Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

■သမိုင်းတစ်​လျှောက်အင်မတန်မှ ရခဲတဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်၊ အမိအရဆုပ်ကိုင်ဖို့လိုတယ်

ယင်းထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်ပြီး KNU ဗဟိုကော်မတီဝင်၊ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတာနီးအား ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

KNU ဗဟိုကော်မတီဝင်ပဒိုစောတောနီးနှင့်မေးမြန်းခန်း

အာဏာသိမ်းစစ်ကောင်စီတပ်က လေးကေ့ကော်မြို့သစ်ပေါ် တပ်အင်အား အလွန်အကျွံ အသုံးပြု တိုက်ခိုက်မှုနှင့် ပတ်သက်သည့် ကြေညာချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ ထုတ်ပြန်ခဲ့ရာ လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက်ကုလသမဂ္ဂသို့​တောင်းဆိုချက်၊ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ​မေတတ္တာရပ်ခံချက်၊ စစ်ကောင်စီတပ်နှင့်စစ်ကောင်စီတပ်မှ တပ်ဗိုလ်တပ်မှူးများကို ညွှန်းဆိုသည့် တောင်းဆိုချက်များ ဖော်ပြခဲ့သည်။ ယင်းထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်ပြီး KNU ဗဟိုကော်မတီဝင်၊ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတာနီးအား ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

​မေး-KNU ကထုတ်ပြန်ချက်မှာ လေကြောင်းတိုက်ခိုက်လာနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး UN (ကုလသမဂ္ဂ ဦးစီးပြီး အရေးပေါ်အစည်းအဝေးကျင်းပကာ လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန် သတ်မှတ်ပေးရန် တောင်းဆိုချက်)ကို​တောင်းဆိုထားတာနဲ့ပတ်သပ်ပြီး ရှင်းပြပေးပါလား။

​ဖြေ-အဲဒါကပြီးခဲ့တဲ့ အတွေ့အကြုံအရကို ပြောတာဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြီးခဲ့တဲ့အချိန်တုန်းက ဒီလို အတွေ့အကြုံကို ခါးခါးသီးသီးတွေ့ကြုံခဲ့ရတယ်။ တကယ်တန်း ပစ်မှတ်ထားတဲ့နေရာက စစ်ဘက်ဆိုင်ရာ ပစ်မှတ်မဟုတ်ဘဲ ကျွန်တော်တို့ အရပ်သားကို လုံးလုံးကို ထိသွားတဲ့အခါကျတော့ အခုလို ဖြစ်လာတဲ့ဟာမျိုးကျလည်း တပ်မဟာ(၅)မှာ ဖြစ်သလို တပ်မဟာ(၆)မှာ အလားအလာတွေအများကြီးရှိတာပေါ့။ အခုတိုက်ခိုက်မှုမျိုးမတွေ့ရသေးဘူးဆိုပေမယ့် ပျံဝဲတာ တို့ ကင်းထောက်တာတို့က ပုံမှန်လို ဖြစ်နေတာ။ တိုက်ပွဲပြင်းထန်လာနိုင်တာနဲ့အမျှ ဒါမျိုးကအများကြီးဖြစ်နိုင်တော့ ကျွန်တော်တို့ ထောက်ပြတာဖြစ်တယ်။

Public Service Announcement

Public Service Announcement

​မေး-စစ်ကောင်စီထဲက တပ်မတော်သားတွေအရာရှိ စစ်သည်တွေကို တိုက်တွန်းထားတဲ့အချက်တွေ့ရတာပေါ့ ပြည်သူလူထုဘက် ပူးပေါင်းပါဝင်ကြဖို့ ဆိုတဲ့ တောင်းဆိုချက်အပေါ် ဖြည့်စွက်ပြောကြားပေးပါလား။ ဘာကြောင့် ပူးပေါင်းသင့်တယ်ဆိုတာကိုပါ

​ဖြေ-အဲဒါကျတော့ ကျွန်တော်တို့က ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီဘက်မှာ ပါဝင်တဲ့ တပ်သားတွေက ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေပဲလေ။ အဲဒါကြောင့်မို့လို့ ပြောရမယ်ဆိုရင် လူသားချင်းစာနာထောက်ထားမှုအနေနဲ့အဲဒီ ရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ မဖြစ်သင့်တဲ့ဟာတွေပေါ့ ဘယ်သူပဲ သေသေ ကျွန်တော်တို့ပဲ အကုန်လုံးနာတယ်။ အဲဒါကြောင့်မို့လို့ အဲဒီလို မဖြစ်ရအောင် ဆိုပြီးတော့၊ တစ်တိုင်းတစ်ပြည်လုံးက ခါးခါးသီးသီး လက်မခံနိုင်တဲ့ အနေအထား ဖြစ်နေတဲ့အချိန်မှာ အမြင်မှန်ရပြီးတော့ ပြည်သူလူထုနဲ့ ပူးပေါင်းမယ်ဆိုရင် အချိန်အခါ အကောင်းဆုံး အခွင့်သင့်တဲ့ အချိန်ပဲဖြစ်တယ်ဆိုတာ အဲဒါကို ထောက်ပြတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဘာပြောချင်လဲဆိုတော့ ဒီနေ့ ဒီကာလက ကျွန်တော်တို့ တိုင်းပြည်က တကယ့် ဆိုးဝါး ပျက်စီး ယိုယွင်း ပျက်သုဉ်း ခြင်းအခြေအနေကို ကျဆုံးခြင်း အနေအထားကို ဦးတည်နေတာ။ တချို့က ပြောတယ်လေ မရောက်သေးပါဘူး ဆိုပြီး ဒါပေမဲ့ ဦးတည်နေတာက တော်တော်လေးကို ပျက်သလောက်ရှိပြီ။ အဲဒါကြောင့်မို့လို့ ဒီအခြေအနေကို မရောက်ချင်ဘူးဆိုရင်သူတို့က တာဝန်ရှိတာပေါ့ အဲဒီမှာ ရှိတဲ့ တပ်ဗိုလ်တပ်မှူးတွေ ပြည်သူလူထုနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် အကောင်းဆုံးအချိန်ပါလို့ ကျွန်တော်တို့ ထောက်ပြချင်တာ။

​မေး-ထုတ်ပြန်ချက် နောက်ဆုံးမှာ ပါတဲ့တပ်က နိုင်ငံရေးက ထွက်ဖို့ ဆိုတဲ့ အာမခံချက်ရယ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်တာလုပ်ဖို့ အဲဒါတွေကသာ လက်ရှိ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးရဲ့ အဖြေလို့ ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒါနဲ့ပတ်သပ်ပြီး ဖြည့်စွက်ပြောလိုတာရှိပါသလား။

​ဖြေ-အဲဒါကတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့မတ်လ ၂၂ရက်နေ့က ကျွန်တော်တို့ ဥက္ကဋ္ဌ(ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး)ကနေပြီးတော့ စစ်ကောင်စီဥက္ကဌ (မင်းအောင်လှိုင်)ဆီကို ပို့တဲ့စာမှာ ပါတဲ့အတိုင်းပါပဲ။ နောက်ဆုံးအချက်က ကျွန်တော်တို့ တောင်းဆိုချက်ဖြစ်တယ်။ ဒီနှစ် ၇၀ ကျော်ဖြစ်ပွားလာတဲ့ ကိစ္စက ဖက်ဒရယ်ဆိုတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အာသီသတွေ ပြင်းပြင်းပြပြနဲ့ အခိုင်အမာ ပဋိဉာဉ်တွေပြုကြပြီးတော့ နောက် မဖြစ်လာတဲ့အခါကျတော့ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဒီအရင်းခံ ပြဿနာကြီးကို ဖြေရှင်းလိုက်မယ်ဆိုရင် ဖြေရှင်းမယ်ဆိုတာ ဖက်ဒရယ်စနစ်ကို တည်ဆောက်သွားမယ်ဆိုတဲ့ ကတိခံဝန်ချက်နဲ့ လက်တွေ့အကောင်အထည်
ဖော်ဖို့ဆိုတာအရေးကြီးလာပါတယ်။ အဲဒီ အကောင်အထည်
ဖော်ဖို့ဆိုတဲ့အခါမှာ တကယ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့အခါ စစ်တပ်က သူ့နေရာသူ ပြန်ရတော့မယ်လေ။ နိုင်ငံရေးထဲမှာ ဝင်ရှုပ်စရာဘာမှ အကြောင်းမရှိတော့ဘူး။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုပြီး စစ်တပ်က နိုင်ငံရေးမှာ ဝင်ရှုပ်တာဘာမှအခြေအမြစ်မရှိတဲ့ ကိစ္စပဲဆိုတာ ကျွန်တော်တို့က ထောက်ပြတာ။ အဲဒါကြောင့်နိုင်ငံရေးက ဆုတ်ခွာပါလို့ ကျွန်တော်တို့က တောင်းဆိုတာ ဖြစ်ပါတယ်။

​မေး-လက်ရှိကာလမှာ KNUက ပြည်သူလူထုနဲ့ ပြတ်ပြတ်သားသား ရပ်တည်နေတာမျိုးပြသနေတာ​တွေ့ရပါတယ်။
လူထုကိုဘာသတင်းစကားပေးလိုပါသလဲ။

ဟုတ်ကဲ့ ဒီလိုအချိန်အခါကာလမျိုးမှာ ကျွန်တော်တို့ KNU အနေနဲ့ကတော့ နှစ်ပေါင်းများစွာ အထူးသဖြင့် တော်လှန်ရေး စတင်ကတည်းက တောင်းဆိုခဲ့တဲ့ လူထုနဲ့အတူ တစ်ခါတည်း ငြိမ်းချမ်းသောနည်းလမ်းနဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းမယ်ဆိုတာ ဒါက အခုထက်ထိ ကျွန်တော်တို့ဆုပ်ကိုင်ထားပါတယ်။ သို့သော်ငြားလည်း ကျွန်တော်တို့ကို ဒီလိုမျိုးရင်ဆိုင်လာတဲ့အခါမှာ အထူးသဖြင့် ဒီလို စစ်ရေးနည်းလမ်းအရ ဖြိုခွင်းလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကနေ ပြီးတော့ ပြန်ပြီးတော့ ကာကွယ်ရတဲ့အနေအထား မှာ ရှိလာတဲ့အခါ နောက်ဆက်တွဲ စစ်ရဲ့ နောက်ဆက်တွဲပြဿနာတွေက တက်လာမှာပဲ။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တွေ အကုန်လုံး။ သို့သော်ငြားလည်း ဒီဟာတွေကြုံတွေ့ရမယ်ဆိုတာ အကုန်လုံးကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ လူထုအားလုံးကို ကျွန်တော်ပြောချင်တာက ဒီလို တိုက်ပွဲဒေသမှာ ကြုံနေရတာပဲဖြစ်ဖြစ် မကြုံနေရတာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးဟာ တသဘောတည်း စိတ်ထားတစ်ခုတည်းနဲ့ စစ်အာဏာရှင် ပြုတ်ကျရေးအထိ စစ်အာဏာရှင်လုံး၀ ကျွန်တော်တို့ တိုင်းပြည်ကနေ မရှင်သန်နိုင်ရေးအထိလုပ်သွားမယ်ဆိုတာ ကျွန်တော်တို့ အတူတူ လက်တွဲကြဖို့ လိုပါတယ်။ အဲဒါကြောင့် အခက်အခဲ ဘယ်လိုပဲရှိရှိ စိတ်ဓာတ်မကျဖို့ လိုတယ်။ ကျွန်တော်တို့လူထုနဲ့အတူ ရပ်တည်သွားမယ်ဆိုတာ ထပ်လောင်းပြီး ပြောချင်ပါတယ်။ အဲဒါကြောင့်လူထုတွေက ဟိုသတင်း ဒီသတင်းကြားတယ်ဆိုပေမယ့်လို့ သံသယမရှိပါနဲ့ အခိုင်အမာလက်တွဲပြီးတော့ ပူးပေါင်းလုပ်သွားမယ်။

​မေး-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုရောဘာပြောလိုပါသလဲ။ KNU ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့တွေရှိတယ်တချို့လည်း လှုပ်ရှားမှုတွေမတွေ့ရတော့ ဒီအပေါ်ဘာပြောလိုပါသလဲ။

​ဖြေ-အဲဒီအချက်အပေါ်မှာ ထူးထူးခြားခြားတော့ ပြောစရာမရှိပါဘူး။ သို့သော် တိုင်းရင်းသားတွေ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှာတော့ သူ့ရဲ့ဖြတ်သန်းမှုနဲ့ သူ့ရဲ့ ရေမြေအခြေခံပြီးတော့ ကွဲပြားနေတဲ့ အနေအထား ရှိတယ်ပေါ့။ ကျွန်တော်တို့ နားလည်တယ်။ ကျွန်တော်တို့ ကိုယ်ချင်းစာတယ်။ ကျွန်တော်တို့ သဘောပေါက်တယ်။ အဲဒီလို အနေအထားမျိုးမှာ ဘယ်လိုပဲ ကိုယ့်ရဲ့ကွဲပြားတဲ့ အနေအထားနဲ့ကိုယ့်ရဲ့ ရည်မှန်း ချက်တွေဘယ်လိုပဲရှိရှိ နောက်ဆုံး ကျွန်တော်တို့ KNU အနေနဲ့ ပြောချင်တာက ကျွန်တော်တို့ နိုင်ငံထဲမှာအတူတူ နေထိုင်ကြတဲ့အပေါ်မှာကတော့ ဒီလိုအချိန်အခါမျိုးဟာ အခွင့်ကောင်းအခါကောင်းတစ်ခုပဲလို့မြင်တယ်။ သို့သော်ငြားလည်းပဲ ကျွန်တော်တို့က အတင်းအကြပ်ကြီးတော့ ကျွန်တော်တို့ မပြောချင်ဘူး။ ဒါက သူ့ရဲ့ ဆိုင်ရာဆိုင်ရာနဲ့ ပတ်သက်လာတဲ့အပိုင်းဖြစ်တဲ့အခါကျတော့ ဘယ်လိုပဲ ဖြစ်ဖြစ် လူထုတွေရဲ့ ရပ်တည်ချက်အပေါ် ကျွန်တော်တို့ ရပ်တည်သွားမယ်ဆိုတာပဲ ပြောချင်ပါတယ်။

​မေး-နေ့လည်က သတင်းအချို့တွေ့ရတာပေါ့ KNUအနေနဲ့ တပ်မဟာ ခုနစ်ခုစလုံးကို ညွှန်ကြားချက် ပေးထားတယ် ။ ပြီးခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ တိုက်ခိုက်မှုတွေပြန်လုပ်ဖို့ ဆိုတာပေါ့။ အရင်က ခုခံကာကွယ်တဲ့ အခြေအနေကနေ အခုက အခွင့်သာရင် စခန်းတွေတိုက်ခိုက် သိမ်းပိုက်ဖို့ တော်လှန်ရေးကို အရှိန်မြှင့်တဲ့ သဘောဆိုတာမျိုး အပေါ် ဘာပြောလိုပါသလဲ။

အဲဒီအပေါ် ဘာမှ ထူးထူးခြားခြား ပြောစရာမရှိဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့က ပြီးခဲ့တဲ့ အစည်းအဝေး တလျှောက်လုံးမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်က အပြည့်အ၀ ရှိထားတယ်ဆိုတဲ့အပေါ်မှာ ကိုယ့်လုပ်ဆောင်စရာရှိတဲ့အပိုင်းတွေ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ စစ်ရေးအရ ဒါကတော့ ဟန်ချက်ညီညီ လုပ်ရမယ့် အပိုင်းတွေကတော့ ရှင်းရှင်းပြောရရင် စစ်အာဏာရှင်နဲ့ ရင်ဆိုင်ရတဲ့ အခါမျိုးမှာ အထူးသဖြင့် ရန်သူနဲ့ တိုက်ခိုက်နေတဲ့အခါမျိုးမှာ ဒါကတော့ ဖြစ်နိုင်တဲ့နည်းလမ်းတွေ ဘက်မျှအောင် လုပ်နေရတဲ့ အပိုင်း ရှိပါတယ်။ ဒါက ထူးထူးထွေထွေ ရေးကြီးခွင်ကျယ် ပြောစရာတော့မရှိပါဘူး။

​မေး-အခြားဘာတွေဖြည့်စွက်ပြောလိုပါသလဲ။

​ဖြေ-ကျွန်တော်နောက်ဆုံးအနေနဲ့ ပြောချင်တာက ဒီအချိန်ဟာ အင်မတန်မှ ကျွန်တော်တို့ ရခဲတဲ့ အချိန်အခါ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သမိုင်း
တလျှောက်မှာ ဒီလိုဟာမျိုးက တော်တော်လေး ရယူနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ နှစ်ကာလအများကြီးပေးခဲ့ရတယ်။ နောက်ပြီးတော့ အချိန်အခါအခွင့်အလမ်းတွေကလည်း သူ့ဟာသူ ပေါ်လာတာ မဟုတ်ဘူး။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က အမိအရ ဆုပ်ကိုင်ဖို့လိုတယ်ဆိုတာ နောက်ဆုံးပြောလိုပါတယ်။

ကျေးဇူးတင်ပါတယ်

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။