Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကနေ့ စစ်အုပ်စုရှိနေလို့ သေနတ်ကြောက်နေလို့ ပြည်သူအများစုက ငြိမ်ကောင်းငြိမ်နေလိမ့်မယ်။ ဒီအချိန်ကျော်သွားရင် အဲဒီပါတီတွေ အကုန်လုံးကို မြစ်ထဲကန်ချလိမ့်မယ် ပြည်သူအများစုက”

စစ်ကောင်စီ ကျင်းပဖို့ စီစဥ်နေတဲ့ ရွေးကောက်ပွဲအခြေအနေ၊ DPNS ရဲ့ သဘောထားတို့ကို People’s Spring သတင်းဌာနက DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

︎လူ့​ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်
︎လူ့​ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်

▪︎လူ့​ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ ဆက်သွယ်မေးမြန်းခန်း

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်တွင်း၊ ပြည်ပမှာ နိုင်ငံရေးအရ ခေါင်းထောင်နိုင်တဲ့ အခြေအနေမရှိဘဲ နိုင်ငံရေးစင်မြင့်ပေါ် ပြန်တက်ဖို့ အခက််အခဲဖြစ်နေတာကြောင့် ရွေးကောက်ပွဲကို အသုံးပြုဖို့ ကြိုးစားနေတာလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက သုံးသပ်ပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့လည်း စစ်အုပ်စုဦးဆောင်မယ့် နိုင်ငံရေးလမ်းကြောင်းအတိုင်း လိုက်ပါရမှာဖြစ်ပြီး အဲဒီနိုင်ငံရေးပါတီတွေဟာ စစ်အုပ်စုကို အထောက်အကူပြုတာလို့ သူက ရှုမြင်ပါတယ်။ ဒါ့အပြင် အဲဒီနိုင်ငံရေးပါတီတွေဟာ ပြည်သူအများစုရဲ့ တံတွေးခွက်မှာ ပက်လက်မျောလိမ့်မယ်လို့လည်း နှစ်ပေါင်း ၃၀ ကျော် ရပ်တည်နိုင်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ရဲ့ ခေါင်းဆောင်က ပြောပါတယ်။ စစ်ကောင်စီ ကျင်းပဖို့ စီစဥ်နေတဲ့ ရွေးကောက်ပွဲအခြေအနေ၊ DPNS ရဲ့ သဘောထားတို့ကို People’s Spring သတင်းဌာနက DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီးယန်း/People’s Spring

မေး – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS အနေနဲ့ စစ်ကောင်စီကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားပါလဲ။ ပါတီမှတ်ပုံ ပြန်မတင်ဘူးလို့ နားလည်ပါတယ်။ ဒီအခြေအနေကို ရှင်းပြပါလား။

Public Service Announcement

Public Service Announcement

ဖြေ – ၂၀၂၁ ဖေဖော်လဆန်း နွေဦးတော်လှန်ရေးစဖြစ်ကတည်းက ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကျွန်တော်တို့ ပါတီရဲ့သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအာဏာသိမ်းတဲ့ကိစ္စက တရားမဝင်ဘူး။ ဒါ့ကြောင့် တရားမဝင်တဲ့ ပုဂ္ဂိုလ်တွေက ခန့်အပ်တဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုတာလည်း တရားမဝင်ဘူး။ အဲဒါကြောင့် အဲဒီလိုရွေးကောက်ပွဲကော်မရှင်မျိုးနဲ့ ပူးပေါင်း ဆောင်ရွက်စရာ အကြောင်းမရှိဘူး။ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးဆိုတာ နွေဦိးတော်လှန်ရေးအစ ဖေဖော်ဝါရီလဆန်းကတည်းက ကျွန်တော်တို့ သဘောထားထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

မေး – နှစ်ပေါင်း ၃၀ ကျော် ရပ်တည်လာခဲ့တဲ့ နိုင်ငံရေးပါတီအနေနဲ့ ဘယ်လို အချက်တွေကြောင့် အခုလိုဆုံးဖြတ်ချက် ချတာပါလဲ။

ဖြေ – ပထမတစ်ချက်က ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီရေးဖြစ်စဥ်ပေါ့။ ဖြစ်စဥ်မှာ တဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲသွားလိမ့်မယ်လို့ ယူဆခဲ့တယ်။ အဲဒီအတွက် ကျွန်တော်တို့ ပြည်တွင်းမှာ နိုင်ငံရေးလုပ်ငန်းတွေကို ပြန်လုပ်ခဲ့တယ်။ သို့သော်လည်း ပြီးခဲ့တဲ့ အာဏာသိမ်းတဲ့ဖြစ်စဥ်နဲ့ အာဏာသိမ်းတဲ့အဖြစ်အပျက်က ဒီမိုကရေစီအရေးဖြစ်စဥ်ကို တဖြည်းဖြည်းချင်း ကျယ်ပြန့်သွားတာမဟုတ်ဘဲနဲ့ အဲဒီဖြစ်စဥ်ကို ပိတ်ပစ်လိုက်သလိုဖြစ်တယ်။ အဲဒါကြောင့် အဲဒီအခြေအနေကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ အဲဒီအတွက် ကနေ့ စစ်အုပ်စုရဲ့ လက်အောက်မှာ တရားဝင်နိုင်ငံရေးပါတီအနေနဲ့ မရပ်တည်တော့ဘူးလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လည်း ကျွန်တော်တို့ ဒီနွေဦးတော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မေး – စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်မယ့်ဆိုတဲ့ နိုင်ငံရေးပါတီတွေအပေါ် ဘယ်လို ရှုမြင်ပါလဲ။

Public Service Announcement

Public Service Announcement

ဖြေ – ဒီနေ့ စစ်အုပ်စုက သူ့တစ်ကိုယ်ရည်၊ စစ်အုပ်စုက ကနေ့ အနေအထားမှာ နိုင်ငံရေးအရ ခေါင်းထောင်နိုင်တဲ့အခြေအနေမှာ မရှိဘူး။ နိုင်ငံတကာမှာပဲ ကြည့်ကြည့်၊ ဒေသတွင်းမှာပဲ ကြည့်ကြည့်၊ ပြည်သူလူထုအမြင်မှာကြည့်ကြည့် သူတို့နိုင်ငံရေးအခြေအနေက ဘယ်လိိုမှ ပြန်ပြီးတော့ နိုင်ငံရေးစင်မြင့်ပေါ် ပြန်တက်ဖိို့ အခြေအနေက အခက်အခဲဖြစ်နေတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကို အသုံးပြုပြီး သူတို့ နိုင်ငံရေးစင်မြင့်ကို ပြန်တက်ဖို့ ကြိုးစားတာဖြစ်တယ်။ အဲဒီီလို အခြေအနေမျိုးကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ စစ်အုပ်စုကို နိုင်ငံရေးစင်မြင့်ပေါ်ကို ဘယ်လိုမှ ပြန်ပြီးတက်ခွင့်ပေးလို့မရဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီကိစ္စကို ဆန့်ကျင်ရမယ်။ ဒီကိစ္စကို တိုက်ဖျက်ရမယ်။ ရွေးကောက်ပွဲမဖြစ်အောင် တားဆီးရမယ်ဆိုတာ ကျွန်တော်တို့ ပြောဆိုတာ တစ်နှစ်လောက်ရှိပါပြီ။ ကျိန်းသေတာက စစ်အုပ်စုက လုပ်မယ့် နိုင်ငံရေးအခင်းအကျင်းပေါ့ဗျာ။ အဲဒီီအခင်းအကျင်းထဲမှာ ဝင်တယ်ဆိုတာ စစ်အုပ်ကို အထောက်အကူပြုတာပဲဖြစ်တယ်လို့ ကျွန်တော်တော့ အဲဒီလိုပဲ နားလည်တယ်။ ဘယ်လိုအခြေအနေမျိုးမှာမှ သူတို့ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံရေးလုပ်လို့ ရမှာမဟုတ်ဘူး။ စစ်အုပ်စုဦးဆောင်တဲ့ နိိုင်ငံရေးလမ်းကြောင်းအတိိုင်း လိုက်ပါရမှာဖြစ်တယ်။ ကျိန်းသေတာတော့ စစ်အုပ်စုကို အထောက်အကူပြုတာဖြစ်တယ်လို့ နားလည်ပါတယ်။

မေး – ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေက အကြမ်းမဖက်သောနည်းလမ်း non-voilence နဲ့သွားမယ်၊ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတာမျိုး ပြောဆိုကြတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းဖြစ်စဥ်တွေအရ အဲဒီနည်းလမ်းတွေက အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင် ဦီးအောင်မိုးဇော် ဘယ်လိုယူဆပါလဲ။

ဖြေ – အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ အသုံးပြုမယ်ဆိိုရင် နိိုင်ငံရေးပါတီတွေ ဆန္ဒပြပေါ့။ နိုင်ငံရေးပါတီတွေ မှတ်ပုံမတင်နဲ့ပေါ့။ နိုင်ငံရေးပါတီတွေ တရားဝင် challenge ခေါ်ပေါ့။ တရားဝင်ပြောပေါ့။ အဲဒီလိုမျိုးမလုပ်ဘူး။ ရွေးကောက်ပွဲအလုပ်လုပ်တယ်ဆိုတော့ နည်းနည်းတော့ ရီစရာကောင်းတယ်လို့ ကျွန်တော်တို့ပြောချင်တယ်။ ဆန္ဒပြတာလည်း ငြိမ်းချမ်းတဲ့နည်းပဲဗျ။ ဆန္ဒမပြနိုင်၊ လမ်းပေါ် မထွက်နိုင်ဘူးဆိုရင် ခင်ဗျားတို့ မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ပေါ့။ သတင်းစာရှင်းလင်းပွဲက တဆင့်ပြောပေါ့။ အဲဒီလိုမလုပ်နိုင်ဘူး။ စာထုတ်ပြီးတော့ ပြောပေါ့။ အဲဒီလောက် ငြိမ်းငြိမ်းချမ်းချမ်းလုပ်တဲ့နည်းတွေ ရှိဦးမလား။ အဲဒီလောက်လေးတွေတောင် မလုပ်ဘဲနဲ့ ရွေးကောက်ပွဲ ဝင်မ​ယ့်ကိစ္စကျမှ ငြိမ်းချမ်းတဲ့နည်းဆိုတော့ ရီဖို့မကောင်းဘူးလားဗျာ။

မေး – အခုလိုမျိုး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်မယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေ အပေါ် ပြည်သူတွေက ဘယ်လိုသဘောထားမယ်လို့ ယူဆလဲ။ စစ်ကောင်စီရဲ့ လမ်းကြောင်းအောက်ကို သွားမယ့် နိုင်ငံရေးပါတီတွေရဲ့ လားရာကရော ဘယ်လိုမျိုး အခြေအနေရှိနိုင်ပါလဲ။

ဖြေ – ကျွန်တော်တို့မြင်မိသလောက် နိုင်ငံရေးပါတီတည်ထောင်တယ်ဆိုတာ သူတို့ ယုံကြည်တဲ့ မူဝါဒတွေ၊ သူတို့ ယုံကြည်တဲ့ လုပ်ငန်းစဥ်တွေနဲ့ ပြည်သူကို အလုပ်အကျွေးပြုဖို့ ဖြစ်တယ်ဗျ။ ဒါက နိုင်ငံရေးပါတီတိုင်း၊ ပါတီတိုင်းက ပါတီထူထောင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တယ်လို့ နားလည်တယ်။ သို့သော်လည်း အခု ပြည်သူအများစုက အခု စစ်အုပ်စုကို လက်မခံတော့ဘူးဆိုတာ ကျယ်ကျယ်လောင်လောင်ကို ပြောနေတာဖြစ်တယ်။ ဒီစစ်အုပ်စုကို အင်မတန်မှ ရွံရှာမုန်းတီးနေတာဖြစ်တယ်။ စစ်အုပ်စုကို နိုင်ငံရေးစည်းဝိုင်းအပြင်ဘက် ထွက်သွားအောင် ဝိုင်းပြီး တစ်တိုင်းပြည်လုံးက ကြိုးစားနေကြတာဖြစ်တယ်။ ပြည်သူအများစုက အဲဒီလိုအခြေအနေဖြစ်တယ်။ အဲဒီလိုခြေအနေမှာ ပြည်သူကို အလုပ်အကျွေးပြုပါမယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲဝင်မယ့်ဆိုတော့ ကျွန်တော်တော့ ဘယ်လိုမှ နားမလည်ဘူး။ ဒီပါတီတွေကို နိုင်ငံရေးပါတီတွေလို့ ပြောဖို့ အတော်ခက်ပါတယ်။

မေး – အဲဒီပါတီတွေကို ပြည်သူကရော ဘယ်လိုသဘောထားလိမ့်မယ်လို့ယူဆလဲ။ နိုင်ငံရေးမှာ သူတို့ဆက်လက်ရပ်တည်ဖို့အတွက်…

ဖြေ – ပြည်သူအများစုရဲ့ တံတွေးခွက်မှာ ပက်လက်မျောလိမ့်မယ်လို့ ယူဆပါတယ်။ ကနေ့ စစ်အုပ်စုရှိနေလို့ သေနတ်ကြောက်နေလို့ ပြည်သူအများစုက ငြိမ်ကောင်းငြိမ်နေလိမ့်မယ်။ ဒီအချိန်ကျော်သွားရင် အဲဒီပါတီတွေ အကုန်လုံးကို မြစ်ထဲကန်ချလိမ့်မယ် ပြည်သူအများစုက။

မေး – စစ်ကောင်စီက အခုအချိန်အထိ ရွေးကောက်ပွဲလုပ်မယ့်အချိန်ကိို ထုတ်ဖော်ပြောကြားတာမရှိသေးဘူး။ စစ်ကောင်စီိက အမှန်တကယ်ရွေးကောက်ပွဲ ကျင်းပလိိမ့်မယ်လို့ ထင်လား။ တစ်ဖက်မှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ NLD ၊ အတိုက်အခံ NUG အစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့က ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တိုက်တွန်းထားတာ ရှိတယ်။ ရွေးကောက်ပွဲကျင်းပလာခဲ့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ တိုက်ဖျက်လို့ ရနိုင်မယ်ထင်လဲ။

ဖြေ – ရွေးကောက်ပွဲ လုပ်မယ်၊​ မလုပ်ဘူးဆိုတာ၊ ဘယ်တော့လုပ်မယ်ဆိုတာ မကျိန်းသေဘူးပေ့ါ။ သို့သော်လည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမဝင်ဘူးဆိုတဲ့ ကိစ္စတွေ၊ ရွေးကောက်ပွဲကိို ဆန့်ကျင်ရမယ်ဆိုတဲ့ ကိစ္စတွေ၊ ရွေးကောက်ပွဲကိို ဘယ်လို ဘယ်ပုံဆန့်ကျင်ရမယ်ဆိုတာတွေ ဒီဘက်မှာ ရှိတဲ့ အင်အားစုတွေ စုပြီး လုပ်နေတာ ကြာပါပြီ။​ အခုထိလည်း ဆက်လက်ဆောင်ရွက်နေတုန်းပါပဲ။ ကျိန်းသေတာတော့ ကျွန်တော်တို့ တိုင်းပြည်ထဲမှာ ပြည်သူအများစုက ရွေးကောက်ပွဲကို မဲသွားထည့်ချင်တဲ့စိတ်ဆန္ဒရှိမှာမဟုတ်ဘူး။ သူတို့ထိန်းချုပ်လို့ရတဲ့နယ်မြေတွေမှာတော့ သေနတ်ထောက်ပြီး ကြောက်လို့ မဲသွားပေးချင်ပေးရမှာပေါ့။ သို့သော်လည်း အများစုသော ပြည်သူအများစုက ဒီရွေးကောက်ပွဲကို ဘယ်လိုမှ မဲပေးချင်တဲ့ စိတ်ဆန္ဒရှိလိမ့်မယ်လို့ ကျွန်တော် မယူဆဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲကို ကျွန်တော်တို့ တားဖို့ ဆီးဖို့ လိုတယ်လို့ ယူဆပါတယ်။

မေး – တော်လှန်ရေးရဲ့ လက်ရှိအခြေအနေနဲ့ လားရာကိုရော ဘယ်လိုသုံးသပ်ချင်ပါလဲ။

ဖြေ – ဒီလှုပ်ရှားမှုက ကျွန်တော်တို့ နိုင်မယ့် လှုပ်ရှားမှုလို့ နားလည်တယ်။ အချိန်ဘယ်လောက်အထိ ကြာမယ်၊ မကြာဘူးတော့ ကျွန်တော် မပြောတတ်ဘူး။ သို့သော်လည်း ဒီလှုပ်ရှားမှုက ကျွန်တော်တို့ နိုင်ကိိုနိုင်မယ့် လှုပ်ရှားမှုဖြစ်တယ်။ နိုင်ကို နိုင်မယ့် တော်လှန်တဲ့လှုပ်ရှားမှုဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ကျေးဇူးတင်ပါတယ်။