Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“လက်ရှိကာလမှာ(စစ်​ကောင်စီ)တကယ်ခေါင်းဆောင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်အကုန်လုံးတစ်ယောက်မှစစ်တိုက်ဖူးတာမဟုတ်ဘူးလို့ပြောရင်မမှားဘူး”

ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးအား ဆက်သွယ်ပြီး စစ်အာဏာရှင်တော်လှန်ရေးနိုင်ငံ​ရေးနှင့်စစ်​ရေးအ​ခြေအ​နေ၊ တစ်နိုင်ငံလုံး စစ်မျက်နှာ ဖွင့်နေရသည့် စစ်ကောင်စီတပ်၏ အခြေအနေစသည်တို့ပတ်သက်၍ People’s Spring က ဇူလိုင် ၂၂ မေးမြန်းထားသည့်​မေးမြန်းခန်း ဒုတိယပိုင်းကိုဖော်ပြလိုက်ပါသည်။

ဓါတ်ပုံ-KIC
ဓါတ်ပုံ-KIC

▪︎KNUပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးနှင့်မေးမြန်းခန်း(ဒုတိယပိုင်း)

​မေး-တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ရေး ဆောင်ရွက်မှုက လက်ရှိ ဘယ်လိုအခြေအနေရှိပါသလဲ။

​ဖြေ-ဒီကာလမှာ ကျွန်တော်တို့က ဆက်ပြီးတော့ လုပ်သွားမယ်။ ဘာမှလက်လျှော့လို့ မရဘူး။ ခက်ခဲတယ်အတားအဆီးတွေရှိတယ် ၊ တစ်ဖက်မှာ အဖွဲ့တွေအားလုံး မပါလာနိုင်သေးသည့်တိုင်အောင် ဒါကလည်း ကျွန်တော်တို့ ညှိရမှာပဲ။ အထူးသဖြင့် လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ များတယ်ဆိုပေမယ့် အကုန်လုံးမပါသေးဘူး။ မပါသေးတဲ့အကြောင်းအရင်းက ကျွန်တော်တို့ နားလည်ဖို့လိုတယ်။ အဓိက အကြောင်းအရင်းက ဘာလဲဆိုတော့ကျွန်တော်တို့နှစ် ၇၀ ကျော်တောင်းဆိုတိုက်ပွဲဝင်လာခဲ့တဲ့ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတာ တကယ်တန်းကျတော့ စာရွက်ပေါ်မှာပဲ ပျောက်သွားတယ်။ ဘာမှလည်း လက်တွေ့မရှိခဲ့ဘူးဆိုတော့ ဒီလို လူမျိုးစုတွေရဲ့ ခံစားချက်ကိုနားလည်ဖို့လိုတယ်။ ကျွန်တော်တို့ KNUကရင်အမျိုးသားအစည်းအရုံးကနားလည်ရုံတင်မကဘူးကိုယ်ကိုယ်တိုင်ကလည်းလက်တွေ့လုပ်ပြဖို့လိုတယ်ဆိုတာသက်သေပြတဲ့အနေနဲ့ ပဲအဓိက ကျပါတယ်။ အဲဒါကြောင့် ဒီနေ့ ဒီကာလမှာ ကျွန်တော်တို့ စုဖွဲ့လာတဲ့ NUCCထဲမှာတောင် အဖွဲ့တွေအများကြီး မပါလာသေးဘူး။တချို့ အဖွဲ့တွေတောင်ပြန်ပြီးတော့ဘေးကနေဘယ်လိုပဲဖြစ်ဖြစ်စစ်အာဏာရှင် တိုက်ဖျက်ရေးမှာကျွန်တော်တို့ဘုံသဘောတူညီချက်ကျတယ် ဒါပေမဲ့ အထဲမှာ လုံးလုံးလျားလျား ပါဝင်ဖို့ထက် ဘေးနားမှာ နေပြီး တော့ လက်တွဲပြီး လုပ်မယ်ဆိုတဲ့ အဲဒီလို သဘောထား အမျိုးမျိုးရှိတဲ့အခါကျတော့ ကျွန်တော်တို့ လက်တွဲ လုပ်လို့ရပါတယ်။ အဓိကအချက်က ကျွန်တော်တို့ အချင်းချင်း ပြန်ပြီးမတိုက်ကြဖို့ပဲ။ ဒီလိုအနေအထားမျိုးမှာ ရှိတဲ့အခါကျတော့ ဒီလိုဟာမျိုးက တဖြေးဖြေးချင်း ဆက်ပြီး လုပ်သွားဖို့ပဲရှိပါတယ်။ ဒီနည်းလမ်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ ကျွန်တော်တို့ အနေအထား အရတသွေးတသံတမိန့်အောက်မှာသွားနေဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးလေ။

​မေး-နောက်တစ်ခုက စစ်ကောင်စီရဲ့ အခြေအနေက တစ်နိုင်ငံလုံးမှာ စစ်မျက်နှာဖွင့်ထားရတယ်။ သူ့အနေနဲ့ အရင်က ဒီလို မကြုံဖူးတဲ့အခြေအနေမှာစစ်ကောင်စီရဲ့ အနေအထားဘယ်လိုဖြစ်နေတယ်လို့သုံးသပ်လို့ရပါသလဲ။

​ဖြေ-ဒီမေးခွန်းကိုတော့ နည်းနည်း အကျယ်တဝင့်ပြောရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်ကောင်စီက ကျွန်တော်တို့ ကြုံခဲ့ဖူးတဲ့ စစ်ကောင်စီမှန်သမျှ ထဲမှာဒီစစ်အာဏာရှင် အဖွဲ့ကတော်တော်ကိုချာတူးလန်ပြီးတော့အင်အားအနည်းဆုံးစစ်ကောင်စီ အဖွဲ့လို့ပြောလို့ရတယ်။ သူ့အနေအထားက အကြီးမားဆုံးအင်အားက လေတပ်တစ်ခုက လွဲလို့ ကျန်တဲ့ဟာက ဘာမှ မရှိတော့ဘူး။ တစ်အချက်က သူရင်ဆိုင်ရတဲ့ စိန်ခေါ်မှုက တော်တော်များတယ်။ အပေါ်ယံအားဖြင့်သာသူကခိုင်မာတဲ့အင်စတီကျူးရှင်းဖြစ်တယ်ဆိုပေမယ့်တကယ်တန်းကျတော့ ဘာနဲ့တူလဲ ဆိုတော့ သစ်ပင်ကြီးတစ်ပင်က တော်တော်ကြီးတယ်ဗျ။ ဒါပေမဲ့အဲဒီသစ်ပင်ကအခေါင်းဂလိုဏ်ပေါက်ကြီး ဖြစ်နေတယ်။အနှစ်သာရဘာမှမရှိဘူး။ လေတိုက်ရင်ပဲဖြစ်ဖြစ် သူတစ်ခုခုပဲကြုံရရင်ပဲဖြစ်ဖြစ် သူပြိုလဲမှာ။ သူ့ရင်ဆိုင်နေရတဲ့အထဲကသူ့ကိုပြန်လှိုက်စားနေတဲ့ဟာတွေက အမျိုးမျိုးရှိတယ်အခါကျတော့ နိုင်ငံရေးအရရော၊ စီးပွားရေးအရရောသူ့မှာအကျိုးစီးပွားနဲ့ထိန်းနေရတဲ့ အနေအထားသူ့မှာဂလိုဏ်ပေါက် အခေါင်းကြီးလို ဖြစ်နေတာ။ဒါကြောင့်မို့လို့ သူဒီအနေအထားကို ဘယ်လောက်ရေရှည်ထိန်းထားနိုင်မလဲဆိုတာပြောလို့မရဘူး။

Public Service Announcement

Public Service Announcement

ဒုတိယအချက်ကနိုင်ငံတကာရဲ့ဖိအားမကြုံစဖူးကြီးလာတယ်အဓိကကသူကဘယ်နေရာမှတရားမဝင်ဘူး။ အာဏာသိမ်းတာတစ်နှစ်ကျော်လာပြီ ။ အရင်ကအာဏာသိမ်းတာနဲ့မတူဘူး။ အရင်ကအာဏာသိမ်းတာကသူတို့တရားဝင်မှုမပျောက်ဘူး။ UNမှာဆက်ပြီးနေရာရတယ်ဆိုတာဒါကရှင်းနေတာပဲ။ ဒီနေ့ ဒီကာလမှာ သူဘာမှ မရဘူးလေ။ အဲဒါကသူကြုံရတဲ့ အနေအထားပဲ။နောက်တစ်ချက်ကအဓိကကျတဲ့ကျွန်တော်တို့ တိုင်းပြည်မှာလူများစုဖြစ်တဲ့ မြန်မာလူမျိုးတွေကအဓိကမကွေး၊စစ်ကိုင်းမှာ ဒီနေ့ ဒီအချိန်မှာ ဒီလူတွေ ကြုံတွေ့နေရတဲ့ ဟာတွေက ကျွန်တော်တို့ တချိန်တုန်းက ကြုံတွေ့ရတဲ့ဟာနဲ့ တထေရာတည်းပဲ။ ပိုတောင် ဆိုးလားတောင်မပြောတက်ဘူး။ လုပ်တဲ့ ပုံစံက တော်တော်ဆိုးတယ်။ ကျွန်တော်တို့ တွေ့ရတာဘာနဲ့တူလဲဆိုတော့ဂျပန်ခေတ်ကာလကဂျပန် စစ်ဝါဒီတွေကျင့်သုံးခဲ့တဲ့အကုန်သတ်၊အကုန်ရှို့ ၊အကုန်ဖျက်ဆီးဆိုတဲ့အဲဒီမူဝါဒနဲ့လုပ်လာတဲ့အခါကျတော့အဲဒီဗမာလူမျိုးအများစုနေထိုင်တဲ့ဒေသမှာအခုကအဲဒါတွေကမရပ်မနားတကယ်မီးရှို့ထားတဲ့အိမ်တွေကလည်းတစ်သောင်းလောက်ရှိပြီ ဆိုတော့ ဒါတွေကဘယ်လိုလုပ်တော့မလဲ။ ဘယ်လိုမှမဖြစ်သင့်တဲ့အရာ။ အဲဒီနောက်ဆက်တွဲကသူ့မှာ စစ်သားအရင်းအမြစ်က အဲဒီကနေ စစ်သား ဘယ်လိုမှ ဆွဲထုတ်လို့မရတော့ဘူး။ ဆိုတော့အဲဒီကနေဖြစ်လာတဲ့သူကတစ်နိုင်ငံလုံးဖြန့်ခွဲပြီးတော့စစ်တိုက်နေရတဲ့အခါဝန်ပိလားဆိုဝန်ပိတာပေါ့လူကအသစ်မှဝင်မလာတော့ဘဲ။ရှိတဲ့လူကလည်းနေ့တိုင်းသေ။ ကျွန်တော်တို့ နယ်မြေမှာ တစ်နှစ်ခွဲအတွင်းမှာ လူ(စစ်ကောင်စီတပ်ဖွဲ့ဝင်) ငါးထောင်လောက် သုတ်သင်လိုက်တယ်။ ဒဏ်ရာရတာကလည်း ငါးထောင်နီးပါးလောက်ရှိတယ်ဆိုတော့ အဲဒီမှာတစ်သောင်းလောက်ရှိပြီလေကျွန်တော်တို့လက်ထဲမှာ။ ကျန်တဲ့ဟာသူကဘယ်လို ပြန်ပြီးတော့ အစားထိုးမလဲ။ အခြားဒေသမှာလည်း သူက ဒီလိုပဲဖြစ်နေတော့ အဲဒါ သူ့အတွက် ဘယ်လိုရှင်သန်မလဲ။

နောက်တစ်ခုက စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှုအနေအထားကလည်း ကျွန်တော်ပြောမယ်လက်ရှိကာလမှာတကယ်ခေါင်းဆောင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်အကုန်လုံးတစ်ယောက်မှစစ်တိုက်ဖူးတာမဟုတ်ဘူးလို့ပြောရင်မမှားဘူး။ ဘာဖြစ်လို့လည်းဆိုရင်ဒီလူတွေဟာအပစ်အခတ်ရပ်စဲရေး ၁၉၈၈ နောက်ပိုင်းမှာ စစ်ဗိုလ်ဖြစ်လာတဲ့ သူတွေအဲဒါကြောင့်ကျွန်တော်ပြောရဲတယ် ဒီလူတွေဘာအတွေ့အကြုံမှမရှိဘူးလို့။ ဒါတကယ့်စိန်ခေါ်ချက်ပဲဒီကာလမှာ။ စစ်ရေးမှာ ယှဉ်နေရတဲ့အခါ။နောက်တစ်ချက်ကသူတို့က အမှားကို ဆက်တိုက်ကျူးလွန်လာတယ်။ အဲဒီလို ဖြစ်လာတဲ့အခါအမှားကိုအမှားနဲ့ပဲထပ်ခါ ၊ထပ်ခါလုပ်လာတဲ့အခါမှာသူ့ရဲ့လုပ်ရပ်တွေကဘာကိုသွားထိခိုက်လာလဲဆိုတော့ သူ့ရဲ့ စစ်ရေးရည်မှန်းချက်တွေကို ဘယ်လိုမှ အောင်မြင်အောင် လုပ်နိုင်တာ မရှိတော့ဘူး။ ကိုယ့်ရဲ့ စစ်ရေးရည်မှန်းချက်ကို ဖျက်ဆီးလိုက်တာနဲ့အတူတူပဲ။ဘာဖြစ်လို့လည်းဆိုတော့ အမှားကို အမှားနဲ့ လုပ်လာတဲ့လူ ဘယ်မှာလဲ အောင်မြင်မှု။ နောက်တစ်ချက်ကဘာလဲဆိုတော့ တွေ့ရတဲ့ စိန်ခေါ်ချက်က ဒီနေ့ဒီကာလမှာသူလုံး၀မမျှော်လင့်တဲ့အသစ်သောသူ့ရန်သူပေါ့ PDF တွေဆိုရင်တောက်လျှောက်နေရာတိုင်းမှာဖြစ်လာတဲ့အခါတဖြည်းဖြည်းနဲ့ ဒီအဖွဲ့တွေကအစတုန်းကတော့ တကွဲတပြား ဖြစ်နေမယ် နောက်ဆုံး တဖြည်းဖြည်းနဲ့ ပြန်ပြီးစုဖွဲ့လာတဲ့အနေအထားရောက်လာတဲ့အခါဒါကသူ့အတွက်ခြိမ်းခြောက်မှုပဲ။တစ်ချိန်တည်းမှာကျွန်တော်တို့တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေက သတိထားမိမယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်စတုန်းက ရာဂဏန်းလောက်ပဲရှိတဲ့အဖွဲ့တွေကအထူးသဖြင့်ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လုံး၀ အပယ်ခံရတဲ့ လုံး၀ထည့်သွင်းစဉ်းစားမခံရတဲ့ အဖွဲ့သုံးဖွဲ့ကဒီအဖွဲ့လေးတွေက ဆယ်ဂဏန်း၊ ရာဂဏန်းလောက်ပဲရှိတာကနေအခုသူတို့ကတကယ့်တပ်မတော်ကြီးတစ်ရပ်လိုပဲ သောင်းဂဏန်းတွေချီပြီး ရှိလာတဲ့သူတွေဖြစ်ကုန်ပြီ။ ဒီလူတွေသွားမေးကြည့်မလား အခု NUCC ထဲမှာမပါဘူးဆိုပေမယ့် ဒီလူတွေက စစ်အာဏာရှင်နဲ့ ပေါင်းလုပ်မလားဆိုဘယ်သူမှ မပေါင်းလုပ်ဘူး။ စစ်အာဏာရှင်ကို တိုက်ကြမယ့် သူတွေချည်းပဲ။ ဒီအနေအထားကိုသူကပိုပြီးရင်ဆိုင်နေရတဲ့ အနေအထားရှိတယ်။

နောက်တစ်ချက်က မြို့ပေါ်မှာ ရှိတဲ့သပိတ်လှုပ်ရှားမှုကနေ့တိုင်းကို ဖြစ်နေတာပဲ။ CDM လှုပ်ရှားမှု ရှိနေတာပဲ။ဘာပဲဖြစ်ဖြစ်ဘယ်လိုပဲအမှားတွေ ဆက်လုပ်ဆက်လုပ် တစ်ဖက်ကနေ သူ့ကိုခံချမယ့်သူ အနေအထားကဘယ်လိုမှလျော့မသွားဘူးဆိုတာပြောလို့ရတယ်။နောက်တစ်ချက်ကတပ်တွင်းရဲ့ ပြိုဆင်းမှုပဲ။တပ်တွင်းပြိုဆင်းမှု ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ဒေသမှာ ပိုပြီး ထင်ရှားတယ်။ကျွန်တော်တို့ ဘက်ကလည်းဘယ်လိုပဲဖြစ်ဖြစ်အထူးသဖြင့်ကျွန်တော်တို့ကအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုတကယ်လိုက်နာတဲ့တပ်တွေဖြစ်တယ်ဆိုတာရန်သူ့ဘက်ကကောင်းကောင်းသိလာတဲ့အခါသူတို့တပ်တွင်းထဲမှာ ဝါဒဖြန့်ထားတဲ့မင်းတို့ကရင်သူပုန်နဲ့သွားတွေ့ရင်ဝါးကြောအလှီးခံရမယ်ဆိုတဲ့အနေအထားကတောက်လျှောက်ပဲ။အရပ်စကားနဲ့ ဆိုရင်ငပွေးတွေလက်ထဲမှာဝါးကြောလှီးခံလိုက်ရတယ်ဆိုတာမျိုးတောက်လျှောက်ပြောလာတာအခုကဝါဒဖြန်ချိရေးဆိုတာလူတွေကသိလာပြီ။ ကျွန်တော်တို့လက်ထဲမှာ တော်တော်များများ ပြိုလာတဲ့ဟာရှိတယ် နောက် သူ့သဘောဆန္ဒအလျောက် ပြိုလာတဲ့ဟာလည်း အများကြီးရှိတယ်။ ဒါက ဘာကို ဖော်ပြလည်းဆို သူ့ပြိုမယ့်နည်းကတဖြည်းဖြည်း ပိုနီးစပ်လာတာကို ပြောတာ။ ဆိုတော့ အဲဒီလို အနေအထားဖြစ်လာတဲ့အခါတပ်တွင်းရဲ့ ပြိုဆင်းလာမှုအနေအထားအရ CDM လုပ်လာတဲ့ သူတွေရယ် နောက်တပ်ထဲမှာ ရှိတဲ့ ဖရဲသီးအနေအထားတွေ ဒါတွေကတစ်နေ့တခြား ပိုများလာတယ်။ ပြန်ပြီးပေါင်းစပ်လိုက်ရင်သူ့အနေအထားက နောက်ဆုံးဘယ်အထိရောက်သွားပြီလဲဆိုတော့ရင်းနှီးမြှုပ်နှံမှု ရှိတဲ့ ကုမ္ပဏီ ပေါင်းစုံရဲ့ လက်ထဲကလုံး၀လူတွေမစဉ်းစားတဲ့အရာကိုသူတို့စလုပ်နေပြီ။အဲဒီလူတွေရဲ့ ဒေါ်လာကိုသူတို့ ဓားပြတိုက်စားလိုက်ပြီ။ ဆိုတော့ကုန်ပြီလေ။ ကျွန်တော်တို့က ဘာမှ စိုးရိမ်စရာမရှိဘူး ကျွန်တော်တို့က လုပ်စရာရှိတာဆက်လုပ်သွားမှာပဲ။

​မေး-အာဏာရှင် ချုပ်ငြိမ်းရေး တော်လှန်မှု အမြန်ဆုံးအောင်မြင်ဖို့ ဘယ်လိုအခြေအနေတွေလိုအပ်ပါသလဲ။

​ဖြေ-အမြန်ဆုံးအောင်မြင်ဖို့ဘာလုပ်ရမလဲဆိုတာ ကျွန်တော်မပြောတက်ဘူး။ဒါပေမဲ့ အဲဒါ ကျွန်တော်တို့ နိုင်ငံရဲ့အခြေအနေအပေါ်မူတည်တယ်။ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အခြေအနေတွေပေါ်လည်းမူတည်တယ်။တော်လှန်ရေးတစ်ရပ်မြန်မြန်ဆင်နွှဲနိုင်တယ်ဆိုတာသူများတွေကညွှန်းပြကြတယ်တကယ်တန်းပြန်ကြည့်လိုက်တဲ့အခါအဲဒီမှာ သူ့မှာရှိတဲ့ဘေးနားနိုင်ငံတွေရဲ့ အခြေအနေသူ့တော်လှန်ရေးကဘယ်လောက်အထောက်အပံ့​ပေးလဲဆိုတာမူတည်နေတယ်။ကျွန်တော်တို့မှာရှိတဲ့ဘေးနားနိုင်ငံတွေကကျွန်တော်တို့ကိုထောက်ခံပြီးအထောက်အပံ့ လုပ်တာတစ်နိုင်ငံမှမရှိဘူးကိုယ့်ကိုယ် ကြပ်တဲ့ နိုင်ငံတွေပဲရှိတယ်။ သို့သော်ငြားလည်း ကြပ်တဲ့အထဲက ဖောက်ထွက်ရမယ့် နည်းတွေလည်းရှိတယ် လုပ်နေတာပဲ။ တစ်နှစ်ကျော်ပြီ လုပ်နိုင်တုန်းပဲ။ ကျွန်တော်တို့ ဘေးနားက နိုင်ငံတွေ ဘယ်လောက်ပဲ ကြပ်ကြပ်ကျွန်တော်တို့ လုပ်နိုင်တာပဲ။ နောက်တစ်ချက်ကတော်လှန်ရေးတစ်ရပ် ခပ်မြန်မြန် ဆင်နွှဲနိုင်ဖို့ဆိုရင် ပြည်ပနိုင်ငံအကူအညီ မပါလို့ကို မရဘူး။ လိုက်ကြည့်ပါ။ တော်လှန်ရေးတစ်ရပ်ကို မြန်မြန်ဆင်နွှဲတယ်ဆိုတာ ပြည်ပကစစ်ရေးအကူအညီပါကိုပါတယ်။ဒါပေမဲ့ ကျွန်တော်တို့မှာလုံး၀မရှိဘူး။မရှိဘူးဆိုတော့ခပ်မြန်မြန်ဘယ်လိုလုပ်ရမလဲကျွန်တော်မဖြေနိုင်ဘူး။သို့သော်ငြားလည်း ကျွန်တော်ဖြေနိုင်တာက ဘာလဲဆိုတော့ ကျွန်တော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တီထွင်ကြံဆပြီးတော့ ဒီဟာကို သေသေချာချာ ကြံ့ကြံ့ခံပြီး ဒီစစ်ကောင်စီရဲ့ ကျွန်တော်တို့ ထက်အများကြီး ကြီးမားတဲ့ အင်အားကို ရင်ဆိုင်နိုင်တယ် ကျော်လွှားနိုင်တယ်။ လုံး၀တိုက်ဖျက်နိုင်တယ်လို့ အလေးအနက်ယုံကြည်တယ်။ကျွန်တော်တို့ပြည်ပကိုလည်းဘယ်လိုမှ မျှော်လို့မရဘူး စစ်ရေးအကူအညီဆိုတာ။ ဒါပေမဲ့ တစ်ခုပဲရှိတယ်ထပ်လည်းလုပ်နေတဲ့ဘက်ပေါင်းစုံက အထူးသဖြင့် သံတမန်ရေးရော နိုင်ငံရေးရော စီးပွားရေးရော နောက်ပြီးတော့ စစ်ရေးအရရော ကျွန်တော်တို့ ဆက်လုပ်သွားမယ် ဘယ်လိုပဲဖြစ်ဖြစ်။ ကျွန်တော်တို့ နောက်မှာ ပြည်သူတွေရှိတယ်လေ။ ပြည်သူတွေ ကိုယ်တိုင်က ဒါတွေကို လုံး၀ လက်မခံနိုင်ဘူး ဆိုတာသူတို့ရဲ့လုပ်ရပ်တွေ ပေါ်လာတဲ့အခါကျတော့ တစ်နံတလျားကနေပြီးတော့ ဒီနေ့ ဒီကာလဟာ လူငယ်ရော လူကြီးတွေရော ဘာအရေးကြီးလဲ လက်နက်အရေးကြီးတယ်။ လက်နက်အရေးကြီးတော့ ဘာလုပ်လဲ ကိုယ့်မှာ ရှိတဲ့နားဒေါင်းတွေကိုယ့်မှာရှိတဲ့ လက်ကောက်တွေ လက်စွပ်တွေ အကုန်ချွတ်ပြီးတော့ တစ်ခါတည်း လက်နက်ဝယ်နေရတယ်။ ဒါဘယ်နိုင်ငံမှာမှမရှိဘူး။ကျွန်တော်တို့နိုင်ငံမှာပဲတိုင်းပြည်မှာရှိတဲ့အနေအထားကဒီနည်းနဲ့ဒီလိုစိတ်ဓာတ်မျိုးနဲ့ဆိုရင် မအောင်မြင်နိုင်စရာကို မရှိဘူး။ ဒါကို ပြောချင်တာပါ။ ဆိုတော့ ဒီနည်းတွေကသာလျင် ဒီထက်ပိုပြီး ဆက်လုပ်သွားမယ်ဆိုရင် ကျွန်တော်တို့ ပိုပြီးတော့ နှစ်များစွာ မကြာဘူး ပထမ အဆင့် စစ်အာဏာရှင် ချုပ်ငြိမ်းရေးကိုကျွန်တော်တို့လုပ်နိုင်မှာပါ။

​မေး-အခြားဘာဖြည့်စွက်ပြောကြားလိုပါသလဲ။

​ဖြေ- ဘယ်လိုပဲအတားအဆီးတွေရှိရှိ ကျွန်တော်တို့ ဆက်ပြီး လုပ်သွားမယ်။ ကျွန်တော်တို့က စစ်အာဏာရှင်ဆိုတဲ့ဟာကို ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနေတာ နှစ်ပေါင်းတော်တော်များပြီ။ကျွန်တော်တို့ကိုယ်တိုင်ကလည်းစစ်အာဏာရှင်စပေါ်လာကတည်းက ပေါ်လာပြီးတဲ့နောက်မှာ မွေးလာတာ။ ဘယ်အချိန်အခါမှာမှ ဒီမိုကရေစီ စနစ်ကို မခံစားဖူးဘူးဆိုတော့ ဒီဟာ ကိုကျွန်တော်တို့ မပြတ်ပြတ်အောင်တော့ ကျွန်တော်တို့ လုပ်ရမှာပဲ။ မပြတ်လို့ကတော့ မဖြစ်ဘူး။ ကျွန်တော်တို့ မျိုးဆက်သစ်တွေဆီမသယ်သွားချင်တော့ဘူး။ အဲဒါကို ကျွန်တော်တို့ ဆက်လုပ်ရမှာပဲ။ ။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။