Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“သူ့(ဗိုလ်မှူးချုပ်စောနယ်ဒါးမြ)လက်အောက်မှာရှိခဲ့တဲ့ KNDO လက်အောက်မှာ ရှိခဲ့တဲ့ တပ်ရင်းပေါင်း ၇ရင်းနဲ့ လုံခြုံရေးတပ်ရင်း အပါအဝင် ၈ရင်းက သူ့ဆီမှာတစ်ယောက်မှကိုပါမသွားဘူး။ တပ်ရင်း ၈ရင်းစလုံးကKNDO ဦးစီးချုပ် အသစ်ရဲ့အောက်မှာပဲအတိအကျ ရှိတယ်။ တစ်ချိန်တည်းမှာပဲတပ်မဟာခုနစ်ခုစလုံးမှာရှိတဲ့ တပ်မဟာ ခုနစ်ခုစလုံးကလည်း ဘယ်သူမှ ပါမသွားဘူး။”

စစ်ဦးစီးချုပ်ရာထူးတာဝန်မှ အပြီးတိုင်ရပ်ဆိုင်းခြင်း ခံရသည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ကော်သူးလေတပ်မတော် ဟူသည့် အမည်ဖြင့် ဖွဲ့စည်းမှု လုပ်ဆောင်ခဲ့သည့်အပေါ် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအားPeople’s Spring က ဇူလိုင် ၂၂ ရက်တွင်ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

(ပဒိုစောတောနီး။ ဓါတ်ပုံ-KNU)
(ပဒိုစောတောနီး။ ဓါတ်ပုံ-KNU)

■KNU ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးနှင့်မေးမြန်းခန်း (ပထမပိုင်း)

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်ဖြစ်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)

​မေး-KNDO စစ်ဦးစီးချုပ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြ အနေနဲ့ ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာလိုက်တာ ဘာကြောင့်လို့ မြင်ပါသလဲ။ တော်လှန်ရေးအပေါ် သက်ရောက်မှု ရှိနိုင်ပါသလား။

​ဖြေ-အဲဒါက KNU ကရင့်အမျိုးသားအစည်းအရုံး နိုင်ငံရေး ဦးဆောင်အဖွဲ့နေပြီးတော့လည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အဲဒါ ဘာကြောင့်ဖြစ်နေတယ်ဆိုတာ။ နောက် ကျွန်တော်တို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်ကလည်း ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အဓိက အချက်က တာဝန်ယူတဲ့အခါ စပြီးတော့ တာဝန်ယူကတည်းကိုက ခေါင်းဆောင်တစ်ယောက် အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ စောင့်ထိန်းမှုတွေ လိုက်နာမှုတွေ တော်တော်လေး အားနည်းနေတယ်။ အဲဒီအပေါ်မှာ အကြိမ်ပေါင်းမြောက်များစွာ ကျွန်တော်တို့လည်း ပြန်ပြီးတော့ တည့်မတ်ပေးခဲ့တယ်။ ဒီလို ဆက်ပြီး မလုပ်ဖို့ဆိုတာ သတိပေးတာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေက ဘာမှ ပြုပြင်ပြောင်းလဲမှုမရှိဘူး။ စပြီးတော့ တာဝန်ယူတာက ၂၀၁၃ ခုနှစ်မှာ စတာပေါ့ ။အဲဒီကတည်းက နိုင်ငံတကာတွေ ထွက်ပြီးတော့ ဘာမှ မတိုင်ပင်ဘဲ သူ့ဟာသူ လျှောက်လုပ်တဲ့ ကိစ္စတွေ အဖွဲ့အစည်း ဖွဲ့တဲ့ဟာတွေ အလှူငွေကောက်တဲ့ဟာတွေ ၊ မဆိုင်တဲ့ ရာထူးတွေလုံး၀ လုပ်ခွင့်မရှိတာတွေပေးတယ်။ နိုင်ငံခြားမှာ ရှိတဲ့သူတွေ စစ်ရာထူးတွေ လျှောက်ခန့်တာ အဲဒါမျိုးတွေလုံး၀ မဖြစ်သင့်တာတွေ။ ကျွန်တော်တို့ စည်းကမ်းရှိတဲ့ တပ်မတော်တစ်ရပ် ဆိုတာ အဲဒါမျိုးလုံး၀မလုပ်သင့်ဘူးဆိုတာ သူ့လိုအကြီးအကဲတစ်ယောက်က မနားထောင်ဘူးဆိုတာ တော်တော်ခက်တယ်ဗျ။ ဒါကတော့ တပ်ပိုင်းနဲ့ပတ်သက်တာ။

နောက်တစ်ချက်က ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာပါတယ်။ ဒီနေ့ဒီကာလမှာ ရန်သူရဲ့ထိုးခွဲမှုကြောင့် ဖြစ်နေတဲ့ အကွဲကွဲ အပြဲပြဲ သုံးလေးဖွဲ့လောက်ရှိနေတဲ့ ကရင့်တပ်တွေ ပြန်စုစည်းဖို့ အမြဲတမ်း ကြိုးစားတယ်။ ကြိုးစားတဲ့အခါမှာ သူလည်း ပါနေတာပဲ။ နောက်ဆုံးအကြိမ် ဒီဇူလိုင်လအစည်းအဝေးမှာသူကိုယ်တိုင်ပါရဲ့သားနဲ့ ကော်သူးလေ တပ်မတော်ရယ်လို့ အဲဒီလိုအမည် နာမကို လူတိုင်းက သဘောကျနေတယ်။ ဒါကလည်းမနေ့တနေ့ကမှမဟုတ်ဘူး ဟိုးတော်လှန်ရေးစကတည်းက ၁၉၄၉ ကတည်းက ဖြစ်တည်လာတဲ့ ကော်သူးလေ တပ်မတော် ဆိုတာ ကရင့်တပ်မတော်ပဲလေ။ အဲဒါကို ဒီနာမည်နဲ့ ပြန်ပြီးတော့ ပေါင်းစည်းနိုင်ဖို့ ကြိုးပမ်းတာကို သူကိုယ်တိုင်သိတယ် ဆုံးဖြတ်ချက်လည်း ချတယ်။ သူကိုယ်တိုင် သိလျက်နဲ့ အဲဒါကို အစည်းအဝေးဆုံးတဲ့အထိမထိုင်ဘဲထထွက်သွားပြီးတော့ နောက်တစ်ရက်ကျတော့ သူများအားလုံးကနေပြီးတော့ KNDOကရော KNLA ကရော အကုန်လုံး သဘောတူထားတဲ့ နာမည်တစ်ခုကို ဘယ်သူနဲ့မှ မတိုင်ပင်ဘဲသူ့ဟာသူထပြီး ကော်သူးလေတပ်မတော်ဆိုပြီးထဖွဲ့လိုက်တော့ဘယ်သူမှ သည်းမခံနိုင်တော့ဘူး။ KNLAက ထုတ်ပြန်ကြေညာချက် ထုတ်ရတာ အဲဒါအကြောင်းအရင်းလည်းဖြစ်တယ်။ သူက ကရင့်တပ်မတော်ကို လုံး၀ မတရားစွာနဲ့ပဲ တော်တော်လေးကို ဂရုမစိုက်ဘဲ ဖောက်ပြန်သွားတယ်ဆိုတာ ရှင်းနေတာပဲ။ ဒါက တစ်ချက်။

Public Service Announcement

Public Service Announcement

နောက်ကရင်အမျိုးသားအစည်းအရုံးဘက်က ပြောရမယ်ဆိုရင် ကျွန်တော်တို့ အထူးသဖြင့် ကိုယ့်အဖွဲ့အစည်းက ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီဆိုရင် ပြည်တွင်းမှာရော ပြည်ပမှာရော ကျွန်တော်တို့က သေသေချာချာ တပ်ပိုင်းဆိုင်ရာက ကျွန်တော်တို့ရဲ့ ဦးဆောင်မှုအောက်မှာ ရှိနေတဲ့အခါ အထူးသဖြင့် တပ်ပိုင်း စစ်တပ်ချည်းပဲ မလုံလောက်ဘူး။ အဓိကစစ်မြေပြင်မှာလိုက်နာရတဲ့ စည်းကမ်းတွေက အင်မတန် မှပဲ လေးစားလိုက်နာဖို့အလေးအနက်ထားတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ တပ်တွေကိုသင်တန်းပေးတယ်။ သင်တန်းပေးတယ်ဆိုတာKNDO တပ်တွေကိုလည်းသင်တန်းပေးတယ်။ KNDO တပ်သားတွေသိတယ်။ ဒါပေမဲ့ သူကိုယ်တိုင်က အကြီးအကဲတစ်ယောက်ဖြစ်ပြီးတော့ တိုက်ပွဲမှာ ဖမ်းဆီးတဲ့ ရန်သူတွေလို့ ပြောတယ် ဟုတ်တယ် ရန်သူ ကိုယ့်လက်အောက် ရောက်သွားပြီ ဆိုရင်ဒီလို မဆက်ဆံရဘူးဆိုတာကျွန်တော်တို့ တပ်သာတွေအသေအချာသင်တန်းပေးပါလျက်နဲ့အဲဒီလို မလိုက်နာဘဲ အကုန်လုံးသတ်ပစ်လိုက်တယ်ဗျာ။ အဲဒါကြီးက ရင်ဆိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်ဘူး တာဝန်ခံရမယ့်အပိုင်း တွေဖြစ်လာတဲ့အခါကျတော့ စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့တဲ့အခါကျတော့ မနှစ်က စုံစမ်းစစ်ဆေးရေးလုပ်တော့မယ်ဆို ယာယီအားဖြင့်တော့ ရာထူးချထားရမှာပဲ အဲဒီအပေါ်မှာ သူက လုံး၀ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ ပူးပေါင်း ဆောင်ရွက်မှု တစ်ခါမှ မလုပ်ဘူးဆိုတဲ့အခါ ကျတော့ ဒါကတော့ အကြီးအကဲတစ်ယောက်ရှိသင့်တဲ့ အနေအထား လုံး၀မဟုတ်ဘူး။ အဲဒီ အနေအထားမျိုးမှာ အဲဒါတင်မကဘဲ နောက်ဆုံးအခြေအနေအောက်မှာ တစ်စင်ထောင်ပြီး သီးသန့်ဖွဲ့စည်းတာ ဒါကတော့ ဘယ်လိုမှ သည်းခံလို့မရဘူး။ တပ်မတော်ထဲက ထုတ်ပယ်လိုက်သလို ကရင်အမျိုးသားအစည်းအရုံးရဲ့ အဖွဲ့အစည်းဝင်တစ်ယောက် အနေနဲ့လည်း ထုတ်ပယ်လိုက်တယ်ဆိုတာ အဲဒါတွေကြောင့်မှာ ။ဒီအတွက် တော်လှန်ရေးအပေါ်မှာ သက်ရောက်မှုရှိလားဆိုတော့ ဘာမှ သက်ရောက်မှုမရှိဘူး ဒါ သူ့တစ်ယောက်အပေါ်မှာပဲ သက်ရောက်တာပါ။

​မေ-သူ့ကို KNDO စစ်ဦးစီးချုပ်တာဝန်နဲ့ရာထူးကအပြီးတိုင်ရပ်ဆိုင်းလိုက်တာကစုံစမ်းစစ်ဆေးရေးမခံယူလိုလားအခြားအကြောင်းအရာတွေရှိပါသလား။

​ဖြေ-ကျွန်တော်စောစောက ပြောသလို တခြားအချက်တွေအများကြီးရှိတာပေါ့။ အကြီးဆုံး ပြဿနာက အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းကို နားမထောင်ဘဲလုပ်သွားတာ အများကြီးရှိတယ်။ အဲဒါလည်း အများကြီး ပြောဆိုဆွေးနွေးရတယ်။ ပြန်ပြီးတော့ တည့်မတ်ပေးရတယ်။ သူကိုယ်တိုင်ကလည်း တကယ့်အကြီးအကဲတစ်ယောက်ရဲ့ သား ဆိုတော့လည်း သိတာပေါ့လေ လူကြီးတွေကလည်း ဒီလို မဖြစ်သင့်ဘူးဆိုတာ အကြိမ်ပေါင်းများစွာ ပြောတယ်ဆိုတာ နားမထောင်ဘူး။ ဒါပေမဲ့ နောက်ဆုံးက ဘာလဲဆိုတော့ စုံစမ်းစစ်ဆေးရေးကို လုံး၀ မခံယူတာ။ ဒါက လုံး၀ တော်တော်ကို သည်းမခံနိုင်တဲ့ အနေအထား။ ကျွန်တော်တို့ အဖွဲ့ အစည်းထဲမှာ ဒီလိုမျိုး ပြဿနာမျိုး ရင်ဆိုင်ရပြီဆိုရင် ကျွန်တော်တို့ ငယ်သား အဆင့်တောင်မကဘူး တပ်မဟာမှူးအဆင့်တောင် ဗဟိုကော်မတီ ၊ အလုပ်အမှုဆောင် ကော်မတီက ဆင့်ခေါ်လိုက်ပြီဆိုရင် တပ်မဟာမှူးလည်း လာကြတာပဲ။ဒီလိုဆင့်ခေါ်ပြီဆိုလာကြတာပဲ ဒါက ကျွန်တော်တို့ အုပ်ချုပ်ရေး မှာ ဖြစ်နေတဲ့ကိစ္စ။ ကိုယ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကိုယ့်ကိုယ်ပိုင် တရားစီရင်ခွင့် ခိုင်ခိုင်မာမာ ရှိနေတဲ့အပေါ်မှာ ဒီလို လိုက်နာမှုရှိတယ်။ ဒါပေမဲ့ ဒီလူနဲ့ကျမှ ဒါမျိုးတွေဖြစ်တယ်ဒါလုံး၀မဖြစ်သင့်ဘူးလေ။ ဒါက ဘာကို ညွှန်းဆိုလဲဆိုရင် ကျွန်တော်တို့ကဒီတော်လှန်ရေးကာလမှာတင်မဟုတ်ဘူးတော်လှန်ရေးကာလ ပြီးဆုံးတဲ့တစ်နေ့မှာ တိုင်းပြည်ကို ထူထောင်တဲ့အခါ ကျွန်တော်တို့က ဗရမ်းပတာ ဖြစ်တဲ့လူတွေနဲ့ ဖွဲ့စည်းလို့မရဘူး။ တကယ် စည်းကမ်းကလနားရှိတဲ့လူတွေဖြစ်ဖို့လိုတယ်။ကျွန်တော်တို့ စစ်တပ်ရောကျွန်တော်တို့ ခေါင်းဆောင်ပိုင်းကရော ဒီလို စည်းကမ်းကလနားမရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး တိုင်းပြည် ထူထောင်တဲ့အခါ ဘာပြဿနာရှိလာမလဲ ဆိုရင် ယနေ့ ဒီကာလမှာ ဖြစ်နေတာတွေထက် ဒီထက်ပိုဆိုးဝါးသွားမယ်ဆိုတာ ကျွန်တော်တို့ ကြိုမြင်ထားတယ်။ ဒီကနေ့ ကာလကတည်းက ဒီလို ရှိနေတဲ့အနေအထားတွေ လုံး၀ မဖြစ်သင့်ဘူး တက်နိုင်သလောက် အကောင်းဆုံးဖြစ်စေချင်တယ်။ ဒီအနေအထားနဲ့လုံး၀ မလိုက်နာဘူးဆိုတော့ ဘာမှမတက်နိုင်ဘူး ဒီလိုအခြေအနေမျိုးရှိနေပါတယ်။

​မေး-ဆိုလိုတာက အဖွဲ့အစည်းတစ်ခုရဲ့ တပ်ဖွဲ့မှာကျင့်ကြံရမယ့် ကိစ္စရပ်သာမကဘူး အနာဂတ်တိုင်းပြည်ရဲ့ တပ်မတော်ကပါ စနစ်တကျ ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်လား။

​ဖြေ-ဟုတ်ပါတယ်။ သေချာပါတယ်။ကျွန်တော်တို့တိုင်းပြည်တစ်ပြည်မှာ အထူးဖြင့် လုံခြုံရေးစနစ်သစ်ကိုတည်ထောင်ရမယ်။ ဒါအဓိကကျတယ်။ ကျွန်တော်တို့ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ပြီးတာနဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဆိုတာမရှိမဖြစ်ကိုလိုအပ်တယ်။ သို့သော်ငြားလည်းပဲအဲဒီရှိလာမယ့် ပြည်ထောင်စုတပ်မတော်က ဒီလိုပုံစံမျိုးနဲ့ စည်းမရှိ ကမ်းမရှိ ဘဲနဲ့ ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ ဒီနေ့ တွေ့ကြုံနေရတဲ့ စစ်ကောင်စီတပ်က ဒီလိုမျိုး လုပ်ပြီး ပြည်သူကို အကာအကွယ် မပေးဘဲ ဒီလို သတ်ဖြတ်နေတယ်ဆိုတာ ကျွန်တော်တို့က ဒီစနစ်ကို ကြုံခဲ့ရပြီးတဲ့နောက်မှာ ကျွန်တော်တို့ လက်ထဲရောက်လာမယ့် စနစ်ဟာ ဒီထက်အများကြီး ပိုပြီးတော့ ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်ဆိုတာ သေချာတယ်လေ။ အဲဒီ ပြုပြင်ပြောင်းလဲမှု အလုပ်ခံမယ့် တပ်ကို ကျွန်တော်တို့ တကယ်လိုအပ်တယ်။ ဒီလိုမျိုး ပြုပြင်ပြောင်းလဲမှု အလုပ်မခံချင်တဲ့ တပ်မျိုးက တော်တော် အန္တရာယ် ကြီးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ရန်သူပဲ ဖြစ်ဖြစ် ကိုယ့်ကိုဘယ်လောက်ပဲ ရက်စက်ယုတ်မာတာပဲဖြစ်ဖြစ် ကိုယ့်လက်အောက်မှာဖမ်းမိပြီဆိုရင်အာဃာတတရားကိုရှေ့တန်းတင်လို့ မရတော့ဘူး။ သွားပြီးတော့ ပစ်သတ်တာ ကျွန်တော်တို့ အဖွဲ့အစည်းမှာ လုံး၀ သည်းခံလို့မရဘူး။မနေ့တစ်နေ့ကပဲဥကရစ်ထတိုက်ပွဲမှာဖမ်းမိတဲ့ ၇ယောက်ကို သူ့(စောနယ်ဒါးမြ)လက်အောက်ငယ်သားတွေပဲပစ်သတ်လိုက်တယ်။ ဒါတင်မကဘူးမီဒီယာပေါ်မှာတင်လိုက်တယ်။ အဲဒီကိစ္စက ဘယ်လိုမှ သည်းခံလို့မရဘူး။ ကျွန်တော်တို့က တစ်နေ့ကျရင် တာဝန်ယူရတဲ့အခါတိုင်းပြည်တစ်ပြည်ထူထောင်တဲ့အခါမှာ ဒီအချိုး ဒီပုံစံနဲ့ ဘယ်လိုမှ အလုပ်မဖြစ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောရမှာပဲ။

​မေး-ဗိုလ်မှူးချုပ်နယ်ဒါးမြရဲ့မနေ့က ထုတ်ပြန်ချက်မှာKNLA တပ်ဟာ KNU အဖွဲ့အစည်းရဲ့ နိုင်ငံရေး ဦးဆောင်မှု အောက်မှာ NCA စာချုပ်အားဖြင့် စစ်ရေးအရ ချုပ်နှောင်ခံနေရတယ်ဆိုတာမျိုးစွပ်စွဲထားတာတွေ့ရတော့ ဒီအပေါ် ဘာပြောပြလိုပါသလဲ။

​ဖြေ-ဒီအချက်ကတော့ ကျွန်တော်တို့ ပြောတာလည်း များနေပြီ။ NCA စာချုပ်က စစ်အာဏာသိမ်းပြီးကတည်းကကိုတကယ့် လေသင်တုန်းဖြစ်နေတဲ့ လူနာတစ်ယောက်ပဲ။ လေသင်တုန်းလူနာတောင်မှ အလားအလာလုံး၀ပြန်ကောင်းလာနိုင်ခြေမရှိတဲ့လူနာတစ်ယောက်ပဲ။ ပျက်သွားပြီလေ။ နိုင်ငံရေးဆွေးနွေးပွဲကလုံး၀မရှိတော့ဘူး။ အဲဒါကြောင့်ဘာအချုပ်အနှောင်မှ မရှိတော့ဘူးဆိုတာ ကျွန်တော်တို့ မူဝါဒက ရှင်းလင်းနေတာပဲ။ အဲဒါကြောင့် စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့ ပြတ်ပြတ်သားသားတိုက်တယ်။ အဲဒီကတည်းက တိုက်ပွဲတွေ ဖြစ်လာတယ် ။ စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်းမှာ ကျွန်တော်တို့ တိုက်ပွဲက ၅၈၃၀ ရှိပြီ ကျွန်တော်တို့ မှတ်တမ်းတွေ သေချာလုပ်ထားတယ်။ အဲဒီမှာ စစ်ကောင်စီ တပ်သားတွေ လေးထောင်ကျော်ငါးထောင်နီးပါးကို ကျွန်တော်တို့ သုတ်သင်နိုင်တယ်ဗျာ။ ကျွန်တော်တို့ သုတ်သင်တဲ့အထဲမှာ သူ(စောနယ်ဒါးမြ)ရှိနေတဲ့ ဥကရစ်ခီးအဲဒီနေရာလေးတစ်ဝိုက်မှာ ဖြစ်နေတာမဟုတ်ဘူး။ကျွန်တော်တို့ တပ်မဟာ ခုနစ်ခုစလုံးမှာ အဲဒီလိုဖြစ်နေတဲ့ကိစ္စ။ ဒါတွေက စစ်ကောင်စီလက်အောက်မှာ ရှိနေရင် ကျွန်တော်တို့ ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါက စစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ဖျက်လို့သာ ဒီလောက်အထိဖြစ်နေတာ။ ကျွန်တော်တို့ ဒီအတွက် ကျွန်တော်တို့ စစ်သားတွေ ၁၂၄ ယောက် အသက်ပေးသွားရတယ်။ ဒါတွေက သေချာကြည့်ဖို့လိုတယ်။ ကျွန်တော်ရှင်းရှင်းပြောရရင် (စောနယ်ဒါးမြ) ကမ္ဘာကြီးကို ဘာကို ချပြလဲဆိုရင် ငါ့မှာ ဘာနိုင်ငံရေးအသိ ဘာနိုင်ငံရေးစဉ်းစားမှု ဘာအတွေးအခေါ်မှ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်းချပြလိုက်တာပဲလို့ ကျွန်တော်တို့ ပြောရတော့မှာပဲအဲဒီအပိုင်းမှာ။

​မေး-အခုလို ဖွဲ့စည်းမှု ဖြစ်လာတာ ကရင်လူထုတွေ တစ်နိုင်ငံလုံးက ပြည်သူတွေ စိုးရိမ်မှု ဖြစ်နိုင်တော့ဘယ်လိုသတင်းစကားပါးလိုပါသလဲ။

​​ဖြေ-ဝမ်းနည်းကြေကွဲနေတဲ့ လူထုတွေကိုတော့ ကျွန်တော်တို့ အပြစ်မဆိုသာပါဘူး။ ဒါကတော့ လူတစ်ဦး တစ်ယောက်ချင်းရဲ့ တန်ဖိုးအပေါ်မှာ ကျွန်တော်တို့ လေးစားတယ် တန်ဖိုးထားတယ်။ သို့သော်ငြားလည်း ဖြစ်သွားတဲ့ကိစ္စ သူကတစ်စင်ထောင်သွားတဲ့ ကိစ္စမှာ ကျွန်တော်အဓိက ပြောမယ်။ သူ့လက်အောက်မှာရှိခဲ့တဲ့ KNDO လက်အောက်မှာ ရှိခဲ့တဲ့ တပ်ရင်းပေါင်း ၇ရင်းနဲ့ လုံခြုံရေးတပ်ရင်း အပါအဝင် ၈ရင်းက သူ့ဆီမှာတစ်ယောက်မှကိုပါမသွားဘူး။ တပ်ရင်း ၈ရင်းစလုံးကKNDO ဦးစီးချုပ် အသစ်ရဲ့အောက်မှာပဲအတိအကျ ရှိတယ်။ တစ်ချိန်တည်းမှာပဲ တပ်မဟာ ခုနစ်ခုစလုံးမှာရှိတဲ့ တပ်မဟာ ခုနစ်ခုစလုံးကလည်း ဘယ်သူမှ ပါမသွားဘူး။ သူ့လက်အောက်မှာ ဘယ်သူ ရှိသလဲဆိုတော့ကျွန်တော်တို့ တပ်မဟာရော ကျွန်တော်တို့ KNDOရော လုံး၀ မပတ်သက်တဲ့သူတွေပဲ သူ့အောက်မှာရှိတယ်။ အထူးသဖြင့် အခြားအဖွဲ့အစည်းကပဲ့ထွက်လာတဲ့ လူတွေနဲ့ပဲ နောက်ပြီးတော့ PDF မှာဆိုရင် ကျွန်တော်တို့ လက်အောက်မှာ ရှိတဲ့ PDFတွေ အဲဒီမှာအနည်းအကျဉ်းပါတယ်။ ဒါပဲရှိယ်။ အဲဒါကိုကျွန်တော်ပြောချင်တာ ကရင်ပြည်သူလူထု တင်မကဘူး အခြားလူထုအားလုံးကို ကျွန်တော်ပြောချင်တာက စိုးရိမ်တာတော့ စိုးရိမ်ပါ ဒါပေမဲ့ ဘာမှ အကြောင်းအခြေအမြစ်မရှိဘဲနဲ့ သွားပြီးတော့ အချိန်ကုန်ပြီးတော့ဝမ်းနည်းမနေပါနဲ့။ ဒီမှာ ကျွန်တော်တို့ ရှိနေတဲ့ တပ်တွေကတစ်ယောက်မှမပါသွားဘူး။ သူ့ဟာသူသီးသန့် ပဲ့ထွက်သွားတဲ့ဟာပဲရှိတယ်။

​မေး-သူ့အောက်မှာ ရှိတဲ့ အဖွဲ့တွေက KNUနယ်မြေတွေနဲ့ ဆက်စပ်ဒေသတွေမှာပဲ လှုပ်ရှားနေတဲ့ဟာဆိုတော့ စစ်ရေးအရ ရှုပ်ထွေးနိုင်တာမျိုး၊ ဒါမှမဟုတ် စစ်ဆင်ရေး လုပ်တဲ့အခါ တစ်ခုခု သက်ရောက်နိုင်တာမျိုးရှိပါသလား။

​ဖြေ-ဟုတ်ပါတယ်။ အဲဒီဘက်မှာတော့ ကျွန်တော်တို့က မူဝါဒအားဖြင့် နိုင်ငံရေးဦးဆောင်မှုအပိုင်းမှာ ဘာပေါ်လစီမှမရှိတဲ့လူတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ဘာမှ ပေါင်းလို့မရဘူးလေ။ သို့သော်ငြားလည်းသူ့လက်အောက်မှာလက်နက်ကိုင်ထားတဲ့ သူတွေက ရှိနေတဲ့အခါကျတော့ ဒီလူတွေကလည်း ကျွန်တော်တို့ တပ်မဟာ(၆)နယ်မြေထဲမှာ ရှိနေတဲ့အခါကျတော့ ရှေ့တန်း စစ်မြေပြင်မှာ ဒီလို ပဋိပက္ခတွေမရှိအောင်တော့ ဒေသဆိုင်ရာမှာ ရှိတဲ့ တပ်ဗိုလ်တပ်မှူးတွေ ဒေသအာဏာပိုင်တွေက ဘယ်လိုကိုင်တွယ်ရမယ်ဆိုကလည်း အတွေ့အကြုံရှိပြီးသားပါ။ ဒါတွေက တပ်မဟာ(၆)၊ တပ်မဟာ(၇)မှာရှိထားတဲ့အနေအထားကလည်းနှစ် ၃၀ကျော်လာပြီဆိုတော့ဘယ်လိုကျော်လွှားရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ နောက်ပြီးသူကိုယ်တိုင်ကလည်း နယ်မြေကိုယ်ပိုင်မရှိ၊ နယ်မြေကိုယ်ပိုင်မရှိဘဲနဲ့ဒီတပ်မဟာ(၆)နယ်မြေထဲမှာရှိတဲ့ဟာသူလည်းနားလည်သဘောပေါက်မှာပါဒီအခြေအနေအားလုံးကို။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့က ဒေသဆိုင်ရာ တပ်မှူးတွေ အထူးသဖြင့် ဒီလို တာဝန်ရှိတဲ့သူတွေကဘယ်လိုကိုင်တွယ်သွားရမယ် ဆိုတာ နည်းနာတွေများစွာရှိပါတယ်။ဘာမှစိုးရိမ်စရာမရှိပါဘူး။

​မေး-စစ်အာဏာရှင် အဆက်ဆက်ကKNUကိုသပ်လျှိုဖြိုခွဲဖို့လုပ်ခဲ့တာတွေရှိတော့အခုဖြစ်စဉ်ကတော့ အဲဒါနဲ့ဆက်စပ်နေတာမျိုး ရှိ၊မရှိ သုံးသပ်ပေးပါလား။

​ဖြေ-အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်အာဏာရှင်တွေရဲ့ သပ်လျှိုဖြိုခွဲတာရှိ၊မရှိ အပိုင်းမှာ ကျွန်တော်တို့ တိုက်ရိုက် ယိုးစွပ်ရမှာထက် အချက်အလက်နဲ့ ပြန်ပြီးတော့ နည်းနည်းကြည့်ဖို့လိုတယ်။ ဘာဖြစ်လို့လည်း ဆိုရင်သူ့ရဲ့အနေအထားက အခုမှ မဟုတ်ဘူး လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက PC(NCA လက်မှတ်ထိုးထားပြီးစစ်ကောင်စီနှင့် ထိတွေ့ဆွေးနွေးနေသည့် ကရင်ငြိမ်းချမ်းရေးကောင်စီ) အဖွဲ့ ပေါ်လာဖို့အတွက် အဲဒီတုန်းက နအဖ(စစ်အစိုးရ)နဲ့ သူကိုယ်တိုင် ထဲထဲဝင်ဝင် ဆွေးနွေးတဲ့သူထဲမှာပါတယ်။ အဲဒီမှာ PC ဖွဲ့စည်းမှုမှာသူကလည်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တယ်။ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ အနေအထားမှာ အဲဒီမှာဘာဖြစ်ခဲ့သလဲဆိုတော့ ဘုမသိဘမသိနဲ့တပ်မဟာထဲမှာ အထူးသဖြင့် တပ်မဟာ (၇) ထဲမှာ လူတော်တော်များများ နာမည်စာရင်းတွေပါသွားတယ် အဲဒီ ခေါင်းဆောင်စာရင်း(PC ခေါင်းဆောင်စာရင်း)တွေထဲမှာ။ ဒါပေမဲ့ တချို့သူတွေက သူ့ကိုယ်သူ မသိဘဲနဲ့ငါမသိရပါဘူး မပါပါဘူးဆိုရင်း သူ့ဟာသူ ရှင်းလင်းချက်ထုတ်တယ်။တရားဝင်ရှင်းလင်းချက်ထုတ်တယ် ။ အထူးသဖြင့် အနီးစပ်ဆုံးပြောရမယ်ဆိုရင် သူ့မိခင်ကိုယ်တိုင် တောင်မှ အဲဒီအဖွဲ့ထဲမှာ နာမည်ပါတော့ သူမိခင်ကိုယ်တိုင်က တရားဝင် ကြေညာချက် ထုတ်ပြီး ငါလုံး၀ မပတ်သက်ဘူး ငါကိုယ်တိုင်က KNU အဖွဲ့အစည်းတစ်ယောက်အနေနဲ့ လုံး၀မပတ်သက်ဘူးဆိုတာ ထုတ်ပြန်တယ် သူကိုယ်တိုင်ကျတော့ လုံး၀မလုပ်ဘူး။ အဲဒီမှာ သူကဘာလဲဆိုတော့ တွဲဖက်အတွင်းရေးမှူး(၁) ဆိုတဲ့ ရာထူး အဲဒီမှာ ပါသွားတယ်။ ပါပေမယ့် အခုထက်ထိ ဘာကြေညာချက်မှ မထုတ်ဘူး။ တရားဝင် PCထဲမှာ ပါဝင်ပြီးသား။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် လူတစ်ယောက်ရဲ့ တန်ဖိုးကို သည်းခံစိတ်ထားပြီး ၂၀၁၃ ရောက်လာတဲ့အခါမှာ သူ့ကို တာဝန်ပေးတယ်။ ဒါပေမဲ့ဘာအချိုးမှမပြောင်းလာဘူး။ ဒီပုံအတိုင်းပဲ။ ကျွန်တော်တို့က ဘာကို ပြောရမလဲဆိုတော့ အဲဒါကို ပြောခြင်းအားဖြင့် ရန်သူရဲ့ ထိုးခွဲမှုလားလက်ရှိကာလမှာ ဒါက ပြောနေတာထက် အငြင်းပွားနေရတာထက်သူကိုယ်တိုင်က ဟိုးအရင်နဂိုရ်ကတည်းက အဲဒီအလုပ်တွေလုပ်နေ တယ်ဆိုတာရှင်းနေတာပဲ။ဒါကြောင့်အကျယ်တဝင့်လျှောက်ပြီးပြောစရာ မလိုတော့ဘူး။

​မေး-တစ်ဆက်တည်းမေးလိုတာကKNU တပ်မဟာ(၄)နယ်မြေမှာ အခု သူ့(စောနယ်ဒါးမြ) ရဲ့လက်အောက်မှာရှိတဲ့ ဗိုလ်ကော်လာဖိုးဆိုတာ သူက တပ်မဟာ(၄) တာဝန်ရှိသူတစ်ချို့ကပြောတာက ပြီးခဲ့တဲ့ ၉၇ နဲ့ ၂၀၀၄ လာက်မှာ စစ်တပ်ဆီ ဗိုလ်ကော်လာဖိုးက လက်နက်ချဖူးတယ်။ အခု ၂၀၂၁မှာ သူပြန်ပေါ်လာတယ် အခု ဗိုလ်မှူးချုပ် စောနယ်ဒါးမြရဲ့ အောက်မှာ တပ်ပြန်ဖွဲ့စည်းတယ်ဆိုတာမျိုးပြောပါတယ်။ အဲဒီ ဗိုလ်ကော်လာဖိုးအဖွဲ့နဲ့လည်း KNU တပ်မဟာ(၄)က အဖွဲ့တွေ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့လည်း ကြားသိရပါတယ်။ ဒီအပေါ် ရှင်းပြပေးပါလား။

​ဖြေ-အဲဒါက သူထွင်ခဲ့တဲ့ ပြဿနာတွေပဲ။ အဲဒါကြောင့် ကောင်းကျိုးထက် ဆိုးကျိုးတွေပဲ လျှောက်လုပ်ထားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တပ်မဟာ(၄)ထဲမှာ ပြဿနာ မဖြစ်ဖြစ်အောင် လျှောက်ပြီးတယ် ။ သူ့အလုပ်က KNDO တပ်ရင်း ၇ရင်းကို ကောင်းကောင်းထိန်းချုပ်ရမှာ။ ဒါပေမဲ့ အဲဒါ( ဗိုလ်ကော်လာဖိုး၏ KNDO အ ထူးတပ်ရင်း) သူစလုပ်တဲ့အခါမှာ ကျွန်တော်နားလည်တာက သူမှာ တာဝန်မရှိတော့ဘူး။ ဒါပေမဲ့အဲဒီမှာ ထပ်ပြီး အဖွဲ့တစ်ဖွဲ့ သွားဖွဲ့တယ်။ နားလည်မှုရှိစွာ ကြိုးစားပြီး ပြောပြလည်းမရဘူး။ သမိုင်းကြောင်း(စစ်အစိုးရထံ လက်နက်ချခဲ့)ရှိတဲ့အဖွဲ့ဆိုတာ ဒါလည်း အမှန်အကန်ပဲ။ အဲဒီ လိုအနေအထားမျိုးရှိတဲ့ သူတွေနဲ့လုပ်နေတာဆိုတော့ သူ့လက်အောက်မှာ ရောက်လာပြီး ပြဿနာတွေ ပြန်ဖော်ရင်းပြန်ဖော်ရင်းဒီလိုအနေအထားရှိတယ်ဆိုတော့ ဒီလိုပုံစံနဲ့ ခေါင်းဆောင်နေတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့ သိပ် ရှည်ရှည်ဝေးဝေး မပြောချင်တော့ပါဘူး။

​မေး-KNUက အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုက်ပွဲပေါင်း ၅၀၀၀ ကျော်လောက်ဖြစ်ခဲ့ တာဆိုတော့ ဖမ်းမိတဲ့သူတွေ သတ်ဖြတ်တာက ဝေါ်လေဒေသ ဖြစ်စဉ်ရှိတယ် ဥကရစ်ထ ဖြစ်စဉ်ရှိတယ်။တပ်မဟာ(၄)မှာ ထပ်ဖွဲ့လိုက်တဲ့ အဖွဲ့ဆိုလည်း အရပ်သားကားတွေကို မီးရှို့လိုက်တာမျိုးရှိတယ် ပြောတယ်။ ဒီလို လုပ်ရပ်တွေက တော်လှန်ရေးကို ပုံရိပ်ထိခိုက်စေလား။

​ဖြေ-ဟုတ်ပါတယ်။ ဒီလိုမျိုး မဖြစ်ဖို့ဆိုတာ ကျွန်တော်တို့ တပ်တွေမှာ ဘာလုပ်လဲဆိုတော့ ကျွန်တော်တို့ကနိုင်ငံတကာ အဖွဲ့အစည်း နဲ့ချိတ်ဆက် ပြီးတော့ အထူးသဖြင့် ကျွန်တော်တို့ ကိုယ်တိုင်က ဘာရှိထားလဲ ဆိုတော့ စစ်ရေးလမ်းညွှန်ရှိတယ်။ ကျွန်တော်တို့ ကရင့်တပ်မတော်ရဲ့ စစ်ရေးလမ်းညွှန်ရှိတယ် သဘောထားတွေပေါ့ ရန်သူအပေါ်မှာ ဘယ်လိုထားရမယ် လူထုအပေါ်ဘယ်လိုထားရမယ်ဆိုတာ နောက်တစ်ခုက စစ်သည်တော်များ လိုက်နာရမယ့် ကျင့်ထုံးဆိုတာရှိတယ်။ ကျင့်ဝတ်တွေရှိတယ်။ အဲဒါအပြင် နိုင်ငံတကာမှာ ကျင့်သုံးတဲ့ IHL ဆိုတဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို အထူးသဖြင့် နာမည်ကြီး လူသိများတာက ဂျီနီဗာ ကွန်ဗန်းရှင်းပေါ့နော် လူထုအရပ်သားတွေကို ဘယ်လိုလေးစားရမယ် အရပ်သားပစ်မှတ်တွေကို ဘယ်လိုရှောင်ရမယ် မလုပ်ရဘူးဆိုတာ အဲဒါ တပ်တွေကို သေသေချာချာ သင်တန်းပေးတယ်ဗျ။ သင်တန်းပေးတာ KNDO တပ်ဖွဲ့အပါအဝင် သင်တန်းပေးတယ်။ ဒါပေမဲ့ သူကိုယ်တိုင်က KNDO ခေါင်းဆောင်ဖြစ်လာတဲ့အခါမှာ အဲဒီလို လိုက်နာမှုမရှိဘဲ လုပ်ချင်ရာလုပ်နေတဲ့အပိုင်း တွေ့လာရတဲ့အခါ ကျွန်တော်တို့ ပုံရိပ်ကို အများကြီးထိတယ်။ တိုက်ပွဲတွေအများကြီး ဖြစ်တယ်ဆိုပေမယ့် ဒီလို ဟာမျိုးဖြစ်ပေါ်လာတဲ့ တော်တော်များများက သူ့နဲ့မကင်းနဲ့ဟာတွေပဲ ဖြစ်နေတာ။ ဥကရစ်ထမှာ ဖြစ်တဲ့ကိစ္စရော မနှစ်တုန်းက ဖြစ်ခဲ့တဲ့ ၂၅ယောက်သတ်ဖြတ်မှု(ဝေါ်လေဒေသတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဖမ်းဆီးသွားသူများအနက် ၂၅ဦးသတ်ဖြတ်ခံရ) တွေရော ၊ ဘိတ်၊ထားဝယ်ဘက်မှာ ဖြစ်တဲ့ ကိစ္စတွေရော ဒီဟာတွေက ကျွန်တော်တို့ ရဲ့ ပုံရိပ်ကိုအရမ်းကို ထိခိုက်တယ်။ ဒီသက်သေ အထောက်အထားနဲ့ ပြတဲ့ဟာတွေ။ ဘယ်လိုမှ ငြင်းချက်ထုတ်လို့ မရဘူး။ မီဒီယာပေါ်မှာ တစ်ခါတည်း တင်လိုက်ကတည်းက ဒါက ငြင်းလို့မရဘူး။ ဒါတကယ့်အခိုင်အမာသက်သေပဲ။ဒါတွေကတကယ့်လေးစား အလေးထားတယ် ဒါပေမဲ့ သူက ဒီဟာမျိုးကို ဘာမှ အလေးမထားဘဲ ပြောချင်ရာပြောတယ်။ ရန်သူဆိုတာ ဒီလိုမထားရဘူး ငါတို့ကို ဒီလိုလုပ်တယ် ဒီလိုစိတ်ထားမျိုးနဲ့ တိုင်းပြည်ထူထောင်လို့မရဘူးဆိုတာ ကျွန်တော်တို့က ရှင်းရှင်းပြောရမှာပဲ။

​​မေး-သူ့(ဗိုလ်မှူးချုပ်စောနယ်ဒါးမြ)ရဲ့အဖွဲ့ထဲမှာ PDF တပ်ဖွဲ့ဝင်အချို့ပါသွားတာရှိတော့ အရင်တုန်းကတော့ KNDO အောက်ဆိုတဲ့ အခြေအနေက ပါသွားတာဆိုတော့ ဒီတပ်ဖွဲ့ဝင်တွေကိစ္စ ဘယ်လိုဖြေရှင်းမှာလဲဗျ။

​ဖြေ-အဲဒါက ဖြေရှင်းရမယ်။ PDFကိစ္စက နီးစပ်ရာအဖွဲ့အစည်းတွေက ဒီမှာရှိနေတာပဲ။ ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေရင်တော့ ဘာမှ ပြဿနာမရှိဘူး။ မဟုတ်တာ လုပ်နေတယ်ဆိုရင်တော့ ဆိုင်ရာ ဆိုင်ရာနဲ့ ညှိနှိုင်းရမယ့် အပိုင်းတွေက အဖွဲ့တွေမှာ ရှိထားပြီးသား စည်းမျဉ်းစည်းကမ်းတွေ။ ဒါပေမဲ့ သူ့လက်အောက်မှာ သွားရှိနေတယ်ဆိုရင်တော့ နည်းနည်းထိန်းချုပ်ရခက်တယ် ။ မဟုတ်က ဟုတ်က တစ်ခုပြီးတစ်ခု ထလုပ်တယ်ဆိုရင် ပြဿနာပဲ။ အခုကတော့ သူ့ဟာသူ တစ်စင်ထောင်သွားပြီ ဆိုတော့ ဘာမှ တာဝန်မရှိဘူး။ ဒါပေမဲ့ အဲဒါတော့ မကောင်းဘူး။ တော်လှန်ရေးပုံရိပ်ကို ထိခိုက်တယ်လေ။

(​မေးမြန်းခန်းဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်)

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။