Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“မဆုတ်ဘူးဆိုလို့ရှိရင် တိုက်ပွဲဆက်ပြီးဖြစ်နေမှာပေါ့”

■KNU သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့် နှင့် မေးမြန်းခန်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ လေးကေနှင့် ဝင်းတာပန် တပ်စခန်းများ နယ်မြေအတွင်းမှ ဧပြီ ၂၃ရက် နောက်ဆုံးထား ဆုတ်ခွာရန် KNU လက်အောက်ခံတပ် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၂)က ကြေညာထားသည်။ သို့ရာတွင် စစ်ကောင်စီတပ်စခန်းများ ဆုတ်ခွာခြင်းမရှိသေး၍ KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များက လေးကေနှင့် ဝင်းတာပန် စခန်းများအား သတိပေးတိုက်ခိုက်မှုများ နေ့စဥ်နီးပါးပြုလုပ်လျက်ရှိသည်။ အဆိုပါဒေသ အခြေအနေနှင့်ပတ်သက်ပြီး KNU သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်အား People’s Spring က ဆက်သွယ်မေးမြန်းထားသည်ကို​ဖော်ပြလိုက်ပါသည်။

​မေး-တပ်မဟာ(၁)နယ်မြေထဲမှာရှိတဲ့ KNDO တပ်ရင်း(၂)ကနေ ဝင်းတာပန်နဲ့ လေးကေ စစ်ကောင်စီတပ်စခန်းတွေ ဆုတ်ခွာဖို့ စာထုတ်ထားတာရှိတော့ လတ်တလော နယ်မြေ အခြေအနေ ဘယ်လိုရှိပါသလဲ။

Public Service Announcement

Public Service Announcement

​ဖြေ-အခုကတော့ နေ့တိုင်း တိုက်ပွဲဖြစ်တယ်။ ခုနက လက်နက်ကြီးတွေကျတယ်။ လေယာဉ်ပျံ နှစ်ကြိမ်လာတယ်။ ဒီနေ့ပေါ့နော်။ တိုက်ပွဲက ကျွန်တော်တို့က သွားပစ်တာပေါ့နော်။ စခန်းသိမ်း မဟုတ်ဘူး။ တစ်နေ့ကို တစ်ကြိမ်၊ နှစ်ကြိမ် သွားပစ်တာရှိတယ်။ ဝင်းတာပင်စခန်းကို စစ်ကူလာဖို့ BGF တပ်ဖွဲ့ကနေ ကျွန်တော်တို့ နယ်မြေထဲက ရွာမှာ ဝင်လာပြီးတော့ ရွာသားတွေ အယောက် ၆၀ကျော် ဖမ်းတယ်။အဲဒီမှာ သက်ကြီးရွယ်အိုနဲ့ အဘွားကြီးတွေ ပါတယ်။ လူသားဒိုင်း အနေနဲ့ သူတို့ရှေ့မှာ ပြည်သူတွေက သွားပေးရတာပေါ့။ ပြီးလို့ရှိရင် ပိန္နဲတောစခန်းက အင်အား ၂၀နဲ့ ပေါင်းမယ် ဝင်းတာပန်ဘက်ကို။ ဒီနေ့ကတော့ ကျိုက်ထိုမြို့နယ် အင်္ဂပူမှာဆိုရင် ကျွန်တော်တို့ KNLA တပ်ရင်း (၃)နဲ့ ပူးပေါင်းအင်အားတွေနဲ့ သူတို့ ကင်းပုန်းဝပ်တဲ့နေရာသွားပစ်တယ်။ ၂ ယောက်ကျတယ် သုံးယောက် ဒဏ်ရာရတယ်။ အဲဒါက ထူးခြားဖြစ်စဉ်ပေါ့။ နောက်တော့ ဒီမှာ လေယာဉ်ပျံလာတယ် လက်နက်ကြီးတွေနေ့တိုင်း ပစ်တဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေက လက်ရှိ ကျွန်တော်တို့ ဒေသမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူ ၇၀၀၀ ကျော်လောက်တော့ရှိမှာပေါ့။

​မေး-လေယာဉ်ပျံတွေလာတာဆိုတော့ လေကြောင်းကနေ တိုက်ခိုက်တာရှိပါသလား။

​ဖြေ-လောလောဆယ်တော့မရှိသေးဘူး။ လက်နက်ကြီးတွေပဲပစ်တယ်။

​မေး-ဟိုတစ်နေ့ညက တပ်မဟာ(၁)ဘက်က သတိပေး ပစ်ခတ်တဲ့ ဖြစ်စဉ်မှာ ဝင်းတာပန်စခန်းက မီးလောင်တယ်လို့ ကြားရပါတယ်။ နောက်ဆက်တွဲ အခြေအနေ ဘာကြားမိပါသေးလဲ။

Public Service Announcement

Public Service Announcement

​ဖြေ-ဝင်းတာပန် စခန်းကို မီးသွားရှို့တာ။ အဲဒီမှာ မီးလောင်တာက ကျွန်တော်တို့ အဖွဲ့သွားရှို့တာ။ စစ်ကောင်စီတပ်သားနဲ့ BGF သူတို့ ပူးပေါင်း အင်အား အယောက် ၈၀ လောက်ရှိမယ်လို့ ယူဆတယ်။

​မေး-လေးကေနဲ့ ဝင်းတာပန် စခန်းကို အဲဒီနယ်မြေထဲမှာမရှိရဘူး ထွက်ရမယ်လို့ သတိပေးထားတဲ့အပေါ် သူတို့က မဆုတ်ဘူးဆိုတော့ ဘာတွေဖြစ်လာနိုင်ပါသလဲ။

​​ဖြေ-မဆုတ်ဘူးဆိုလို့ရှိရင် တိုက်ပွဲဆက်ပြီးဖြစ်နေမှာပေါ့။

​မေး-အဲဒီ စခန်းတွေက ပူးပေါင်းဖို့ ဆက်သွယ်လာတာမျိုး၊ ထွက်ခွာဖို့ ဆက်သွယ်တာမျိုးရော ရှိပါသလား။

​ဖြေ-ကျွန်တော်တို့ လမ်းဖွင့်ထားပြီးသား။ သူတို့ ပြန်ဆင်းမယ်ဆိုရင်။ လေးကေစခန်းနဲ့ ဝင်းတာပန် စခန်းကို လမ်းဖွင့်ထားပြီးသား တကယ်လို့ ပြန်ဆင်းမယ်ဆို ဘာမှ မနှောက်ယှက်ဘူး။ အခုကတော့ သတ်မှတ်ရက်ပြည့်တဲ့နောက်ပိုင်းတော့ သွားပစ်ချတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့တွေ အဲဒီစခန်းမှာ နေခြင်းအားဖြင့် သတင်းရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူတို့က ပြည်သူတွေကို ပစ်မှတ်ထားပြီး ရွာထဲကို ပစ်ချတယ်။ ရွာတွေပစ်ချတော့ အိမ်တွေထိတယ် ရွာသားတွေထိတယ် လူတွေသေတာလည်းရှိတယ်။ အဲဒါကြောင့် သူတို့ရဲ့ နေရာဌာနကို ပြန်ဖို့ ကျွန်တော်တို့ ဒေသမှာ မနေဖို့ ကျွန်တော်တို့ ပြောတာ။ ကျွန်တော်တို့ဘာသာ အေးအေးဆေးဆေးနေချင်တာ အဲဒီ ကြောက်စိတ်နဲ့ ဆိုရင် မကောင်းဘူးပေါ့။ကျွန်တော်တို့ ဟိုးတုန်းက (စစ်တပ်က) ဖြတ်လေးဖြတ်နောက်ပိုင်းမှာ ကျွန်တော်တို့ ပိတ်ဆို့ရေးတို့ အဲဒီမှာ ရွာတွေမီးရှို့တယ် ပြည်သူတွေကို သတ်တယ် အဲဒီမှာ မုဒိမ်းကျင့်တဲ့အလုပ်တွေ လုပ်တယ်။ ဘယ်လိုပြောရမလဲ ရက်စက်မှုပေါင်းစုံနဲ့ ကျွန်တော်တို့ ရွာတွေ ခံလာခဲ့ရတယ်။ အခု အာဏာရှင်တွေကို ကျွန်တော်တို့ ပြည်သူတွေက မလိုလားဘူး။ ကျွန်တော်တို့လည်း မလိုလားဘူး။ မလိုလားတော့ အေးအေးဆေးဆေး ပြန်စေချင်တာပေါ့။ ဒီသတ်ရမယ့် ဖြတ်ရမယ့် ဟာတော့ ကျွန်တော်တို့ မရွေးချင်ဘူး။ အေးအေးဆေးဆေးနဲ့ ကျွန်တော်တို့ အမိန့်ထုတ်ပြန်ထားသလို အေးဆေးပြန်၊ လမ်းဖွင့်ပေးထားပြီးသား။ အဲဒီလိုပဲ ပြောပြချင်တယ်။

​​မေး-သူတို့ သတ်မှတ်ရက်လည်းကျော်ပြီး သတိပေးပစ်ခတ်တာတွေလည်း အခု လုပ်နေတယ်။ သူတို့ ဆက်ရှိနေမယ်ဆိုတော့ ပိုကြီးမားတဲ့ တိုက်ပွဲတွေဖြစ်လာနိုင်တာလား။

​ဖြေ-ဖြစ်လာနိုင်တယ်ထင်တယ်။

​မေး-သူတို့ဘက်ကရော စစ်ရေးပြင်ဆင်မှုတွေ ဘယ်လိုတွေ့ရပါသလဲ။

​ဖြေ-သူတို့ စစ်ရေးပြင်ဆင်မှုတွေဘယ်လိုရှိလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ သူတို့ လောလောဆယ် ကျွန်တော်တို့ ကြားထားတာတော့ BGFကနေ သူတို့ကို ဒီတစ်ရက်နှစ်ရက်အတွင်း စစ်ကူလာဖို့ရှိတယ်။ ပြီးရင် စကစဘက်ကလည်း သူတို့ ပိန္နဲတောစခန်းကနေ အင်အား ၂၀ ၊ ၃၀နဲ့ ပေါင်းပြီးတော့ ဝင်းတာပန်ကို လာဖို့ စီစဉ်ထားတယ်လို့ ကြားတယ်။

​မေး-တပ်မဟာ(၁)ရဲ့ အခြားဒေသတွေမှာ စစ်ရေးအခြေအနေ ဘယ်လိုတွေ့ရပါသလဲ။

​ဖြေ-တပ်မဟာ(၁) ကျွန်တော်တို့ မြို့နယ် လေးခုလုံးကတော့ စစ်ရေး အခြေအနေ တင်းမာတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျိုက်ထိုတို့မှာလည်း လွန်ခဲ့တဲ့ တစ်လက လူထုတွေ ထောင်နဲ့ချီ ထွက်ပြေးရတာရှိတယ်။ အခု ဘီးလင်းမြို့နယ်မှာလည်း လေးကေနဲ့ ဝင်းတာပန် စခန်း အမိန့်စာထုတ်ပြန် ထားတဲ့နောက်ပိုင်းမှာ ရှောင်နေတာ ၇၀၀၀ကျော်ရှိတယ်။ သထုံမြို့နယ်မှာလည်း လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ရွာသားတွေပြေးနေရတယ်။ အင်အား အတိအကျတော့ မသိရသေးဘူး။ ပစ်ခတ်မှုကတော့ သူတို့ လက်နက်ကြီးတွေနဲ့ ပစ်တာရှိတယ်။

​မေး-စစ်တပ်အာဏာမသိမ်းခင်က တပ်မဟာ(၁)မှာ တိုက်ပွဲဖြစ်တယ်ဆိုတာ ရှားတာပေါ့နော်။ အခု အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အပေါ် ဘာသ ပြောချင်ပါလဲ။

​ဖြေ-ကျွန်တော်တို့က ရှင်းရှင်းပြောရလို့ရှိရင် အဲဒီ နှစ် ၇၀ ကျော် အနိဌာရုဏ် အဖြစ် ကျွန်တော်မသွားချင်ပါဘူး။ ကျွန်တော်တို့က စစ်တိုက်ချင်လို့ လက်နက်ကိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့လက်နက်ကိုင်တာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပါ။ တစ်ပါးသူကနေ တစ်ဖက်ကနေ အနိုင်ကျင့်လို့ရှိရင် ပြန်ခုခံလို့ရအောင်လေ။ မြန်မာနိုင်ငံလွတ်လပ်ရေး မရခင်မှာ မြန်မာတစ်နိုင်ငံလုံးက သူပုန်တွေချည်းပဲ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း အုပ်ချုပ်မှု စနစ်တစ်ခုက မမှန်လို့ တော်လှန် ပုန်ကန်တာကလည်း ဓမ္မတာပါပဲ။ အခု လက်ရှိ နွေဦးတော်လှန်ရေးလို တော်လှန်နေတာ အဲဒါ မင်းအောင်လှိုင်ရဲ့ မတရား ဖိနှိပ်အုပ်ချုပ်လို့ မတရားအာဏာသိမ်းလို့ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေက လက်နက်စွဲကိုင်ပြီး အခုတော်လှန်နေကြပြီ။ GZ တို့ နောက်မျိုးဆက်တွေ အများကြီးပေါ့။ ပြည်သူတွေ တစ်နိုင်ငံလုံးကနေ မင်းအောင်လှိုင်ကို တော်လှန်နေကြတာ ကမ္ဘာအသိ၊ မြန်မာအသိပဲ။

​မေး-အခု ဒေသအသီးသီးမှာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတာရှိတော့ တိုက်ပွဲတွေကို လေ့လာသုံးသပ်ကြည့်ရင် ဘယ်လိုအခြေအနေ တွေ့ရပါသလဲ။

​ဖြေ-လေ့လာသုံးသပ်ကြည့်ရင် ကျွန်တော်တို့ သထုံခရိုင်ကိုပဲ ပြောမယ်ဆိုရင် သူတို့လည်း မနည်းဘူး သေသွားတာ။ မြန်မာတစ်နိုင်ငံလုံးမှာ ဆိုလို့ရှိရင် တစ်ရက် အနည်းဆုံး ၅၀ လောက်သေမယ် ပျမ်းမျှခြင်းပေါ့။ ဒါကြောင့် စစ်ကောင်စီဘက်က အထိနာနေတယ်လို့ ယူဆတယ်။ ပြောရမယ်ဆိုရင် သူတို့ ကျွန်တော်တို့ သိရသလောက် ဆို ခမရ(၉)ကနေ ရခိုင်ကို တစ်နှစ်တာဝန်ထမ်းဆောင်တယ်။ သူတို့ ခမရ (၉)မှာ တစ်ပတ်လောက်နားပြီးတော့ အခု လေးကေ့ကော်တို့ ပြန်တက်ရတယ်။ တကယ်လို့ စစ်အင်အား အလုံအလောက်ရှိလို့ရှိရင် အဲဒီတပ်တွေက နောက်တန်းပြန်ရင် တစ်လလား၊ အခု တစ်ပတ်ပြည့်ရင် ရှေ့တန်းပြန်ထွက်ရတယ်ဆိုတော့ သူလည်း သူ့အင်အား တော်တော်ထိခိုက်နေတယ်လို့ ယူဆတယ်။ ဒါကြောင့်မို့လို့ မင်းအောင်လှိုင် အခု အထိနာနေတယ်လို့ပဲ ကျွန်တော်တော့ယူဆတယ်။

​မေး-ဒီလိုအခြေအနေမှာ ပြည်သူလူထုတွေကို ဘာ​ပြောလိုပါလဲ။

​ဖြေ-လူထုတွေကို ကျွန်တော်ပြောချင်တာက ကျွန်တော်တို့နဲ့အတူ ရပ်တည်ပေးပါ ကျွန်တော်တို့လည်း ပြည်သူတွေနဲ့တစ်သားတည်းပါပဲ။ ပြည်သူတွေက ကျွန်တော်တို့ရဲ့ အမိအဖတွေပါပဲ။ ပြည်သူတွေကျွေးတဲ့ထမင်း၊ ပြည်သူကျွေးတဲ့ဟင်း၊ ပြည်သူအသက်သွေးချွေးနဲ့ရင်းနှီးရတဲ့ အခွန်ဘဏ္ဍာတွေနဲ့ ကျွန်တော်တို့ တိုက်ပွဲဝင်နေတာ ကျွန်တော်တို့အသိပါ။ ပြည်သူတွေကို ကျွန်တော်တို့ သစ္စာမဖောက်ပါဘူး။ ပြည်သူတွေကလည်း ကျရာအခန်းကဏ္ဍကနေ တာဝန်ယူကြဖို့ ဝိုင်းဝန်းပံ့ပိုးပေးကြပါလို့ ပြောကြားချင်တယ်။

​မေး-ဒီတော်လှန်ရေးအောင်မြင်ဖို့ ဘယ်​လောက်ယုံကြည်ပါသလဲ။

​ဖြေ-ဒီတော်လှန်ရေးအောင်မြင်မယ်လို့ ကျွန်တော်ယုံကြည်ချက်အပြည့်ရှိပါတယ်။ ကျွန်တော်တို့ ၈၈ အရေးတော်ပုံမှာဆိုရင် ဗမာတစ်ပြည်လုံးမှာလည်း အုံကြွတာပဲ။ ဒါပေမယ့် ပြည်သူတွေက ကျွန်တော်တို့နောက် ပါမလာကြဘူး။ အခု နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ ပြည်သူတွေက မြန်မာတစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေက ကျွန်တော်တို့ကို ထောက်ခံနေတယ် ဝိုင်းရံပံ့ပိုးပေးနေတယ် ။ ဆိုတဲ့အတွက်ကျွန်တော်တို့ဒီတော်လှန်
ရေးကြီးက မအောင်မြင်နိုင်စရာ အကြောင်းမရှိပါဘူး။ ။