■ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာဦးဗညားနှင့်မေးမြန်းခန်း
ထိုကြောင့်မြို့ရှိပြည်သူအများစုမှာလည်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။လက်ရှိလွိုင်ကော် မြို့၏ စစ်ဘေးရှောင် နေရသော ပြည်သူများ အရေး နှင့် ကရင်နီ ပြည်နယ်ရှိ စစ်ဘေးရှောင် များ၏ အခက်အခဲများကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာဦးဗညားအား လူထုနွေဦးကမေးမြန်းထားပါသည်။

မေး- ပြည်သူအများစုအရေးပေါ်စစ်ဘေးရှောင်နေရတဲ့ လွိုင်ကော်မြို့ နောက်ဆုံးအခြေအနေကိုရှင်းပြပေးပါဦး။
ဖြေ- လွိုင်ကော်ကနေ ရှမ်းပြည်နယ်တစ်ခုတည်းကို သွားတာ နှစ်သောင်းလောက်ရှိတယ်။အင်းလေး၊တောင်ကြီး၊ ညောင်ရွှေ နဲ့ ပင်လောင်းစတဲ့ နီးတဲ့နေရာတွေကို သွားနေကြရတယ်။နောက်ပြီး ရန်ကုန်လို နေရာမျိုးလည်း တစ်ချို့သွားတယ်။စာရင်းအရ လွိုင်ကော်မြို့ခံတွေ စစ်ဘေးရှောင်နေရတာ အနည်းဆုံး ၅၀,၀၀၀ ရှိသွားပြီ။အခုဆို လွိုင်ကော်မြို့ပေါ်ရပ်ကွက်အထိပါ လူကမရှိသလောက်ဖြစ်သွားပြီ။နည်းနည်းလေးကျန်နေတာက နမ့်ဘော်ဝမ်၊ရွှေပြည်အေး၊မဂ်လာ နဲ့ ရွှေပြည်သာ ရပ်ကွက် တွေမှာပဲ လူနည်းနည်းပဲကျန်တယ်။လွန်ရော ကျွံရော ထောင်ဂဏန်း မရှိ၊တရှိ လောက်ပဲ တစ်မြို့လုံးမှာ ကျန်တော့တယ်။

Public Service Announcement
မေး-ဒါဆို ကရင်နီ(ကယား) ပြည်နယ် မှာ စစ် ဘေးရှောင် ပြည်သူဘယ်လောက်ထိ ရှိသွားပြီလဲဗျ။
ဖြေ – ၂၀၂၁ ဒီဇင်ဘာလ ကုန်အထိ က ကျွန် တော်တို့ ကောက်ယူထားတဲ့ စာရင်းအရ ဆို ၁၂၀,၀၀၀ ဝန်းကျင်ရှိတယ်။ အဲဒီထဲမှာမှ ထွက်ပြေးနေရတဲ့ သူရဲ့ အရင် နေရပ်လိပ်စာ၊အခုနေ နေ ရတဲ့ ဒုက္ခသည်စခန်း ၊သူရဲ့ အသက်၊ မိသားစုဝင် စသဖြင့် အတိအကျ ကောက်ယူပြီး ထားတာက ၉၀,၀၀၀ ကျော် ရှိတယ်။ ကျန်တဲ့ သုံးသောင်း လောက်ကိုတော့ ဆက်ပြီး လက်လှမ်းမီချိတ်ဆက်နိုင်ရေးကြိုးစားနေတာပေါ့။အခု လွိုင်ကော် က ထပ်တိုးလူစာရင်းနဲ့ဆို ၁၇၀,၀၀၀ လောက် အနည်းဆုံးရှိတယ်။သေချာပေါက်ရှိတယ်။ကရင်နီပြည်နယ် ရဲ့ လူဦးရေ ထက်ဝက်ကစစ်ဘေးရှောင်နေရတာပေါ့။
မေး-စစ်ဘေးရှောင် အရေးနဲ့ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့အဓိကအခက်အခဲတွေနဲ့ပတ်သပ်ပြီး ဘာပြောချင်ပါလဲ။
ဖြေ- ကျနော်အနေနဲ့တောင်းဆိုချင်တာပေါ့နော် နံပါတ်တစ်ကတော့ UN Agency တွေဖြစ်တဲ့ WFP တို့ UNICEF တို့ UNHCR တို့ ICRC တို့အနေနဲ့ ဒုက္ခသည်စခန်း(IDPs) တွေနဲ့ပတ် သက်ပြီးတော့မှ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီးတော့မှ သူတို့မှအာဏာ(Mandate) ရှိတယ်။ သူတို့တွေလည်း လူသားချင်းစာနာထောက်ထားမှုအတွက် စစ်ကောင်စီကိုပြောဖို့လိုအပ်တဲ့ဟာကိုထဲထဲဝင်ဝင် မာမာထန်ထန်နဲ့စစ်ကောင်စီကိုပြောဖို့လိုအပ်တယ်။ အဓိက လူထုတွေရဲ့စားဝတ်နေရေးနဲ့ အသက်လုံခြုံရေးအတွက် သူတို့မှာတာဝန်ရှိတဲ့အတွက်ကြောင့်မလို့ UN Agency တွေကို အခုလုပ်နေတဲ့ process ထက် မြန်မြန်ဆန်ဆန်နဲ့ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့အတွက် လိုအပ်တယ်။အဲ့လိုမျိုးမလုပ်ဘဲနဲ့ အခုလိုမျိုးပုံစံအတိုင်းပဲ တဖြေးဖြေးနဲ့သွားရင် ပြည်သူလူထုအတွက် ထိခိုက်နစ်နာတယ်။ IDP တွေအတွက်က အသက်အန္တရာယ်တွေ ရှိလာနိုင်တယ်။
မေး- နောက်တစ်ခုက စစ်ပွဲ ဖြစ်ခဲ့ရင် ပြည် သူလူထု အတွက် Save Zone ကို ထားပေးရတာမျိုးတွေ ကြားဖူးပါတယ်။အဲဒီအတွက် ရော UN အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းမှုရှိနေလား။
ဖြေ- ကရင်နီပြည်နယ်မှာSave Zone ပဲ ပြောပြော။Save Camp ပဲ ပြောပြော။ဒါမျိုးတွေကို UN အဖွဲ့တွေ အနေနဲ့ အရေးပေါ် လုပ်ပေးသင့်ပြီလို့ လည်း ကျွန်တော်လည်းပြောချင်တယ်။ဘာကြောင့်လဲ ဆိုရင် ကျွန်တော် တို့ ကရင်နီ ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ လူမှုရေး စတဲ့ ဘဝတွေက မနိုင်မနင်းဖြစ်နေကြပြီ။စဥ်စားကြည့်ပါ။ ပြည်နယ်တစ်ခုထဲမှာ ရှိတဲ့ လူဦးရေ လေးသိန်းရဲ့ ထက်ဝက်က စစ်ဘေးရှောင်နေရတာကို။ဒါကြောင့် UN အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ က တိုက်ရိုက် ဝင်ရောက် ကူညီပေးကြပါ။အချိန်ကြာလာတာနဲ့ အမျှ ကရင်နီ လူထုရဲ့ အသက် အိုးအိမ်က ဒီထက်မက ပျက်စီးဆုံးရှုံးနေရလိမ့်မယ်။
မေး- အကြမ်းဖက်စစ်ကောင်စီရဲ့ ယုတ်မာမှုနဲ့ ဖျက်ဆီးမှုတွေကြောင့် ဘယ်လိုစိတ်ခံစားချက်တွေဖြစ်လဲ။
ဖြေ – စစ်အာဏာရှင်ကို တော်လှန်နေရတာ လူထု ရဲ့ အသက် အိုးအိမ် နစ်နာမှုတွေရှိမှာပဲ ဆိုတာတွေးထားပြီးပဲ။အနည်းနဲ့ အများပဲရှိမယ်။ဒီစစ်အာဏာရှင်ကို တိုက်မယ်လို့ ပြည်သူလူထုအားလုံးလိုလို ကြွေးကြော်ခဲ့ကြတယ်။ကိုယ်နိုင်မယ်ထင်တဲ့ ကိစ္စတွေကို ဝိုင်းဝန်းခဲ့ကြတယ်။တချို့ ဧရိယာ ပြည်နယ်တွေက ပိုပြီး ပေးဆပ်နေရတယ်။စစ်ကိုင်း၊ချင်း နဲ့ ကျွန်တော်တို့ ကရင်နီ(ကယား) ကတော့ထိပ်ဆုံးကပေါ့။အခုဆို လွိုင်ကော် ကို တစ်မြို့လုံး ထပ်ပြီးစွန့်ခွာရပြီ။ဆင်းရဲတဲ့ ပြည်နယ်လည်း ဖြစ်တယ်။နောက်ပြီး အိမ်တစ်လုံးတစ်လုံးရဖို့ မိသားစုဝင်တွေ အများကြီး ရုန်းကန် ခဲ့ရတယ်။အခုဆို ပိုရုန်းကန်နေရတာ။ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ တော် လှန်ရေးကို ရေရှည် ဆက်ပြီး မသွားချင်ဘူး။တအားကြာသွားရင် ဆုံးရှုံးမှုတွေ တအားကြာသွားလိမ့်မယ်။လူတစ်ယောက်ချင်းဆီရဲ့ စိတ်ပိုင်းဆိုင်ရာတွေ၊ခံပြင်းမှုတွေပိုများလာလိမ့်မယ်။
မေး – လက်ရှိစစ်အာဏာရှင် တော်လှန်ရေးမှာ အားမလို၊အားမရဖြစ်ရတာ ဘာများရှိလဲ။
ဖြေ – မြန်မာနိုင်ငံရဲ့ တစ်ချို့ ဒေသမှာဆိုရင် ဘာမှ မဖြစ်သလို အေးအေးဆေးဆေး ညင်ညင် သာသာ လေးပဲ။စစ်အာဏာရှင်နဲ့ မဆိုင်သလို ဖြစ် နေတယ်။ကျွန်တော်တို့ ပြည်နယ်မှာဆို နေ့တိုင်းပစ်နေရတယ်။ပြေးနေရတယ်။သေနေရတယ်။ဆုံးရှုံးမှုတွေ တအားကြီးမားနေတယ်။ဒါကြောင့် တချိန်ကြရင် တန်းတူ အခွင့်အရေးကို ယူမယ်လို့ ပြောကြဆိုကြရင် ပေးဆပ်မှုတွေကို ဘာနဲ့ တိုင်းကြမလဲ။ဒါဟာ ကရင်နီလူထုရဲ့ ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာကို မြန်မာနိုင်ငံက ပြည်သူတွေ ကြိုတင်စဥ်စားပေးထားဖို့ ပြောတာပါ။ပြီးတော့ မြန်မာနိုင်ငံက လူတစ်ဦးချင်းတစ်ယောက်ချင်းဆီတိုင်းရော၊လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေပါ ကရင်နီ ပြည်နယ်ကို လျစ်လျူရှုမထားပါနဲ့လို့ တောင်းဆိုချင်တယ်။
မေး-တခြားရော ဘာများ ဖြည့်စွက် ပြောချင်ပါလဲ။
ဖြေ – အခု နိုင်ငံတကာမှာ ရောက်နေတဲ့ ကရင်နီ ပြည်သူတွေ အားနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေ ဝိုင်းကြိုပမ်းနေတာရှိတယ်။တစ်ချိန်တည်းမှာပဲ NUG အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းမောင်းသန်နဲ့ သွားနေတယ်။နောက်ပြီး ကမ္ဘာအရပ်ရပ်မှာရှိတဲ့ တိုင်းရင်းသားညီအကို မောင်နှမ တွေကနေတဆင့် ကရင်နီ ဒေသမှာ ဖြစ်နေတာတွေကို အသံထွက်ပေး တာတွေ လုပ်နေကြပါပြီ။အဓိကပြောချင်တာက တော့ လူသားတစ်ယောက်ရဲ့ အသက်ကို အလွယ်တကူ အဆုံးရှုံးမခံနိုင်ဘူး။စစ်အာဏာရှင်ကို လက်နက်ချင်း ယှဥ်တိုက်လို့ ကျသွားတာ လက်ခံတယ်။ စစ်ဘေးရှောင်ရင်းနဲ့ အသေခံနေရတာကိုတော့ အစွမ်းကုန်ကာကွယ်သွားမယ်။ကြိုးစားနေတယ်လို့ ပြောပါရစေ။
ကျေးဇူးတင်ပါတယ်။


















































