●ဦးမင်းကိုနိုင် နဲ့မေးမြန်းခန်း
နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာနဲ့ နိုင်ငံရေးမဟာဗျူဟာ ၊ ခေါင်းဆောင်မှုနဲ့ နိုင်ငံတကာဆက်ဆံရေးတို့အရေးပါမှုနဲ့ အဲဒါတွေအတွက် ကြိုးပမ်းနေမှုတွေ ၊ တော်လှန်ရေးအောင်မြင်ဖို့ ပြည်သူတွေအာရုံစိုက်ရမည့်အရာ ၊ ရုရှားရဲ့ကျူးကျော်မှုကိုယူကရိန်းနိုင်ငံက ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်နေမှုကနေ မြန်မာ့နွေဦးတော်လှန်ရေးအတွက်သင်ခန်းစာ စတဲ့အကြောင်းအရာတွေကို ဦးမင်းကိုနိုင်က ဖြေကြားပေးထားပါတယ် ။
မေး- ဒီနေ့ကမ္ဘာမှာ ထူးခြားတဲ့စစ်ပွဲ ၂ ပွဲဆင်နွှဲနေပါတယ်။ အကြမ်းဖက်စစ်တပ်ကိုအမြစ်ဖြတ်ဖို့ ပြည်သူတွေက ခုခံတိုက်ခိုက်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးစစ်ပွဲ နဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကို ယူကရိန်းနိုင်ငံကခုခံတိုက်ခိုက်နေတဲ့စစ်ပွဲ ပါ။ ကမ္ဘာစစ်အင်အားကြီး ရုရှားရဲ့ကျူးကျော်စစ်ကို ယူကရိန်းက အောင်မြင်အောင်ခုခံကာကွယ်နိုင်လိမ့်မယ် အဲလိုခုခံကာကွယ်မှုကြောင့် ကမ္ဘာမှာအာဏာရှင်နိုင်ငံတွေခေါင်းထောင်လာနေတဲ့ အခြေအနေကနေ ဒီမိုကရေစီပြန်အားကောင်းလာတော့မယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင်တွေ ခန့်မှန်းနေကြပါတယ်။ယူကရိန်းအောင်ပွဲရခဲ့ရင် မြန်မာနွေဦးတော်လှန်ရေးအတွက်ရောဘယ်လို သက်ရောက်မှုတွေဖြစ်လာနိုင်ပါသလဲ။

Public Service Announcement
ဖြေ – လူ့သမိုင်းဟာ အရိုင်းကနေ အယဉ်ဆီပဲ လှမ်းလာနေတာပါ။စစ်အင်အားတစ်ခုတည်းနဲ့ မောင်ပိုင်စီး အနိုင်ကျင့်ချင်တာတွေ ပေါ်တတ်တာပေါ့။ ဒါပေမဲ့ မတရားမှုရဲ့အနိုင်ကျင့်မှုကိုတော့ကမ္ဘာကြီးကမခံခဲ့ပါဘူး။ ခုခေတ်က စစ်အင်အားချင်းသာ ပြိုင်ရတိုက်ရတာမှမဟုတ်တာ။ ကမ္ဘာလုံးချီနေတဲ့ ဆက်သွယ်ရေးကွန်ရက်တွေ၊ ဘဏ်စနစ်တွေ၊ စီးပွားရေးဒဏ်ခတ်မှုတွေ၊ အနုပညာရှင်တွေက အစ ကမ္ဘာကျော်အားကစားလောကထိအဆုံး တက်ကြွပါဝင်လာကြတာဘက်ပေါင်းစုံက ဆန့်ကျင်တွန်းလှန်ကြတာ၊ ဘက်ဖက်က အောင်ပွဲ ရမလဲ မေးစရာကို မလိုဘူး။
မြန်မာ့နွေဦးဟာ အထီးကျန်မဟုတ်ပါဘူး။ နိုင်ငံတကာရဲ့ ထောင့်စေ့တဲ့ ပိတ်ဆို့ ကစားနိုင်မှုတွေနဲ့ အဆုံးသတ် end game ကို သွားနေတာပါ။ ပူတင်နဲ့ စစ်ကောင်စီဟာ ပူးချည်လျက်သားလူမိထားပြီးသားပါဗျာ။
တကယ်တော့ ကမ္ဘာကြီးမှာနေ့စဉ်နဲ့အမျှ ခေါင်းစဉ်အမျိုးမျိုးနဲ့စစ်တွေ ဖြစ်နေကြတာပါ၊ စီးပွားရေးစစ်၊နည်းပညာစစ်၊ဘာသာရေးစစ် စသဖြင့်ပေါ့ဗျာ။ဒါပေမဲ့ အခု စစ်ကတော့ လက်နက်တွေနဲ့ ဖြစ်ကြတဲ့ ၊ စက္ကန့်ပိုင်းအတွင်းမှာအသက်ပေါင်းများစွာသေဆုံးနိုင်တဲ့ အဆိုးဆုံးစစ်ပေါ့ဗျာ။ကမ္ဘာ့စစ်ကြီးတွေပြီးတဲ့အခါမှာ လူတွေရဲ့ ဆင်ခြင်တုံတရား မြင့်မားလာကြလို့ အသက်များစွာသေဆုံးမဲ့ စစ်တွေကိုရှောင်ရှားပြီး စစ်အေးခေတ်ကိုသွားခဲ့ကြတယ် ။အခုတော့ စစ်အေးခေတ်ကနေ လူအများပြားသေဆုံးမဲ့ စစ်ကိုစတင်လိုက်ခြင်းအားဖြင့် အဲဒီသူတွေမှာ လူသားဆန်တဲ့ ဆင်ခြင်တုံတရားတွေ နိမ့်ပါးသွားပြီ ၊အရိုင်းအဆိုင်းအဆင့်ကိုရောက်သွားပြီလို့ပြောရမှာပေါ့။ တကယ်တော့ ဒီမိုကရေစီဆိုတာ သက်မဲ့တစ်ခုပါ ၊ သူ့ကိုလက်ခံကျင့်သုံးတဲ့ စိတ်စေတနာ ၊ဥာဏ်ပညာမြင့်မားမှု့ကြောင့်သာဒီမိုကရေစီဟာ တောက်ပြောင်နေရတာပါ။ အခုစစ်တွေဖြစ်နေပေမယ့် ဒီမိုကရေစီကိုကျင့်သုံးပြီး ငြိမ်းချမ်း၊ကြွယ်ဝနေတဲ့ နိုင်ငံတွေအများကြီးပါ။ ခင်ဗျားမေးခွန်းကိုပြန်ကောက်ရရင် ယူကရိန်းအောင်မြင်သွားပေမဲ့ ၊ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းမှာ လောကပါလတရားကို ချစ်မြတ်နိုးတဲ့ လူ့အဖွဲ့အစည်းတွေအားမကောင်းသရွေ့ ကျွန်တော်တို့ ပြည်သူတွေ ငြိမ်းချမ်း ၊ကြွယ်ဝစွာနေနိုင်ကြမှာမဟုတ်ဘူး။
မေး- ရုရှားက ယူကရိန်းကိုရက်ပိုင်းအတွင်းသိမ်းနိုင်လိမ့်မယ်လို့ ကမ္ဘာကထင်ခဲ့ကြတာ။တစ်ကယ်တိုက်တော့အခု ၃၂ ရက်တောင်ရှိပြီ ရုရှားစစ်တပ်ပဲ သေဆုံးပျက်စီးမှုများပြီး အလဲလဲ အကွဲကွဲနဲ့ဖြစ်နေတယ်။ ယူကရိန်း ပြည်သူတွေရဲ့ ခုခံစစ်ပွဲက မြန်မာ့နွေဦးအတွက် ဘယ်လိုသင်ခန်းစာပေးပါသလဲ ။
ဖြေ – စစ်အင်အားထက်အရေးကြီးတာ ဘာတွေရှိမလဲ ပြနေတာပေါ့။ အမှန်တရားနဲ့ စိတ်ဓာတ် ပေါ့။ ဉာဏ်ပညာနဲ့ ပေါင်းစည်းအား၊ စည်းရုံးနိုင်စွမ်းတွေပေါ့။ ပြည်သူတွေရဲ့ ညီမျှအားတွေ၊ သတ္တိ၊ ဗျတ္တိတွေလည်းပါတာပေါ့။ သူတို့လိုစနစ်ကျတဲ့စုဖွဲ့မှုမျိုး ကျွန်တော်တို့ အချိန်တိုအတွင်း အရတည်ဆောက်နေရတာ။ စည်းရုံးရင်းတိုက်နေရတာ။ ဒါတွေ ဖြစ်နေတာပဲလေ။ ယူကရိန်းစစ်နဲ့ မြန်မာစစ်မှာလုံးဝ ထပ်တူ ကျတဲ့အရာကတော့ ပြည်သူတွေ သေကြေပျက်စီးကြရတာပဲဖြစ်ပါတယ်။ ခုခံစစ်ကိုဆင်နွဲနေတဲ့နှစ်နိုင်ငံစလုံးက ပြည်သူတွေဟာ တရားမျှတမှု့အတွက် အသက်ကိုပေးရဲတယ်ဆိုတဲ့ ခံယူချက်ထားပုံခြင်းလည်းတူညီပါတယ်။ကျန်တဲ့အရာတွေကတော့ အခြေနေတွေကွဲပြားခြားနားနေတယ်လို့သုံးသပ်ရမှာပါ။
မေး- ပြည်တွင်းစစ်နဲ့ ပြည်ပကျူးကျော်စစ်မတူပေမယ့် ယူကရိန်းပြည်သူတွေရဲ့ စစ်ပွဲကတစ်လကျော် ၊ မြန်မာပြည်သူတွေရဲ့ စစ်ပွဲက ခုခံစစ်ကြေညာတဲ့ စက်တင်ဘာ ၇ ကရေတွက်ရင်ပဲ ၆ လကျော် ၊အာဏာသိမ်းစ ကနေတွက်ရင် ၁၄လနီးပါးရှိပြီ ။ယူကရိန်းကိုကြ နိုင်ငံတကာကလက်နက်ခဲယမ်းအကူအညီတွေအများကြီးရပေမယ့် မြန်မာနွေဦးတော်လှန်ရေးအတွက်ကြအကူအညီမရတာဘာကြောင့်ပါလဲ။ ဒီအတွက် နိုင်ငံတကာကိုရော ဘယ်လိုသတင်းစကားပါးချင် ပါလဲ ။
ဖြေ – မတရားမှုကိုတွန်းလှန်နေရတာယူကရိန်း-မြန်မာပြည်သူတွေ ဘ၀တူတွေပဲဗျာ။ ဘယ် အရေးမှ မှေးမှိန်မသွားသင့်ဘူး။ ကမ္ဘာကြီးက ဂရုဓမ္မပြုရမှာပဲ။ ဘ၀တူပြည်သူချင်း ရိုင်းပင်းရမှာပဲ။ လူ့သမိုင်းဟာ ပိုယဉ်ကျေးလာရမှာမဟုတ်လား။ ဖက်ဆစ်ဆန်ဆန်အရိုင်းစနစ်တွေကို အနိုင်ယူရမှာ။
ယူကရိန်း-မြန်မာ ခွဲစရာမလိုဘူး။ ကမ္ဘာ့စင်မြင့်ပေါ် အတူ ရှိနေရမယ်။ အေးဗျာ တလောလေးက မီဒီယာမှာတွေ့လိုက်ပါတယ်။ ယူကရိန်းစစ်ပွဲမှာ အသတ်ခံရတဲ့ကလေးတစ်ရာကျော်အတွက် ယူကရိန်းပြည်သူတွေရဲ့ ကမ္ဘာကျော်တင်ပြမှုဓာတ်ပုံပေါ့။ အဲဒီကလေး တစ်ရာကျော်ရဲ့ ကျန်ရစ်တဲ့ တွန်းလှည်းလေး တွေထိခိုက်နာကျင်စရာဗျာ။ လမ်းမကျယ်ပေါ် နေခြည်အောက် ပိုင်ရှင်မဲ့သွားတဲ့ ကလေးတွန်းလှည်းတွေ၊ ငြိမ်သက်တန်းစီ ကြေကွဲစရာပဲ။ Performance ဆန်တယ်။ သိပ်ထိရောက်တာပဲ။
ကျွန်တော်တို့လည်း မြင်တတ်ကြိုးစားတတ်ရမယ်။ ကူပါ ကယ်ပါ မပြော ပေမယ့် ကမ္ဘာကြီးက ဖြောင့်မတ်တဲ့ဒိုင်အဖြစ် ဆုံးဖြတ်ပေးနိုင်တဲ့အထိပေါ့။ စစ်ပွဲနှစ်ခုဟာမတူဘူး လို့ပြောနေကြပေမဲ့ ပြည်တွင်းစစ်မှာသုံးတဲ့ကျည်ဆံ၊လက်နက်ပဲဖြစ်ဖြစ်၊ ကျူးကျော်စစ်မှာသုံးတဲ့ကျည်ဆံ၊လက်နက်ပဲဖြစ်ဖြစ် အားလုံးဟာ လူတွေကိုတော့သေကြေပျက်ဆီးစေတာပါပဲ။ကျွန်တော်တို့ နိုင်ငံရဲ့ အဖြစ်အပျက်တွေက ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ TV ပေါ်မှာ Breaking News အဆင့်ထက်မပိုနိုင်ခဲ့ဘူးပေါ့၊ ယူကရိန်းရဲ့အရေးကိစ္စကတော့ Breaking News ထက်ပိုပြီး သူတို့ရဲ့ပေါင်ပေါ်ကို မီးပွားစလေးအဖြစ်လွင့်စင်ကြလာတော့ ချက်ချင်းထခုန်ရတဲ့သဘောပေါ့ဗျာ။ကမ္ဘာ့ခေါင်းဆောင်တွေကလည်းကျွန်တော်တို့ကို တတ်နိုင်သမျှဝိုင်းကြကူကြတာပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့အရေးကို စာနာတဲ့စိတ်ခံစားချက်လေးကိုသူတို့ရဲ့ နှလုံးသားအတွင်းပိုင်းဆီကို ဒီထက်ပိုပြီးတွန်းပို့ပေးနိုင်ရင်တော့ ကျွန်တော်တို့ပြည်သူတွေစောစောလွတ်မြောက်ပျော်ရွှင်နိုင်ကြမှာသေချာတာပေါ့ဗျာ။ ကမ္ဘာ့သတင်းတွေမှာ စဉ်ဆက်မပြတ်ပါနေအောင်အားလုံးဝိုင်းကြပါဦးလို့ပြောချင်တယ် ။
မေး-ဒီရက်သတ္တပါတ်တွေမှာ နိုင်ငံတစ်ဝန်း ခုခံစစ်ပွဲတွေ အတော်ပြင်းပြင်းထန်ထန်နဲ့အများကြီးဖြစ်နေတာတွေ့ရပါတယ်။ခုခံစစ်ပွဲတွေပိုများလာပေမယ့် ပြည်သူအာရုံစိုက်မှုကအရင်နဲ့စာရင် နည်းနည်းလျော့လာသလားဆိုပြီး စိုးရိမ်နေသူတချို့ ရှိပါတယ် ။ ဒီအတွက်ပြည်သူတွေကို ဘယ်လိုသတင်းစကားပါးချင်ပါလဲ ။
ဖြေ -ခုချိန်မှာ မြန်မာပြည်ကပြည်သူတွေဟာ ရန်သူမျိုး(၅)ပါးစလုံးရဲ့ ဒဏ်ကိုပြည့်ပြည့်ဝဝကိုခံစားနေရတာပါ။တော်လှန်ရေးကိုကူညီချင်တာတောင်မှ ပေါ်ပေါ်ထင်ထင် ကူညီလို့မရနိုင်တဲ့အခြေနေပါ၊ပြည်သူတွေအာရုံစိုက်မှု့ နည်းလာတယ်လို့တော့ ကျွန်တော်မသတ်မှတ်ချင်ဘူး။ အဲ့ဒီအစား လက်သည်းဝှက်ထားတဲ့ပြည်သူတွေကျွန်တော်တို့ ခင်ဗျားတို့နောက်မှာ အားကောင်းဆဲပဲလို့ ပြောပါရစေ။အာရုံမထွေပြားဖို့ပါပဲ။ တကြောင်းတည်းသောစိတ်နဲ့သွား။ စစ်ကောင်စီက သူ့ဖာသာလူတွေ ဖမ်းပြလိုက်၊ ဆုတွေပေးလိုက်၊ ဟိုအမိန့်ထုတ်၊ ဒီကြေညာချက်ထုတ်လိုက် လုပ်နေသမျှ အာရုံအနောက်မခံဖို့ပါ။ နိုင်ငံရေးအရ လိုအပ်တဲ့အားထုတ်မှုကို တာဝန်ရှိသူတွေ နေ့ ၊ညမအား လုံ့လစိုက်နေပါတယ်။ သက်ဆိုင်ရာ institution တွေနဲ့ ချိတ်ဆက်အားထုတ်နေကြပါတယ်။ ပြည်တွင်း၊ ပြည်ပက ပြည်သူတွေကလည်း ဝင်ပြီးအခမဲ့အမှုထမ်းလုပ်အားပေးနေကြတာပဲ။ ဒီတော်လှန်ရေး အနှေးအမြန်ကိစ္စက ငွေကြေးဘဏ္ဍာအပေါ် များစွာတည်မှီတယ်။ မရှိဆင်းရဲ လူမွဲတွေဆီက အိတ်ကပ်အတင်းနှိုက်ခိုင်းတာမျိုးမဟုတ်ပါဘူး။ တတ်နိုင်တာကို အားစိုက်လုပ်ရင်ကိုရနေပြီ။ Click တဲ့အလုပ် သတ်သတ်မှတ်မှတ်အချိန်ယူလုပ်၊ လူ သိန်းဂဏန်းလောက် နေ့စဉ် Click လုပ်ရင်ကို ရပြီ။ တော်လှန်ရေးအဓိဌာန်နဲ့ မပျက်မကွက်လုပ်။ ကျန်တာကတော့အခါအားလျော်စွာ
ဘဏ္ဍာရေးအစီအစဉ်တွေကို ဝင်ကူ၊ ဆက်သွယ်၊ လှုံ့ဆော်ပေးဖို့ပါပဲ။ ဝါဒဖြန့်ချိရေးမှာလည်း ဉာဏ်ကောင်းကောင်းနဲ့ ကူကြရမှာပေါ့။စီးပွါးရေးသမားတွေလည်း လမ်းခွရောက်နေပြီစကစ(စစ်ကောင်စီ)နဲ့ရောပြီချောက်ထဲထိုးအဆင်းခံမလား။ပြည်သူနဲ့ရှင်ကျန်မလား၊ရွေးပေရော့ ။
ဘွန်းဝယ်ပါဆိုတာဒါပြောနေတာ။
မေး-စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲမှာ ဘဏ္ဍာငွေကအရေးကြီးဆုံးလို့ ဦးမင်းကိုနိုင် ရှင်းပြထားတာတွေ့ရပါတယ်။ ဘဏ္ဍာငွေရရှိရေးအရေးကြီးသလို ၊ယူကရိန်းသင်ခန်းစာအရ ခေါင်းဆောင်မှုနဲ့ နိုင်ငံတကာဆက်ဆံရေးကလည်း မပိုတောင် တန်းတူအရေးကြီးတယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။ NUG ၊NUCC အနေနဲ့ ခေါင်းဆောင်မှုနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ဒီထက်ပိုအားကောင်းလာအောင်လုပ်မယ့်အစီအစဥ်တွေ ရှိနေပြီလား။
ဖြေ – CRPHတို့ NUGတို့ NUCC တို့ရဲ့ အမည်နာမတွေကို နိုင်ငံတကာလွှတ်တော်တွေ၊ နိုင်ငံတကာအစိုးရတွေရဲ့ ရုံးခန်းတွေထဲရောက်အောင် နေ့မအား၊ညမအား ကြိုးစားခဲ့ရတာပါလို့ပြောရင် ယုံချင်မှယုံကြလိမ့်မယ်၊ပြီးတော့ နိုင်ငံတကာခေါင်းဆောင်တွေရဲ့ နှုတ်ဖျားက ဒီအဖွဲ့အစည်းတွေရဲ့ နာမည်တွေကိုတရားဝင်ပြောဆို ၊ဆက်ဆံလာအောင်သက်ဆိုင်သူအားလုံးနဲ့မြန်မာပြည်သူတွေကြိုးစားခဲ့ကြလို့ အခုဆိုရင် အမေရိကန်အပါအဝင်၊ဥရောပနိုင်ငံအချို့ရဲ့ အသိအမှတ်ပြုတွေကိုမြင်တွေ့နေရတာဟာ အားလုံးကြိုးစားမှု့ရဲ့ ရလဒ်လို့ပြောရမှာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီထက်ပိုကြိုးစားဖို့ လိုသေးတယ်ဆိုတာကိုလည်း နားလည်လက်ခံပါတယ်။
လူတွေ အရည်အချင်း ညံ့လို့မဟုတ်ဘူးဗျ။ ကမ္ဘာကြီးကို ဩဇာကြီးတဲ့ ဥရောပ၊ အမေရိက က လူတွေ ဥရောပအရေးကို ပိုအာရုံစိုက်တာလည်း မဆန်းပါဘူး။ ခပ်ဝေးဝေးမှာ မီးလောင်တာနဲ့ ကိုယ့်လမ်းထဲ မီးလာရှို့တာအပေါ် တုန့်ပြန်မှု မတူသလိုပေါ့။ အကျိုးစီးပွားနဲ့ တိုက်ရိုက် ပတ်သတ်တဲ့အပေါ် ထပ်တူမကျသလိုပါ။ ခေါင်းဆောင်မှုနဲ့ နိုင်ငံတကာ ဆက်ဆံရေး အရေးကြီးတာပေါ့။ တာဝန်ရှိသူတွေကလည်း ဒါကို လက်ခံကြပါတယ်။ အားလည်းစိုက်ကြပါတယ်။ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံပြုဖော်ပြမှုတွေ လိုနေသေးတာ အမှန်ပဲ။ ဒါကိုလည်း ကြိုးပမ်းကြရမှာပါ။ အားလုံးက နိုင်တဲ့နေရာက ဝိုင်းကြရမှာပါ။
မေး-နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာရယ် ၊နိုင်ငံရေးမဟာဗျူဟာရယ်ကဒီပွဲအနိုင်၊အရှုံးကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ လေ့လာသူအချို့ ကသုံးသပ်ကြပါတယ်။ တော်လှန်ရေးမျက်နှာစာတိုင်းမှာရှေ့တန်းကပါဝင်နေတဲ့ ဦးမင်းကိုနိုင်အနေနဲ့ NUCC ရယ်၊NUG ရယ် ၊တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေးနဲ့ စစ်ရေးမဟာဗျူဟာအပေါ် ယုံကြည်မှုဘယ်လောက်ရှိပါသလဲ ။ဒီအတွက် ပြည်သူတွေကို ဘယ်လိုသတင်းစကားပါးချင်ပါလဲ။
ဖြေ – အဖွဲ့အစည်းတွေ ဖွဲ့ခဲ့တာ လိုအပ်ချက်အရ ဖွဲ့ခဲ့တာပဲ။ ဖွဲ့ကတည်းက မဟာဗျူဟာ ကျကျ ဖွဲ့ခဲ့ကြတာပါ။ ကျွန်တော်တို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ဒီထက်ပိုတဲ့ အပေါင်းလက္ခဏာပြတဲ့ ပေါင်းစပ်မှုတွေ၊ ပြည်လုံးကျွတ် ဗျူဟာတွေ ထပ်ပေါင်းမှာပေါ့။ အားလုံးက ကိုယ့်တာဝန်ကိုယ်ကျေ၊ ဇွဲနဲ့ အောင်စိတ်အပျောက်မခံဖို့ပဲ။ စစ်ကောင်စီရဲ့ ထွက်ပေါက်က ၂၀၀၈ အောက်က နောက်ရွေးကောက်ပွဲ အသစ်လေ။ နွေဦးတော်လှန်ရေးဗျူဟာက စစ်ကောင်စီ အသက်ဆက်ခွင့်ကို ကောင်းစွာဖျက်ဆီးနိုင်ပါတယ်။ သူတို့ အဲဒီနည်းနဲ့ အသက် ဆက်ခွင့်လုံး၀မရှိစေရ။ သူတို့တပ်ထဲ ယုံကြည်မှုပျက်၊ နာခံမှုမဲ့တိုင်း ပြည်သူတွေက ညာသံပေး ဝိုင်းရမှာပဲ။ ကိုယ့်အချင်းချင်း မနင်းမိ၊ မတိုက်မိအောင်လည်း သတိရှိနေရမှာပေါ့။ အထူးသဖြင့် ဦး ဆောင်တာဝန်ခံသူတွေအပေါ် အပြစ်ပုံချတိုက်ခိုက်တာမျိုးဟာ တော်လှန်ရေးတိုင်း ကြုံရစမြဲပါ။စိစစ်နိုင်၊ ဆင်ခြင်တွန်းလှန်နိုင်ရပါမယ်။ ‘တော်လှန်ရေးဆိုတာ ယုံကြည်သူတွေရဲ့ အရာပါ’ ဒါကို သာ နှလုံးသွင်း၊ အရောက်သွားကြအောင်ပါ။ ၁၉၆၂ ၊ ၇၄၊ ၇၅ ၊ ၇၆ ပြီးတော့ ၁၉၈၈ လက်ဆင့်ကမ်းလာကြတာပါ။ ခုနွေဦးတော်လှန်ရေးက အားလုံးကိုယ်စားပန်းဝင်မှာပါ။စစ်ပွဲကိုဆင်နွဲမယ်ဆိုရင်တော့ စစ်ဗျုဟာက အရေးကြီးတာပေါ့ ၊နိုင်ငံရေးကိုဆင်နွဲမယ်ဆိုရင်လည်း နိုင်ငံရေးဗျူဟာ ကအရေးကြီးတာပေါ့ ။ကျွန်တော်တို့က အဲ့ဒီ နှစ်ခုလုံးကို ဆင်နွဲနေတဲ့အတွက် ဗျူဟာနှစ်ခုစလုံးဟာ အရေးကြီးပါတယ် ။ ဒါပေမဲ့ အဲ့ဒါတွေထက် ပိုအရေးကြီးတာကတော့ အပေါ်မှာပြောခဲ့သလို ဓမ္မအမှန်တရားကို အဓမ္မတရားတွေက ဘယ်တော့မှ အနိုင်ယူလို့မရဘူးဆိုတဲ့ လောကနိယာမ ဗျူဟာက ပိုအရေးကြီးပါတယ်လို့ပြည်သူတွေကိုမှာပါရစေ ။
