Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

စောနယ်ဒါးမြက ပုဂ္ဂိုလ်ရေးအရ တစ်စင်ထောင်ပြီးကော်သူးလေအာမီ ဖွဲ့စည်းလိုက်ခြင်းအပေါ် အရှက်ရမိဟု ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောပြော

မတိုက်ခိုက်ပါနဲ့ ကိုယ်လုပ်စရာရှိတာလုပ်ပါ။ ကိုယ်ပံ့ပိုးနိုင်သလောက် ပံ့ပိုးပါ။ ထောက်ပြပါ ဝေဖန်ပါ။ ဒါပဲ ကျွန်တော်ပြောချင်တယ်။ ။

စစ်ကြောင်းမှူး ဗိုလ်ဒါဘော
စစ်ကြောင်းမှူး ဗိုလ်ဒါဘော

●အာဏာသိမ်းလိုက်ကတည်းက NCA ပျက်သွားပြီဖြစ်၊ NCAကို ဗန်းပြပြီး နိုင်ငံရေးကစားခဲ့ ၊ နွေဦးတော်လှန်ရေးကို အသက်သွင်းခဲ့ဟုအသိပေး

●KNUသာ NCA လမ်းကြောင်းအတိုင်းသွားပါက တောင်ပိုင်းတိုင်းတစ်ကြော၌ စစ်ကောင်စီကို တော်လှန်ရန် မည်သို့မှ ဖြစ်လာစရာမရှိဟု ထောက်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေး တပ်မတော်(KNDO) စစ်ဦးစီးချုပ် အဖြစ်မှဖယ်ရှားလိုက်သည့် ဗိုလ်မှူးချုပ်နယ်ဒါးမြက ကော်သူးလေ တပ်မတော် ဖွဲ့စည်းကြောင်း ကြေညာလိုက်သည့်အပေါ် KNU တပ်မဟာ(၆)နယ်မြေရှိ ကော်ဘရာ စစ်ကြောင်းမှစစ်ကြောင်းမှူး ဗိုလ်ကြီးဒါဘောက၎င်း၏ အမြင်သဘောထားများကို ပြောကြားခဲ့ပြီး KNU အနေဖြင့် NCA နှင့် ပတ်သက်နေသည်ဆိုသော စွပ်စွဲချက်များအပေါ် ရှင်းလင်းခဲ့သည်။

ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြန်သည့် ဗိုလ်ကြီးဒါဘောနှင့် အမေးအဖြေကိုမူရင်းအတိုင်းပြန်လည်ဖော်ပြလိုက်ပါသည်။

​မေး-စောနယ်ဒါးမြက ကော်သူးလေ အာမီအဖြစ် မကြာသေးမီကပဲ ဖွဲ့စည်းလိုက်ပါတယ်။ ဒီလိုဖွဲ့စည်းလိုက်မှုဟာ ပြည်သူလူထုအကြား အမျိုးမျိုးပြောဆိုနေကြတဲ့အပေါ် ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောအနေနဲ့ ဘာများ ပြောချင်ပါသလဲ။ ဒီလိုဖွဲ့စည်းလိုက်မှုအပေါ် ထောက်ခံ ခြင်းရှိမရှိကိုလည်း သိချင်ပါတယ်။

​ဖြေ-အဓိက ဘာများပြောချင်လဲဆိုတော့ အဓိကတော့ ဒီ ကော့သူးလေ အာမီကို ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ ကျွန်တော် အခုလက်ရှိ လူငယ်တစ်ယောက်အနေနဲ့ အရမ်းရှက်မိတယ်။ ဘာဖြစ်လို့လည်းဆို ဒီအချိန် ဒီကာလမှာ ပုဂ္ဂိုလ်ရေးအရ ဒီလို ဖွဲ့စည်း သီးခြားတည်ထောင်တာ မလုပ်သင့်ဘူး။ ဒါက ကျွန်တော်တို့ ဒီတော်လှန်ရေးထဲမှာတင်မကဘဲနဲ့ ဒါက သမိုင်းတစ်ခု အနေနဲ့ တွင်ကျန်သွားမယ့်ကိစ္စဖြစ်တယ်။ ဒီလိုအချိန်မှာက ညီညီညွတ်ညွတ်နဲ့ တစ်စုတစည်းတည်းသွားရမယ့် အချိန်ဖြစ်တယ်။ ဒါကို သူ့လမ်းသူဖောက် ငါ့လမ်း ငါဖောက်ဆိုပြီး သီးခြားခွဲထွက်ပြီးတော့ သီးခြားလုပ်ဆောင်တာတွေဟာ ကျွန်တော်တို့ အနေနဲ့ ကရင်အမျိုးသားတစ်ရပ်လုံးအနေနဲ့ ညီညွတ်မှု မရှိဘူး ကရင်တွေဆိုတာ ညီညွတ်မှုမရှိဘူးဆိုတာ ပြသနေတဲ့ လက္ခဏာ တစ်ခုလို့ ကျွန်တော်မြင်တဲ့အပေါ်မှာ ဒါကို အရမ်း အရှက်ရမိတယ်။ နောက်တစ်ချက်က ထောက်ခံခြင်းရှိမရှိဆိုတာက ဒါ ကျွန်တော်တို့ အနေနဲ့ ထောက်ခံစရာ အကြောင်းကိုမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက ကျွန်တော့်အနေနဲ့မြင်ပါတယ်။ ဒါက ပုဂ္ဂိုလ်ရေးပဲ သွားတာ။ စစ်သားတစ်ယောက်ဟာ စစ်ရဲ့ ဥပဒေ စစ်ရဲ့ ကျင့်ဝတ်ကို နားလည်ရမယ်။ ဒါတွေကို ပြန်ကြည့်ရင်သိနိုင်ပါတယ်။ ဘာကြောင့် ဒီလိုမျိုး သီးခြားဖွဲ့စည်းလိုက်လည်းဆိုတာ သိနိုင်ပါတယ်။ စစ်သားတစ်ယောက်ဟာ စစ်ရာဇဝတ် ကျူးလွန်မယ်ဆိုရင် စစ်က ပေးတဲ့ ပြစ်ဒဏ်ကို ခံရမယ်။ ဒီစစ်ကပေးတဲ့ ပြစ်ဒဏ်ကို မခံဘဲနဲ့ ဒါကို သီးခြား ဖွဲ့စည်းပြီးတော့မှ သီးခြား ပြန်ပြီးတော့မှ ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်တာတွေက လုံး၀ မဖြစ်သင့်ဘူး။ ဒါကြောင့်မို့လည်း ကော်သူးလေ အာမီဖွဲ့စည်းလိုက်တဲ့အပေါ်မှာ ကျွန်တော့်တစ်ယောက်တည်းအမြင် ကျွန်တော့်အနေနဲ့က လုံး၀ ထောက်ခံစရာ အကြောင်းလည်းမရှိဘူး။ လက်ခံစရာအကြောင်းလည်းမရှိဘူး။

Public Service Announcement

Public Service Announcement

​မေး-KNU အနေနဲ့ NCAနဲ့ပတ်သက်ပြီး ဆောင်ရွက်နေမှုအပေါ် လူမှုမီဒီယာများမှာ အမျိုးမျိုး ဝေဖန်ပြောဆိုနေတာကိုလည်းတွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောရဲ့အမြင်ကို သိပါရစေ။

​ဖြေ-အဓိကတော့ ဝေဖန်မှုတွေကတော့ အများကြီးတွေ့ရတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဝေဖန်နေပါစေ အဓိက ကျွန်တော်တို့ သွားနေတဲ့ လမ်းစဉ် ကျွန်တော်တို့ သွားနေတဲ့ မူ၊ KNUကချမှတ်ထားတဲ့ မူဝါဒတွေ KNUက ချမှတ်ထားတဲ့လမ်းစဉ်တွေ အဲဒါကို ပြန်ပြီးတော့ သိဖို့လိုတယ်။ ကျွန်တော်တို့ရဲ့မူ ကျွန်တော်တို့ရဲ့ လမ်းစဉ်က ဖိနှိပ်မှုခံလူတန်းစားအားလုံးလွတ်မြောက်ဖို့ အတွက် ကျွန်တော်တို့က သွားနေတာဖြစ်တယ်။ ဒီအပေါ်မှာ နောက်တစ်ချက်က လူသားတိုင်းက ပြည့်၀တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို လူသားတိုင်းက ခံစားခွင့်ရှိရမယ်။ နောက်တစ်ခုက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုပေါ့။ ဒီနိုင်ငံထဲမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် ပြည်သူလူထုအားလုံး ဖွံ့ဖြိုးတိုးတက်ပြီးတော့မှ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတဲ့ လမ်းစဉ်တွေရှိတယ် မူဝါဒတွေရှိတယ်။ ဒီအပေါ်မှာ NCA လို့ပြောလိုက်တာနဲ့ တော်တော်များများက ပုတ်ခတ်ကြတယ် ပြောဆိုကြတယ်။ ဒါတစ်ခုချင်းစီ ပြန်ထောက်ပြမယ်။ ဒီNCA ဟာ နွေဦးတော်လှန်ရေး မဖြစ်လာခင်ကတည်းက ကျွန်တော်တို့ စစ်ကောင်စီနဲ့ ၂၀၁၂မှာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးခဲ့တယ်။ ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီက အာဏာစသိမ်းတယ် စစ်ကောင်စီအာဏာသိမ်းပြီးတဲ့အပေါ်မှာ ကျွန်တော်တို့ ကရင့်အမျိုးသားအစည်းအရုံး ဗဟိုအနေနဲ့ စတိတ်မန့်ထုတ်ပြန်တာတွေရှိတယ် အာဏာသိမ်းမှုကို လက်မခံနိုင်ဘူး။ အာဏာသိမ်းတာကို သဘောမတူဘူးဆိုတာ စတိတ်မန့်ထုတ်တာရှိတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ခင်ဗျားတို့ သိနိုင်ပါတယ်။ ကျွန်တော်တို့ သွားနေတဲ့ နိုင်ငံရေးလမ်းစဉ်က ကိုယ်ကျိုးအတွက်လား ဖိနှိပ်ခံလူတန်းစားတွေအားလုံးအတွက်လားဆိုတာ ခင်ဗျားတို့ သိနိုင်ပါတယ်။ ဒီအပေါ်မှာပဲ ကျွန်တော်တို့က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြိုတွင်းထဲမှာ သတ်ဖြတ်မှုတွေဖြစ်လာတယ်။ ဒီအပေါ်မှာလည်း KNU ဗဟို ဦးစီးဦးဆောင်မှုအနေနဲ့ ဒါကို ခိုလှုံခွင့်တွေ ပေးထားတယ်။ နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်အောင်လည်း ပညာရပ်တွေ သင်ကြားပေးခဲ့တယ်။ ပြောမယ်ဆိုရင် ဒီNCAကို ထိုးထိုးနှက်ပြီး ပြောနေကြတာ။ NCAဟာ တကယ်တန်းကျရင် ပျက်ပြယ်သွားတာ ကြာပြီ။ ဒါပေမဲ့ NCA ရဲ့ အရိပ်အယောင်ကို မှီခိုပြီးတော့မှ ဒီတော်လှန်ရေးကို ပြန်ပြီး အသက်မွေးရတဲ့အခါမှာ ထိုးနှက်မှုတွေ နဲ့ အများကြီး ရင်ဆိုင်ရတာကို ကျွန်တော်တို့ တွေ့ရတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်တို့ ဘာပဲ လုပ်လုပ် ဝေဖန်မှုတွေ ပုတ်ခတ်မှုတွေကတော့ ရှိမှာပဲ။ကျွန်တော်တို့ နားလည်တယ်။ သိတယ်။ ဒီအပေါ်မှာလည်း သဘောထား ကြီးစွာနဲ့ ဖြတ်သန်းခဲ့တယ်။ ပြောမယ်ဆိုရင် NCAက တော်တော်များများ ဝေဖန်ကြတာပေါ့ လူကြီးတွေက NCAအလုပ်လုပ်နေကြတယ် စစ်ကောင်စီနောက်လိုက်နေကြတယ် ဒီလူကြီးတွေက ဒီမူကို ဖောက်ဖျက်ပြီးတော့ ဒီ NCA လမ်းကြောင်းအတိုင်းသာ သွားမယ်ဆိုရင် ဒီဘက်တောင်ပိုင်းတိုင်းတကြောလုံးဟာ စစ်ကောင်စီကို တော်လှန်ဖို့ ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ဒါ တစ်အချက် သုံးသပ် နိုင်အောင်ပေါ့။ ဒါကြောင့်မို့ ပြောချင်တာက NCAက အသက်မရှိတော့တာက အာဏာသိမ်းပြီးကတည်းက။ ဒါပေမဲ့ ဒီ NCAကို ကျွန်တော်တို့က ဗန်းပြပြီးတော့မှ နိုင်ငံရေးကစားရတာပေါ့ဗျာ။ ဒီအပေါ်မှာ နိုင်ငံရေးကစားရတယ်။ အဲဒါကြောင့်မို့လည်း ဒီကနေ့ ဒီအချိန်ထိ အာဏာရှင်ကို မြေပြင်မှာ တော်လှန်တယ် တိုက်ခိုက်တယ် အာဏာရှင်ရဲ့ ထောက်တိုင်တွေကို ဖြိုလဲနိုင်တယ်ဆိုတာ NCA ရဲ့ ပရောဂ မကင်းပါဘူး။ ဒီလောက်ဆိုရင် NCAသည် စစ်ကောင်စီရဲ့ အလုပ်ကို လုပ်မလုပ် စစ်ကောင်စီရဲ့ နောက်လိုက် ဟုတ်မဟုတ်ဆိုတာကတော့ ကိုယ့်ဟာကိုယ် စဉ်းစားပြီးတော့ ဆုံးဖြတ်နိုင်တာပေါ့။

​မေး-ဗိုလ်ချုပ်နယ်ဒါးမြက နိုင်ငံရေးမလုပ်ဘူး စစ်ပဲတိုက်မယ်လို့ ကြားသိရပါတယ်။ နိုင်ငံရေးဦးဆောင်မှု ခိုင်မာတဲ့ မူဝါဒ မရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းက ရေရှည်မှာ ဘယ်လိုတွေဖြစ်လာနိုင်ပါသလဲ။ ဒီဟာနဲ့ ပတ်သက်ပြီး ဗိုလ်ကြီးဒါဘောအနေနဲ့ ဘယ်လိုများမှတ်ချက်ပေးလိုပါသလဲ။

​ဖြေ-နိုင်ငံရေးဦးဆောင်မှုမရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဟာ သူပုန်ပဲလေ။ အဖွဲ့အစည်းဆိုတာ မူနဲ့ ဘောင်နဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဖွဲ့စည်းရတာ။ ကျွန်တော်တို့ စစ်တိုက်တာက လူသတ်ချင်လို့မှ မဟုတ်တာ။တစ်ဦးအပေါ်တစ်ဦး သတ်ဖြတ်ချင်လို့မှ မဟုတ်တာ။ အဓိက ကျွန်တော်တို့ စစ်တိုက်တာက စနစ်ကို မကြိုက်လို့။ ဒီအာဏာသိမ်းမှုကို မကြိုက်လို့ ။ ပြည်သူလူထုကို သတ်ဖြတ်နေတာ ဖြစ်တဲ့အတွက် ဒီစနစ်ကို ကျွန်တော်တို့က တိုက်နေတာ။ ဒီစနစ်ကို ပြိုလဲအောင်လုပ်နေတဲ့အပေါ်မှာ စစ်တစ်ခုပဲတိုက်နေပြီးတော့မှ ရှိတဲ့ ဒီ အောက်ခြေတပ်သားတွေ သူသေကိုယ်သေ အသေအကြေ တိုက်နေရမယ်ဆိုရင်တော့ ဒီအဖွဲ့အစည်းက သူပုန်ပဲ။ အဖွဲ့အစည်းလို့ ခေါင်းစဉ်တပ်လို့မရဘူး။ ဒါက သူပုန်သာသာပဲ။ အဖွဲ့အစည်းတစ်ခုဆိုတာက သူ့ရဲ့မူ သူ့ရဲ့ဘောင် သူ့ရဲ့ပေါ်လစီ၊ သူ့ရဲ့မူဝါဒ သူ့ရဲ့ဥပဒေဆိုတာ ရှိရတယ်။ ဒီအပေါ်ကလည်း ဒါက တစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး ဖွဲ့စည်းရတာ ဖြစ်တယ်။အခုကတော့ ကျွန်တော်တို့ ကြားနေရတာက စစ်ပဲတိုက်မယ် နိုင်ငံရေးမလုပ်ဘူးဆိုတော့ နိုင်ငံရေးမရှိရင် ဒီအဖွဲ့အစည်းတစ်ခုက သောင်းကျန်းသူပဲ ကျွန်တော့်ရဲ့အမြင်ကတော့ ကျွန်တော် အဲဒီလိုပဲ မှတ်ချက်ပေးချင်တယ်။

​မေး-ကော်သူးလေ အာမီဖွဲ့စည်းလိုက်ခြင်းက ကရင့်တော်

လှန်ရေးနဲ့ နွေဦးတော်လှန်ရေးအပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါသလဲ။

​ဖြေ-ရိုက်ခက်မှုတွေက အများကြီးပေါ့။ အခု ကော်သူးလေအာမီဖွဲ့စည်းလိုက်တဲ့အပေါ်မှာ အခုဆိုရင် အောက်ခြေမှာ မြေပြင်မှာတွေရော အွန်လိုင်ပေါ်မှာရော ပြည်တွင်းပြည်ပတွေမှာရော ခင်ဗျားတို့ အားလုံး ကြားနေကြတာပဲ။ တိုက်ခိုက်ကြတယ် ဆဲဆိုကြတယ် တစ်ဦးပေါ်တစ်ဦးထိုးနှက်ကြတယ် သူ့အဖွဲ့ ငါ့အဖွဲ့ သူ့ဆရာ ငါ့ဆရာ ဆိုပြီးတော့မှ ပြောဆိုနေကြတာတွေ အများကြီး တွေ့ရတယ်။ ဒီ အပေါ်မှာလည်း လွန်စွာ စိတ်မကောင်းဖြစ်ရတယ်။ ဒီလို အချိန်မှာ ဒီလိုမျိုးသွေးကွဲအောင် ဒီလိုမျိုး တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ယောက်နဲ့ တစ်ယောက် သွေးကွဲအောင်မလုပ်သင့်ဘူး။ ကိုယ့်ဆန္ဒထက် ဒီအချိန်မှာ အများပြည်သူရဲ့ ဆန္ဒကို ဦးစားပေးရမယ်။ အများပြည်သူလူထု ဖြစ်စေချင်နေတဲ့ လမ်းစဉ်ကိုသွားရမှာ ဖြစ်တယ်။အခုဟာက ကိုယ့်ရဲ့စိတ်ကို ပြောမယ်ဆိုရင် ကိုယ့်ရဲ့ တစ်ဦးတစ်ယောက်တည်း ဖြစ်ချင်တဲ့ ဆန္ဒကို အကောင်အထည်ဖော်လိုက်တာ။ ဒါက ကျွန်တော့်အမြင်ကတော့ ဒါကတော့ ဒီတော်လှန်ရေးမှာ ရိုက်ခတ်မှုတွေက အခုဆိုရင် အများကြီးတွေ့နေရပြီ။ စစ်သားတွေထဲမှာ အချင်းချင်းထဲမှာ မင်းအဖွဲ့ ငါ့အဖွဲ့ သူ့လူ ငါ့လူဆိုတာ အများကြီး တွေ့ရတဲ့အပေါ်မှာ လွန်စွာ အန္တရာယ်ရှိတယ်။ ဒီအပေါ်မှာလည်း လွန်စွာ စိတ်မကောင်းဖြစ်ရတယ်။ ဒါကြောင့်မို့လည်း ပြောချင်တာက ဒီလိုအချိန်အခါမျိုးမှာ ညီညီညွတ်ညွတ်နဲ့ တစ်စုတစ်စည်းတည်းသွားရမယ့် အချိန်မှာ တစ်စင်ထောင်ပြီးတော့မှ သီးခြားဖွဲ့စည်းလိုက်တဲ့အပေးမှာ ဒါလုံး၀ မဖြစ်သင့်ဘူးလို့ ကျွန်တော့်အနေနဲ့ မှတ်ချက်ပေးလိုပါတယ်။

​မေး-နွေဦးတော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေကြတဲ့ပြည်သူလူထုအားလုံးကို ဗိုလ်ကြီးဒါဘောအနေနဲ့ ဘယ်လိုမျိုးသတင်းစကား ပါးချင်ပါသလဲ။

​ဖြေ-အဓိက ပြောချင်တာက အခုလိုမျိုး ကျွန်တော်တို့ တွေ့နေရတာတော့ အများကြီးပေါ့ ပြည်သူလူထုတွေကလည်း ညီညီညွတ်ညွတ်နဲ့ ဒီတော်လှန်ရေးမှာ ပါဝင်ပူးပေါင်းပြီးတော့ လုပ်နေတာတွေ တွေ့ရတယ်။ တချို့ကျတော့လည်း နိုင်ငံရေးရဲ့ သွားနေတဲ့ လမ်းစဉ် နိုင်ငံရေး သွားနေတဲ့မူဝါဒတွေ မသိဘဲနဲ့ တချို့ကျတော့လည်း ဆဲဆိုတာတွေ တိုက်ခိုက်တာတွေ အများကြီး တွေ့ရတယ်။ဒါလည်း လွန်စွာ စိတ်မကောင်းဖြစ်မိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဓိက ကျွန်တော်တို့ ပြောချင်တာက ဘာပဲလုပ်လုပ် ကိုယ့်တစ်ဦးတစ်ယောက်တည်း အနေနဲ့ ဝေဖန်လို့ရတယ် ထောက်ပြလို့ရတယ်။ တိုက်ခိုက်တာတွေ ဆဲဆိုတာတွေကျတော့ မဖြစ်သင့်ဘူး လုပ်လည်းမလုပ်သင့်ဘူး။ ကောင်းစေချင်လို့ ဝေဖန်လိုက်တာက ပြဿနာမရှိဘူး။ ကောင်းစေချင်လို့ တိုက်ခိုက်လိုက်တဲ့အပေါ်မှာ ကျွန်တော်တို့က အချင်းချင်း တိုက်ခိုက်နေမယ့်အစား ဒီအပေါ်မှာ ထောက်ပြပြီးတော့ ဒီလိုမျိုးလုပ်သင့်ပါတယ် ဒီလိုမလုပ်သင့်ဘူး စနစ်တကျလေးနဲ့ ထောက်ပြဆွေးနွေးပြီး ဝေဖန်သွားမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ အများကြီး အကျိုးဖြစ်ထွန်းလာမှာကို တွေ့ရတယ်။ အခုက အဲဒီလို မဟုတ်ဘဲနဲ့ တိုက်ခိုက်တယ် ဆဲဆိုတယ် အဲဒီ မှာ သူ့ဂိုဏ်း ငါ့ဂိုဏ်း သူ့ကဏ္ဍငါ့ကဏ္ဍတွေကွဲပြီး တိုက်စရာ ဘုံရန်သူကို မတိုက်ဘဲ အချင်းချင်းတွေ တိုက်ခိုက်နေမယ်ဆိုရင် ကျွန်တော်ပြောရဲတယ် ဗျ ဒီတစ်သက် မပြောနဲ့ နောင်ဆယ်သက် ခင်ဗျားတို့ ကျွန်က လွတ်မြောက်မှာ မဟုတ်ဘူး။ အဲဒီလိုပဲ ကျွန်တော်ရဲရဲကြီးပြောရဲတယ်။ ကျွန်တော်တို့ ဒီ ကျွန်ဘ၀ကနေ အာဏာရှင် လက်အောက်ကနေ မြန်မြန် လွတ်မြောက်စေချင်ရင်တော့ စကားပါးချင်တာက အဓိကမတိုက်ခိုက်ပါနဲ့ ကိုယ်လုပ်စရာရှိတာလုပ်ပါ။ ကိုယ်ပံ့ပိုးနိုင်သလောက် ပံ့ပိုးပါ။ ထောက်ပြပါ ဝေဖန်ပါ။ ဒါပဲ ကျွန်တော်ပြောချင်တယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ရဟတ်ယာဉ် ပျက်ကျသည့်နေရာအား စစ်ကောင်စီတပ်မှ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရှိရပြီး အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သတင်း

KNU အနေဖြင့် ကော်သူးလေဖက်ဒရယ်ယူနစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ၂၀၂၃ ဩဂုတ် ၁၀ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

သတင်း

ဖရူဆိုမြို့နယ် ထားလဲနှင့် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားသေဆုံးမှုနှင့် လက်နက်များရရှိထားသော်လည်း အသေး စိတ်အချက်အလက်ကိုမူ စစ်ရေးအခြေအနေအရ KNDF က ထုတ်ပြန်ခြင်းမရှိသေးပေ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ကနီမြို့တွင်လည်း ဩဂုတ်လ ၂၁ရက်က ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီတပ်စိတ်မှူးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရများက အရှင်ဖမ်းမိခဲ့သည်။