Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

◉ ရင်​ပေါင်တိုင်ရွာမှာဘာ​ဖြစ်ခဲ့သလဲ

“ချင်းဘက်ကရဲဘော်လေးတွေ၈ယောက်ကိုကယ်ထုတ်နိုင်ခဲ့တယ်။ပြည်သူတွေရော။အဲဒီမှာကယ်ထုတ်ခဲ့တာအယောက်၃၀ကျော်ရှိတယ်” -​ ဒေသခံPDF​ခေါင်း​ဆောင်ဟိန္နက

(စစ်​ကောင်စီတပ်က ရင်​ပေါင်တိုင်ရွာကို အကြမ်းဖက်ပြီး​နောက်​တွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ရင်​ပေါင်တိုင်ရွာကို အကြမ်းဖက်ပြီး​နောက်​တွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)

“စစ်ကောင်စီကဒီဘက်ကိုနင်းမယ်တိုက်ခိုက်မယ်ဒီဘက်ကပြည်သူတွေကိုမွှေမယ်မီးရှို့မယ်လို့သတင်းကြားလို့(ချင်းတပ်)ကျွန်တော်တို့ယင်းမာပင်နယ်ကိုလာပြီးတော့ကူညီပံ့ပိုးတာပါဗျ”

​ဒေသခံ PDF အဖွဲ့တစ်ဖွဲ့၏တာဝန်ရှိသူ​ရော​ပေါ

●ယင်းမာပင်ဒေသခံ PDF တပ်ဖွဲ့ ​ခေါင်း​ဆောင်နှစ်ဦး ၊ရင်ပေါင်တိုင်ရွာသူ တစ်ဦးတို့နှင့်မေးမြန်းခန်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ရင်ပေါင်တိုင်ကျေးရွာကို စစ်ကောင်စီက သြဂုတ် ၁၁ရက်တွင် စစ်သုံးရဟတ်ယာဉ်များ၊ကုန်း​ကြောင်း​ပါအသုံးပြုဝင်ရောက်စီးနင်းတိုက်ခိုက်အကြမ်းဖက်ခဲ့သဖြင့် ပြည်သူ ၃၀ ဦးခန့်​သေဆုံးခဲ့သည်။ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ၆ ဦးခန့်ကျဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့သည်။ရင်​ပေါင်တိုင်ရွာဖြစ်ရပ်နှင့်ပတ်သက်၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့ နှစ်ဖွဲ့မှ ခေါင်းဆောင် ၂ ဦး ၊ ရင်ပေါင်တိုင်ရွာမှပြည်သူတစ်ဦးတို့အား People’s Spring ကသြဂုတ် ၁၈ ရက်တွင်မေးမြန်းထားသည်ကို စုစည်း​ဖော်ပြလိုက်ပါသည်။

(စစ်​ကောင်စီတပ်က ရင်​ပေါင်တိုင်ရွာကို အကြမ်းဖက်ပြီး​နောက်​တွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ရင်​ပေါင်တိုင်ရွာကို အကြမ်းဖက်ပြီး​နောက်​တွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)

■ယင်းမာပင်ဒေသPDF တပ်ဖွဲ့ ခေါင်းဆောင်ဟိန္နက နှင့်​မေးမြန်းခန်း

​မေး-ရွာကို လာပစ်တဲ့ ဖြစ်စဉ်ကို ပြောပြပေးပါလား။

Public Service Announcement

Public Service Announcement

​ဖြေ-အဲဒီမှာ သူတို့က နေ့လည် ၂နာရီလောက်ကစပြီးရုတ်တရက်ရင်ပေါင်တိုင်ကို လေယာဉ်(ရဟတ်ယာဉ်)လေးစီးနဲ့ တောက်လျှောက်ပစ်တာ။လေယာဉ်နဲ့ လူလည်းချ၊ကျွန်တော်တို့ကလူချတာလည်း မသိဘူး။ လေယာဉ်နဲ့ပဲ ပစ်တယ်ထင်တာ။ နောက်ဆုံး အောက်မှာ သေနတ်သံတွေလည်း ကြားရတော့ မဖြစ်ဘူး ဒီရွာကနေ ထွက်မှပဲ ဆိုပြီး ဖောက်ထွက်ဖို့ ကြိုးစားတယ်။ ကြိုးစားတဲ့အချိန်မှာ ပြေးလမ်းတွေ ထွက်လမ်းတွေမှာ အကုန်ပိတ်ထားပြီးပြီသူတို့(စစ်​ကောင်စီတပ်)က။ ဒီနယ်မှာက လေယာဉ်နဲ့ ပစ်တာ ခဏတိုင်း ကြုံဖူးတော့ ဒီတစ်ခါ အဆိုးဝါးဆုံးပဲ ပစ်ချက်က။ ဘာလို့လဲဆိုရင် လေးစီး တရစပ် ပစ်ခတ်တယ်။ စတင်းနဲ့အပေါ်ကလက်နက်ကြီးတွေနဲ့ ဂျိမ်းဂျိမ်းဂျိမ်းဆိုပြီး တအားပစ်ခတ်တာ။ မှန်တဲ့အဆောက်အဦးတွေဆို တစ်ချက်တည်း ပစ်လိုက်တာနဲ့ တချို့အဆောက်အဦတွေ ပြတ်ကျသွားတာ ပြိုကျသွားတာတောင်ရှိတယ်။ တော်တော်လေး ဆိုးဝါးတယ်။ ထိခိုက်ရှနာကလည်း ပြည်သူတော်တော်များများရှိတယ်။ သေဆုံးမှုတွေရှိတယ်။ အခုအချိန်ထိအလောင်းတွေပုပ်ပွနေတဲ့ အလောင်းတွေ တွေ့သေးတယ်။

​မေး-ရွာသူရွာသားတွေအဖမ်းခံရတဲ့ အခြေအနေကရော။

​ဖြေ-ရွာသူရွာသားတွေတော်တော်များတယ်။ သူတို့ဆီကိုဓားစာခံအဖြစ် ပါသွားတာကို အနည်းဆုံး ၂၄ယောက်။ ဒီနေ့အချိန်ထိ ပြန်ပြီး လွတ်မြောက်မှုမရှိသေးဘူး။ အဲဒီမှာ သူတို့ရဲ့ လက်နက်ခဲယမ်းတွေ သယ်ခိုင်းတာရှိတယ်။ ကျွန်တော်တို့လည်း တောက်လျှောက် နောက်ကနေ နောက်ယောင်ခံပြီး လိုက်နေတာ။

​မေး-အခုစစ်ကြောင်းက ပြန်ထွက်သွားပြီဆိုတော့နောက်ဆက်တွဲ ဘယ်လိုရှိပါသလဲ။

Public Service Announcement

Public Service Announcement

​ဖြေ-အခု သူတို့က ကပိုင်(ရွာ)အနောက်ကို ရောက်သွားတယ်။ ပြည်သူတွေလည်း ၂၀ ကျော်ကျန်သေးတယ်ဆိုတော့ မျက်ခြေမပြတ်လိုက်တုန်း။ လိုက်တုန်းဆို ဒီနေ့ (ဩဂုတ် ၁၈ရက်)လည်း ၂ ယောက် ပစ်သတ်သွားတယ်။

​မေး-ပစ်သတ်တယ်ဆိုတာအဖမ်းခံထားရတဲ့ပြည်သူ​တွေကို လား။

​ဖြေ-ဟုတ်တယ်ဗျ။ ဘယ်ရွာက သူတွေလဲဆိုတာတော့အတိအကျမသိသေးဘူး။ ဘာလို့လဲဆိုရင်သူကရွာစဉ် တောက်လျှောက် ဖြတ်တက်ပြီးတော့ သွားနေတာဆိုတော့ ဘယ်ရွာကသူဆိုတာ အတိအကျမရသေးဘူး။ခပ်လှမ်းလှမ်းကလိုက်နေတုန်း။

​မေး-အခု ကြားတာက ရွာသား ၂ဦးကို ပြန်လွှတ်ပေးပြီး သူတို့ကို မတိုက်ခိုက်ရင် ခေါ်သွားတဲ့ သူတွေကို အန္တရာယ်မပြုဘူး ဆိုတာမျိုး ပြည်သူကိုဓါးစာခံလုပ်ပြီး အကြပ်ကိုင်ထားတယ်ကြားလို့ အဲတာဟုတ်လား။

​ဖြေ-ဟုတ်တယ်။ လွှတ်လိုက်တယ်။ ဒါပေမဲ့လွှတ်လိုက်ပေမယ့်လည်း ၂ ယောက်သေဆုံးမှုရှိတယ်။

​မေး-သူတို့က ဘယ်အထိ ဆက်သွားမယ်လို့ထင်လဲ ။

​ဖြေ-သူတို့လည်း ပတ်နေတာတော့ အခုလမ်းကြောင်းတိုင်းအဆို ကပိုင့်ကနေ သီးကုန်း အဲဒီကနေ ရွှေတောင်ဦးဘက် ထွက်မယ်ထင်တာပဲ။ အခုက သူတို့က ပြန်တာ။ ပြန်တာမှာလေယာဉ် (ရဟတ်ယာဉ်) ခေါ်တာ။ ပြန်လွတ်လာတဲ့ သူတွေက ပြောတာက သူတို့က လေယာဉ်ခေါ်တာ လေယာဉ်က မလာနိုင်ဘူး။ မလာနိုင်တာက မြစ်အရှေ့ဘက် အခြမ်းမှာလည်း တိုက်ပွဲတွေဖြစ်နေတာဆိုတော့ လေယာဉ်နဲ့ပစ်ခတ်မှုရှိတော့ လေယာဉ်တွေနဲ့ ဒီဘက်ကိုလာပြီး သူတို့ကို မသယ်နိုင်တာ။ မသယ်နိုင်တော့ သူတို့က ပတ်ခွေနေတော့တာ။ ရွာခံကို ဓားစားခံအဖြစ်ခေါ်တာ။ ရွာခံကိုသူတို့ရဲ့ယူနီဖောင်းတွေဝတ်ခိုင်းပြီးရှေ့ကနေ ပြီးတော့ သွားခိုင်းတာပေါ့။ယူနီဖောင်းတွေဝတ်ခိုင်းတယ်။သူတို့ကျတော့အရပ်ဝတ်ပေါ့။ အဲဒါကိုလည်း ကျွန်တော်တို့ ကွင်းဆက်ကတော့ အဖွဲ့အစည်းတွေတော့ချိတ်ပေးထားတယ်။အရပ်သားတွေပါတယ်ပြည်သူတွေပါတယ်။ အဲဒီမှာ ယူနီဖောင်းတွေ ဝတ်ပေးထားတယ်ဆိုပြီး တော့ လက်လှမ်းမီသလောက် လိုက်ချိတ်ဆက်လုပ်ပေးထားပါတယ်။

​​မေး-ဘာများဖြည့်စွက်ပြောလိုပါသလဲ။

​ဖြေ-ကျွန်တော်ကယင်းမာပင်မြို့ပြပြောက်ကျားအဖွဲ့ ခေါင်းဆောင်ပါဗျ။ ပြောရရင်တော့ကျွန်တော်တို့လက်နက်ခဲယမ်းဆုံးရှုံးမှု နစ်နာမှုတွေ ဒီပွဲမှာ ဆုံးရှုံးမှုများတယ်။ဖုန်းတွေတော်တော်များတယ်၊ ဆိုင်ကယ်တွေမီးရှို့ခံရတာရော။ လက်နက်ခဲယမ်းတွေက ရိုင်ဖယ်တွေ သေနတ်တွေပါသွားတယ်။ အဲဒါကို အထက်လူကြီးများကရော သက်ဆိုင်တဲ့ လူကြီးများကအမြန်ဖြေရှင်း ကူညီဖို့၊ လက်နက်ခဲယမ်း ရရှိဖို့ အတွက် NUGရော သတင်းပို့ပြီး အမြန်ဖြေရှင်း ကူညီပေးကြပါအုံး။ ထောက်ပံ့ပေးကြပါအုံး။ ခြေထောက်ကို ရိုက်ချိုးခံထားရသလို ပါသွားတာ။

ဘယ်လိုပါသွားသလဲဆို အဲဒီမှာ ချင်းဘက်က ရဲဘော်လေးတွေ ၈ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်။ ပြည်သူတွေရော။ အဲဒီမှာ ကယ်ထုတ်ခဲ့တာ အယောက် ၃၀ကျော်ရှိတယ်။ ကျွန်တော့် အဆောက်အဦ ကျတော့ပစ်ထားခဲ့ရတာပေါ့။ ရွာထဲမှာနေတော့ အဆောက်အဦလို့ပဲပြောရမှာပ။ အဲဒီမှာ ကျန်ခဲ့တာဖုန်းတွေ၊ လက်နက်တွေ၊ ဗုံးသီးတွေ၊မိုင်းတွေ၊ ဆိုင်ကယ်တွေ အကုန် ကျန်ခဲ့တာ။ကျည်ဆံဆိုရင်အိန္ဒိယကျည်တောင့်ဆိုရင် ကတ် ၃၀ဗျ။ ကတ်သုံးဆယ်ဆိုရင်တစ်ကတ်ကို ၆၃၀၀၀(ကျပ်) ရှိတယ်။ အဲဒါလေးတွေကို မေတ္တာရပ်ခံချင်ပါတယ်။NUG ကိုလည်း တပ်ရင်းအနေနဲ့ တင်ထားပြီးပါပြီ။ လက်နက်ခဲယမ်းတွေ ပြန်ချပေးဖို့။ မြို့ပြပြောက်ကျားတွေမဟာမိတ် ၅ဖွဲ့နဲ့ ဖွဲ့စည်းပြီးတော့ တကယ် အလုပ်လုပ်နေတဲ့ အဖွဲ့ပါ။ မြစ်အနောက်ဘက် မှာ စုံစမ်းလို့ သိနိုင်ပါတယ်။

(စစ်​ကောင်စီတပ်က ရင်​ပေါင်တိုင်ရွာကို အကြမ်းဖက်ပြီး​နောက်​တွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ရင်​ပေါင်တိုင်ရွာကို အကြမ်းဖက်ပြီး​နောက်​တွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)

■ဒေသခံ PDFတပ်ဖွဲ့တာဝန်ရှိသူဆရာပေါနှင့်​မေးမြန်းခန်း

​မေး-ရင်ပေါင်တိုင်ကို လာတိုက်တာ ဒလန် သတင်းပေးကြောင့်လို့ ပြောတာရှိတော့ အဲဒီဟာ ရှင်းပြပေးပါလား။

​ဖြေ-စစ်ကောင်စီတပ်က ပြန်လွှတ်ပေးလိုက်တဲ့ အမျိုးသမီးတွေ ကျွန်တော်တို့ကို သတင်းပါးတာက ခင်ဗျားတို့ ရင်ပေါင်တိုင်ကို ကျွန်တော်တို့ လာချင်လို့ လာတာမဟုတ်ဘူး ဒီက ဒလန်ကနေ မဖြစ်မနေ ဖိတ်ကြားပြီး ၂နာရီ အရောက်ခေါ်လို့ဖိတ်ကြားလို့ သူတို့ကနေ လာရခြင်းဖြစ်တယ်လို့ ပြောတယ်တဲ့။ အဲဒီအချိန်မှာ ဒါက ဘယ်သူတုန်းလို့ စုံစမ်းလိုက်တော့ ဒလန်ကတော့ ကျွန်တော်တို့က သိပြီ။ ဒလန်ရဲ့ ဆိုင်နဲ့ လူကိုတော့ ပြောလို့တော့ မရသေးဘူးဗျ။

​မေး-ရင်ပေါင်တိုင်ကို ဘာကြောင့်လာပစ်တယ်လို့ သိရပါသလဲ။

​ဖြေ-ဒလန်ကနေ ဖုန်းဆက်တာက ချင်းတပ်ကနေပြီး ရင်ပေါင်တိုင်ကို ခိုအောင်းပြီး ရောက်နေတယ်ဆိုပြီး ၂နာရီထိုး အရောက်လှမ်းခေါ်လို့လာတာပစ်ရတယ်လို့ပြောပါတယ်ဗျ။ ချင်းတပ်တွေက အဲဒီမှာ တကယ်ပဲရှိပါတယ်။ ချင်းတပ်က ၈၅ယောက်။ အဲဒီ တိုက်ခိုက်မှုမှာ ချင်းရဲဘော် ၂ယောက်ကျသွားတယ်။ ချနေတဲ့အချိန်ကို အရှင်လတ်လတ်မိတာက ချင်းရဲဘော် ၂ယောက်ပါတယ်။အဲဒါလေယာဉ်ပေါ်ကိုတစ်ခါတည်း တင်ခေါ်သွားတယ်။

​မေး-ချင်းတပ် က ၈၀ကျော်ဆိုတော့ကျန်တာပြန်စုစည်းမိတဲ့အနေအထားလား

​​ဖြေ-ပြန်စုစည်းမိတယ်ဆိုတာကတော့ သူတို့ ရဲဘော်တွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ခွင့်ပေးတယ်။ ဒဏ်ရာရတာက ချင်းရဲဘော်လေးတွေက ၅ယောက်ရတယ်။ တစ်ယောက်ကခါးထိထားတယ်။ခါးထိထားတဲ့အတွက်က အဲဒီ ရဲဘော်လေးက စိုးရိမ်ရတာပေါ့။

​မေး-သူတို့ အဲဒီဒေသကို ရောက်တဲ့အချိန်အခုလိုတိုက်ခိုက်ခဲ့ရတာ ဘယ်လိုမြင်မိလဲ။

​ဖြေ-သူတို့(ချင်းတပ်)က ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့ ယင်းမာပင်မှာ အထိုင်ချနေတဲ့ စစ်ကောင်စီက ဒီဘက်ကိုနင်းမယ်တိုက်ခိုက်မယ်ဒီဘက်ကပြည်သူတွေကိုမွှေမယ်မီးရှို့မယ်လို့သတင်းကြားလို့ ကျွန်တော်တို့ ယင်းမာပင်နယ်ကို လာပြီးတော့ ကူညီပံ့ပိုးတာပါဗျ။

​မေး-ရင်ပေါင်တိုင်ကနေ ထွက်သွားတဲ့ စစ်ကောင်စီတပ် လှုပ်ရှားမှု​တွေနဲ့ပါတ်သပ်ပြီး ဘာထပ်သိရပါသလဲ။

​ဖြေ-အဲဒီ(ရင်ပေါင်တိုင်)ကနေ ရွာနောင်(ရွာ)ဘက်ကို သွားတော့(စစ်ကောင်စီတပ်ပြန်ထွက်သွားချိန် ရွာနောင်ရွာအနီး တိုက်ပွဲဖြစ်)ပုလဲဘက်ကမဟာမိတ်သူငယ်ချင်းတွေထဲက မုန်တိုင်းရယ်၊ စာကလေးရယ် နှစ်ယောက်ကျတယ်။ ရသစ်က ရဲဘော်တစ်ယောက်ကျတယ်။ ကျန်တဲ့ ရဲဘော် ၂ယောက်ကတော့ကျွန်တော်မသိရသေးဘူး။ရဲဘော်ကတော့ ၅ယောက်ကျတယ်ဗျ။ ပြည်သူလူထုက ပုဆိုးလေးနဲ့ အင်္ကျီအနက်ကွက်လေးနဲ့ လမ်းဘေးမှာ ညာဘက်လက်ကို ရိုက်ချိုးပြီးတော့ သတ်ပစ်ခဲ့တာ တစ်ယောက်ဗျ။ ရွာနောင်မှာက ရွာလယ်က အိမ်တစ်အိမ်ရှို့သွားတယ်။ အခြားရွာတွေမှာ လည်းရှို့သွားတာရှိတယ်။ မနေ့က ဓားစာခံ ၂ယောက် အကြီးတစ်ယောက် အငယ်တစ်ယောက်လွှတ်လိုက်တယ်။ သူတို့ကို တိုက်ခိုက်လို့ရှိရင် ဓားစားခံ တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်မယ်လို့ သတင်းပါးလိုက်တယ်။ သူတို့က လူသားဒိုင်းလုပ်သွားတယ်။ ပြန်လွှတ်လိုက်တာက ရင်ပေါင်တိုင်က နှစ်ယောက်။ သူတို့ ခေါ်သွားတာက အမျိုးသားတွေချည်းပဲ။

​မေး-အခြားဘာတွေပြောလိုပါသလဲ။

​ဖြေ-ကျွန်တော်တို့က ယင်းမာပင်မြို့နယ် ပြောက်ကျားအဖွဲ့တွေကို တပ်ရင်းဖွဲ့ထားပြီးတော့မှကျွန်တော်တို့ကလက်လုပ်သေနတ်လေးတွေနဲ့ပဲ ပါဝင်တိုက်ခိုက်နေကြတယ်။ ကျွန်တော်တို့ဆီမှာလက်နက်အစစ်ဆိုတာမရှိဘူး။ ဟိုနေ့က ရင်ပေါင်တိုင်ဒုတိယရက်မှာရင်ဆိုင်ခဲ့တာကအိန္ဒိယခါးချိုးလေးတွေနဲ့ ။ နောက်ပြီးကနီဘက်ကလာပြီးကူညီပေးတဲ့မဟာမိတ်လေးတွေနဲ့ ဂန်းအစစ်တွေနဲ့ တွဲတိုက်ခဲ့ရတာပါ။ လက်နက်ပိုင်းတော့ အားနည်းတယ်။ ဒုတိယနေ့ တိုက်ခိုက်ခဲ့တာက PDF အဖွဲ့မှာကသုံးဘက်သုံးတန် ကျွန်တော်တို့ တိုက်တယ်။ တိုက်တော့ တစ်ဖက်ကို အင်အား ၁၅၀ ၊ ၂၀၀ ခန့်လောက်ရှိတယ်။ စစ်ကောင်စီက ခန့်မှန်းခြေ ၁၃၀ ၊ ၁၄၀ လောက်ပဲ ခန့်မှန်းရှိတယ်။ သူတို့ ပြန်ဆုတ်သွားတာ အစိတ်(၂၅ဦး) ၊ ၃၀ လောက်ကျပြီး ပြန်ဆုတ်သွားတာ။ ဇီးဖြူကုန်းကနေ ပျူစောထီးတွေကိုလေယာဉ်(ရဟတ်ယာဉ်)နဲ့သွားသယ်တယ်။ ပျူစောထီး ၅၀၊ ၆၀ လောက် အဲဒီမှာ ပုဗ္ဗအရှေ့ဘက်မှာ ချသွားတယ်။ အဲဒါတွေကို ချသွားပြီး စစ်ကောင်စီအဖွဲ့နဲ့ ပူးပေါင်းပြီး သူတို့က စစ်ကြောင်းထိုးသွားတာ။ အဲဒီမှာ ဖမ်းဆီးသတ်ဖြတ်တာ တော်တော်လေး ဆိုးဆိုးဝါးဝါး ကျွန်တော်တို့ မြင်ကွင်းမှာ မကောင်းတာက နုန်းရွာက ဆယ်တန်းကျောင်းသူလေးကို မုဒိမ်းကျင့်သတ်သွားတယ်။ ရင်ပေါင်တိုင်ရဲ့ အနောက်ဘက် နုန်းရွာရဲ့ ချောင်းဘေးမှာ။

​မေး-ဒီဖြစ်ရပ်အပေါ် က​နေပြည်သူ​တွေကိုဘာအကြံပြုချင်ပါလဲ။

​ဖြေ-ကျွန်တော်တို့ ဒီမှာ ရှိတဲ့လက်နက်လေးနဲ့လှုပ်ရှားပြီးတော့ ပြန်လည်တိုက်ခိုက်နေတယ်။ ပြည်သူလူထုတွေလည်း အစစအရာရာမှာ အရဲမကိုးဘဲနဲ့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတယ်လို့ သတင်းရလို့ အနီးမှာ ရှိတယ်ဆိုရင် လွတ်ရာကျွတ်ရာကို ရှောင်ပြီးတော့ ကျွန်တော်တို့ PDF ကာကွယ်ရေး အဖွဲ့အစည်းတွေကလည်း စစ်ဗျူဟာကျကျနဲ့ တိုက်ခိုက်ပေးကြပါလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်ခင်ဗျာ။

(စစ်​ကောင်စီတပ်က ရင်​ပေါင်တိုင်ရွာကို အကြမ်းဖက်ပြီး​နောက်​တွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ရင်​ပေါင်တိုင်ရွာကို အကြမ်းဖက်ပြီး​နောက်​တွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)

■စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုခံခဲ့ရ​သောရင်ပေါင်တိုင်ကျေးရွာသူတစ်ဦးနှင့်​မေးမြန်းခန်း

​မေး-ရင်ပေါင်တိုင်မှာ ကြုံရတဲ့ ဖြစ်စဉ်ကို ပြောပြပေးပါလား

​ဖြေ-လေယာဉ်တွေနဲ့ ပစ်တော့ ကျွန်မတို့လည်း ထွက်ပြေးကြတယ်။ ထွက်ပြေးကြတော့ စစ်သားတွေက ဖမ်းမိသွားတာ။ ကျွန်မတို့ကို ပစ်မယ် သတ်မယ်ပေါ့။ ကျွန်မတို့ကို အမေ့သားသမီးတွေလား ဘာညာဆိုပြီး ပြောပြီး သေနတ်တွေနဲ့ ချိန်တယ်။ ယောက်ျားလေးတွေကိုတော့ ဝမ်းလျားမှောက်ဆိုပြီး ရိုက်တာနှက်တာ။ မိန်းကလေးတွေလည်း သပ်သပ် ဝမ်းလျားမှောက်ခိုင်းထားတာ။ စစ်ဆေးမေးမြန်းတာပေါ့။

​မေး-ရွာထဲမှာပဲ အဖမ်းခံရတာလား

​ဖြေ-ဟုတ်တယ်ရွာထဲမှာပဲ။ သူတို့က လိုက်ပစ်တာ။ ကျွန်မတို့လည်း ပြေးရင်းလွှားရင်းနဲ့ ပုန်းမိပုန်းရာပုန်းလိုက်တာ။ သူတို့ကလည်း အဖွဲ့တွေများတော့ တွေ့တာပေါ့။ ဘယ်မှ မပြေးနဲ့ ပြေးရင်ပစ်သတ်မယ်ပေါ့။ မေးတာမြန်းတာကတော့ နင်တို့က ဘယ်ကလဲ ဒီရွာသူတွေလား ဘယ်ကလာတာလဲမေးတာပေါ့။ မေးတော့ ကျွန်မတို့က ပြည်သူတွေပါလို့ ပြောတော့ ဘယ်မှ မထွက်နဲ့ အိမ်ထဲမှာ ဝင်နေတဲ့ အဲဒီလို ပြောတာ။ သူတို့သွားမယ် ဆိုတော့ အိမ်လေးတစ်အိမ်ထဲမှာ ကျွန်မတို့ကို ထားခဲ့တာ။ အဲဒီအိမ်ထဲက ဘယ်မှ မထွက်နဲ့ ဆိုတော့ ကျွန်မတို့လည်း ပုန်းပြီး လက်နက်တွေပစ်သံကြားတော့ ဒီထဲနေလို့ အဆင်မပြေဘူး ဆိုပြီးကျွန်မတို့ထွက်ပြေးလာခဲ့ရတာ။

​မေး-အမတို့ရှေ့မှာရွာသူရွာသားတွေ အသတ်ခံရတာရော ကြုံရပါသလား။

​ဖြေ-ကျွန်မတို့နဲ့အတူနေတဲ့သူတွေလက်နက်နဲ့အပစ်ခံရသေးတယ်။ ရင်ဘက်တွေမှန်တယ်။ လက်မောင်းတွေထိတာလည်းရှိတယ်။ အဲဒါ ရွာသူရွာသားတွေပဲ။

​မေး-ထွက်ပြေးလာပြီး နောက်ပိုင်း ရွာအခြေအနေ ဘာကြားမိပါသေးလဲဗျ ။

​ဖြေ- မီးတွေရှို့တယ်ရှင့်။ ပစ္စည်းတွေလည်းသယ်သွားတယ်။ အိမ်တွေဘာတွေလည်း အကုန်လုံးမွှေတယ်။ အဲဒီ စစ်တပ်အဖွဲ့က။

​မေး-အခုရော ရွာပြန်ရောက်ပြီးလား။

​​ဖြေ–ရွာကိုတော့ ပြန်မရောက်သေးဘူး။ ရွာကို မပြန်ရဲသေးလို့ ဘေးမှာပဲရှောင်နေတာ။ ရွာအခြေအနေက ပျက်စီးသွားတဲ့ အိမ်တွေကို သန့်ရှင်းရေးဘာညာလုပ်တော့ အလောင်းတွေ ရှာတွေ့တယ်ကြားတယ်။

​မေး-အလောင်းတွေဆိုတာ လေကြောင်းကပစ်တုန်းက ထိတာလား။

​ဖြေ-လေယာဉ်(ရဟတ်ယာဉ်)ပေါ်က ပစ်တုန်းကထိတာတွေ။ စစ်သားတွေက သတ်သွားတာတွေအများကြီး။ နံစော်နေတော့ မဝင်ရဲဘူး။ အိမ်မွေးတိရစ္ဆာန်တွေတော်တော်များများ သေတယ်။ လူတွေလည်း တော်တော်များများသေတယ်ရှင့်။ လူ ၃၀ ကျော်လောက်တော့ရှိမယ်။

​မေး-အရင်ကရောအဲဒီလိုပစ်ခတ်မှုတွေကြုံဖူးလား။

​ဖြေ-တစ်ခါမှမကြုံဖူးဘူး။ ဒါပထမဆုံးအကြိမ်ပဲ။ ဒလန်က သတင်းပေးလို့ နေမှာပါ။ ဒလန်ကအတိအကျ ပေးလို့မို့အတိအကျ အချိန်ရောက်လာတာ။ ချင်းတပ်တွေလည်း ဒီမှာ ရှိတယ်ဆိုတော့ သတင်းကလည်း အတိအကျလို ပုံစံမျိုးဖြစ်နေတာ။

​မေး-ရွာကို ပြန်ဖို့ ကရော။

​ဖြေ-အခုလောလောဆယ်တော့ ရွာမပြန်သေးဘူး။ ဘာလို့လဲဆို နေဖို့ထိုင်ဖို့ကလည်း အဆင်မပြေသေးဘူး။ အနံ့တွေကလည်း တအားပဲနံ​စော်နေတာဆိုတော။

​မေး-အခုလို ကြုံတွေ့ရတဲ့အပေါ် ဘာပြောချင်လဲခင်ဗျ။

​ဖြေ-ကြောက်တာပဲပေါ့ ကျွန်မတို့ကတော့တအားပဲ။ ဖြစ်နိုင်ရင် အေးအေးချမ်းချမ်းနေချင်တယ်။ မိသားစုနဲ့ အေးအေးချမ်းချမ်းပဲနေချင်တာ။ အခုဟာက ကလေးလူကြီးအသက်ကြီးရွယ်အိုကအစ အကုန်လုံး ဒုက္ခကြုံတွေ့နေရတာဆိုတော့အဲဒီလိုမျိုးနောက်မကြုံချင်ဘူး။ ။