Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“တော်လှန်ရေးသတိပေါ့။…ပြည်သူလူထုကဗုံးခိုကျင်းတွေလိုရင်လိုသလိုလုပ်ရမှာပဲ။ကိုယ်ကိုယ်တိုင်ကရှောင်နိုင်မှပဲကိုယ်ကတိုက်ပွဲပြန်ဝင်နိုင်တဲ့သူဖြစ်မယ်ဆိုတဲ့အသိကပ်ထားမှတော်ကာကျမယ်ဒီအချိန်ဒီကာလမှာ”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင်ဖြုတ်ချရေး အဆုံးအဖြတ်တိုက်ပွဲကာလကို တစ်နှစ်သတ်မှတ်လိုက်ခြင်းအပါအဝင်လက်ရှိ စစ်ရေး ၊ နိုင်ငံရေး ၊စစ်​ဘေး​ရှောင်အ​ရေးစသည်တို့နဲ့ပတ်သက်ပြီး KNU အဖွဲ့၏ သဘောထားအမြင်များကို အဖွဲ့ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးအား People’s Spring ကမေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။

(KNUပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီး။ဓါတ်ပုံ-KIC)
(KNUပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီး။ဓါတ်ပုံ-KIC)

●KNUပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးနှင့်မေးမြန်းခန်း (အပိုင်း- ၂)

​မေး-တိုင်းရင်းသားလက်နက်ကိုင်တချို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးနေတာပေါ့။ ဒါအလုပ်မဖြစ်နိုင်ဘူးဆိုတဲ့ အနေအထားက အတိတ်မှာ သင်ခန်းစာတွေရှိခဲ့တော့ ဒီအပေါ် ဘာပြောလိုပါသလဲ။

ဖြေ-အဲဒါကတော့ ထူးထူးထွေထွေမပြောတော့ပါဘူး။ ကျွန်တော်တို့ ပြောချင်တာက အထူးသဖြင့် ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေက နိုင်ငံရေးအလုပ်လုပ်နေတဲ့သူတွေပဲလေ။ အဲဒါကြောင့်မို့လို့ နိုင်ငံရေးရဲ့အသွားအလာကို သိသင့်တာပေါ့။ ဒီလောက်ထိမှ နိုင်ငံရေးအသွားအလာက အဖြူလား အမဲလား မသိဘူးဆိုရင်တော့ ကျွန်တော်တို့က သိပ်ပြီးတော့ ရှင်းပြစရာမလိုဘူးလေ။ အဲဒါကြောင့် ကိုယ့်ရဲ့အဆင့်ကို ဖော်ပြတာပဲလို့နားလည်တယ်။ ဒီအချိန် ဒီကာလမှာ ဖြစ်သင့်တာက လူထုနဲ့ ရပ်တည်ပြီးတော့ အမှန်တရားကို ရဲရဲ ရပ်တည်ပြီး စစ်အာဏာရှင်တွေ ဖြုတ်ချဖို့ပဲ စဉ်းစားဖို့ ကောင်းတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီစစ်အာဏာရှင်စနစ်ကြောင့်သာလျင် ဒီစစ်တပ်ကြောင့် သာလျင် တိုင်းပြည်က ဒီလိုအခြေအနေ ဖြစ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်ပြီးတဲ့အခါ ဒီစစ်တပ်ကို သွားပြီး ဆေးဖော်ကြောဖက်လုပ်နေဖို့အကြောင်းမရှိဘူး။ အဲဒါကြောင့် မို့လို့ ကျွန်တော်ပြောချင်တာက ဒီနေ့ဒီကာလမှာ တော်လှန်ရေးသမား အဖွဲ့အစည်း တစ်ရပ်အနေနဲ့ သမိုင်းမှာ မှတ်ကြောက် တင်ချင်တယ် ဆိုရင်တော့ ဒါကတော့ ဒီနေ့ ဒီကာလမှာ ရဲရဲ ဆုံးဖြတ်ဖို့လိုပြီလို့ ပြောချင်တယ်။

Public Service Announcement

Public Service Announcement

​မေး-နောက်တစ်ခုက RCSSက အချိန်လေးလသတ်မှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ထားတော့ KNU ရဲ့သဘောထားက ဘယ်လိုရှိပါသလဲ။

​ဖြေ-အဲဒါက သူ့ထုတ်ပြန်ကြေညာချက် ကျွန်တော်တို့ မြင်တွေ့ရပါတယ်။ အထူးသဖြင့် ကိုယ့်အထဲမှာ ရှိတဲ့ အဖွဲ့အစည်း ဘယ်ပြည်နယ်မှာပဲ ကြည့်ကြည့် ဘယ်တိုင်းဒေသမှာပဲ ကြည့်ကြည့် အဖွဲ့အစည်းက တစ်ဖွဲ့တည်းမကပါဘူး။ ကိုယ့်အချင်းချင်းက စစ်အာဏာရှင် တိုက်ဖျက်ရေး အတွက်ညီညွတ်မှု တည်ဆောက်စရာရှိတယ်ဆိုရင် တည်ဆောက်ကြပေါ့။ ကျွန်တော်တို့က တခြားလူတွေကိုတော့ မပြောလိုပါဘူး ကိုယ့်အထဲမှာလည်း ဆွေးနွေးရမှာပဲ ကိုယ့်ကရင်တွေ ကြားမှာလည်း အဖွဲ့တွေရှိတာပဲ။ ဒီလိုကွဲပြားနေတဲ့ အဖွဲ့တွေ ကျွန်တော်တို့ ဆက်ပြီးတော့ ဆွေးနွေးရမှာပဲ။ ဒါပေမဲ့ အဓိက အချက်ကဒီအဖွဲ့တွေက စစ်အာဏာရှင်တွေနဲ့ သွားမပေါင်းဖို့တော့ အရေးကြီးတယ်။ စစ်အာဏာရှင်တွေနဲ့ သွားပေါင်းနေသမျှ ကျွန်တော်တို့က ဆက်ပြီး အလုပ်လုပ်ဖို့ အရမ်းခက်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့နဲ့ ဆွေးနွေးမယ်ဆိုရင် ဘာသွား ဆွေးနွေးချင်တာလဲ။ စစ်အာဏာရှင်တွေနဲ့ သွားပြီး ဆွေးနွေးမယ့် အလုပ်မျိုးက ဘယ်လိုမှ အလုပ်မဖြစ်ဘူးဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောထားပြီးသား။ ဒီနေ့ဒီအချိန်ကာလမှာ ကျွန်တော်တို့နဲ့ ဆွေးနွေးမယ်ဆိုရင် စစ်အာဏာရှင် စနစ်ကို ကျဆုံးစေမယ့် ဆွေးနွေးမှုကိုပဲ ကျွန်တော်တို့လိုချင်တယ်။ ဒါကကျွန်တော်တို့ မူဝါဒ ထုတ်ပြောတာလည်း ရှင်းပြီးသားပါ။ အဓိက အချက်က ကျွန်တော်တို့ ပြောပြီးသား ဆွေးနွေးတာကဆွေးနွေးခဲ့ပြီးပြီ။ အဲဒါကြောင့်မို့လို့ တစ်အချက်က စစ်တပ် နိုင်ငံရေးက စွန့်ခွာရမယ်။ အသွင်ကူးပြောင်းရေး မှာ တရားမျှတမှု တာဝန်ခံမှု တာဝန်ယူမှု လုံး၀ လက်ခံရမယ်။ နောက်ပြီးတော့ ပြည်ထောင်စုအသစ်မှာ လိုအပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့ တခါတည်း လုံခြုံရေးစနစ်တွေကိုတစ်ခါတည်းအကောင်အထည် ဖော်မယ်။ တွေ့ဆုံဆွေးနွေးရေး ပွဲတိုင်မှာနိုင်ငံတကာ ပါဝင်ပတ်သက်မှုက လိုကိုလိုအပ်တယ်ဆိုတာ သူတို့ လက်ခံနိုင်မှသာလျင် ကျွန်တော်တို့ ရှေ့သွားလို့ရမယ်။ မဟုတ်ရင် ဘာပဲလုပ်ရမလဲဆိုတော့ ရှေ့ဆက်သွားပြီး နောက်ဆုံးကတော့ လမ်းဆုံးခရီး ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး အတွက် ဆက်ပြီး တွန်းသွားဖို့ပဲရှိပါတော့တယ်။ တခြားဟာမရှိဘူး။

​မေး-KNUနယ်မြေမှာ တိုက်ပွဲတွေဖြစ်တာ အာဏာသိမ်းပြီးကတည်းက တောက်လျှောက်ဆိုသလိုဖြစ်​နေ​တော့စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောလိုရတာ ပြောပြပေးပါလား။

​ဖြေ-တိုက်ပွဲဖြစ်နေတာက စစ်အာဏာသိမ်းပြီးနောက်မှမဟုတ်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ် ကြိုးစားစဉ်ကတည်းက တိုက်ပွဲတွေအများကြီး ဖြစ်နေတာ။ အထူးသဖြင့်တ ပ်မဟာ(၃)နဲ့ တပ်မဟာ(၅)ထဲမှာ။ ဘာဖြစ်လို့လည်းဆိုရင်သူတို့က အပစ်အခတ်ရပ်စဲရေးကို လုံး၀ ဂရုမစိုက်ဘဲ မလိုက်နာဘဲ သဘောတူညီချက်ကို ဖောက်ဖျက်ပြီး ကားလမ်းတွေ ဖောက် လာကတည်းက တိုက်ပွဲတွေအများကြီး ဖြစ်နေပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တက်နိုင်သလောက် ထိန်းသိမ်းတယ်။ ဒါပေမယ့် နောက်ဆုံး လုံး၀ ဂရုမစိုက်ဘဲ စစ်အာဏာ ထသိမ်းတဲ့အခါ ကျွန်တော်တို့ နယ်မြေဒေသ အသီးသီးမှာ သူ့ကို ခံချပြီ။ ကိုယ့်ကိုယ်ကိုယ် ခုခံကာ့ကွယ်ပိုင်ခွင့်အနေနဲ့ ရော ကိုယ်ကလည်း စခန်းသိမ်းစရာရှိ သိမ်းလိုက်တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဂရုစိုက်စရာ မလိုတော့ဘူးလေ။ သူက လူတွေကိုလည်း လေးစားလည်းမလေးစားဘူး။ သူလုပ်ချင်တာလုပ်တဲ့အခါကျတော့ ကျွန်တော်တို့က ဖြစ်နေတဲ့ဟာ လုပ်စရာရှိတာ ဆက်လုပ်သွားရမယ်။ နောက်ဆုံးကျတော့ အထူးသဖြင့် မြို့ပေါ်က ဒုက္ခရောက်လာတဲ့ သူတွေကို ကျွန်တော်တို့ ကူညီတယ်။ အားပေးတယ် လုပ်လာတဲ့အခါ ပိုပြီးတော့ သူက ကျွန်တော်တို့ကို ပြန်ပြီး ဖိအားပေးတယ် ထိုးစစ်ဆင်တယ် အများကြီး လုပ်လာတယ်။ ဒါပေမဲ့ သူလုပ်တဲ့အခါတိုင်း နောက်ဆုံးအခြေအနေက စခန်း ဘယ်လောက်သိမ်းသလဲဆိုတော့ ကျွန်တော်တို့ အတိအကျပြောလို့တော့ ခက်တယ် စခန်းက ဆယ်ဂဏန်းအထက်မှာပဲလေ။ မနေ့တုန်း(အောက်တိုဘာ ၁၆ရက်)ကပဲ ဖြတ်တိုက်ခံရတာ သူ့စစ်ကြောင်းမှူးတွေကအစ အကုန်လုံး အလဲလဲ အကွဲကွဲနဲ့ ၂၀ နီးပါး အဖမ်းခံခဲ့ရတယ်။ အဲဒီလို ပွဲမျိုးက ထပ်ခါထပ်ခါ ဖြစ်လာ တယ်။ ကျွန်တော်တို့ လက်ထဲမှာ အရင်က မရှိခဲ့ဖူးတဲ့ သုံ့ပမ်းတွေ ဖမ်းနိုင်တဲ့ အရေအတွက်တွေက အရမ်းများလာတယ်။ ဒါတွေက လက်ရှိ ပကတိပဲ။ နောက်ဆုံး မိုးတွင်းမှာ သူမရှောင်ဘဲ ထိုးစစ်ဆင်လာတဲ့အခါ ဒူးပလာယာခရိုင် တပ်မဟာ(၆)ထဲ သူထိုးလာတဲ့အခါ မှာ တပ်မ သုံးခုနဲ့ တခြားတပ်တွေပေါင်းလိုက်မှ သူတို့ အင်အားက တစ်ထောင်ကျော်လေး ပဲရှိတယ်ဆိုတော့ ဘယ်လိုမှ မလုပ်မဖြစ်တော့ဘူးလေ။ ရှင်းရှင်းပြောရရင် ခပ်ရိုင်းရိုင်းပြောရမယ်ဆိုရင်တော့ ခွေးကထန်းလျက်ခဲလျက်သလိုပဲ တဖြည်းဖြည်းနဲ့ စစ်တပ်တွေက လုံးပါးပါးပြီးတစ်နေ့တခြား ကျွန်တော်တို့ကအမှည့်ခြွေတယ်။တစ်ဖက်က သူ့လူတွေ ထွက်ပြေးတယ်ဆိုတော့ ကုန်ပြီလေ အဲဒီ သူတို့ တပ်မ သုံးခုက အသံကို မကြားရတော့တာ။

Public Service Announcement

Public Service Announcement

​မေး-အခုလို နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေအောက်မှာ ပြည်သူလူထုတွေကိုရော ဘာတွေပြောကြားလိုပါသလဲ။

​ဖြေ-လူထုတွေကတော့ ကြပ်ကြပ်တည်းတည်းနဲ့ ဒုက္ခတွေကိုတော့ ရင်ဆိုင်ရမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလောက်တောင် စီးပွားရေးပျက်သုဉ်းနေရတာနဲ့ ကြုံနေရတဲ့အခါကာလမှာ ကုန်စျေးနှုန်းက ဘယ်လောက်ကြီးလဲဆိုတာ။ စစ်ကောင်စီရဲ့ လုံး၀ညံ့ဖျင်းပြီးတော့ဘာမှ မလုပ်နိုင်မကိုင်နိုင်နဲ့ အနေအထား အာဏာတစ်ခုပဲ ဖက်တွယ်ပြီး လုပ်လာတဲ့အနေအထားမှာ လူထုကတော်တော်လေးကို ကြပ်ကြပ်တည်းတည်းဖြစ်နေတာ ကျွန်တော်တို့ ကိုယ်ချင်းစာတယ်။ နောက်ပြီး စစ်ရေးအခြေအနေ ဖြစ်လာတဲ့ အခါ ပိုပြီး ဒုက္ခရောက်တာပေါ့ ပြေးလွှားနေရတာသန်းနဲ့ချီ ပြီး ဖြစ်လာတဲ့အခါ ကျွန်တော်တို့ မကြုံဖူးအောင် ဖြစ်လာတဲ့အခါအများကြီး ကိုယ်ချင်းစာတယ်။ သို့သော်ငြားလည်း ကျွန်တော်တို့ လျှော့လို့မရဘူးလို့ အားပေးချင်တယ်။ လူထုက ဆက်ပြီး တိုက်ပွဲဝင်ရမှာ ။ နိုင်ငံတကာက ကိုယ့်ဘက်ကို ဒီလောက်တောင် အင်နဲ့အားနဲ့ကို စစ်ရေးအရ မထောက်ပံ့နိုင်သေးသည့်တိုင် တခြားဘက်မှာ ထောက်ပံ့နေတာတွေရှိတယ်။ သံခင်းတမန်ခင်းရော စီးပွားရေးပိတ်ဆို့မှုရော နိုင်ငံရေးဘက်မှာ ကျွန်တော်တို့ဘက်မှာရှိနေတဲ့အခါကျတော့ ကိုယ့်ဘက်က စစ်ရေးဘက်မှာ အားသွန်ခွန်စိုက် ရှိတဲ့အားနဲ့ ဆက်တွန်းရမှာပဲ။ အဲဒါကြောင့် ဘယ်လိုမှ စိတ်ဓာတ်ကျစရာမရှိဘူး။ ဘယ်အရာမဆို အထူးသဖြင့် အင်မတန် ချိုမြိန်တဲ့အရသာတစ်ခုက အင်မတန် ခက်ခက်ခဲခဲ ရုန်းကန်ကြိုးစားယူမှ ရလာတဲ့ဟာ တစ်ခုပဲ ပိုပြီးတော့ ချိုမြိန်တဲ့ဟာရမှာဆိုတာ ကျွန်တော်တို့ရဲ့ ဖြတ်သန်းမှုအရ တွေ့ရတဲ့အပေါ် ဘာမှ သံသယရှိစရာမလိုဘူး ဆက်ပြီးတော့ ကြိုးစားသွားမယ်။ စိတ်ဓာတ်ကျစရာမရှိဘူး ဆက်ပြီး တိုက်ပွဲဝင်ကြပါစို့လို့ ကျွန်တော် နောက်ဆုံးပြောချင်ပါတယ်။

​မေး-KNUထိန်းချုပ်နယ်မြေထဲမှာလည်းစစ်ရှောင်တွေသိန်းချီရှိတော့ ဒီစစ်ရှောင်တွေအတွက် အမေရိကန် အပါအဝင် နိုင်ငံတကာ အကူအညီတွေရလား။ ဘာလို့လည်းဆိုရင် အမေရိကန်ကလည်း NDAA အရ ပေးမယ့်အထဲမှာ စစ်ရှောင်တွေအတွက် ပါတယ်ဆိုတာ အသိပေးထားတာရှိတော့လေ။

​ဖြေ-အမေရိကန်က NDAA အစီအစဉ်ထဲမှာ ကျွန်တော်တို့လည်း ဖတ်ရတာပဲ။ ဒါပေမဲ့ လက်တွေ့အကောင်အထည်တော့ မကျသေးပါဘူး။ ကျွန်တော်တို့က ရှိထားတဲ့ နည်းလမ်း တွေပေါ့ ရှိရင်းစွဲ ယန္တရားတွေပေါ့။ ကျွန်တော်တို့ အရင်တုန်းက နယ်စပ်ဖြတ်ကျော်ပြီးလုပ်နေတဲ့ဟာတွေက တရားဝင်မှု တိုင်းသိပြည်သိ အိမ်နီးချင်းနိုင်ငံတွေရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ကျွန်တော်တို့ လုပ်သွားတာ။ ကျွန်တော်တို့ ဒီအပိုင်းကို ကြိုးစားလာခဲ့တာ နှစ်ပေါင်းသုံးဆယ်လောက်ရှိပြီလေ။ ကျွန်တော်တို့ ဒီအတိုင်း ဆက်သွားနေတုန်းပဲ။ အဲဒီဟာနဲ့ပဲ ဆက်ရပ်တည်တယ်။ ဒုက္ခရောက်နေတဲ့ လူဦးရေ ၃သိန်းလောက်ရှိတဲ့ဟာကိုလည်း အားလုံးတော့ ဘယ်လိုမှ မပြည့်စုံနိုင်ဘူးလေ။ ဒါပေမဲ့အလျဉ်မီအောင် တော့ တက်နိုင်သလောက် ကြိုးစားနေဆဲပါ။ ဒါပေမဲ့ ဒီဟာထက်ပိုပြီး ထိရောက်မှု ရှိအောင်တော့ ဆက်ကြိုးစားတယ်။ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်မှာက ကျွန်တော်တို့ ဒေသတစ်ခုတည်းမဟုတ်ဘူး အထူးသဖြင့် ဗမာပြည်အလည်ပိုင်းမှာရှိတဲ့ မကွေးတို့ စစ်ကိုင်းတို့မှာလည်း ဖြစ်ချင်တိုင်းဖြစ်နေတဲ့ဟာ ကျွန်တော်တို့ နေ့တိုင်းမြင်နေတဲ့ဟာ အဲဒါကို တစ်ဂွင်လုံး အတွက် ဆက်လက်ကြိုးစားနေဆဲပါ။ ဒါတွေဖြစ်လာပြီဆိုရင် ကျွန်တော်တို့ ဒေသတစ်ခုတည်းမဟုတ်ဘူး ဒေသအားလုံးလွှမ်းခြံသွားနိုင်အောင် လူသားချင်းစာနာထောက်ထားမှု အကူအညီရရေး အတွက် ကျွန်တော်တို့ တိုက်ပွဲဝင်နေဆဲပါ။ ကြိုးစားလည်းကြိုးစားနေဆဲပါ။ရမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အနှေးနဲ့အမြန်ပေါ့။

​မေး-လတ်တလော စစ်ရှောင်တွေအတွက် အရေးပေါ်လိုအပ်ချက်တွေက ဘာတွေဖြစ်ပါသလဲ။

​ဖြေ-သူတို့ လိုအပ်ချက်က အများကြီး ရှိတာပေါ့။အမိုးအကာတို့ လုံလုံခြုံခြုံနေရဖို့ အတွက် ရာသီဥတု ခံနိုင်ဖို့အတွက် ဆေးဝါးတွေ ပေါ့။ တကယ်တန်း မရှိမဖြစ်တဲ့ဟာတော့ အစားအစာပဲ။ အဲဒီ အစားအစာ ပင်မဖြစ်တဲ့ ရိက္ခာတွေက မရှိမဖြစ် ဒါကတော့ အကယ့်အရေးကြီးဆုံးအရာဖြစ်တယ်။ အဲဒါကြောင့် အဲဒီအပိုင်းကို ကျွန်တော်တို့ ကြိုးစားနေတယ်။

​မေး-ပြည်သူတွေအနေနဲ့ စစ်အာဏာရှင် ဖြုတ်ချရေး အဆုံးအဖြတ်တိုက်ပွဲအတွက် ကူညီချင်ကြတယ်။ ဘယ်လိုကူညီရမယ်ဆိုတာလည်း သိချင်နေကြတော့ ပြည်သူတွေကို ဘာသတင်းစကားပေးလိုပါသလဲ။

​ဖြေ-ပြည်သူလူထုရဲ့ အကူအညီက မလွှဲမသွေလိုအပ်တာပဲ။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ ဖြတ်သန်းမှုအရ ပြည်တွင်းထဲမှာ တိုက်ပွဲ ဆင်ပြီဆိုရင် ပြည်သူလူထု မပါဘဲနဲ့ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။လူထုရဲ့ အကာအကွယ်ပေးမှု မပါဘဲနဲ့ ကျွန်တော်တို့တပ်တွေကဘယ်လိုမှလုံလုံခြုံခြုံမနေနိုင်ဘူး။ အဲဒါကတကယ့်အရေးကြီး ကျွန်တော်တို့ရဲ့ ဖြတ်သန်းမှုပဲ။ လူထုကဘာမှ မကူညီနေနိုင်သေးသည့်တိုင်ကျွန်တော်တို့ကို လုံခြုံမှု ပေးနိုင်တဲ့ ပြည်သူတွေကိုပဲ ကျွန်တော်တို့ လိုချင်တာ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ကို ရန်သူကို ထိုးအပ်မယ့် လူထုကို မလိုချင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်တယ်။ လူထုက ကျွန်တော်တို့ကို ရန်သူဘက်ကို ထိုးအပ်မယ့်လူထုတော့ လုံး၀ မဖြစ်ဘူး ဆိုတာ အလေးအနက်ယုံကြည်တဲ့အပေါ်မှာ ဒါကတော့ဆက်ပြီးလက်တွဲသွားရင် အောင်မြင်နိုင်စရာ အကြောင်းရှိပါတယ်။ နောက်တစ်ချက်က ဒီနေ့ ဒီကာလမှာ စစ်ကောင်စီဘက်က အင်မတန် ရက်စက်ယုတ်မာပြီးတော့ လူထုကို လုံး၀ ဂရုမစိုက်ဘဲ လူထုကို ပစ်မှတ်ထားပြီး ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်နေတာ တွေ့နေရတယ်။အဲဒါကြောင့် ဒုက္ခရောက်နေတဲ့ လူဦးရေက ဒီလောက်သန်းချီပြီးဖြစ်နေတာ။ လူထုကို ဒီလောက်အထိ ရန်သူလို သတ်မှတ်ပြီး လိုက်ပြီး သတ်ဖြတ်ပြီး လုပ်နေတဲ့အခါကျတော့ အိမ်မီးရှို့တယ်ဆိုတာ လူထုကို သပ်သပ်မဲ့ ရန်ရှာတာ ဒါတွေမဖြစ်အောင်တော့ ကိုယ့်ဘက်ကတက်နိုင်သလောက် ဘယ်လိုရှောင်ရှားကြမလဲပေါ့။ အခုက လေယာဉ်နဲ့ လိုက်ပြီး ဗုံးကြဲနေတာ ကြောင့်မို့လို့ ကျွန်တော်တို့ဘက်က တက်နိုင်သလောက် ကာကွယ်သင့်တဲ့ဟာ ကာကွယ်ရမှာပဲ။ လူစုလူဝေးနဲ့ နေဖို့ ဆိုတာ ဒီအချိန်ဒီကာလမှာ နည်းနည်းစဉ်းစားရမယ်။ လူထုတွေအပြင် ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေလည်း အဲဒီလိုပဲ။ သူ့ရဲ့ ပစ်မှတ်ဖြစ်နိုင်တဲ့ နေရာတွေ နောက်ပြီး တစ်စုတရုန်းတည်းဖြစ်နေတဲ့ဟာတွေ အမြဲတမ်းသတိထားရမယ်။ တော်လှန်ရေးသတိပေါ့။ နောက်တစ်ချက်က ပြည်သူလူထုက ဗုံးခိုကျင်းတွေလိုရင်လိုသလိုလုပ်ရမှာပဲ။ကိုယ်ကိုယ်တိုင်ကရှောင်နိုင်မှပဲကိုယ်က တိုက်ပွဲပြန်ဝင်နိုင်တဲ့သူဖြစ်မယ်ဆိုတဲ့အသိ ကပ်ထားမှ တော်ကာကျမယ် ဒီအချိန်ဒီကာလမှာ။ ။