နေနဲ့လည်း ကျွန်​တော်တို့အားကိုးရကျိုးနပ်​အောင် ဒီထက်ပိုမို​ကောင်းမွန်တဲ့ဦး​ဆောင်မှု​တွေနဲ့ ​ရှေ့က​နေဦး​ဆောင်​ပေးပါ။ ဦး​ဆောင်မှု မှန်မှန်ကန်ကန်နဲ့သွား​နေမယ်ဆိုရင် NUG ​နောက်မှာ အပြည့်အဝ ရပ်တည်ဝန်းရံ​ပေးထားပါမယ်။ ကျွန်​တော်တို့အ​နေနဲ့လည်း ထိုက်သင့်တဲ့လိုအပ်ချက်​တွေကိုNUG ဘက်က အဆင်​ပြေတဲ့ပုံစံနဲ့ ​ပေါ့ ။တချို့ဟာ​က သူတို့ရဲ့စည်းမျှဥ်းစည်းကမ်း​တွေနဲ့ရှိခဲ့မယ်ဆိုရင်လည်း တခြားပုံသဏ္ဍာန်နဲ့ အဆင်​ပြေဆုံးဖြစ်မယ့်နည်းလမ်းကို​ရွေးပြီး​တော့ ​​မြေပြင်မှာတစ်ကယ်လုပ်​နေကြတဲ့ ​​ဒေသတွင်း​တော်လှန်​ရေးသမား​တွေနဲ့ ချိတ်ဆက်ပြီး​တော့ ​တော်လှန်​ရေးရဲ့အရှိန်အဟုန်းကို မြှင့်တင်ပြီး​တော့ လွတ်လပ်​ရေးမြန်မြန်ချဥ်းကပ်နိုင်​အောင်ကြိုးစား​ပေးဖို့ ​တောင်းဆိုချင်တာပါ။

မေး- ဘာများဖြည့်စွက်​ပြောချင်ပါလဲ ။

​ဖြေ-ဖြည့်စွက်​ပြောချင်တာက​တော့ အကြမ်းဖက်အုပ်စုအ​​နေနဲ့လည်း မတရားတဲ့နည်းနဲ့ နိုင်ငံ​ရေးသြဇာတည်​ဆောက်ရင် ပြည်သူလက်မခံဘူးဆိုတာမြင်ပြီးသွားပြီ ။ ​သေရမှာချင်းအတူတူသူတို့သမိုင်းကို သူတို့ပြင်ချိန်ရှိ​သေးတယ် ။အပစ်ကိုရဲရဲဝံ့ဝံ့ခံယူပြီး​တော့ သမိုင်းမှာ ဘယ်​လောက်ယုတ်မာခဲ့​ပေမယ့် ​နောက်ဆုံးအချိန်မှာ​တော့ပြည်သူကို ဝန်ချပြီး​တော့သိက္ခာရှိရှိ သူတို့ရဲ့ဘဝကိုအဆုံးသတ်သွားတယ်ဆိုတာမျိုး ​ပေါ့။ အဲလိုမဟုတ်​တောင်မှ အခြားလမ်း​ကြောင်း​လေးနဲ့ပြည်သူကို ပြန်ပြီးဝန်ခံသွားခဲ့တယ် ၊လက်နက်ချသွားခဲ့တယ်။​ပြောရရင်​တော့ လူယုတ်မာဘဝနဲ့အဆုံးသတ်မသွား​အောင်​ပေါ့ဗျာ။ ကမ္ဘာမှာကြည့်လိုက် ဘယ် လူယုတ်မာမှ ​ကောင်း​ကောင်းမွန်မွန်အဆုံးမသတ်ဘူး။
အဲတာကိုသူတို့သိ့​စေချင်တယ်။ သူတို့ကြ​တော့ ကမ္ဘာမှာပထမဦးဆုံး သိက္ခာရှိရှိ နဲ့အမှားကို ပြင်သွားတဲ့သူ​တွေမျိုးဖြစ်​စေချင်တယ်။ အဲတာ​ပြောချင်တယ်။ သူ​တို့​အောက်မှာလိုက်ပါ​နေတဲ့ လက်နက်ကိုင်​အဖွဲ့တွေ​ပေါ့ သူတို့လည်းပြည်သူ​​တွေကြားက​ပေါက်ဖွားလာကြတာ သူတို့​တွေလုပ်​နေရတဲ့အလုပ်က ဘာအဓိပ္ပါယ်မှန်း​တောင်သိ့မှာမဟုတ်ဘူး။ဒီ​လောက်ရက်ရက်စက်စက် တိုင်ပြည်ကို ကာကွယ်ဖို့ ဆိုပြီးဖွဲ့ထား​ပေမယ့် တိုင်းရင်းသားအချင်းချင်း ပြည်သူအချင်းချင်း နဲ့ပြည်သူမ​လိုလားတဲ့​ခေါင်း​ဆောင်​တွေကို အကာအကွယ်​ပေး​နေရတယ်ဆိုတာ သိသင့်တယ်။ သူတို့ကိုယ်တိုင်အသိ့တရားဝင်ပြီး​တော့ ပြည်သူနဲ့ပူး​ပေါင်းကြဖို့ ၊အချိန်မီဆုံးဖြတ်ကြဖို့​ပြောချင်တယ်။ ပြည်သူထံလက်နက်ချပြီး အာဏာပြန်အပ်ကြဖို့​ပြောချင်တယ် သိက္ခာ​တော့ရှိသွားတာ​ပေါ့ ။ ပြည်သူ​တွေအ​နေနဲ့လည်း အဲဒီအ​နေအထား​တွေရှိမလားဘူးဆိုရင်လည်း ဘယ်လို​နေ​နေ ​အောင်မြင်တဲ့အထိ့တိုက်ရမှာဖြစ်တဲ့အတွက် သိပ်ပြီးအချိန်ဆိုင်းမ​နေ​စေချင်ဘူး။ ခရာတုတ်ပြီးမှ ပြိုင်ရမယ့်ပွဲမဟုတ် တဲ့အတွက် ခရာသံကိုနား​ထောင်မ​နေ​စေချင်ဘူး။နီးစပ်ရာက​နေ ဒီ​တော်လှန်​ရေးမှာတာဝန်ယူစိတ်နဲ့ဝင်ပါကြပါ။

ဖြေကြား​ပေးတာ​ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။