Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“မြန်မာနိုင်ငံက ဒီမိုကရေစီရေး ရုန်းကန် လှုပ်ရှားနေမှုတွေနဲ့ ခပ်လှမ်းလှမ်းမှာ ဆက်ရှိနေတာကိုက ကျွန်တော်တို့ရဲ့ မဟာဗျူဟာ အခင်းအကျင်း တစ်ခုလည်း ဖြစ်ပါတယ်”

ဒီဇင်ဘာ ၁၉ ရက်က ဘင်္ဂလားဒေ့ရှ်က သုတေသီတွေရယ်၊ ဂျာနယ်လစ် ၃ ယောက်ရယ်နဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ Zoom ကနေတဆင့် အပြန်အလှန်းမေးမြန်းဆွေနွေးထားတာကို People’s Spring သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆိုထားတာကို ဖော်ပြလိုက်ရပါတယ်။

❖ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်

◉ မင်္ဂလာပါ ဗိုလ်ချုပ်။ ကျွန်တော်တို့အတွက် အချိန်ပေး တွေ့ဆုံတာကို ကျေးဇူးတင်ပါတယ်။

အင်္ဂလိပ် စကားပြော သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ ကျွန်တော့် အနေနဲ့ အရမ်း သတိကြီးကြီး ထားလေ့ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အနေအထားက အရမ်း ရှုပ်ထွေးပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ် ဗျူဟာတွေကလည်း ရှုပ်ထွေးပါတယ်။ အင်္ဂလိပ်စကား ဆိုတာက ကျွန်တော်တို့ရဲ့ ဘာသာစကား မဟုတ်ဘူးလေ။ ကျွန်တော်တို့ရဲ့ ထုတ်ပြန်ချက်တွေကို တခြားနိုင်ငံတွေက ပြည်သူတွေဆီ အင်္ဂလိပ်လို ထုတ်ပြန်ပေးဖို့ ဆိုတာက မလွယ်ကူသလို အရဲကိုးရတာမျိုးလည်း ရှိနိုင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့အတွက် မဟာဗျူဟာ အားသာချက်တွေ မရနိုင်ဘဲနဲ့လည်း မဟာဗျူဟာဆိုင်ရာ အရေးကိစ္စတွေကို အတွင်းကျကျ ထုတ်နုတ်ပြတာတွေ မလုပ်ချင်ဘူး။ အဲဒီတော့ ခင်ဗျားတို့နဲ့ စကားမပြောခင် ကျွန်တော် နှစ်ခါလောက် သေချာ စဉ်းစားခဲ့သေးတယ်။ ခင်ဗျားတို့က ကျွန်တော့်ကို ရိုဟင်ဂျာအရေးတွေ မေးမှာပဲ။ ကျွန်တော်တို့ဆီမှာကျတော့ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ မွတ်ဆလင်တွေလို့ သူတို့ကို ခေါ်ကြတယ်။ ခင်ဗျားတို့ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေပါ။ ဘင်္ဂလားဒေ့ရှ်မှာ နားလည်မှု လွဲသွားတာမျိုးတွေ ဖန်တီးမိတာမျိုး ကျွန်တော် မဖြစ်စေချင်ဘူး။

◉ ရခိုင်ပြည်နယ်ရဲ့ လက်ရှိ အခြေအနေတွေကို ပြောပြပါလား။ AA ကရော အဲဒီမှာ ဘာတွေ လုပ်ဆောင်နေပါသလဲ။ အလားအလာအရရော ဘယ်ကို ဦးတည်နေပါသလဲ။

Public Service Announcement

Public Service Announcement

လောလောဆယ်တော့ ကျွန်တော်တို့ဟာ တရားဝင် သဘောတူထားတာ မဟုတ်ပေမယ့် ဗမာစစ်တပ်နဲ့ အပစ်အခတ် ရပ်စဲထားပါတယ်။ အပစ်မရပ်ခင် အခြေအနေတွေက အတော်လေး ပြင်းထန်ကြမ်းတမ်းခဲ့တယ်။ တပ်ရင်း နှစ်ခုလောက်ကလွဲရင် တခြားနေရာတွေကို သူတို့ ဝင်လာလို့ မရခဲ့ဘူး။ ဒါနဲ့တင်ပဲ ကျွန်တော်တို့ရဲ့ အင်အားနဲ့ ခုခံနိုင်စွမ်းက ဘယ်လိုဘယ်ပုံ ရှိမလဲဆိုတာ ခင်ဗျားတို့ မှန်းဆကြည့်နိုင်ပါလိမ့်မယ်။ အခုတော့ စစ်ရေးကဏ္ဍမှာ အပစ်ရပ်ထားတာက ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်။ ဒီအတွက် နှစ်ဖက်ကြားမှာ တရားဝင် ဆွေးနွေးထားတာ၊ ဒါမှမဟုတ် သဘောတူထားတာတော့ မရှိပါဘူး။ တစ်ခါတလေ အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးတာမျိုးတွေတော့ ရှိတယ်။ အဲဒီကျရင် ကျွန်တော်တို့ရဲ့ စီမံအုပ်ချုပ်နေမှုတွေ၊ တရားစီရင်ရေး ဆောင်ရွက်မှုတွေကို သူတို့က ကန့်ကွက်တတ်ကြတယ်။

ရခိုင်မှာတော့ ကျွန်တော်တို့ အနေနဲ့ စီမံအုပ်ချုပ်မှု ယန္တရားတချို့ လည်ပတ်နေနိုင်ပါပြီ။ ကိုယ်ပိုင် တရားစီရင်ရေး စနစ်ကိုလည်း တည်ထောင်ထားနိုင်တယ်။ အခွန်စနစ် တစ်ခုလည်း ခိုင်မာနေပြီ။ မြန်မာအတွက်တော့ ဒါတွေက အသစ်အဆန်း မဟုတ်တော့ပါဘူး။ လက်နက်ကိုင် လှုပ်ရှားမှုမှာ ပါဝင်ရုန်းကန်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးဟာ သက်ဆိုင်ရာ ဒေသတွေမှာ ကိုယ်ပိုင် စီမံအုပ်ချုပ်မှု ယန္တရားတွေ လည်ပတ်ထားကြပါတယ်။ လောလောဆယ် တိုက်ပွဲတွေ ရပ်ဆိုင်းနေတုန်းမှာ ကျွန်တော်တို့ အနေနဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ပိုပြီး အင်အားတောင့်တင်း ခိုင်မာလာအောင် အာရုံစိုက်ထားပါတယ်။

◉ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ AA ရဲ့ ထိန်းချုပ်နိုင်မှုက ခြားနားချက် ရှိပါသလား။

အခြေခံကျကျ ပြောရရင်တော့ AA ဟာ ရခိုင်ပြည်နယ်က မြို့နယ်တွေထဲမှာ ဖြန့်ကျက်ထားလေ့ ရှိပါတယ်။ မြို့တွေပေါ်မှာ မဟုတ်ပါဘူး။ မြို့တွေထဲကိုလည်း ကျွန်တော်တို့ ဝင်ရောက်နိုင်ပါတယ်။ ကျွန်တော်တို့ အင်အား တောင့်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရင် ထိခိုက်ပျက်စီးမှုတွေ ပိုများလိမ့်မယ်။ ဗမာစစ်တပ်ဟာ အရမ်းကို ကြမ်းကြုတ် ရက်စက်လွန်းပါတယ်။ သူတို့ရဲ့ ရက်စက်မှုတွေကို ကျူးလွန်နိုင်ဖို့ ကျွန်တော်တို့ အခွင့်အရေး ပေးမိတာမျိုး မဖြစ်စေချင်ဘူး။

◉ ၂၀၂၀ ပြည့်နှစ်တုန်းက ဗိုလ်ချုပ် ပြောခဲ့ဖူးတယ်နော်။ AA မှာ အိပ်မက်တစ်ခု ရှိတယ်။ အိုလံပစ် ပြိုင်ပွဲမှာ ရခိုင်အလံကို လွှင့်ထူပြီး ရခိုင် နိုင်ငံတော်သီချင်း သီဆိုနေကြတာကို ကြားချင် မြင်ချင်တယ် ဆိုတာလေ။ ဒါဟာ ဗိုလ်ချုပ် အနေနဲ့ ရခိုင်ပြည်နယ် လွတ်လပ်ရေးအတွက် တိုက်ခိုက်နေတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်မလား။

ကျွန်တော်တို့ လွတ်လပ်ရေး ကြေညာမထားပါဘူး။ ဒါပေမဲ့ AA ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကိုတော့ ရခိုင်ပြည်သူတွေဆီ သွယ်ဝိုက်ပြီး ပြောပြထားပါတယ်။ ပြင်ပကမ္ဘာက အသိအမှတ် ပြုတာမျိုး ခံရဖို့ထက် ဒေသတွင်းမှာ ကိုယ်ပိုင် အချုပ်အခြာ အာဏာအတွက် ကျွန်တော်တို့ အဓိက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခွဲထွက် ထူထောင်လာပါတယ်။ အိန္ဒိယနဲ့ တခြားနိုင်ငံတွေ အများအပြားက အသိအမှတ် ပြုခဲ့ကြတယ်။ ဒါပေမဲ့ ရခိုင်မှာကျတော့ အခြေအနေတွေက ကွဲပြားပါတယ်။ ပတ်ဝန်းကျင်က အင်အားကြီး နိုင်ငံတွေဟာ နောက်ထပ် နိုင်ငံတစ်ခု ပေါ်ထွန်းလာမှာကို မလိုလားကြဘူး။ ဒီလိုမျိုး နိုင်ငံသစ်တစ်ခု ပေါ်ထွန်းလာတာဟာ သူတို့ဆီက ခွဲထွက်ရေး လှုပ်ရှားမှုတွေကို ပိုပြီး တွန်းအား ဖြစ်လာမှာကို အင်အားကြီး နိုင်ငံတွေက တွေးပူကြပုံပဲ။

◉ ဆိုတော့ကာ ဗိုလ်ချုပ်တို့ အလိုရှိနေတာက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေါ့။

ကျွန်တော်တို့ သေချာပေါက် လိုလားတာက အလုံးစုံ လွတ်လပ်ရေးပါ။ ဒါပေမဲ့ ဒီအတွက် ပထမဆုံး ခြေလှမ်းတွေ တော်တော်များများ အစပြုရဦးမယ်။ အချိန်နဲ့လည်း ဆိုင်လိမ့်မယ်။

◉ ၂၀၂၀ လောက်တုန်းက ဗိုလ်ချုပ် ပြောဖူးတယ်။ AA မှာ စစ်သည် နှစ်သောင်းလောက် ရှိနေပြီ။ အဲဒီ အရေအတွက်ကို ခုနစ်သောင်းလောက်ထိ ထပ်မြှင့်တင်ချင်တယ် ဆိုပြီးတော့လေ။ အဲဒီ ရည်မှန်းချက်ဟာ ဘယ်အချိန်လောက်မှာ ပြည့်မီလာနိုင်ပါသလဲ။

တကယ်တမ်းက ကျွန်တော်တို့မှာ အင်အား သုံးသောင်း ဝန်းကျင်လောက် ရှိပါတယ်။ ဒါပေမဲ့ သူတို့အတွက် လက်နက်တပ်ဆင်နိုင်ဖို့ ဆိုတာက မလွယ်ပါဘူး။ တကယ့်ကို ခက်ခဲတဲ့ ကိစ္စမျိုးပါ။ ခင်ဗျားမှာ နိုင်ငံရေး ရည်မှန်းချက်တစ်ခု ရှိလာပြီဆိုရင် တခြားကိစ္စတွေကိုလည်း လက်တွေ့ ဖြစ်မြောက်လာနိုင်အောင် လုပ်ဆောင်ဖို့ လိုတယ်။ ကျွန်တော်တို့ ဘိုးဘွားတွေရဲ့ နယ်မြေတွေကို ပြန်လည် ထိန်းချုပ်ဖို့ဆိုရင် စစ်သည်အင်အား သုံးသောင်းကနေ ငါးသောင်းလောက်ထိ အနည်းဆုံး လိုအပ်တယ်။ လူထုကလည်း ကျွန်တော်တို့နဲ့အတူ ပူးပေါင်း လုပ်ဆောင်ဖို့ စိတ်အား ထက်သန်မှု ရှိကြပါတယ်။ ဒီလောက်ပဲ ကျွန်တော် ပြောပါရစေ။ အခြေအနေတွေက ကျွန်တော်တို့ဖက်ကို မျက်နှာသာ ပေးနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရည်မှန်းချက် ဘယ်တော့လောက်မှ အထမြောက်မလဲ ဆိုတာကိုတော့ ပြောဖို့ ခက်နေပါသေးတယ်။

◉ AA ဟာ ကိုယ်ပိုင် စီမံအုပ်ချုပ်မှုနဲ့ တရားစီရင်ရေး ယန္တရားတွေ တည်ထောင်ထားပြီးပြီလို့ ဗိုလ်ချုပ် ပြောခဲ့တယ်နော်။ ကြည့်ရတာတော့ ဗိုလ်ချုပ်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ဆီ ဦးတည်ဖို့ အခြေအနေတွေ ကောင်းနေပုံပဲ။ နောက်ပြီး AA ဟာ ရခိုင်မှာ နေရာအနှံ့ ဖြန့်ကျက်ထားနိုင်တာ မဟုတ်သေးဘူးလို့ ဗိုလ်ချုပ်ပဲ ထပ်ပြောထားပြန်ပါတယ်။ ဒီတော့ ဗိုလ်ချုပ်တို့ ကျင့်သုံးနေတယ်ဆိုတဲ့ တရားစီရင်ရေး ကဏ္ဍက ဘယ်မှာလဲ။ ဘယ်လိုပုံစံနဲ့ လည်ပတ်နေသလဲ။

ကျွန်တော်တို့မှာ ကိုယ်ပိုင် ရဲတပ်ဖွဲ့ ရှိပါတယ်။ ပြည်သူလူထုကြားမှာ ယုံကြည်စိတ်ချမှု ရသွားပြီ ဆိုတာနဲ့ ခင်ဗျားဟာ တရားစီရင်ရေး စနစ်တစ်ခုကို ကိုယ်တိုင် တည်ဆောက်နိုင်ပါတယ်။ လူထုကြားက ပဋိပက္ခတွေကို မျှမျှတတနဲ့ လက်သင့်ခံနိုင်အောင် ကြားဝင် ဖြေရှင်းပေးရပါမယ်။ ဒါက ကျွန်တော်တို့ အတွေ့အကြုံတွေနဲ့ ရလာတဲ့ အသိတစ်ခုပါပဲ။

◉ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားမှုတွေမှာ AA က ပါဝင်ဖို့ ဘာကြောင့် ပျက်ကွက်နေခဲ့တာလဲ။ ဒီအခြေအနေမှာ AA က ဘယ်လိုဘယ်ပုံ သဘောထား ရပ်တည်ပါသလဲ။

ကျွန်တော်တို့ရဲ့ ဦးစားပေး ရည်မှန်းချက်သည် ရက္ခိတ လမ်းစဉ် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်လည် ရယူနိုင်ဖို့ပါပဲ။ ရခိုင်တွေရဲ့ အရင်မျိုးဆက်တွေဟာ ဗမာတွေကို အားပေး ထောက်ခံရင်း၊ သူတို့နောက် လိုက်နေရင်းနဲ့ အချိန်တွေ အများကြီး ဖြုန်းတီးနေခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်ကစပြီး ရခိုင် နိုင်ငံရေးသမားတွေဟာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဗမာတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်။ ဒါပေမဲ့ ရခိုင်တွေအတွက် ရသင့်ရထိုက်တဲ့ နိုင်ငံရေး လုပ်ပိုင်ခွင့် ခွဲတမ်းမျိုးတွေတော့ ရှိမလာဘူး။ ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာလည်း ရခိုင်တွေ ပါဝင်ခဲ့ပြန်တယ်။ ဘာအသီးအပွင့်၊ ဘာအကျိုးအမြတ်မှ မခံစားခဲ့ရဘူး။ ဒီလို အတွေ့အကြုံမျိုးတွေ အပြီးမှာတော့ ဗမာတွေရဲ့ လမ်းစဉ်နောက် ကျွန်တော်တို့ မလိုက်ချင်တော့ဘူး။ ကိုယ်ပိုင် ရည်မှန်းချက်တွေနဲ့ပဲ အလုပ်လုပ်ချင်တော့တယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ရုန်းကန် လှုပ်ရှားနေမှုတွေနဲ့ ခပ်လှမ်းလှမ်းမှာ ဆက်ရှိနေတာကိုက ကျွန်တော်တို့ရဲ့ မဟာဗျူဟာ အခင်းအကျင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒီကိစ္စတွေမှာ ကျွန်တော်တို့ တိုက်ရိုက်ကြီး ဝင်ပါနေတာမျိုး ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေက ဒီရုန်းကန်လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ပါးနပ်တဲ့ ရပ်တည်မှုမျိုး ရှိနေဖို့ လိုတယ်။ ဒါကြောင့်ပဲလည်း မြန်မာနိုင်ငံ အနှံ့မှာ ဆူပူမှုတွေ၊ မငြိမ်သက်မှုတွေ ဖြစ်နေပေမယ့် ရခိုင်ကတော့ အေးချမ်းနေတာပါ။

◉ နောက်ထပ် အကြောင်းအရာ တစ်ခုဆီ သွားလိုက်ကြရအောင်။ ရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်လို့ AA မှာ ဘယ်လို သဘောထားမျိုးတွေ ရှိပါသလဲ။

ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေး ကိစ္စတွေကို ကျွန်တော်တို့ အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ အခုလို ပြဿနာမျိုးနဲ့ ပတ်သက်တဲ့ မေးခွန်းကို စကားလုံး နည်းနည်းလေးနဲ့ ဖြေလို့ မရပါဘူး။ ဘင်္ဂလားဒေ့ရှ်လို အမှန်တကယ် လွတ်လပ်စွာ ရပ်တည်နေတဲ့ နိုင်ငံမျိုးတောင်မှာ ဒီကိစ္စကို တစ်ကိုယ်တော် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အတွက်လည်း တကယ့်ကို ကြီးလေးတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ ဒါတွေကို ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ ကျွန်တော်တို့ ဆန္ဒပြင်းပြနေပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အချိန်တော့ ယူရမှာပါ။ အထူးသဖြင့်တော့ ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုနဲ့ ပတ်သက်လို့ ခေါ်ဝေါ်သတ်မှတ်မှုကို နှစ်ဖက်စလုံးက အငြင်းပွားမှုတွေ ရှိနေတဲ့ အခါမျိုးမှာပေါ့။ လူ့အဖွဲ့အစည်း တစ်ခုက သူတို့ကို ဘယ်လို ရည်ညွှန်း ခေါ်ဝေါ်စေချင်မလဲ ဆိုတာက လူ့အခွင့်အရေး ရှုထောင့်မှာ အခြေခံ အကျဆုံး မေးခွန်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း လူ့အခွင့်အရေးဆိုင်ရာ အခြေခံ ကျင့်ကြံလိုက်နာမှုတွေ ရှိကြပါတယ်။ ရိုဟင်ဂျာလို့ သတ်မှတ် သုံးနှုန်းတာမျိုးတွေဟာ ၁၉၅၀ ပြည့်နှစ် မတိုင်ခင်က မကြားဖူးခဲ့ပါဘူး။ ရိုဟင်ဂျာတွေ ပေါ်လာတဲ့နောက် သမိုင်းပုံရိပ်တွေပါ ထွက်ပေါ်လာတယ်။ အာရပ်သမိုင်းတွေပါ ပါလာပြန်တယ်။ ဒီတော့ ရခိုင်တွေအတွက် တွေးစရာတွေ ရှိလာတယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေရဲ့ သမိုင်းကြောင်းတွေ ကျတော့ရော ဘယ်လိုလဲပေါ့လေ။ ရခိုင်တွေဟာ သမိုင်းကြောင်းကလွဲရင် ဗမာတွေ လက်အောက်မှာ အရာရာ ဆုံးရှုံးထားခဲ့ရတာပါ။ ဒါကြောင့် ရခိုင်တွေက အဲဒီ သမိုင်းကြောင်းကိုပဲ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကြတာပါ။ ရခိုင်တွေမှာ အားကောင်းတဲ့ အမျိုးသားရေး စိတ်မျိုး ရှိကြတယ်။ ဒါကြောင့်ပဲ ရခိုင်တွေကြားမှာ အဓိက အုပ်စုကြီးနှစ်ခု ကွဲထွက်လာတယ်။ ဒါတွေက နိုင်ငံရေး အကြောင်းတရားတွေကြောင့် ဖြစ်လာရတာပါ။ AA ရဲ့ လက်ရှိ ရည်မှန်းချက်ကတော့ ဗမာတွေနဲ့ ဆန့်ကျင်ပြီး ရခိုင်တွေအားလုံး တစ်သားတည်း အတူရှိစေချင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းရာမှာ ဘင်္ဂလားဒေ့ရှ်ဟာ အဓိက အခန်းကဏ္ဍကြီးတစ်ခု ဖြစ်ပါတယ်။

◉ ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဖြေရှင်းမှုတစ်ခု ဖော်ထုတ်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆက်သွယ်တာမျိုး တစ်ခုခု ရှိခဲ့ဖူးပါသလား။

ကျွန်တော်တို့ဖက်က အားထုတ်မှုတွေ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ တုံ့ပြန်မှုမျိုး ရခဲ့ပါတယ်လို့တော့ မပြောနိုင်ပါဘူး။ ကျွန်တော့် ဆုံးဖြတ်ချက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်က ဥပဒေပြု အမတ်တွေနဲ့ ဆွေးနွေးနိုင်ဖို့ပါ။ အဆင်ပြေ သင့်တော်မယ့် တုံ့ပြန်မှုမျိုးကို ကျွန်တော်တို့ဖက်က စောင့်နေရုံပါပဲ။

◉ မကြာသေးခင်က စစ်ကောင်စီရဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးက ရခိုင်ကို လာရောက်ခဲ့တာ တွေ့ရပါတယ်။ မီဒီယာတွေကလည်း ဒီခရီးစဉ်ဟာ ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံနေရာချထားရေးကိစ္စ ဆွေးနွေးဖို့ ဆိုတာမျိုး ဖော်ပြကြတယ်နော်။

ကျွန်တော် ပြောချင်တာကတော့ ဒီကိစ္စအတွက် ဘာမှ ရေရာခိုင်မာတာမျိုး မရှိသေးပါဘူး။ စစ်ကောင်စီဟာ ဘယ်ကိစ္စ၊ ဘယ်ကဏ္ဍမှာမှ တည်ငြိမ်အောင်၊ ဟန်ချက်ညီတဲ့ အနေအထား မရှိသေးဘူး။ ပြီးတော့ သူတို့က အချိန်တိုင်းမှာ စိတ်ပြောင်းသွားနိုင်တယ်။ သူတို့က ယုံကြည်ထိုက်သလား။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဆိုတာက ကြိုဆိုရမယ့် ကိစ္စမျိုးပါ။ ဒါပေမဲ့ ဒီမှာ လောလောဆယ် ရှိနေတဲ့ အပစ်အခတ် ရပ်စဲရေး ဆိုတာဟာ အချိန်မရွေး ပြီးဆုံးသွားနိုင်တယ်။ စစ်တပ်ကလည်း သူတို့ တပ်စွဲထားတဲ့ နေရာတွေကနေ ပြန်မရုပ်သိမ်းသေးပါဘူး။

◉ ဒါပေမဲ့ ရခိုင်က လောလောဆယ်မှာ အတော်လေး ငြိမ်းချမ်းနေတယ်နော်။

မြန်မာနိုင်ငံထဲက တခြားဒေသတွေနဲ့ ယှဉ်ရင်တော့ ရခိုင်က ငြိမ်းချမ်းနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ ငြိမ်းချမ်းမှုက ရေရှည် တည်မြဲနေမယ်ဆိုတဲ့ အာမခံချက် လုံးဝ မရှိဘူး။ တကယ်လို့ ရိုဟင်ဂျာတွေက နေရပ်ပြန်မယ် ဆိုရင်လည်း ပြန်လာနိုင်ပါတယ်။ ဒီလို ပြန်လည် နေရာချထားပေးတဲ့ ကိစ္စကို ကျွန်တော်တို့ကလည်း ဆန့်ကျင်နေမှာ မဟုတ်ပါဘူး။ သူတို့တွေ ပြန်လာချင်ကြတယ် ဆိုတာကလည်း သဘာဝ ကျပါတယ်။ နောက်ပြီး ဒုက္ခသည် စခန်းတွေမှာ သူတို့ရဲ့ အနေအထားကလည်း သိပ်မကောင်းဘူးလေ။ ဒါပေမဲ့ သူတို့တွေ ပြန်လာတဲ့အခါ အခြေအနေတွေကရော တကယ်ပဲ ခြားနားနေမှာ သေချာရဲ့လား။

◉ ARSA နဲ့ RSO တို့လိုမျိုး ကွဲပြားတဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေအကြောင်း ကျွန်တော်တို့ ကြားမိတယ်။ AA နဲ့ သူတို့ကြားက အလုပ်သဘော ဆက်ဆံရေးက ဘယ်လိုရှိပါသလဲ။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့လည်း နိုင်ငံတကာ ဖိအားတွေ တော်တော်လေး ကြုံခဲ့ရပါတယ်။ အကြမ်းဖက်သမားတွေလို့ တံဆိပ်ကပ် ခံထားရတဲ့ အဖွဲ့အစည်းမျိုးနဲ့တော့ ဘယ်သူမှ အဆက်အဆံ မလုပ်ချင်ဘူးလေ။ ကျွန်တော်တို့ ကိုယ်တိုင်တောင် အကြမ်းဖက် အဖွဲ့အစည်းတွေထဲမှာ အပါအဝင်လို့ သတ်မှတ် ခံရဖူးပါတယ်။ မကြာသေးခင် လပိုင်းလောက်ကမှ ယာယီ အပစ်အခတ် ရပ်စဲမှု အပြီးမှာ စစ်ကောင်စီက ကျွန်တော်တို့ကို အကြမ်းဖက် အဖွဲ့ စာရင်းကနေ ပယ်ဖျက်လိုက်တာပါ။

အိန္ဒိယ၊ တရုတ်၊ နောက်ပြီး အားလုံးလိုလိုက ကျွန်တော်တို့ဟာ ARSA ကို ထောက်ပံ့ ကူညီပေးနေသလား ဆိုတာမျိုးတွေ မေးကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ တော်တော်လေး သတိထားကြပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာက ကျွန်တော်တို့ အဖွဲ့အစည်းထဲမှာ မွတ်ဆလင် အစုအဖွဲ့တွေက အလွှာပေါင်းစုံကနေ ပါဝင်လာဖို့ အားထုတ်မှုတွေ ရှိနေတယ် ဆိုတာပါပဲ။ ကျွန်တော်တို့ရဲ့ ရဲတပ်ဖွဲ့ထဲမှာလည်း ဒါမျိုးတွေ ဖြစ်ပေါ်နေပါတယ်။ သူတို့ကို ကျွန်တော်တို့ ထည့်သွင်း လက်ခံပေးနေပါတယ်။ တရားရေးနဲ့ စီမံအုပ်ချုပ်ရေး ကဏ္ဍတွေမှာလည်း အလားတူ ကိစ္စတွေ ရှိနေပါတယ်။ AA ဟာ မွတ်ဆလင် အများစု နေထိုင်ရာ ကျေးရွာတွေထဲမှာလည်း အုပ်ချုပ်ရေးနဲ့ တရားရေး အစီအမံတွေ ဖြန့်ကျက်လိုတာကြောင့် သူတို့ကလည်း ကျွန်တော်တို့ကို လိုအပ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကျွန်တော်တို့ လေ့ကျင့်ပေးနေတဲ့ မွတ်ဆလင် တစ်ယောက်က လက်နက်တွေပါ ယူပြီး ARSA ဆီ ထွက်ပြေးသွားပါတယ်။ ဒီဖြစ်ရပ်မျိုးက အဖွဲ့အစည်းထဲမှာ သူတို့အပေါ် ယုံကြည်မှု တည်ဆောက်ဖို့အတွက် အထစ်အငေါ့တွေ ဖြစ်လာစေပါတယ်။

◉ ကမ္ဘာတလွှားက နိုင်ငံတွေမှာ ခေတ်ပညာတတ် ဒုတိယမျိုးဆက် ရိုဟင်ဂျာ လူငယ်တွေ အများအပြား ရှိနေပါတယ်။ ပြီးတော့ သူတို့က ရိုဟင်ဂျာ အရေးအတွက် တော်တော်လေး အသံထွက်ပေးကြတယ်။ သူတို့ကိုရော ဗိုလ်ချုပ် အနေနဲ့ စိတ်ဝင်စားတာမျိုး ရှိပါသလား။

ဒါတွေကိုတော့ ကျွန်တော် အရမ်း စိတ်မဝင်စားလှပါဘူး။ သူတို့ကို ထည့်တွက်ဖို့လည်း ကျွန်တော်တို့ ပြင်ဆင်မထားဘူး။ သူတို့က ကျွန်တော်တို့ကို ကူညီချင်တာ ဆိုရင်တော့ သိပ်ကို ကောင်းမှာပေါ့။ ဒါပေမဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် အဲဒီလိုမျိုး အနောက်နိုင်ငံတွေမှာ ပညာသင်ယူ တတ်မြောက်ထားသူတွေဟာ မြေပြင်မှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ရင် နားလည်နိုင်စွမ်း အားနည်းလွန်းတယ်။ သူတို့ဟာ ကွင်းဆင်းသွားလာနေတဲ့ တော်လှန်ရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ ယှဉ်ရင် အတွေးအခေါ် အမြင်ပိုင်း ကွာဟလွန်းတယ်။ အနောက်နိုင်ငံတွေက ပညာတတ် လူငယ်တွေဟာ မေးခွန်းတွေ မေးဖို့ပဲ သင်ယူ တတ်မြောက်လာကြတာပါ။ မြေပြင်မှာ တကယ် အလုပ်လုပ်ရတဲ့ အခါကျတော့ အတော်လေး ကွာသွားပါတယ်။

◉ AA ဟာ တရုတ်နဲ့လည်း နားလည်မှု တည်ဆောက်ထားတာမျိုးတွေ ရှိတယ်လို့ သိထားပါတယ်။ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ရော သူတို့နဲ့ ဆွေးနွေးဖြစ်သလား။

တရုတ်ကတော့ အရမ်းကြီးကျယ်တဲ့ အပိုင်းမျိုးပါ။ ကျွန်တော်တို့ရဲ့ တည်နေရာက ယူနန်နဲ့ နီးကပ်ပါတယ်။ ကျွန်တော်တို့ဟာ သူတို့ဆီက လုံခြုံရေး အာဏာပိုင်တွေနဲ့ အဆက်အဆံ ရှိပါတယ်။ လွှတ်တော် အမတ်တွေနဲ့တော့ မဟုတ်ပါဘူး။ တစ်ခါတလေတော့ သူတို့က ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်စပ်တဲ့ ဒုက္ခသည် ပြဿနာတွေအကြောင်း မေးကြပါတယ်။ ကျွန်တော်တို့ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ထိန်းသိမ်းထားနိုင်တယ်ဆိုတာ အသေအချာပါပဲ။ ဒါက ကျွန်တော်တို့ရဲ့ ဦးစားပေး လုပ်ဆောင်မှု တစ်ခုလည်း ဖြစ်ပါတယ်။

◉ ဘင်္ဂလားဒေ့ရှ်က သတင်းစာတချို့မှာ ရေးထားတာက ချင်းပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်က လူတွေ သွားကြတာ ရှိတယ်လို့ တွေ့ရပါတယ်။ အဲဒီ ဧရိယာတွေနဲ့ AA က အဆက်အစပ် ရှိပါသလား။

AA က နယ်စပ်တလျှောက်မှာ ဖြန့်ကျက်ထားပါတယ်။ နယ်ခြားတစ်ဖက်က အခြေအနေတွေကိုလည်း ကျွန်တော်တို့ သတိထားမိပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရဟာ သူတို့ရဲ့ နယ်စပ်နားမှာ ကျွန်တော်တို့က ဝင်စွက်ဖက် လှုပ်ရှားနေတာမျိုးကို လိုလားမှာ မဟုတ်မှန်းလည်း သဘောပေါက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ဆန္ဒကို ကျွန်တော်တို့ လေးစားရမှာပါ။ ကျွန်တော်တို့ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ လိုလားပြီး ဘင်္ဂလားဒေ့ရှ် ပြည်သူတွေ အနေနဲ့လည်း ကျွန်တော်တို့ ရုန်းကန် ရပ်တည်နေရတဲ့ အခြေအနေမှန်ကို သိစေလိုပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ဒါမှမဟုတ် ကဏ္ဍပေါင်းစုံမှာ ထိတွေ့ ဆက်ဆံဖို့ သူတို့က အတွေးအမြင်တွေ ပေးလာနိုင်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။