Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

■KNUပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးနှင့်မေးမြန်းခန်း

စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်းထပ်မံ ကမ်းလှမ်းလာတဲ့အပေါ် KNU၏ သဘောထားရပ်တည်ချက်​တွေနဲ့ပတ်သက်ပြီး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား People’s Spring က ဇွန် ၁၅ ရက်မှာဆက်သွယ်မေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။

ပဒိုစောတောနီး
ပဒိုစောတောနီး

“အချိန်တိုအတွင်းမှာမရပ်မနားခေါ်(ဖိတ်​ခေါ်)ပြီဆိုကတည်းကသူတို့(စစ်ကာင်စီ)တော်တော်ထိုင်မရ၊ ထမရတဲ့ အနေအထားရောက်နေပြီဆိုတာကျွန်တော်တို့သုံးသပ်လို့ရတယ်”

ပဒိုစောတောနီး

​မေး-စစ်ကောင်စီဘက်က KNUကို တွေ့ဆုံဆွေးနွေးဖို့ ထပ်မံဖိတ်ခေါ်တယ်လို့ ကြားရလို့ပါ။ ဒီအပေါ် ​ပြောပြ​ပေးပါဦး။

​ဖြေ-အဲဒါတော့ ဘာမှတော့မထူးဆန်းပါဘူး။ ကျွန်တော်တို့ကရှိထားတဲ့ကျွန်တော်တို့ ရပ်တည်ချက်အတိုင်းအခိုင်အမာရှိနေဆဲပါ။ အဲဒါကိုကျွန်တော်တို့ဘယ်လိုမှလက်ခံလို့မရပါဘူး။

​မေး-သူတို့ ဖိတ်ခေါ်ချက်မှာဘယ်လိုအကြောင်းအရာတွေ ဖော်ပြထားပါသလဲ။

​ဖြေ-အကျယ်တဝင့်တော့မသိဘူးဗျ။ သူတို့ဖိတ်ခေါ်ချက်က အကြိမ်ပေါင်းလည်း မနည်းတော့ဘူး။ မရေမတွက်နိုင်အောင် ဖိတ်ခေါ်နေပြီ အချိန်တိုအတွင်းမှာမရပ်မနားခေါ်ပြီဆိုကတည်းကသူတို့ တော်တော်ထိုင်မရ၊ထမရတဲ့ အနေအထားရောက်နေပြီဆိုတာကျွန်တော်တို့သုံးသပ်လို့ရတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဖိတ်ခေါပြီးတော့ ဖေဖော်ဝါရီလပြီး မတ်လ ၊ မတ်လပြီး ဧပြီလ ရောက်လာတဲ့အခါ သူကိုယ်တိုင် မနေနိုင်မထိုင်နိုင် လူလုံးပြလာတယ်။ အဲဒါလည်း ထင်တိုင်းမပေါက်တော့ အခုက ဇွန်လထဲ ရောက်လာတဲ့အခါကျတော့ နောက်ထပ်တစ်ခါ ထပ်ခေါ်ပြန်တယ်။ဆိုတော့ကျွန်တော်ပြောချင်တာက ဒီလူတွေက နိုင်ငံရေးထဲမှာ လုံး၀မပါဝင်သင့်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုရင် နိုင်ငံရေးထဲမှာပါဝင်ထားတဲ့ အနေအထားကနှစ်ပေါင်း၆၀ကျော်လာပြီ။ ၁၉၆၂ ကနေ ၂၀၂၂ ဆိုရင် စစ်တပ်ကနိုင်ငံရေးထဲမှာ ဝင်စွက်ဖက်နေတာ နှစ်ပေါင်း ၆၀ ကျော်လာတဲ့အခါမှာခါးလား၊ ချိုလားဆိုတာ လူထုကကောင်းကောင်းနားလည်တဲ့အပေါ်မှာ လုံး၀ လက်ခံလို့မရတော့ဘူး။ ကျွန်တော်တို့ကလူထုနဲ့ရပ်တည်တဲ့လူတွေလေ။အဲဒါကြောင့်မို့လို့ ကျွန်တော်ပြောချင်တာကကျွန်တော်တို့ရပ်တည်ချက်ကလူထုရပ်တည်ချက်အတိုင်းပဲဖြစ်တယ်စစ်တပ်ကနိုင်ငံရေးကထွက်ပါ။ ဖက်ဒရယ်ဒီမိုကရေစီကို လက်ခံပြီးတော့တိုင်းပြည်အတွင်းတကယ်လိုအပ်နေတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲရမယ်ဆိုတာလက်ခံရမယ်။အခုကသူတို့နဲ့သွားစကားပြောရင် ၂၀၀၈ထဲမှာတဝဲလည်လည် ဖြစ်ပြီးတော့သူတို့ကနိုင်ငံရေးထဲမှာ ဆက်ပါအုံးမှာလေ။ ကျွန်တော်တို့က လက်ခံလို့မရတော့ဘူး။အဲဒီအနေအထားကို။အဲဒါကြောင့်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ ချမှတ်ထားတဲ့ မူအတိုင်းပဲ အသွင်ကူးပြောင်းရေးနဲ့ တရားမျှတမှုကိုလက်ခံရမယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျူးလွန်ခံထားရတဲ့သူတွေကလည်းသူတို့ကိုသွားပြီးခွင့်လွှတ်လို့မရတော့ဘူး။ လွတ်ငြိမ်းချမ်းသာခွင့် ဒီအတိုင်းပြုလို့မရတော့ဘူး။ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့်တွေ့ဆုံဆွေးနွေးပွဲမျိုးဆိုရင်လည်း နိုင်ငံတကာရဲ့ စောင့်ကြည့်မှုကတကယ်လိုအပ်နေပြီ။ အဲဒါတွေက တကယ်တန်းသူတို့ လက်ခံရမယ်။ အဲဒါကို လက်မခံဘဲနဲ့ ကျွန်တော်တို့ကဒါကြီးကိုသူတို့နဲ့သွားပြီး ပုခုံးချင်းယှဉ်ပြီး သွားဆွေးနွေးလို့မရတော့ဘူး။ အဲဒါလက်ခံလို့မရဘူး။ အဲဒီတစ်ချက်က ကျွန်တော်တို့ အင်မတန် ခိုင်မာတဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။ဒါတွေကလည်းကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံပေါ်မူတည်ပြီးကျွန်တော်တို့ ရလာခဲ့တဲ့ သင်ခန်းစာပဲ။

Public Service Announcement

Public Service Announcement

​မေး-ပြီးခဲ့တဲ့ ရက်ပိုင်းမှာစစ်​ကောင်စီကသတင်းထုတ်လာတာရှိပပါတယ်။ PDFတွေ သူတို့ဆီ လက်နက်ချပါဆိုတာမျိုးစာထုတ်သလို သူတို့ရဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာပဲPDFတွေ
က အလင်းဝင်လာတယ်ဆိုတာမျိုး ပုံဖော်နေတာရှိတော့ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

​ဖြေ-သူတို့က အင်မတန်မှ ဆက်သွယ်ရေးစနစ် မထွန်းကားတဲ့ ခေတ်ကာလတုန်းက ဝါဒဖြန့်ချိရေးမှာအစိုးရတွေကနေ လူထုအပေါ် မှားယွင်းတဲ့အမြင်တွေ ပုံသွင်းရိုက်သွင်းထားတဲ့ဟာတွေကို သူက ထပ်ခါတလဲလဲပြန်လုပ်လာတယ်။ ဒါပေမဲ့ ဒီနေ့ ဒီကာလမှာ ဆက်သွယ်ရေးစနစ်တွေက ထွန်းကားလာပြီးတော့ လူတိုင်းလူတိုင်းကအချိန်မရွေးဆက်သွယ်မှုကို ဖမ်းယူနိုင်တဲ့အခါကျတော့အဲဒါတွေကလုပ်လို့မရတော့ဘူး။ သူတို့ လုပ်လိုက်တဲ့ ဟာတွေက လိမ်ညာမှု သပ်သပ်ပဲဆိုတာ လူထုက နားလည်တယ်။ အဲဒါကြောင့်မို့လို့ ဘာပဲလုပ်လုပ် တစ်ခုမှ အရာပေါ်မှာလည်း ဟုတ်ပါဘူး။ ပြောချင်တာက ဒီနေ့ဒီကာလမှာ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးက ကျွန်တော်တို့ ဒေသ ကွက်ကွက် တစ်ခုတည်းမှာမဟုတ်ဘဲနဲ့အခုကတစ်တိုင်း တစ်ပြည်လုံးမှာဖြစ်နေတဲ့အခါကျတော့ဖြစ်နေတဲ့အ
ချိန်နဲ့ အမျှ တပြေးညီ ဒါတွေက အဖြစ်မှန်ကို လူတွေကသိနေတဲ့အခါကျတော့ သူတို့လုပ်တဲ့ဟာတစ်ခုမှအောင်မြင်နိုင်ချေမရှိတော့ဘူးဆိုတာလက်ခံဖို့လိုပြီလေ။ဘာပဲလုပ်လုပ် လိမ်ညာဝါဒဖြန့်ပြီးတော့ပုံမှားရိုက်ပြီးလုပ်နေတဲ့ကိစ္စတွေ ဆိုက်ဝါးတွေက ဘာမှ အရာမထင်တော့ဘူး ဒီနေ့ ဒီကာလမှာ။ အဲဒါကြောင့် ကျွန်တော်ပြောချင်တာက ဒီလိုမျိုးသာ ထပ်ခါထပ်ခါ ဆက်ပြီး ခေါ်လေလေ ကျွန်တော်တို့ အဖွဲ့တွေ၊ အထူးသဖြင့် မူဝါဒအပေါ် ခိုင်ခိုင်မာမာ ရပ်တည်နေကြတဲ့ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေကပိုပြီးတော့မှရုန်းလေလေပဲဗျ။အဲဒါကိုတော့ သိစေချင်တယ်။

​မေး-လက်ရှိ အခြေအနေကို သုံးသပ်ရင် စစ်ရေး နိုင်ငံရး အခြေက ဘယ်လိုဆိုတာလူထုတွေနားလည်အောင်ရှင်းပြပေးပါလား။

​ဖြေ-လူထုတွေက နားလည်ဖို့ဆိုတာ သိပ်ပြီးရှည်ရှည်ဝေးဝေး ပြောစရာမလိုပါဘူး။ လူထုတွေကကျွန်တော်တို့ ထက်တောင်ပိုပြီးတော့နားလည်သေးတယ်။ဘာဖြစ်လို့လည်းဆိုရင်လူထုတောင်းဆိုချက်မှာစစ်တပ် နိုင်ငံရေးကထွက်ဆိုတာ ကျွန်တော်တို့စပြောတာမဟုတ်ဘူး လူထုကိုယ်တိုင်ကနိုင်ငံရေးကထွက်ခိုင်းတာ။ လူထုကိုယ်တိုင်က ခံစားနေရတဲ့ဟာပဲလေ။နှစ်ပေါင်း ၆၀ကျော်ဘာများတိုးတက်ခဲ့လဲ။သူများ နောက်ဆုံးမှာကျန်ခဲ့တာ ဒါစစ်တပ်ကြောင့်ပဲအဲဒါရှင်းနေတာပဲ။ အဲဒါကြောင့်မို့လို့ လူထု ပြောတဲ့ဟာကိုပဲ ကျွန်တော်တို့က သေချာနားထောင်ပြီးဖြစ်သင့်ဖြစ်ထိုက်တာဘာလဲဆိုတော့ စစ်တပ်ဟာ နိုင်ငံရေးထဲမှာလုံး၀ မပါသင့်တော့ဘူးဆိုတာ ကျွန်တော်တို့ထပ်ခါ ထပ်ခါ ပြောနေတာပဲဖြစ်တယ်။ ဖြစ်နေတဲ့ ကိစ္စက ဘာလဲဆိုတော့ သူတို့က ဝါဒဖြန့်ချိရေးတွေလုပ်လေလေ လူထုက ပိုပြီးမာကြောလေတော်လှန်ရေးကပိုပြီးပြင်းထန်လာလေလေ။လူထုကပိုပြီးမျက်မုန်းကျိုးပြီး ပိုပြီး ဆန့်ကျင်လေလေပဲ။ အဲဒါပဲ ရင်ဆိုင်ကြုံတွေ့ရမယ်။ အခုက တစ်နိုင်ငံ တစ်လျားမှာ ဖြစ်နေတဲ့ တစ်တိုင်းပြည်လုံးမှာ ဖြစ်နေတဲ့ တော်လန်ရေးကအရှိန်အဟုန်ကောင်းကောင်းနဲ့ဆက်ဖြစ်နေတာပဲလေ။ မိုးလည်းရွာတော့မယ် သူတို့ဘက်ကြတော့ အဲဒါကလုံး၀ပြင်ဆင်မှု ၊အမှားပြင်တာတွေ လုံး၀မရှိဘဲ ဆက်ပြီးတော့မိုးရွာတဲ့ကြားထဲကပဲ မီးက ဆက်ရှို့နေတုန်းပဲ။ ဆိုတော့ ဒါကြီးက ဘယ်လူထုက လက်ခံနိုင်တော့ မှာ မဟုတ်ဘူး။

​မေး-အခုလို အခြေအနေမှာ စစ်ကောင်စီခေါင်းဆောင်တွေကို ဘာသတင်းစကား ပေးလိုပါသလဲ။

​ဖြေ-ကျွန်တော်တို့ သိပ်တော့ မပြောလိုပါဘူး။ ပြောခဲ့တာလည်းများခဲ့ပါပြီ။ ဒီအတိုင်း သာ ဆက်ပြီးတော့ မိုက်လုံးကြီးနေမယ်ဆိုရင် လူထုရဲက ဒဏ်ခတ်မှုက ကျွန်တော်တို့ ဘယ်လိုမှ တားဆီးလို့ ရတော့မှာမဟုတ်ဘူး။

​မေး-NUG ခေါင်းဆောင်တွေက စစ်ရေး အရှိန်မြှင့်တင်ရတော့မယ့် အချိန်ကာလရောက်ပြီလို့ ပြောထားတာရှိတော့ ဒီအပေါ် ဘာဖြည့်စွက်ပြောလိုပါသလဲ။

​ဖြေ- မရှိပါဘူး။ ကျွန်တော်တို့က ဟန်ချက်ညီညီလုပ်ရမယ့်အပိုင်းတွေက စစ်ရေးတစ်ခုတည်းမဟုတ်ပါဘူး။ သံတမန်ရေးရာဘက်မှာလည်း ကျွန်တော်တို့ပြင်ဆင်ထားတာရှိသလိုနိုင်ငံရေးရာကိစ္စမှာရော၊ စီးပွားရေးပိတ်ဆို့မှုအပိုင်းမှာရော ဒီထက်အရှိန်မြှင့်ဖို့လိုတယ်။ စစ်ရေးမှာတော့ ပြောစရာမရှိပါဘူးဒါကလျှို့ဝှက်ရမယ့်အပိုင်းဆိုတော့ ဘာမှ ပြောစရာမရှိပါဘူး ဆက်လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ။ဟန်ချက်ညီညီအထူးသဖြင့် အချိတ်အဆက်မိမိနဲ့ဆက်လုပ်သွားမှာပဲ။

​မေး-စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့ကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ဆွေးနွေးမှုတွေအပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ။

​ဖြေ-အဲဒါကတော့ ထူးထူးခြားခြားပြောစရာမရှိပါဘူး။ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းမှာ အကြမ်းဖျင်းအားဖြင့် အုပ်စု ၂အုပ်စုက ရှင်းနေတာပဲလေ။ အခြေအနေအရ လိုက်ကနေတဲ့ အဖွဲ့အစည်း တွေရှိသလို မူဝါဒအပေါ် အခိုင်အမာ ရပ်တည်ပြီးတော့ဒါဆိုဒါမှသွားမယ်ဒါမှကျွန်တော်တို့ လွတ်မြောက်နိုင်မယ့် လမ်းဖြစ်တယ်ဆိုတာ ခိုင်ခိုင်မာမာ ရပ်တည်တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ ရှိတယ်ဆိုတာ အဲဒါ အကြမ်းဖျင်းအားဖြင့် ထင်ထင်ရှားရှား မြင်နေရပါတယ်။
အဲဒါကြောင့် ကျွန်တော်တို့ ထူးထူးခြားခြား ဝေဖန်ပြောကြားစရာ အကြောင်းမရှိပါဘူးဗျ။

​မေး-အခြား ဘာတွေ ဖြည့်စွက်ပြောကြားလိုပါသလဲ။

​ဖြေ-မရှိတော့ပါဘူး။ ကျွန်တော်တို့က လူထုနဲ့ လက်တွဲပြီး လူထုရဲ့သဘောထားကို ထင်ဟပ်စေတဲ့ လုပ်ရပ်ကိုပဲ ကျွန်တော်တို့ ဆက်လက်ပြီး တွန်းလုပ်သွားမှာပါ။ ။

ဆက်စပ်သတင်းများ

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။