Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ခြံခွထိုင်ထားတယ်ဆိုတာမျိုးပုံဖော်ထားတာ။ လုပ်နေတာမဟုတ်ဘူး။ သူတို့(တရုတ်)ကြိုက်တဲ့အဖွဲမြန်မာ့တပ်မတော်။ ဒါပဲရှင်းရှင်းလင်းလင်းလေးပဲ”

ယခုတကြိမ်ခရီးစဉ်သည် ယခင်အကြိမ်များကဲ့သို့ နေပြည်တော် သို့ ဦးတည်ခြင်းမဟုတ်ဘဲ ပုဂံသို့လာရောက်ခဲ့ခြင်းဖြစ်သည်။ ဝမ်ယိ၏ သုံးရက်ကြာခရီးစဉ်အ တွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ခြင်းမရှိသည်ကလည်း ယခု ခရီးစဉ်၏ ထူးခြားချက်ဖြစ်သည်။

ဒေါက်တာထွန်းမြင့်နှင့်​မေးမြန်းခန်း
ဒေါက်တာထွန်းမြင့်နှင့်​မေးမြန်းခန်း

■​ဒေါက်တာထွန်းမြင့်နှင့်​မေးမြန်းခန်း

စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်အကြာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာ့မြေသို့ တကျော့ပြန်ခြေချလာသည်။ ယခုတကြိမ်ခရီးစဉ်သည် ယခင်အကြိမ်များကဲ့သို့ နေပြည်တော် သို့ ဦးတည်ခြင်းမဟုတ်ဘဲ ပုဂံသို့လာရောက်ခဲ့ခြင်းဖြစ်သည်။ ဝမ်ယိ၏ သုံးရက်ကြာခရီးစဉ်အ တွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ခြင်းမရှိသည်ကလည်း ယခု ခရီးစဉ်၏ ထူးခြားချက်ဖြစ်သည်။ သို့သော် တရုတ်သည် မင်းအောင်လှိုင်ခေါင်းဆောင်သောစစ်အာဏာသိမ်းမှုကို အားပေးထောက်ခံသည့် အိမ်နီးချင်းအင်အားကြီးနိုင်ငံဖြစ်သည်။ ထိုမျှမကတရုတ်၏ အကျိုးစီးပွားသည် မြန်မာ့မြေတွင် များစွာရှိနေသည်။ တရုတ်အစိုးရ ထိပ်တန်းပုဂ္ဂိုလ် တစ်ဦး၏ အထက်ပါ ခရီးစဉ်က မည်သည့်ရည်ရွယ်ချက်များ၊ မည်သို့ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည်နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု Carleton College ၊ နိုင်ငံရေးသိပ္ပံဌာနပါမောက္ခနှင့်ဥက္ကဌ ဒေါက်တာထွန်းမြင့်ကို People’s Spring – လူထုနွေဦးကဆက်သွယ် မေးမြန်းထားပါသည်။

မေး – တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ မြန်မာပြည်ခရီးစဉ်က ဘယ်လိုအဓိပ္ပာယ်သက်ရောက်ပါလဲ။

ဖြေ – တရုတ်နိုင်ငံရဲ့ မြေပုံကိုပထမဆုံးကြည့်ပြီးတော့စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးအရေးသုံးပါးပေါ့။နောက်ပြီးသူတို့ ပြည်တွင်းတည်ငြိမ်းရေးနဲ့ ပြည်တွင်းကအာဏာပါဝါကမ္ဘာကို လွှမ်းမိုးရေး စဉ်းစားပြီးလုပ်နေတာပေါ့။တရုတ်ကပင်လယ်ကိုထွက်ဖို့ အပေါက် ၃ ပေါက်ရှိတယ်။ထိုင်ဝမ်-ဟောင်ကောင် တောင်တရုတ်ပင်လယ်က တစ်ပေါက်။ မဲခေါင်မြစ်ကနေယူနန်ပြည်နယ်အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်း၊ အရှေ့တောင်အာရှဒေသတစ်ခုလုံးကို ထွက်ပေါက်က တစ်ပေါက်။ နောက်တစ်ခုအပေါက်တော့ မြန်မာနဲ့ပတ်သက်ပြီးဂတ်စ်ပိုက်လိုင်း၊ရထားလမ်းစီမံထားတာရယ်၊ကျောက်ဖြူစီမံကိန်းနဲ့ပတ်သက်တာရယ်ဖောက်ထားတဲ့လမ်းက တစ်ပေါက်။ အဲဒီသုံးပေါက်ကို ကြည့်တဲ့အခါ သုံးပေါက်စလုံးက သူတို့အတွက် အကျပ်အတည်းရိုက်နေတယ်။ မြန်မာအပေါက်က ခရီးလည်းတိုနိုင်တယ်။ နိုင်ငံရေးအရလည်းသူ့လိုမဟာမိတ်ရှိတဲ့၊ သူ့လိုဗဟိုကနေ အုပ်ချုပ်တဲ့စနစ်ကို ယုံကြည်တဲ့ ခေါင်းဆောင်တွေရှိတယ်ဆိုရင် သူ့အတွက် အံဝင်ခွင်ကျဖြစ်မယ်ဆိုပြီးတော့ ထိုးဖောက်ခဲ့တယ်။ အခု မဲခေါင်ဆိုပြီး ခေါင်းစဉ်တင်လာတယ်။ မဲခေါင်မှာသူတို့ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့က တရုတ်လို နိုင်ငံရေးအရ နိုင်ငံမျိုးတွေ။ဗဟိုကနေ၊တစ်ပါတီတည်းကနေ အုပ်ချုပ်တယ်ဆိုတော့ သူတို့ ဂွင်ကရှင်းရှင်းလင်းလင်း​​လေးရနိုင်တယ်ပေါ့။ အဲဒီဂွင်ကို သူတို့ဖောက်ကြည့်တယ်။ သူတို့အနေနဲ့ testing လုပ်တဲ့သဘောပဲ။ အာဆီယံ နဲ့သွားလို့ ခရီးမရောက်နိုင်တော့ဘူးဆိုတဲ့သဘောကိုမြင်လာတယ်။ ဒါက တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လုံခြုံရေးအရဘောင်နဲ့ကြည့်မယ်ဆိုရင်ဒီလိုတွေးကြည့်လို့ရပါတယ်။

မေး – အခုခရီးစဉ်မှာ ဝမ်ယိက မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်လည်းဖြစ်တယ်။ စစ်ကောင်စီရဲ့ အစိုးရရုံးတွေ စိုက်ရာ နေပြည်တော်ကို မသွားဘဲနဲ့ ပုဂံကို ရွေးချယ်တဲ့ အပေါ် ဘယ်လိုမြင်ပါလဲ။ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် နဲ့မတွေ့တဲ့အပေါ်မှာရောဘယ်လိုမြင်ပါလဲ။

Public Service Announcement

Public Service Announcement

ဖြေ – မြန်မာစစ်ကောင်စီကို စဉ်းစားတဲ့အခါမှာ တချို့တွေက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုပဲဦးတည်စဉ်းစားခဲ့တဲ့ အလေ့အထရှိခဲ့တယ်။ ဥပမာ နေဝင်းအုပ်ချုပ်တုန်းကလည်း နေဝင်း၊ စောမောင်လက်ထက် စောမောင်၊ သန်းရွှေလက်ထက် သန်းရွှေ။ အခု မင်းအောင်လှိုင်လက်ထက်မင်းအောင်လှိုင်။ အဲဒီတော့ တစ်ယောက်တည်းကို ဦးတည်ပြီးတော့ သုံးသပ်တာတွေက နည်းနည်း လွဲချော်မှုတွေ ဖြစ်နိုင်တယ်။ မပြည့်စုံမှုပေါ့။ အခု မြန်မာပြည်တပ်မတော်နဲ့ စစ်ကောင်စီကို အင်စတီကျူးရှင်းတစ်ခုအနေနဲ့ စဉ်းစားမယ်ဆိုရင် ပုဂံကို ဘာကြောင်းရွေးလဲဆိုတာ ရှင်းပါတယ်။ ဘာကြောင့်ရှင်းလဲဆိုတာ မင်းအောင်လှိုင်ကို အထဲထဲမှာအတွင်းကျကျ ၁၀၀ ရာခိုင်နှုန်း လက်ခံနိုင်တဲ့ အနေအထားမျိုးမရှိနိုင်ဘူး။ ဘာလို့လဲဆိုတော့ မင်းအောင်လှိုင်လုပ်ထားတဲ့ ၂၀၁၂ လက်ပံ တောင်းက အစ၊ ရိုဟင်ဂျာကိစ္စ၊ အခုစစ်အာဏာသိမ်းထားတဲ့ ရမ်းကားမှု၊ မိုက်ရိုင်းမှုတွေဟာ တပ်မတော်အပေါ် အပြစ်ပုံချခြင်းခံရသလို၊တချို့ တပ်မတော်ခေါင်းဆောင်တွေလည်းခံစားနိုင် ရကောင်းခံစားနေရနိုင်တယ်။ အဲဒီလို ခံစားနေရတာမှာ ဗိုလ်ချုပ်ဟောင်းကြီးတွေလည်းပါမယ်။မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုက အင်မတန်မှ ညစ်ပတ်ယုတ်မာပြီး လူမဆန်တဲ့အဆင့်မျိုးနဲ့ ခေါင်းဆောင်မှုလုပ်ခဲ့တဲ့တပ်မတော်ဆိုတာ ရှင်းတယ်။ မင်းအောင်လှိုင်လက်ထက်မှာ ဖြစ်တာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာဖြစ်တာထက် အဆပေါင်းများစွာဆိုးရွားတယ်။ လူကိုလူလိုတောင် ဆက်ဆံမှုမရှိဘူး။ တပ်မတော်ထဲမှာ ဒုတိယတန်းစားခေါင်းဆောင်တွေက မင်း အောင်လှိုင်ကို ကြဉ်ချင်တဲ့သဘောမျိုးရှိတယ်။ အဲဒီလို ကြဉ်ချင်တဲ့အတွက် ဝမ်ယိကို မက်ဆေ့ချ် ပေးခိုင်းလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

ရှင်းရှင်းပြောရရင် သူတို့ခေါင်းဆောင် အသစ်တက်တော့မယ်။ SAC ထဲမှာ ခေါင်းဆောင်လွှဲတော့မယ်။ လွှဲပြီးရင် အဖွဲ့အသစ်ကြီးလိုလိုနဲ့လုပ်တော့မယ်။ ဒါက သူတို့လုပ်ထုံးလုပ်နည်းပဲ။ ထိပ်ကကောင် မကောင်းရင်ဖြုတ်ချ။ စော မောင်ဆိုလည်း ဖြုတ်ချပြီးသန်းရွှေတက်။ မင်းအောင်လှိုင်ကို Signal ပေးခြင်းဖြစ်နိုင်တယ်။ ဒါကသုံးသပ်ကြည့်ရတာ။ ဒေတာအချက်အလက်နဲ့ ပြောတာမဟုတ်ဘူး။ နောက်တစ်ခုက ပုဂံကို ဘာကြောင့်ရွေးလဲဆိုတော့ ပုဂံက တရုတ်အတွက် neutral ဖြစ်တဲ့နေရာလို စဉ်းစားလိမ့်မယ်။ ယူနက်စကိုရဲ့အရေးကြီးတဲ့နေရာဖြစ်တယ်။ မြန်မာ့သမိုင်းမှာလည်း အရေးပါ အရာရောက်ခဲ့တဲ့ နေရာတစ်ခုလည်းဖြစ်တယ်။ တရုတ်အနေနဲ့ကြည့်မယ်ဆိုရင် နိုင်ငံရေးနဲ့လည်း လွတ်ကင်းတယ်။ အုပ်ချုပ်ရေးနေရာနဲ့လွတ်ကင်းတဲ့နေရာမှာလုပ်ရတယ်ဆိုတော့အဆင်ပြေတာပေါ့။ မင်းအောင်လှိုင်နဲ့ တွေ့စရာအကြောင်းမရှိဘူး။ ဆင်ခြေပေးရမယ်ဆိုရင် ပုဂံမို့လို့ မလာနိုင်ဘူး။ အလုပ်များနေလို့ ဒါမျိုးလည်းဖြစ်နိုင်တယ်။ လမ်းပေါင်းများစွာထွက်နိုင်တဲ့ ထွက်ပေါက်ကို ဖန်တီးပြီး လုပ်တဲ့သဘောမျိုးလို့ ကြည့်လို့ရတယ်။ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒကနှစ်ပေါင်းများစွာ ရှည်လျားခဲ့တဲ့အစဉ်အလာရှိတော့ လျှော့တွက်လို့မရဘူး။ ရှဥ်လည်းလျှောက်သာ၊ ပျားလည်း စွဲသာ ဆိုတဲ့ စကားပုံနဲ့ ကြည့်ရင် ကင်းရှင်းနဲ့နေရာလို ပြောလို့ရတယ်။

မေး – မင်းအောင်လှိုင်အတွက်တရုတ်က သူတို့ရဲ့ နိုင်ငံတကာမိတ်ဖက်ထဲမှာ ရှားရှားပါးပါးပေါ့။ အဲဒီလိုနိုင်ငံက ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်မြန်မာပြည်လာတဲ့အချိန်မှာမတွေ့သွားတာ မင်းအောင်လှိုင်အတွက်ရော မခံချိမခံသာ အဲဒီလိုပုံစံဖြစ်နိုင်မလား။

ဖြေ – ဥပမာလေးပေးပြောရရင် စျေးဆစ်တဲ့အခါမှာ စျေးဝယ်တဲ့သူနဲ့ စျေးရောင်းတဲ့သူ အလျှော့အတင်းလေးတွေရှိတယ်။ ဒီသဘောနဲ့ ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်ကို ကြဉ်ထားခြင်းအားဖြင့် မင်းအောင်လှိုင်ကိုအရေးပါအရာမရောက်တဲ့ပုံစံမျိုးခဏလေးထားပြီး ဗြုန်းကနဲ ရွေ့ချင်လည်း ရွေ့နိုင်တယ်။ တကယ့်ကို ခေါင်းမာမာနဲ့ ဒီထက် ဆိုးရွားတဲ့လမ်းကို သွားဖို့အတွက် မင်းအောင်လှိုင်ကို ကိုင်ပြီး ရွေ့ခိုင်းမယ်ဆိုရင်လည်း သူ့အနေနဲ့ ခန့်မှန်းမထားတဲ့ပုံစံမျိုးကို လုပ်ချလိုက် တယ်ဆိုတာမျိုးပေါ့။ စျေးကို ပိုတင်လိုက်တာပေါ့။ ဆိုလိုတာက လျှော့မတွက်နဲ့။ စစ်ကောင်စီနဲ့ စစ်တပ်ကို နောက်က ကိုင်ထားတဲ့ နိုင်ငံရေးသမား၊ စီးပွားရေးသမားတွေရဲ့ နောက်ကွယ်မှာလုပ်ဆောင်နေမှုတွေကို လျှော့မတွက်နဲ့။ ဖြုတ်ချလို့လည်းရတယ်။ ထိပ်ကို တင်မယ့်လမ်းကိုလည်း ရနိုင်တယ်။ မင်းအောင်လှိုင်ကို pawn လေးတစ်ခုအနေနဲ့ ချထားတာ။အဲဒီနေရာကနေထိုးကျွေးတာလည်းလုပ်နိုင်တယ်။အစားမထိုးဘဲ အဲဒီ pawn ကနေ bishop လုပ်နိုင်တာမျိုးလည်း ဖြစ်နိုင်တယ်။ ကျွန်တော်သုံးသပ်ကြည့်ရတာတော့ မင်းအောင်လှိုင်ကိုထွက်ပေါက်နှစ်ခုစလုံး အတွက် ဖြစ်အောင်လုပ်ထားတာ။ ဖြုတ်ချလိုက်လို့လည်းရတယ်။ မြှင့်တင်လိုက်လို့လည်း ရတယ် ဆိုတဲ့သဘောမျိုး။ နောက်တစ်ခါ တရုတ်ဘက်က ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံခြား ရေးဝန်ကြီးဝမ်ယိကိုယ်တိုင် ၂၀၂၁ ဇန်နဝါရီလကအာဏာမသိမ်းမီ ၃ ပတ်အလိုက လာထားတာရှိတယ်။ မင်းအောင်လှိုင်နဲ့ တွေ့ထားတာရှိတယ်။ နိုင်ငံတကာ သုံးသပ်တဲ့သူတွေရော၊ Foreign Policy ကို လေ့လာသူတွေက တရုတ်ရဲ့ မီးစိမ်းမပြဘဲ စစ်အာဏာသိမ်းမှု ဘယ်နည်းနဲ့မျှမဖြစ်နိုင်ဘူးဆိုတာ ကျိန်းသေတယ်။ အဲဒီလို စွပ်စွဲခြင်းခံထားရတယ်လို့ ပြောလို့ရတယ်။ တရုတ်က လုပ်ထားတဲ့ စစ်အာဏာသိမ်းမှုကြီးလို့ စွပ်စွဲခြင်းခံထားရတယ်။ အဲဒါကိုလည်းတရုတ်ကနည်းနည်း လျှော့ချင်တဲ့သဘောရှိတယ်။ လျှော့ချင်တယ်ဆိုတာ ငါတို့ လုပ်တာမဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ဖြစ်နေတဲ့ကိစ္စပါ။ သူတို့ ပြည်တွင်းရေးပါဆိုတဲ့ ဘောင်ကို တွန်းချင်တဲ့အတွက် မင်းအောင်လှိုင်နဲ့ မတွေ့ဘဲနေတာလို့လည်း ထင်တယ်။ ဒါက တရုတ်ရဲ့ ကစားကွက်ပါ။ တရုတ်က စစ်အာဏာရှင်ဆိုလည်း စစ်အာဏာရှင်နဲ့တွဲလုပ်မယ်။ ဒီမိုကရေစီဆိုလည်း ဒီမိုကရေစီ အစိုးရနဲ့တွဲလုပ်မယ် ဒါ တရုတ်မူဝါဒပဲ။ NUG အနေနဲ့လည်း တရုတ်သံရုံးနဲ့ ဆက်ဆံရေးတွေ ရှိနိုင်တယ်။

မေး – NUG အပါအဝင်ဒီမိုကရေစီအင်အားစုတွေကဝမ်ယိရဲ့ခရီးစဉ်ကို ကန့်ကွက်ထားကြတယ်။ ဒီလိုအခြေအနေမှာ လာတာက စစ်ကောင်စီကို အသိအမှတ်ပြုဖို့၊ နိုင်ငံတကာ ဆက်ဆံ ရေးနယ်ပယ်မှာ စစ်ကောင်စီကို ထောက်ခံနေရာပေးတာလို့ ဝေဖန်မှုတွေလည်းရှိတယ်။ ဒါနဲ့ ပတ်သက်လို့ ကောဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ – ဝေဖန်ချက်တွေက ယုတ္တိကျပါတယ်။ သို့သော် အဲဒီလောက် ပြောရုံနဲ့ မလုံလောက်ဘူး။ အမှန်က ခင်ဗျားတို့ မသွားသင့်ဘူး။ ခင်ဗျားတို့ ဒီလိုလုပ်ရမယ်ဆိုတာ NUG က Pro-actively ချ ပြနိုင်ရမယ်။ ကျွန်တော်ပြောခဲ့တာရှိပါတယ်။ အာဆီယံ ၅ ချက်အလုပ်မလုပ်တာကို မလုပ်တဲ့အကြောင်းပဲ ပြောမနေဘဲ မလုပ်တဲ့ ၅ ချက်ကို အစားထိုးနိုင်တဲ့ Game Plan ကို NUG ကိုယ် တိုင်က၊ နွေဦးတော်လှန်ရေးခေါင်းဆောင်တွေ ကိုယ်တိုင်က Pro-actively ရေးပြီးချပြရမယ်။ သူတို့ တွေကြိုက်အောင်။ရှင်းရှင်းပြောရင် ကိုယ့်ရဲ့ပလန်က ဒီလိုရှိတယ်။ ခင်ဗျားတို့ ၅ ချက်နဲ့ မသွားဘူး။ ဝမ်ယိကိုလည်း ဒီအတိုင်းပဲ။ တရုတ်ကိုလည်းဒီအတိုင်းပဲခင်ဗျားတို့ လုပ်နေတဲ့ လုပ်ငန်းစဉ်ကဖြင့် ဒီအတိုင်းဆက်သွားလို့မရတော့ဘူး။ ဒီလိုမျိုးသွားမယ်ဆိုရင်တော့ ရတယ်။ အဲဒီလို ပြော နိုင်တဲ့အဆင့် စဉ်းစားရတော့မှာဖြစ်တယ်။ ထုတ်တဲ့ စတိတ်မန့်က မကောင်းတဲ့အကြောင်း။ ဒီလောက်နဲ့မရတော့ဘူး။ မဖြစ်တော့ဘူးဆိုရင် ဖြစ်တဲ့လမ်းကို ဝမ်ယိကိုပြောနိုင်ရမယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကို စာနဲ့ပေနဲ့ ပြောနိုင်ရမယ်။ Analysis သေချာလုပ်ပြီး ပြောနိုင်ရမယ်။ အဲဒီလိုမဟုတ်ဘဲ ဒီအစည်းအဝေးလုပ်တာ မကောင်းဘူးပြောနေတာလောက်ကတော့ စစ်ကောင်စီကရော၊ တရုတ်ဘက်ကရောရီမှာပေါ့။ ကိုယ့်ဘက်က အိုင်ဒီယာကောင်းကောင်းရှိရင် ပြည်သူလူထုကိုလည်းချပြလိုက်။ နိုင်ငံတကာကိုလည်း ချပြလိုက်။ တရုတ်ကိုလည်း ချပြလိုက်။ အားလုံးပါဝင်တဲ့ ဖက်ဒရယ်နိုင်ငံတော် တည်ထောင်နေတာ။ ခင်ဗျားတို့ ဝင်မရှုတ်နဲ့။ ခင်ဗျားတို့ ဝင်ရှုတ်နေတဲ့အတွက် တော်လှန်ရေးကကြာနေတာ။ ပြည်သူလူထုလည်း အသတ်ခံနေရတယ်။ အိုး အိမ်စည်းစိမ်တွေ မီးရှို့ခံနေရတယ်။ ဒီလိုမျိုး သေချာချပြပြီး စဉ်းစားချက် ပြည့်ပြည့်၀၀နဲ့ လုံ လုံ လောက်လောက် ပြောနိုင်ရမယ်။

မေး – တရုတ်ရဲ့ မြန်မာ့အရေးအပေါ်မှာ ရပ်တည်ချက်ပေါ့။ ခြံစည်းရိုးခွထိုင်နေတယ်လို့ သုံးသပ်သူတွေရှိတယ်။ စစ်ကောင်စီကိုလည်း ပုံပြီး ထောက်ခံမှုမပေးဘူး။ NUG ကိုလည်းအသိအမှတ်ပြုတာမရှိဘူး။ဒီအပေါ်မှာရော ဘယ်လိုမြင်ပါလဲ။

ဖြေ – ခြံခွထိုင်ထားတယ်ဆိုတာမျိုး ပုံဖော်ထားတာ။ လုပ်နေတာမဟုတ်ဘူး။ သူတို့(တရုတ်)ကြိုက်တဲ့အဖွဲ့ကမြန်မာ့တပ်မတော်။ ဒါပဲရှင်းရှင်းလင်းလင်းလေးပဲ။ စစ်ကောင်စီ။ အာဏာရှင် ခေါင်းဆောင်မှုမျိုးကိုလိုချင်တာ။ ခြံခွထိုင်ထားသယောင်ပြထားတာ။ မထိုင်ဘူး။ NUG ကိုလည်း သူတို့ Supporting လုပ်နေတာမဟုတ်ဘူး။ ERO တွေကိုလည်းအပြည့်အ၀ အားပေးတာမလုပ် ဘူး။ နောက်ကနေပင့်ပေးပြီး ပုတ်ချဖို့လုပ်နေတာ။ EAO/ERO ခေါင်းဆောင်တွေအနေနဲ့လည်း သတိထားဖို့ အရေးကြီးတယ်။မြန်မာ့တပ်မတော်ခေါင်းဆောင်တွေလည်းသတိထားဖို့အရေးကြီးတယ်။ နွေဦးတော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့လည်း သတိထားဖို့အရေးကြီးတယ်။ တရုတ်ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးပေါ်လစီက မြန်မာနိုင်ငံမှာထာ၀ရငြိမ်းချမ်း ရေးမရရှိရေးပဲ။ ပြည့်ပြည့်၀၀ ငြိမ်းချမ်းရေးမရရှိရေးပဲ။ သူတို့အနေနဲ့ ဝင်ပြီးတော့ နောက်ပေါက်ကပဲဝင်ချင်ဝင်ချင်၊ ရှေ့ပေါက်ကပဲ ဝင်ချင်ဝင်ချင်။ ပြတင်းပေါက်ကပဲဝင်ချင် ဝင်ချင်။ ဝင်ပြီး မွှေနှောက်လို့ရအောင် အနေအထားမျိုးလုပ်ထားတဲ့ နိုင်ငံခြားရေး မူဝါဒကို သွားနေတာဖြစ်တယ်။ မြန်မာနိုင်ငံကိုသူတို့အနေနဲ့ တကယ်တမ်း ငြိမ်းချမ်းစေချင်တယ်။ မိတ်ဆွေကောင်းလိုလုပ်ချင်တယ်ဆိုရင်ဘယ်မူဝါဒသွားရမလဲဆိုတာသူတို့သိတယ်။သိလျက်နဲ့မလုပ်ဘဲဝင်နှောင့်ယှက်နေတာ။ ခြံခွထိုင်တာက အရုပ်လောက်ပဲပြထားတာ။ တကယ်တမ်းက မြန်မာနိုင်ငံမငြိမ်းချမ်းရေးပဲ။ငြိမ်းချမ်းရေးရရှိတဲ့နေ့ဟာလည်း သူတို့အပြတ်ကိုင်ထားတဲ့နေ့ဖြစ်ရမယ်ဆိုတဲ့သဘောပဲရှိတယ်။ တရုတ်ဟာမြန်မာနိုင်ငံကို နှောင့်ယှက်မယ့်ခေါင်းဆောင်တွေရှိနေသရွေ့နိုင်ငံရေး ဘယ်နည်းနဲ့မှ မတိုးတက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်အောင်လုပ်မယ့် ခေါင်းဆောင်တွေ၊ စီးပွားရေး ဘယ်နည်းနဲ့မှမတိုးတက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်အောင်လုပ်မယ့် ခေါင်းဆောင် တွေကို လိုချင်တယ်။ခရိုနီတွေကိုလည်းလိုချင်တယ်။ အဲဒီခရိုနီတွေနဲ့အဲဒီခေါင်းဆောင်တွေနဲ့တွဲလုပ်ဖို့ရာဂွင်တွေ များစွာချထားတယ်ဆိုတာရှင်းရှင်းလေးပဲ။

မေး – မြန်မာပြည်သူလူထုကတော့ ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့တာဝန်မဲ့စီမံကိန်းတွေ ကြောင့်တရုတ်ကို မကြည်ဖြူဘူး။ အခုနောက်ပိုင်း တရုတ်ဟာ ပြည်သူအချင်းချင်း ဆက်ဆံရေး ပုံစံမျိုးနဲ့ ချဉ်းကပ်လာတာမျိုးရှိတယ်။ ဒါပေမဲ့ တကျော့ပြန် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်အပေါ် သံသယကြီးကြီးရှိနေတယ်။ ဒီသံသယတွေ၊ မကြည်ဖြူတာတွေကို တရုတ်က ပြောင်းလဲနိုင်လား။ ဒါမှမဟုတ် သူ့ပုံစံအတိုင်း ဆက်သွားမှာလား။

ဖြေ -တရုတ်အနေနဲ့မြန်မာစစ်တပ်ကိုပံ့ပိုးနေတဲ့စစ်လက်နက်ဆိုင်ရာအားလုံးကို ရပ်တန်းက ရပ်မယ်ဆိုတဲ့အကြောင်းရယ်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပွင့်လင်းတဲ့နိုင်ငံတွေနဲ့ပေါင်းပြီး ပြတ်ပြတ်သားသားခေါင်းဆောင်ရှိတယ်ဆိုရင် လုပ်လို့ရတယ်။ ဒါမှမဟုတ် ဒီမိုကရေစီ အင်အား စုတွေကိုပိုမိုအင်အားပေးနိုင်တဲ့လမ်းတွေကို တရုတ်အနေနဲ့ ချပြီးတော့ ပြတ်ပြတ်သားသားလုပ် မယ်ဆိုရင်တော့ တရုတ်အနေနဲ့ လက်ဆေးလို့ရတယ်။ ဒါပေမဲ့လည်း တရုတ်ဟာ ဘယ်နည်းနဲ့မှ မဆေးဘူး။ သူကိုယ်တိုင်ကလည်း မြန်မာစစ်တပ်အင်စတီကျူးရှင်းတခုလုံးလိုသူ့နိုင်ငံမှာအုပ်ချုပ်ထားတာဖြစ်တယ်။အခွင့်ထူးခွင့်လူတန်းစားတစ်ခုကိုသူတို့ဖန်တီးထားတာ။ တရုတ်ကွန်မြူနစ်ပါတီဝင်တွေ၊ သူတို့ မိသားစုဝင်တွေဆိုရင် သူတို့ကြိုက်တာလုပ်လို့ရတယ်။ မြန်မာစစ် ခေါင်းဆောင်တွေလည်းဒီအတိုင်းပဲ။ တရုတ်ကိုတော့မျှော်ကိုးလို့ မရဘူး။ ရှင်းရှင်းလင်းလင်း ကျွန်တော်တို့စဉ်းစားရမှာက လက်ရှိကွန်မြူနစ်ပါတီ တရုတ်နိုင်ငံမှာ ရှိနေသရွေ့ကာလပတ်လုံး မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ဘယ်နည်းနဲ့မှ ထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူး။ မထောက်ပံ့ပေးဘူးဆိုတာကို မြန်မာတော်လှန်ရေးခေါင်းဆောင်တွေ၊ တိုင်းပြည်ကို ချစ်တဲ့တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ နားလည်ရမှာဖြစ်တယ်။ အဲဒီလို နားလည်ထားတယ်ဆိုရင်အလုပ်ကဘာလုပ်ရမလဲဆိုတာရှင်းရှင်းလေးရယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။