Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“လုပ်လည်းလုပ်နေပါတယ်(စစ်​ကောင်စီကို​​ တော်လှန်​ရေးအဖွဲ့​အားလုံးချိတ်ဆက်တိုက်ခိုက်ရန်)လိုချင်တဲ့ပုံစံတစ်ခုအထိမရောက်သေးဘူးဆိုပေမယ့် ကြိုးစားနေတယ်ဆိုတာကတော့ အသေအချာပြောလို့ရပါတယ်”

ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ
ပဒိုစောတောနီးအား People’s Spring (လူထု​နွေဦး)သတင်းဌာနကလက်ရှိစစ်ရေးအခြေအနေ​တွေ၊
စစ်အာဏာရှင်ဖြုတ်ချ​ရေး နွေဦး​တော်လှန်​ရေးနဲ့
ပတ်သက်ပြီး​တော့ မေးမြန်းထားတာ​တွေကိုတင်ဆက်လိုက်ပါတယ်။

●KNU ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးနှင့်​မေးမြန်းခန်း (အပိုင်း-၁)

​မေး-မတ်လမှာ ကရင်ပြည်နယ်ကစလို စစ်ကိုင်း၊ကချင် ၊ကရင်နီ ၊မွန်၊တနသာ်ရီ ၊မကွေး စတဲ့ဒေသအနှံ့မှာတိုက်ပွဲတွေ အတော်ပြင်းထန်လာတာတွေရပါတယ်။ ဒါက ဒေသတစ်ခုချင်း ကိုယ့်အစီအစဉ်နဲ့ကိုယ်တိုက်နေကြတာလား ၊တော်လှန်ရေးအဖွဲ့တွေချင်းချိတ်ဆက် တိုက်ခိုက်တာပါလားဗျ။

​ဖြေ-တပြည်လုံး နေရာဒေသအနှံ့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာနေတာက အဓိက အကြောင်းအရင်းက စစ်ကောင်စီအနေနဲ့ တိုင်းသူပြည်သား လူထုတစ်ရပ်လုံးကို သူရန်သူလို့ သတ်မှတ်ပြီး လုပ်ဆောင်လာတဲ့ အခါကျတော့ အထူးသဖြင့် ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေက လူထုနဲ့ တသားတည်းဖြစ်နေတဲ့အခါကျတော့ သက်ရောက်မှုက အတူတူ ဖြစ်သွားတဲ့အခါကျတော့ မတိုင်ပင်ဘဲနဲ့ ဒီလိုမျိုး တပြိုင်တည်းဖြစ်သွားတယ်လို့ ယူဆလို့ရတယ်။ ဒါပေမဲ့ မေးခွန်းထဲမှာ အရေးကြီးတာက ချက်ချင်း လက်ချင်းချိတ်ဆက်နိုင်ဖို့ ဆိုတာက ကျွန်တော်တို့ ကြိုးစားနေတာ အများကြီးရှိပါတယ်။ လုပ်လည်းလုပ်နေပါတယ်။လိုချင်တဲ့ ပုံစံတစ်ခုအထိ မရောက်သေးဘူးဆိုပေမယ့် ကြိုးစားနေတယ်ဆိုတာကတော့ အသေအချာပြောလို့ရပါတယ်။

​မေး-စစ်ကောင်စီတပ်အပေါ် တော်လှန်ရေးအဖွဲ့တွေကခုခံစစ်ကနေ တိုက်စစ်မြှင့်ဖို့အကောင်းဆုံးအချိန်ရောက်နေပါပြီလား ။

Public Service Announcement

Public Service Announcement

​ဖြေ-ဒါမျိုးကျတော့ လုပ်နိုင်မယ်ဆိုရင်တော့ စောစောလုပ်နိုင်လေ ကောင်းလေပဲလေ။ ဒါပေမဲ့ ကျွန်တော်တို့ ရဲ့ အဟန့်အတားပဲ ပြောရမလား ကျွန်တော်တို့ စိန်ခေါ်ချက် ကျွန်တော်တို့ ရုန်းကန်နေရတဲ့ အနေအထားမှာတော့ ချက်ချင်းလက်ငင်း လုပ်လို့မရဘူးဆိုပေမယ့် မနှေးအမြန် လုပ်နိုင်ရင် သိပ်ကောင်းတာပေါ့။ နိုင်ငံရေးအရ စုစည်းလာဖို့ တစ်နှစ်လုံးလုံး လုပ်လာခဲ့ပြီ။ အခုအချိန်အခါမှာဆို NUCC ဆိုတာ ကျွန်တော်တို့ တည်ဆောက်နိုင်တဲ့ အနေအထား။ အထူးသဖြင့် နိုင်ငံရေးဦးဆောင်မှု အပိုင်းမှာပေါ့နော်။ ဒါကလည်း အဖွဲ့ဝင် အားလုံးမပါလာသေးဘူး။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အားလုံးမပါလာသေးသည့် တိုင်အောင် ဒီလုပ်ငန်းတွေ လုပ်နိုင်အောင် အထူးသဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ အပိုင်းမှာတော့ မြန်မြန်မြန်မြန် လုပ်နိုင်လေ ကောင်းလေပဲ။ အကောင်းဆုံးအချိန်ရောက်နေပြီလား မေးခွန်းအပေါ်မှာတော့ မြန်မြန်လုပ်နိုင်လေ ကောင်းလေပဲ။ ဒါပေမဲ့ ကျွန်တော်တို့ မှာ အကန့်အသတ်တွေရှိတာ မှန်တယ်ဆိုတဲ့အခါကျတော့ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၂ မှာတော့ အကောင်းဆုံးကြိုးစားသွားမယ်ဆိုတာ ကျွန်တော်တို့ ကြိုပြောထားပြီးသားပါ။

​မေး-မြေပြင်တိုက်ပွဲတွေမှာဆိုရင် စစ်ကောင်စီတပ်က ဘယ်မှာတိုက်တိုက်အထိ့နာတာများပြီးသူတို့ဘက်ကလေကြောင်းကိုပဲအားကိုးတိုက်လာတာတွေ့ရပါတယ်။ အကြမ်းဖက်စစ်ကောင်စီအားသာတဲ့လေကြောင်းတိုက်ခိုက်မှုကို အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ဖို့ နည်းဗျူဟာနဲ့ စစ်လက်နက်ပစ္စည်း တွေအဆင်သင့်ဖြစ်ပြီလား။ အဲအတွက် ပြည်သူတွေကဘယ်လိုကူညီနိူင်ပါလဲ ။

​ဖြေ-အခုမြေပြင်တိုက်ပွဲ တော်တော်များများက အမှန်အကန်ပဲလေ။ ဘယ်ပွဲပဲကြည့်ကြည့်မြေပြင်တပ်တွေအထိနာတာ တော်တော်များတယ် အထူးသဖြင့် စစ်ကောင်စီဘက်ကနော်။ ဆိုတော့ သူတို့ လေကြောင်းကို တအားကို တော်တော်လေးကို အားကိုးလာတဲ့ အနေအထား ရှိလာတဲ့အခါကျတော့ ကျွန်တော်တို့ဘက်မှာ လည်း အဲဒီ လေတပ်ကို ပြန်ပြီးတော့ ရင်ဆိုင်ဖို့ဆိုတာ ဒါကတော့ကျွန်တော်တို့အတွက် စိတ်ခေါ်ချက်ဖြစ်တယ်။ ဘယ်လိုနည်းနဲ့ အကောင်းဆုံးခုခံနိုင်ဖို့ဆိုတာက ကျွန်တော်တို့အတွက်က တော့ တော်တော်လေး အကန့်အသတ်ရှိနေပါတယ်။ အဲဒီအပိုင်းမှာ တက်နိုင်သလောက် နည်းလမ်းရှာတယ်။ ဖြစ်နိုင်တဲ့ဟာတွေ အစွမ်းကုန်ကြိုးစားနေတယ်။ သို့သော်ငြားလည်းပဲ ကျွန်တော် လည်း ပြောနေပါပြီ ဒီအပိုင်းမှာတော့ နွေဦးတော်လှန်ရေးကို အထူးသဖြင့် ဦးဆောင်နေတဲ့ NUCC ထဲမှာရှိတဲ့ NUG တို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတို့က ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီပြိုကျရေးအတွက် ကျွန်တော်တို့ တိုက်ခိုက်တဲ့ နည်းလမ်းတွေထဲမှာ သံတမန်ရေး၊ နိုင်ငံရေးတွေ ၊ စီးပွားရေးပိတ်ဆို့မှုတွေ အထူးသဖြင့် စစ်ရေးက ပါနေတဲ့အခါကျတော့ စစ်ရေးမှာ နိုင်ငံတကာက အဲဒီအပိုင်းမှာ တော်တော်လေး အကန့်အသတ် ပြောရတယ်။
ရှင်းရှင်းပြောရရင် ဗျာ ဒီအပိုင်းမှာတော့သူ့က သူ့အကျိုးစီးပွားနဲ့သာဆိုရင်ဘာမှ စကားများမှာ မဟုတ်ဘူး။ ချက်ချင်း ကောက်ကာငင်ကာပေးတော့မယ်ဆိုတာဒါကသံသယမရှိဘူး။ သို့သော်ငြားလည်းပဲ ဒီနေ့ ဒီအချိန်ကာလမှာဒီလိုမတရားမှုကတော်တော်လေးကို ကွဲကွဲပြားပြားနဲ့
အမှောင်နဲ့အလင်း အဖြူနဲ့ အမည်း ဒီလိုကွဲပြားနေတဲ့အခါမှာ ဆိုရင်တော့ တကယ် တရားမှုကို ချစ်ပါတယ် မြတ်နိုးပါတယ်ဆိုတဲ့ တိုင်းပြည်ဆိုတဲ့ တိုင်းနိုင်ငံတွေကလည်း ဒီနေ့ဒီကာလမှာ ဒီအတိုင်း ထိုင်ကြည့်လို့ မသင့်ဘူးဆိုတာ ကျွန်တော်တို့ဘက်က ဒါက ဖိပြီးလုပ်ရမယ့်အပိုင်းတွေရှိတယ်။ ဆရာပြောတဲ့ မေးခွန်းတိုင်းမှာ ကျွန်တော်တို့ ဘယ်လိုပြန်ပြီး တုံ့ပြန်နိုင်မလဲ၊ ခုခံနိုင်မလဲ နည်းဗျူဟာအသစ်တွေဘာရှိမလဲ စစ်လက်နက်တွေ ဘယ်လိုလုပ်မလဲ ဒီအပိုင်းမှာကျတော့ ကျွန်တော်တို့က ကိုယ့်ပြည်တွင်း အနေအထားနဲ့ကတော့ ဘယ်လိုမှ လက်တွေ့ကျပြီး အပြည့်အစုံဖြစ်လာနိုင်မှာ မဟုတ်ဘူး။ သို့သော်ငြားလည်းပဲ အစောက ပြောတဲ့နည်းကတော့ ကျွန်တော်တို့ ဆက်ကြိုးစားသွားမယ်။ ဒါပေမဲ့ ဒါကတော့ ချက်ချင်းမရလာနိုင်သည့်တိုင်အောင် ကျွန်တော်တို့ နည်းလမ်းတွေရှာရမယ်။ ရှာလည်း ရှာနေတယ်။ လုပ်လည်းလုပ်သွားမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့က တော်လှန်ရေးကာလ ရှိတဲ့ အစိုးရတစ်ရပ်အနေနဲ့ ခပ်မြန်မြန်လေး အသိအမှတ်ပြုနိုင်ဖို့ ဆိုတာ ကျွန်တော်တို့ လုံးပမ်းတယ်။ ဒါလေးရသွားပြီဆိုရင်ကျန်တဲ့ အပိုင်းတွေ မေးတဲ့မေးခွန်းတွေကအလိုအလျောက်အဆင်ပြေသွားမယ်ဆိုတာ ပြောရဲတယ်။

လူထုဘက်က ဘာကူညီနိုင်မလဲဆိုတဲ့အပိုင်းက ကျွန်တော်တို့ကတော့ လူထုနဲ့ ပတ်သက်လာရင် တော့ ပြောစရာကို မရှိဘူးလို့ ပြောလို့ရတယ်။ သူ့မှာ ရှိသမျှ တက်နိုင်တဲ့အင်အား စားရမဲ့သောက်ရမဲ့ဆိုတာတောင်မှ တော်တော်လေးလုပ်ခဲ့တာဗျ။ အဲဒါကြောင့် ဘာမှ အထူးတော့ ပြောစရာမလိုဘူး။ ဆက်လက်လည်းလုပ်ဆောင်သွားမယ်ဆိုတာ ကျွန်တော်တို့ လုံး၀ ယုံကြည်ပါတယ်။

​မေး-အကြမ်းဖက်စစ်ကောင်စီတပ်ကပါးစပ်ကငြိမ်းချမ်းရေးပြောပြီး လက်တွေ့ KNUကိုဖိအားပေးတိုက်နေတာက KNUနဲ့ PDF တွေကို ဖြိုခွဲချင်တာကြောင့်လို့လူကြီးမင်းဖြေကြားထားတာတွေ တွေ့ရပါတယ် ။ ဒီအတွက် KNU/PDFတွေကစစ်ကောင်စီတပ်အပေါ် အကောင်းဆုံးတုံ့ပြန်မှုက ဘာဖြစ်မလဲ ။

​ဖြေ-အခု ကျွန်တော်တို့ဘက်မှာ အလုံးအရင်းနဲ့ စစ်ဆင်နေတာက အဓိကတော့ ကျွန်တော်တို့ တပ်ဖြစ်တဲ့ KNLA နဲ့ PDFကို ထိုးခွဲဖို့ပဲလေ။ အဲဒါကတော့ ရှင်းလင်း ပြတ်သားတဲ့အနေအထားမှာ လူတိုင်းလည်းသိနေတဲ့ ကိစ္စ။ အဲဒါကြောင့်မို့လို့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့လည်း ပြန်ပြီးတော့ ချနေတာပဲ။ သူလုပ်သလို ကိုယ်ကလည်း ပြန်တန်ပြန်ရတာပဲ။ ဆိုတော့ ဒီထက်ပိုကောင်းပြီး ဘယ်လို တန်ပြန်နိုင်မလဲဆိုတာတော့ နည်းလမ်း အများကြီးရှာရတာပေါ့။ စစ်ရေးနည်းလမ်းအရရော ရှိသမျှ နည်းလမ်း အကုန် ကြိုးစားနေတယ်။ အဓိကျတာက စည်းလုံးမှု မပြိုကွဲရေးပဲ။ သူတို့ ဘယ်လောက်ဖိအားပေးပေး ။ ဒါပေမဲ့ ကျွန်တော်တို့ မြင်တာက ဒီနေ့ ဒီကာလမှာသူတို့ဖိအားပေးသလောက် အရာမရောက်ဘူးဆိုတာ ကျွန်တော်တို့မြင်နေရတယ်။ ဘာလို့လည်းဆိုရင် သူတို့ အနေအထားက လွန်ခဲ့တဲ့ နှစ်များစွာက ကျွန်တော်တို့ ရင်ဆိုင်ခဲ့တဲ့ အနေအထားနဲ့လုံး၀မတူဘူးဆိုတာ အထူးပြောစရာမလိုတော့ဘူး။ အဲဒီတော့ ကျွန်တော်တို့ ကြားမှာ ရှိတဲ့ စည်းလုံးမှု အနေအထားရော အထူးသဖြင့် တန်ပြန်နိုင်တဲ့ အနေအထား ဒီထက်ပိုပြီး ပြင်းထန်လာဖို့ ကျွန်တော်တို့ ကြိုးစားသွားဖို့ပဲရှိတယ်။

​မေး-တစ်ဖက်မှာလည်း အပစ်ရပ်လက်မှတ်ထိုးအဖွဲ့အချို့က စစ်ကောင်စီနဲ့ ဒီရက်ပိုင်းအတွင်းမှာ ဆွေးနွေးခဲ့တာရှိပါတယ်။ စစ်ကောင်စီနဲ့ ဆွေးနွေးခြင်းက တိုင်းရင်းသားတွေလိုလားချက်တွေ အမှန်တကယ် ဖြစ်လာဖို့ အလုပ်ဖြစ်နိုင်ပါ့မလား။ အဲဒီတိုင်းရင်းသားအဖွဲ့အချို့ကိုရော ဘာတိုက်တွန်းလိုပါသလဲ။

​ဖြေ- အခုရက်ပိုင်းအတွင်းမှာ အထူးသဖြင့် အပစ်ရပ်အဖွဲ့တွေကနေပြီးတော့ စစ်ကောင်စီနဲ့ ပြန်ပြီးတော့ ဆွေးနွေးတယ်ဆိုတာ သူတို့ကိုယ်တိုင်ကလည်း ထုတ်ဖော်ပြောကြားတာရှိတယ်လေ။ ဆိုတော့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ကိုယ်တိုင်ကလည်း စစ်တပ်နဲ့ ဆွေးနွေးထားတာရှိတာပဲ။ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးဆိုတာလည်း သဘောတူညီခဲ့တာလည်းရှိသလို တစ်ပြည်လုံး အပစ်အခတ်ရပ်စဲပြီးတော့ ၂၀၁၅မှာ ကျွန်တော်တို့ လက်မှတ်ထိုးထားတာလည်း နိုင်ငံတကာ အသိသက်သေရှေ့မှာ ကျွန်တော်တို့ လုပ်ခဲ့တယ်လေ။ အဲဒါကို ဗြောင်ကျကျ ဆန့်ကျင်ပြီး ဖောက်လွဲဖောက်ပြန် အကုန်လုံး စည်းဖောက်ပြီးတော့ ပျက်ပြားအောင်လုပ်သွားတာ စစ်ကောင်စီ ပဲလေ။ အဲဒီလို လုပ်သွားတဲ့ စစ်ကောင်စီကို အခုက စစ်ကောင်စီ အကျိုးရလဒ်အတွက် စစ်ကောင်စီနဲ့ ပြန်ပြီးတော့ ဆွေးနွေးနေရတဲ့ အနေအထားမျိုးမှာ စစ်ကောင်စီကိုယ်တိုင်က တရားမဝင်တဲ့သူ ဖြစ်သွားပြီလေ။တရားမဝင်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်တော်တို့ သွားပြီးတော့ဆွေးနွေးမယ်ဆိုရင် နေရင်းထိုင်ရင်းနဲ့ စစ်ကောင်စီကို တရားဝင်အောင် ပြန်လုပ်ပေးသလို နဲ့ အဓိပ္ပါယ်အတူတူပဲဗျ။ အဲဒါကြောင့် ဒီနေ့ဒီအချိန်အခါမျိုးမှာ ကျွန်တော်တို့ကိုယ်တိုင်က တော်လှန်ရေး အဖွဲ့အစည်း ဖြစ်တယ်ဆိုရင်တော့ ဒီဟာကြီးက ဒီလောက် အနေအထားမျိုးမှာ ကိုယ့်အဖွဲ့အစည်း တစ်ခုအတွက်နဲ့ပဲ ကြည့်မယ်ဆိုရင်တော့ အပေးအယူ တစ်ခုခုတော့ ရနိုင်လို ရနိုင်ငြားကတော့ ဒါကတော့ တွက်လို့ရတာပေါ့။

ဒါပေမဲ့ ဒီလို တိုင်းပြည်တစ်ပြည်လုံးရဲ့ အပြောင်းအလဲ တစ်ခုကို လုပ်ဖို့ ဆိုရင်တော့ ဒီလို စစ်ကောင်စီနဲ့ သွားစကားပြောနေတယ်ဆိုရင် ဒီလူကကတိ တည်တဲ့သူမှ မဟုတ်ဘဲ။ တစ်ခါမတည်ဘူးဆိုရင် နောက်တစ်ခါ ကိုယ်နဲ့ရတဲ့ သဘောတူညီချက်ကရော တည်ပါ့မလားဆိုတာ ဒါကလည်း အများကြီးသံသယရှိလာပြီလေ။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလေ။ နောက်ပြီးတော့ သူ့သမိုင်း ကြောင်းလှန်ကြည့်စမ်းပါ ဘယ်မှာကတိတည်ဖူးသလဲ။ ရွေးကောက်ပွဲ အကြိမ်ကြိမ် ဒီလိုပဲ ဖောက်လွဲဖောက်ပြန်လုပ်ခဲ့တာ။ ကျွန်တော်တို့ကတော့ ဘယ်လိုမှလက်မခံနိုင်ဘူးလေ။အဲဒီလိုအနေ
အထားမျိုးမှာ ကျွန်တော်တို့ ပြောချင်တာက ကိုယ်က တော်လှန်ရေး အဖွဲ့အစည်း တစ်ရပ်အနေနဲ့ လူထုရဲ့ အမြင်ရှင်းလင်းမှု အပိုင်းမှာရော လူထုရဲ့ ရိုသေလေးစားမှုအပိုင်းမှာရော ပြန်ရချင်တယ်ဆိုရင် တော့ အဲဒီအပိုင်းမှာ ပြန်ပြီးတော့ စဉ်းစားဖို့သင့်တယ်။ ဒီနေ့ ဒီကာလမှာ ဒါကြီးက ရှင်းရှင်းလင်းလင်း ဖြစ်ဖို့တော့လိုတယ်လို့ ဒါပဲ ပြောချင်တယ်။

​​မေး-အပစ်ရပ်အဖွဲ့တွေရဲ့ ညီလာခံမှာ KNU ဥက္ကဋ္ဌ ကို တွေ့ရပါတယ်။ သူကတော့ KNU ကိုယ်စားပြုလာတာမဟုတ်ဘူးလို့ ပြောထားတာလည်း သတိပြုမိပါတယ်။ ဥက္ကဋ္ဌ အဲဒီဆွေးနွေးပွဲ တက်တဲ့အပေါ်နဲ့ ဥက္ကဋ္ဌ ပြောကြာချက်တွေနဲ့ ပတ်သက်ပြီးဘာတွေပြောကြားလိုတာရှိပါသလဲ။

​ဖြေ-အခုလက်ရှိ ကျင်းပနေတဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ ညီလာခံမှာဆိုရင် ကျွန်တော်တို့ KNU ဥက္ကဋ္ဌ တက်ရောက်ခဲ့တာတွေ့နေရတယ်။ သူကိုယ်တိုင်လည်း ပြောထားပါတယ်။ ကျွန်တော်တို့ KNU အဖွဲ့အစည်းကို ကိုယ်စားမပြုပါဘူး။ ဒါပေမဲ့ သူပြောကြားတဲ့အထဲမှာ တော့ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ ထပ်ခါထပ်ခါ ပြောနေတာရှိပါတယ်။ ကျွန်တော်တို့ ပြောချင်တာကတော့ တွေ့ဆုံဆွေးနွေးပွဲဆိုတာ ဘယ်လိုတွေ့ဆုံဆွေးနွေးပွဲ အခြေခံနဲ့သွားမှာလဲ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း တွေ့ဆုံဆွေးနွေးပွဲ ဆိုတာ လုပ်ခဲ့ပြီးပြီ။ နိုင်ငံတကာရှေ့မှောက်မှာတောင်မှ သဘောတူညီချက်တွေ သေသေချာချာ လုပ်ခဲ့ပြီးမှ နောက်ဆုံးကျတော့ သဘောတူညီထားတဲ့ အချက်ကို ဖောက်လွဲဖောက်ပြန်ပြုပြီးမှ တစ်ခါတည်း ချုပ်ဆိုထားတဲ့ စာချုပ်(NCA စာချုပ်)ရဲ့ အနှစ်သာရကို ဖောက်ဖျက်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပျက်ပြားသွားအောင်လုပ်တယ်ဆိုတာ အဲဒီလိုအနေအထားမျိုးမှာ ဖြစ်လာတဲ့ အခါကျတော့ ကျွန်တော်တို့ ဒီလူတွေနဲ့ ပြန်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကို ပြန်လုပ်ဖို့ဆိုတာ ဒီလို အနေအထားအောက်မှာ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ကျွန်တော်တို့က အများကြီးမေးခွန်းထုတ်စရာ ရှိလာပြီ။ဒါကတော့ ဒီလောက်ပဲ ပြောပါရစေ။

(​မေးမြန်းခန်း အပိုင်း(၂)ကိုဆက်လက်​ဖော်ပြပါမယ်)

ဆက်စပ်သတင်းများ

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။