Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ဖိတ်ခေါ်တာ တောက်လျှောက်ပဲ။ ဒါပေမဲ့ သူ့(မင်း​အောင်လှိုင်)လုပ်ရပ်တွေကဘာမှ မပြောင်းဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့က လက်ခံနိုင်စရာအကြောင်းတော့မရှိဘူး”

ဖိတ်ခေါ်တာက ဖိတ်ခေါ်တာပဲလေ။ သူဖိတ်ခေါ်တာက ဒါလည်း ပထမ အကြိမ်မဟုတ်ဘူး။

■KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနဲ့​မေးမြန်းခန်း

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနဲ့တွေ့ဆုံ​ဆွေး​နွေးလိုကြောင်း ဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို People’s Spring သတင်းဌာနက
ဒီနေ့(ဧပြီ ၂၂) ဆက်သွယ်မေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။

မေး-စစ်ကောင်စီခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို သူကိုယ်တိုင် တွေ့မယ်ဆိုတဲ့ ဖိတ်ခေါ်ချက်အပေါ် ဘာပြောလိုပါသလဲ။

​ဖြေ-ဖိတ်ခေါ်တာက ဖိတ်ခေါ်တာပဲလေ။ သူဖိတ်ခေါ်တာက ဒါလည်း ပထမ အကြိမ်မဟုတ်ဘူး။ ဖိတ်ခေါ်တာ တောက်လျှောက်ပဲ။ ဒါပေမဲ့ သူ့လုပ်ရပ်တွေကဘာမှ မပြောင်းဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့က လက်ခံနိုင်စရာအကြောင်းတော့မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာ ကျွန်တော်တို့ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်လျှောက်လုံးမှာ ကျွန်တော်တို့ ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့သူတွေပဲဆိုတော့ ဘာဖြစ်ခဲ့တယ် ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိတယ်။ အပြင်ကနေ ကြည့်ပြီး ပြောရင်လည်း ဒီနေ့ ကျွန်တော်တို့ ကိုယ်တိုင် ပါဝင်ခဲ့ ပြီးတော့ လုပ်နေတာ သူတို့နဲ့ ထိတွေ့ခဲ့တဲ့ဟာဆိုတော့ အကုန်လုံးပိုသိတယ်။အဲဒီသိတဲ့အပေါ်မှာဒီတစ်ခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆိုရင် အဲဒီ ပုံစံမျိုးနဲ့ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူးဆိုတာ ကျွန်တော်တို့ ယတိပြတ်ပြောခဲ့ပြီ။ အဲဒါကြောင့် ရှေ့ဆက်ကာလမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်စေချင် တယ်ဆိုရင်တော့ အရင်က ဖြစ်တဲ့ဟာတွေထက် ထူးခြားပြီးတော့ လုံး၀ သူတို့ လက်ခံရမယ့် အခြေအနေ တွေ လက်ခံရမယ့် အချက်အလက်တွေကျွန်တော်တို့ဆီမှာ ရှိပြီးသား။ အဲဒါတွေလက်ခံနိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို စလို့ရမယ်။ လက်မခံနိုင်ဘူးဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲဘာမှ စ, စရာ အကြောင်းမရှိဘူး။

Public Service Announcement

Public Service Announcement

​မေး-စစ်ကောင်စီတပ်ဘက်က လက်ခံရမယ့် အချက်​တွေဆိုတာဘာတွေပါလဲ

​ဖြေ-အဲဒါကလည်း အထူးအဆန်းတော့မဟုတ်ဘူး။ နိုင်ငံတကာမှာအောင်မြင်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြည့်လိုက်မယ်ဆိုရင် အဲဒီ အချက်အလက်တွေက ပါရှိပြီးသားပါ။ ဒါပေမဲ့ ဗမာပြည်ရဲ့ အခြေအနေအရ အထူးသဖြင့် စစ်တပ်ဟာ ဒီဟာတွေကို လုံး၀ ခါးခါးတူးတူး ငြင်းပယ်ခဲ့တဲ့အပေါ်မှာ ဒီတစ်ခါတော့ အဲဒါ လက်ခံမှရတော့မယ်လို့ ကျွန်တော်တို့ ကြိုတင်ပြီးတော့ ပြောတာဖြစ်တယ်။ တစ်အချက်က ဘာလဲဆိုတော့ ပြည်သူလူထု ပြင်းပြစွာတောင်းဆိုနေတဲ့ စစ်တပ်ဟာ နိုင်ငံရေးက ထွက်ရမယ်ဆိုတဲ့ဟာ ဒါကလည်း တကယ်ကို လိုအပ်နေတယ်။ အဲဒါသူလက်ခံရမယ်။နှစ်အချက် ဖက်ဒရယ်ဒီမိုကရေစီဆိုတာ ပါးစပ်ကနေ ပြောလို့မရဘူး။သူကဆက်ပြီးတော့လက်ခံပြီးတော့
အကောင်အထည်ဖော်ပြီးတော့ တစ်ခါတည်းလုပ်သွားရမယ်။ ဒါက ဒုတိယ အချက်။ တတိယ အချက်က ဘာလဲဆိုတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တုန်းက ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ သို့သော် သူတို့ကဘာပြောလဲဆိုတော့ အဲဒီတစ်ချက်ကိုတော့ ခင်ဗျားတို့ လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲက ရပ်တန့်သွားမယ်ဆိုပြီးပြောခဲ့တယ်။ ဒါက ဘာလဲဆိုတော့ transitional justice ပေါ့ အသွင်ကူးပြောင်းရေးကာလဆိုင်ရာတရားမျှတမှုဆိုတဲ့ဟာကိုတော့ အဲဒါကို ဒီတစ်ခါမှာ သူတို့ လက်ကို လက်ခံရမယ်။ ဘာလို့လည်းဆိုရင် သတ်တာဖြတ်တာ တွေက မတရားကြီး ဖြစ်နေတဲ့ဟာအသားလွတ်ကြီးမေ့လို့မရတော့ဘူး။ အဲဒါ အမှန်တရားဖော်ထုတ်ရေးဆိုတာ လုပ်ကို လုပ်ရတော့မှာ။ အဲဒါသူလက်ခံရမယ်။ နောက်ဆုံးအချက်ကတော့ နိုင်ငံတကာပါဝင်ပတ်သက်မှုဆိုတာ။ ဒါကလည်းတကယ့်အောင်မြင်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဒါမပါလို့မရဘူး။ ကိုယ့်ချည်းပဲလုပ်ပြီဆိုရင်တော့ သူတို့က ကျွန်တော်တို့ကို ပြောတာက home make peace process တဲ့ home make ပြည်တွင်းဖြစ်ဆိုတော့ သူတို့ လုပ်ချင်ရာလုပ်တယ် အပြင်ကလူ ဘာမှ စောင့်ကြည့်လို့ မရဘဲနဲ့ သူက လုပ်ချင်ရာ လုပ်တဲ့အခါနောက်ဆုံးက အာဏာသိမ်းတော့ အဆုံးသတ်သွားတယ်။ အဲဒီလို ဖြစ်တဲ့ဟာကို ကျွန်တော်တို့က လုံး၀ လက်ခံလို့မရဘူး။ အဲဒါကြောင့် နိုင်ငံတကာ ပါဝင်ပတ်သက်မှုဆိုတာ နိုင်ငံတကာက ဝင်ရှုပ်တာကို ပြောတာမဟုတ်ဘူး နိုင်ငံတကာကနေ ငြိမ်းချမ်းရေးဆွေးနွေးပွဲက တကယ်သမာသမတ် တရားမျှတမှုရှိလား စောင့်ကြည့်ဖို့ ၊လိုအပ်ရင် လိုအပ်သလို Monitoring တို့ အဲဒါတွေက သူကိုယ်တိုင်က ဝန်ခံပြီးတော့ လက်မှတ်ထိုးပြီးတော့ အကောင်အထည်ဖော်လား မဖော်လားဆိုတာ အကုန်လုံးစောင့်ကြည့်ရမယ့်ဟာတွေ။
အဲဒီအချက်အလက်တွေကိုလက်မခံနိုင်ဘူးဆိုရင်ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ပါးစပ်နဲ့လာပြောရုံနဲ့လုပ်လို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့အတွေ့အကြုံကို အခြေခံပြီးတော့ ပြောတာ ဖြစ်တယ်။ ကျွန်တော်တို့က အလဟသ ထိုင်ပြီးတော့ လေပေါနေတဲ့ သူတွေမဟုတ်ဘူးဆိုတာ ဒါက ရှင်းရှင်းလေး ပြောရမယ်။ အဲဒါကြောင့် အဲဒီအချက်ကို လက်ခံပါ။ လက်မခံဘူးဆိုရင် ငြိမ်းချမ်းရေးက သူမကလို့ ဘယ်သူပဲလာလာ ဘာမှထူးမှာ မဟုတ်ဘူး။

​မေး-စစ်ကောင်စီခေါင်းဆောင်ဟာ အာဏာသိမ်းတယ် ပြည်သူလူထုအပေါ် ရက်ရက်စက်စက် နှိမ်နင်းခဲ့တယ်။ ဒါမျိုးတွေလုပ်ခဲ့ပြီး သူကိုယ်တိုင်တွေ့မယ် လာကြပါလို့ ထုတ်ပြောလာတဲ့ အခြေအနေကဘာကြောင့်လို့ မြင်မိပါသလဲ။

​ဖြေ- ကျွန်တော်တို့ဘက်က သုံးသပ်တာတော့ သူက နည်းလမ်းပေါင်းစုံနဲ့ လျှောက်ပြီး သူစမ်းကြည့်တယ်။ တစ်ဖက်က သူလုပ်ချင်တာတွေလျှောက်လုပ်တယ်။ နောက်ဆုံးကျတော့ အမြှီးအမောက်မတည့်တာတွေလည်း အများကြီး လုပ်ခဲ့တယ်။ဘွဲ့ပေးတာက အစ။ ဘွဲ့ပေးတာကလည်း သူမအောင့်အည်းနိုင်ဘဲ သူ့ဘာသာသူထပေးတယ်။ သေတဲ့သူလည်း လျှောက်ပေးတယ်။ အဲဒီလိုဟာမျိုးတကယ့် အမြှီးအမောက်မတည့်တာတွေ တစ်နေ့တစ်ခြား မရိုးရအောင်လုပ်နေတာ ရှင်းနေတာပဲ။ နောက်ဆုံးအခြေအနေမှာ ဘာမှ အရာမထင်တဲ့သူတွေလျှောက်စမ်းကြည့်ခဲ့တာ အခု နောက်ဆုံးကျတော့ သူကိုယ်တိုင် လူလုံးပြပြီး သူလုပ်ရင် ရမလားဆိုပြီးတော့။ မရဘူးဗျ။ အနာတခြား ဆေးတခြားပဲ။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ တိုင်းပြည်ကရှိနေတဲ့ အနာကို ကုနိုင်ဖို့ ဆေးက တကယ့် အကြောင်းအရင်းခံတွေကို ရှင်းထုတ်မှပဲရမယ်။ဆိုလိုတာက ဘာလဲဆိုတော့ အဓိကကျတဲ့ စောစောက ဖော်ပြတဲ့ လေးချက်လုံးက အဓိက ကျတဲ့အချက်တွေပဲဖြစ်တယ်။ အဲဒါတွေမလုပ်ဘဲနဲ့ သူဟာသူ လူလုံးမကလို့ ဘာပဲလာလာ ဘာမှ ထူးတော့မှာ မဟုတ်ဘူး။

​မေး-သူကိုယ်တိုင်တွေ့လည်း အဖြေမရဘူး ၊ လက်တွေလုပ်ဆောင်ချက်တွေ ပြောင်းလဲမှရမယ်ဆိုတဲ့ အနေအထားလား။

​ဖြေ-ဟုတ်ပါတယ်။ လူလုံးပြတာ ဘာမှလည်း ထူးလာမှာ မဟုတ်ဘူး။ တကယ်တန်း လက်တွေ့လုပ်တဲ့ အလုပ်တွေပြောင်းလဲခြင်းရှိလား မရှိဘူးလားဆိုတာ လက်တွေ့ကျတဲ့ ၊ ငြိမ်းချမ်းရေးနဲ့ တကယ် အပ်စပ်တဲ့ အချက်အလက်တွေ တကယ် ပြနိုင်ပြီလား ၊ ဒါက အရင်ပြနိုင်မှပဲ ကျွန်တော်တို့က လက်ခံလို့ရမှာလေ။

​မေး-သူ့အနေနဲ့ အခုလို ပြောတာ နေရာအများကြီးမှာ စစ်မျက်နှာတွေတောက်လျှောက် ဖွင့်နေရလို့ ကြံရာမရလို့ လုပ်တဲ့ဟာမျိုးလို့ရောမြင်ပါသလား

​ဖြေ-အဲဒီအချက်အလက်က သူကိုယ်တိုင်က အသိဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘက်ပြန်ကြည့်လိုက်မယ်ဆိုရင်သူကမိုးမကျခင် ထိုးစစ်ကြီးကို အပြီးအပြတ်လုပ်မယ် သုံးလပြတ် ၊ လေးလပြတ်ဆိုပြီး ကြွေးကြော်ထားတာ။နောက်ပြီးနယ်မြေစိုးမိုးရေးဆိုတာ မရမကလုပ်မယ်ဆိုတာကျွန်တော်တို့ဒေသတစ်ခုတည်းမှာမှ မဟုတ်ဘူး အခြားဒေသတွေမှာလည်း ဒီလိုပဲ ပြောခဲ့တာပဲ။ ဒါပေမဲ့ လက်တွေမှာ တွေ့နေရတာက တခြားစီပဲလေ။ ကျွန်တော်တို့ တပ်မဟာ ခုနစ်ခုထဲမှာ တပ်မဟာ(၆)တစ်ခုတည်းကြည့်လိုက်စမ်းပါ။ အခု တခြားလတွေ မပြောတော့ဘူး အခု ဧပြီလ ၁ရက်ကနေ ၁၅ရက် အထိ အဲဒီ နှစ်ပတ်ထဲမှာ စာရင်းပြန်ချုပ်လိုက်ရင် သူထိုးစစ်လုပ်တဲ့ဟာက သူ့ဘက်က အသေအဆုံးက ၉၀နီးပါးလောက်ရောက်သွားတယ်။ ဆိုတော့ အဲဒီဟာ တစ်ကွက်လေးထဲမှာ ဒီလောက်ဖြစ်နေပြီဆိုရင် ဒါမဟန်ဘူး ။ အဲဒါမျိုးက လုံး၀အလုပ်မဖြစ်ဘူး။ နောက်ပြီးတော့ အဲဒီ သေတဲ့ ၉၀ လောက်က ဘာများရခဲ့လို့လဲ။ ဘာမှမရဘဲ ပြုတ်ပြုတ်ပြုန်းတာပဲရှိတယ်။ ဒီဘက်က သိမ်းလိုက်တဲ့ဟာတွေ အရင်တုန်းက ဒီလောက်မသိမ်းနိုင်ပါဘူး ရှင်းရှင်းပြောရရင်။ အခုက တောက်လျှောက်အဲဒါမျိုးတွေ၊ သူလူတွေလည်း အရှင်ဖမ်းခံရလို့ ခံရ ဒါမျိုးတွေကများနေပြီ။ အဲဒါပဲလားဆိုတော့မဟုတ်ဘူး စစ်ရေးဘက်မှာတင်မကဘူး နိုင်ငံရေးဘက်မှာလည်း ၊ သံတမန်ရေးဘက်မှာလည်း စီးပွားရေးဘက်မှာလည်း အဲဒီလိုပဲ။ ပြည်တွင်းက စီးပွားရေး အခြေအနေက မနေ့တစ်နေ့က အခြေအနေ ကြည့်လိုက်ပါလား ဒေါ်လာအခြေအနေ၊ ဒေါ်လာကနေ လှုပ်ခတ်လိုက်လို့ နောက်ဆုံးကျတော့ လောင်စာက ပြဿနာတက်လာပြီး ဘယ်လိုမှ ရှင်းလို့မရတာ ဖြစ်လာတယ်။

​မေး-သူက အခု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်တာပေါ့။ တကယ်တန်းက အားလုံးပါဝင်ရေးလိုအပ်တော့ အဲဒီလိုဟာမျိုး ဖြစ်လာနိုင်ဖို့က ဘာတွေလိုအပ်လဲ။

​ဖြေ-ကျွန်တော်ပြောချင်တာက အဲဒါဖြစ်လာနိုင်ဖို့အတွက်က ကျွန်တော်တို့ တောင်းဆိုချက်ဖြစ်တဲ့ တစ်အချက် နိုင်ငံရေးကစွန့်ခွာ၊ ဖက်ဒရယ်ဒီမိုကရေစီကို တရားဝင်ကြေညာလိုက်ပါ။ တတိယ အချက်ဖြစ်တဲ့ transitional justice ကိုလက်ခံလိုက်ပါ။ နောက်ဆုံးအချက်ဖြစ်တဲ့ နိုင်ငံတကာ ပါဝင်ပတ်သက်မှုကို လက်ခံလိုက်ပါ။အဲဒါတွေလက်ခံလိုက်တာနဲ့ တိုင်းရင်းသားအဖွဲ့တွေရော နောက်မှာ အာဏာသိမ်းပြီးတဲ့နောက်ပေါ်လာတဲ့အဖွဲ့သစ်တွေရောလူတိုင်းကဝမ်းပမ်းတသာကြိုဆိုကြမှာပဲ။အဲဒါတွေမလုပ်ဘဲနဲ့တော့ ဘယ်သူမှ နားထောင်မှာမဟုတ်ဘူး။ကျွန်တော်ကတော့လုံး၀မမျှော်လင့်ဘူး။ ကျွန်တော်တို့ဘက်ကတော့ သိတယ်။ အခြေအနေက။ ကျွန်တော်တို့ ကိုယ်တိုင်က စစ်တိုက်တာ တိုက်တာပဲ။ ဒါပေမဲ့ တကယ်တန်း နိုင်ငံရေးဆွေးနွေးမှုဆိုတာ အပြင်ကနေ ထိုင်အော်နေတာမဟုတ်ဘူး တကယ်တန်းထိုင်ပြီးလုပ်နေတာ။ အဲဒါမို့လို့ကောင်းကောင်းသိတယ်။ ဒါတွေက မဖြစ်နိုင်ဘူး။

​မေး-အာဏာခေါင်းဆောင်ရဲ့ ဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီးကျန်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဘာပြောလိုပါသလဲ။

​ဖြေ-အဖွဲ့အစည်း အဖွဲ့အစည်းတိုင်းမှာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ်လေ။ အဲဒါကြောင့်မို့လို့ မြေပြင်မှာ ဖြစ်ရှိနေတဲ့အခြေအနေနဲ့ တကယ်တန်းဖြစ်လာနိုင်တဲ့ ဟာတွေကို ခင်ဗျားတို့လည်းကြည့်ပါ။ အဲဒါတွေဟာ ခင်ဗျားတို့ပဲ သေသေချာချာ ပြည်သူလူထု အကျိုးအတွက် ကြည့်ပြီးတော့ ဆုံးဖြတ်ကြပါ။ဒါပဲကျွန်တော်ပြောချင်တယ်။

​မေ-အခြားဘာပြောလိုပါသလဲ။

​ဖြေ-အဓိက အချက်က ကျွန်တော်တို့က ဒီလိုပြောနေတာထက်ကို ကျွန်တော်တို့လုပ်စရာရှိတာ လည်း ဆက်လုပ်သွားမှာပါ။ အဓိက အချက်က စစ်အာဏာရှင်ပြုတ်ကျရေးဆိုတာ ကျွန်တော်တို့အတွက် တကယ့်ရည်မှန်းချက် အကြီးဆုံးအချက်ပဲဖြစ်တယ်။ အဲဒါကြောင့် ဒီဟာဖြစ်လာဖို့ ကျွန်တော်တို့ ဆက်လုပ်သွားမှာပဲ။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။