▪︎NUG ၊ KNU၊ KNPP၊ CNF ပူးတွဲထုတ်ပြန်ချက် ဆက်သွယ်ရေးတာဝန်ရှိသူပဒိုစောဆာကဒါးဖောစိုးနှင့်မေးမြန်းခန်း
လူသားချင်းစာနာမှု အကူအညီ အရေးပေါ်လိုအပ်နေတဲ့ မြန်မာပြည်သူများအား အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်း ကူညီပေးဖို့ တိုက်တွန်းချက် တစ်ရပ်ကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့က မေလ ၁၀ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုများကြောင့် နိုင်ငံတဝန်းရှိ ပြည်သူ ၁ ဒသမ ၅ သန်းကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေတဲ့ အခြေအနေမှာ စစ်ကောင်စီက အကူအညီပေးအပ်မှုတွေ ပြင်းထန်စွာပိတ်ဆို့ တားဆီးနေလို့မြန်မာနိုင်ငံဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတစ်ရပ်ကို ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်မှာ အသိပေးထားပြီး အကူအညီလိုအပ်နေသူတွေကို ထောက်ပံ့မှု ပေးနိုင်ရေး နည်းလမ်းများကို အမြန်ဆုံးဖော်ဆောင်ပေးရန် အရေးတကြီးလိုအပ်နေကြောင်း အာဆီယံ၊ ကုလအပါအဝင်နိုင်ငံတကာကို အသိပေး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်သူတွေကို အကူအညီပေးဖို့ တောင်းဆိုတိုက်တွန်းတဲ့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဆက်သွယ်ရေး တာဝန်ရှိသူ ပဒိုစောဆာကဒါးဖောစိုး ကို People’s Spring သတင်းဌာနက မေလ ၁၀ရက်မှာ ဆက်သွယ်မေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။


မေး-NUGနဲ့တိုင်းရင်းသားတပ်ဖွဲ့တွေပူးပေါင်းထုတ်ပြန်ချက်ရဲ့ နောက်ဆုံးအပိုဒ်မှာလူသားချင်းစာနာကူညီမှုလုပ်ငန်းတွေမှာ အာဆီယံရယ်၊ ကုလသမဂ္ဂနဲ့ ပြင်ပမိတ်ဖက်အဖွဲ့အစည်းတွေ ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်း ဆောင်ရွက်ဖို့တိုက်တွန်းထားတာတွေ့ရပါတယ်။ ဘာကြောင့်အခုလိုတိုက်တွန်းချက်ထုတ်ပြန်ရသလဲဆိုတာ ရှင်းပြပေးပါလား။
ဖြေ-ကျွန်တော်တို့က ကုလသမဂ္ဂ တစ်ခုတည်းက လုပ်ရင် ကျွန်တော်တို့က အာဆီယံ အသိုင်းအဝန်းထဲမှာလည်း ရှိတယ်ဆိုတော့ အားလုံးလက်တွဲပြီး လုပ်စေချင်တယ်။ နောက်ပြီး မိတ်ဖက်အဖွဲ့အစည်းဆိုတဲ့ အထဲမှာက မြန်မာပြည်ကို ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီချင်တဲ့သူတွေ အများကြီးရှိတယ်လေ။ ဆိုတော့ ကျွန်တော်တို့က အားလုံးလက်တွဲပြီး လုပ်ရမယ့် အလုပ်တစ်ခုလို့ ကျွန်တော်တို့က မြင်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ဒီစာမှာက အားလုံး မိတ်ဖက်အဖွဲ့အစည်းနဲ့ ကုလသမဂ္ဂရယ် အာဆီယံရယ်၊ မိတ်ဖက်အဖွဲ့အစည်း တွေအားလုံး အတူတကွ လုပ်ဖို့အတွက် ကျွန်တော်တို့က တောင်းဆိုရတာပေါ့နော်။

မေး-လက်ရှိမှာရော ကုလတို့ မိတ်ဖက်အဖွဲ့တွေနဲ့ အာဆီယံက အကူအညီပေးနေတဲ့အပိုင်းက ဘယ်လိုပုံစံရှိပါသလဲ။ ဘာတွေလိုအပ်ချက်တွေရှိပါသလဲ။

Public Service Announcement
ဖြေ-ကုလသမဂ္ဂ အဖွဲ့အစည်းရဲ့ အောက်တည့်တည့်မှာကတော့ အကူအညီပေးဖို့အတွက်က စစ်ကောင်စီရဲ့ တားမြစ်ချက်တွေကြောင့် ကျွန်တောတို့ရဲ့ ဒေသတွေပေါ့ လွတ်မြောက်နယ်မြေပေါ့ တကယ့် IDP စစ်စစ်တွေပေါ့၊ ပြောရမယ်ဆိုရင် တကယ့် အတိဒုက္ခရောက်နေတဲ့ သူတွေရဲ့ဒေသကိုရောက်ဖို့ကတော့ တော်တော်ခက်တယ်။ သူတို့က ခွင့်မပြုတာပေါ့နော်။ စစ်ကောင်စီအဖွဲ့ကပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ နယ်စပ်မှာက အနည်းနဲ့အများလေးတော့ အသက်ရှင်ရေးအတွက် ရှိတာပေါ့။ အာဆီယံကတော့ သူတို့ရဲ့ အာဆီယံ ဥက္ကဋ္ဌ ပြောင်းလဲပြီးနောက်မှာ အင်ဒိုနီးရှားက ဦးဆောင်ပြီး လုပ်တဲ့နေရာမှာတော့ သူတို့ ကြိုးစားပြီးလုပ်တာတော့ ရှိတယ်။ ဒါပေမဲ့ အသီးအပွင့်တော့ အခုထက်ထိ မတွေ့ရသေးဘူး။ ဒါလည်း သူတို့ အခက်အခဲတွေ တချို့တဝက်ရှိမယ်လို့ ကျွန်တော်တို့ ထင်တာပေါ့။

မေး-အာဆီယံ ၊ ကုလနဲ့ နိုင်ငံတကာ အကူအညီတွေ မြန်မာဒုက္ခသည်တွေဆီရောက်ဖို့ဆိုတာမှာ အဓိက အဟန့်အတားက စစ်ကောင်စီဖြစ်နေတဲ့ သဘောလား။
ဖြေ-ဒါကတော့ ကျိန်းသေပေါ့။ သူတို့က ဒီလိုမျိုး မဖြစ်ဖြစ်အောင်လုပ်ထားတဲ့နောက်ပိုင်းမှာ တော်လှန်ရေးအဖွဲ့အစည်းတွေ ၊ ဒီမိုကရက်တစ် ဖက်ဒရယ်ကိုလိုချင်တဲ့သူတွေရဲ့ အင်အားကိုဆုတ်ယုတ်အောင်လုပ်တာလည်း တစ်ခုပါမှာပေါ့။ဒါကိုတော့ ဆရာတို့လည်းသိမှာပါနော်။ သူတို့ကတော့ ကြိုးစားပြီးဖျက်တာပေါ့။
မေး-အခုထုတ်ပြန်ချက်မှာ တိုက်တွန်းထားသလို အာဆီယံရယ်၊ကုလရယ် မိတ်ဖက်အဖွဲ့တွေပေါင်းပြီးလုပ်မယ်ဆိုရင် အားသာချက်က ဘာဖြစ်မလဲ။ ဘယ်လိုပုံစံ ကူညီတာမျိုးက အသင့်တော်ဆုံးဖြစ်မလဲ။
ဖြေ-ဒီ စတိတ်မန့်(ထုတ်ပြန်ချက်)တစ်ခုထွက်လာတဲ့အပေါ်မှာ ပြည်တွင်းကနေ ဖြစ်လာဖို့ဆိုတာက အခက်အခဲအများကြီးရှိတယ်။ ကျွန်တော်တို့ကတော့ လက်ရှိ ရှိနေတဲ့ နယ်စပ်ဖြတ်ကျော်ပြီး ကူညီတဲ့ဟာကို အားထပ်ဖြည့်ဖို့။ လိုအပ်တဲ့ အကူအညီတွေကလည်း အရင်ထက်များနေတဲ့ ဟာတွေအပေါ်မူတည်ပြီး နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်းတွေ ပဲဖြစ်ဖြစ် ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေအတွက်ပဲဖြစ်ဖြစ်ပေါ့နော် ဒါကတော့ လိုအပ်မှုတစ်ခုဖြစ်လာတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က ကုလသမဂ္ဂရယ် အာဆီယံအဖွဲ့အစည်း အသိုင်းအဝိုင်းရယ် နိုင်ငံတကာက မိတ်ဖက် အဖွဲ့အစည်းတွေကို နယ်စပ်ဖြတ်ကျော်ပြီးတော့ ကူညီတဲ့ဟာကို ပိုပြီးတော့ အားကောင်းလာစေချင်တာပါ။
မေး-အခုထုတ်ပြန်ချက်ရဲ့ ဆိုလိုရင်းက ပြည်တွင်းကနေ ကူညီပေးဖို့ အဆင်မပြေတဲ့အတွက် နယ်စပ်ဖြတ်ကျော်တဆင့် ကူညီဖို့ ပိုအားကောင်းအောင်တောင်းဆိုတာပေါ့။
ဖြေ-ဟုတ်ကဲ့ပါ။
မေး-အဲဒါဆိုရင် ပြည်တွင်းမှာ စစ်ကိုင်းနဲ့ မကွေးလို ဒေသက ပြည်သူတွေအတွက်ရောဘယ်လိုစဉ်းစားထားပါသလဲ။
ဖြေ-တကယ်လို့ဖြစ်နိုင်ရင် ဒါက ကျွန်တော်တို့တွေးတောချက်ပေါ့။ ဖြစ်နိုင်ရင်တော့ နယ်စပ်ကပဲ ဖြစ်ဖြစ်ပြည်တွင်းကပဲ ဖြစ်ဖြစ် ဒုက္ခရောက်တဲ့သူမှန်သမျှကို ကျွန်တော်တို့က ဒီအကူအညီတွေ ရောက်စေချင်တာပဲ။ဒါပေမဲ့ စစ်ကောင်စီက အမျိုးမျိုးလိုက်နှောက်ယှက်နေတာတွေလည်းရှိတဲ့အတွက်တချို့နေရာတွေကိုရောက်နိုင်သလို တချို့နေရာတွေ မရောက်နိုင်ဘူးပေါ့။ ကျွန်တော်တို့ကတော့ စစ်ကိုင်းနဲ့ မကွေးကို အမြဲတမ်းစဉ်းစားပေးတယ်။ အခုလောလောဆယ်ဖွင့်ပြောလို့မရတဲ့ တချို့ဟာတွေတော့ရှိတယ် ဘယ်လမ်းက သွားဖို့ဆိုတာကတော့ဖွင့်ပြောလို့မရနိုင်တာတွေလည်းရှိတယ်။ ဒါပေမယ့် ဒီမှာ အလုပ်လုပ်နေတဲ့ စစ်ကိုင်း မကွေးမှာ အလုပ်လုပ်နေတဲ့ သူတွေကတော့ သူတို့က ကြိုးစားတာပဲ ရောက်နိုင်တဲ့လမ်းကနေရောက်လာတဲ့ပစ္စည်းကို ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကိုကူညီတာက သူတို့ရဲ့ ကြိုးပမ်းမှုပေါ့။ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့က ဂုဏ်ယူပါတယ်။ ဘယ်လမ်းက လာရမယ်ဆိုတာလောလောဆယ်တော့ပြောလို့မရသေးဘူးပေါ့။

မေး-ပြည်တွင်းမှာ တိမ်းရှောင်ရတဲ့ လူဦးရေက သန်းနဲ့ချီရှိတာဆိုတော့ လိုအပ်ချက်ကြီးမားနေတဲ့ အပေါ်မှာ အကူအညီပေးရေး ပိုအားကောင်းအောင် လုပ်တာမျိုးလား၊ဥပမာနယ်စပ်ကိုအကူအညီရောက်ရင် ပြည်တွင်းကိုလည်း ပံ့ပိုးလို့ရတယ်ဆိုတာမျိုးလား။
ဟုတ်ကဲ့ပါ။ ကျနော်တို့ကအရင်တုန်းကတော့ စစ်အာဏာမသိမ်းခင်က ကျနော်တို့မှာ ရှိသင့်ရှိထိုက်တဲ့ ၊ ရှိသင့်ရှိထိုက်တယ်ဆိုတာက စစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် တိမ်းရှောင်နေရတဲ့ ပြည်သူကတော့ ရှိတာပေါ့။ ဒါပေမဲ့ ဒီလောက်ကြီး လူဦးရေမများဘူးပေါ့။ အခုကတော့ နေရာဒေသတိုင်း တိုင်းနဲ့ ပြည်နယ် နေရာစုံမှာ ဖြစ်နေတယ်ဆိုတော့ ဒုက္ခ ရောက်နေတဲ့ ပြည်သူတွေက သန်းနဲ့ချီပြီးဖြစ်နေပြီပေါ့။ အဲဒီအပေါ်မှာ အကူအညီပေးဖို့ အတွက်က အရင်ကရှိနေတဲ့ အကူအညီနဲ့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလေ။ အဲဒီအပေါ်မှာ မူတည်ပြီး လူသားချင်းစာနာမှု အကူအညီတွေကို ဒီထက်အားကောင်းဖို့ ဒီထက်ပိုပြီးရဖို့ ဒီထက်ပိုပြီးပံ့ပိုးဖို့ဆိုပြီးတော့ ကျနော်တို့ အကူအညီလှမ်းပြီး တင်ပြတဲ့ဟာပေါ့။
မေး-ပြည်တွင်းမှာ အခုလို ဒုက္ခသည်တွေအများကြီး ဖြစ်လာအောင် စစ်ကောင်စီက တမင်ရည်ရွယ်ပြီး ရွာတွေကို မီးရှို့တယ်လို့ သုံးသပ်လို့ရလား။
ဖြေ-ဒါကတော့ နေ့တိုင်းတွေ့နေရတဲ့ ကျွန်ျတာ်တို့ရဲ့ စိန်ခေါ်မှုပေါ့။ သူတို့က ပြည်သူတွေကို ဒုက္ခ မရောက်ရောက်အောင်လုပ်မယ်။ ပြီးလို့ရှိရင် သူတို့ကို ဆန့်ကျင်နေတဲ့ ဒီမိုကရေစီကို ပံ့ပိုးထောက်ခံနေတဲ့ သူတွေအားလုံးကို ဒုက္ခမရောက်ရောက်အောင် လုပ်ပြီးတော့ ဖိအားတွေများလာစေဖို့အတွက် ရွာတွေကို စစ်ပွဲမရှိဘဲနဲ့လည်း တချိန်လုံး လက်နက်ကြီးတွေနဲ့ပစ်၊ လေယာဉ်တွေနဲ့ ဗုံးကြဲ ဒါက နေရာတိုင်းမှာဖြစ်နေတာ။ သူတို့က ဘာသာရေးအဆောက်အအုံလည်းမရှောင် ဆေးရုံလည်းမရှောင် ဒါမျိုးတွေလုပ်နေတယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့အားလုံး သုံးသပ်မိတာက ဒါသပ်သပ်ကို လုပ်နေတယ်ဆိုတာကို သုံးသပ်မိပါတယ်။
မေး-ဒါဆို စစ်ကောင်စီက တစ်ဖက်မှာစစ်ရှောင်တဲ့ ၊ဒုက္ခရောက်တဲ့ လူထုတွေများအောင်လုပ်သလို တစ်ဖက်မှာလည်း အကူအညီ နဲ့ ကယ်ဆယ်ရေးလမ်းကြောင်းတွေကိုပိတ်တယ်ဆိုတဲ့ အနေအထားပေါ့။အဲလိုလုပ်တဲ့အပေါ် ဘာပြောလိုပါသလဲ။
ဖြေ-ဒါကတော့ လူမဆန်တဲ့အလုပ်ပေါ့။ သူတို့ (စစ်ကောင်စီ)က လူတွေကို သပ်သပ် ဒုက္ခရောက်အောင် ဒုက္ခပေးတယ်။ ပြီးလို့ရှိရင် အကူအညီတွေလည်းမရောက်အောင်လမ်းကနေ ဖြတ်တားတယ်။ ဒါက ကျွန်တော်တို့ လေး၊ ငါး၊ ခြောက်ကြိမ် တွေ့ခဲ့ဖူးပြီ။ လူသားချင်းစာနာမှု အထောက်အကူပြု ပစ္စည်းတွေသွားပို့မယ်လူတွေကို ဒုက္ခပေးတာတို့၊ မီးရှို့တာတို့ သတ်ဖြတ်တာတို့ ဒါတွေကတော့ အမြဲတမ်း ကြုံတွေ့ခဲ့ဖူးတဲ့ဟာတွေဆိုတော့ ကျွန်တော်တို့ အားလုံးလည်း သိပါတယ်။ ဒီ စစ်ကောင်စီကတော့ ဒီလိုဟာမျိုးတွေ သပ်သပ်ဖန်တီးနေတာပါ။

မေး-ဒီလိုအကြပ်အတည်းက အရမ်းကြီးမားလာတော့ ဖြေရှင်းနိုင်ဖို့ ဘာလိုအပ်ချက်တွေရှိမလဲ။ ဒီအပေါ်နိုင်ငံတကာကို ဘာတွေတိုက်တွန်းလိုပါသလဲ။
ဖြေ-နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကျနော်တို့ တင်ပြထားတဲ့ စတိတ်မန့်ပေါ့နော် လူသားချင်းစာနာမှု အကူအညီပေးဖို့အတွက် ကျွန်တော်တို့ တင်ပြထားပြီးသွားပြီဆိုတော့ နိုင်ငံတကာကလည်း လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံတွေက အားလုံးလက်တွဲပြီး ပါဝင်ဆောင်ရွက်မယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ သူတို့မှာလည်း အခက်အခဲတချို့တော့ရှိလိမ့်မယ်။ ဒါမေမဲ့ လူသားချင်းစာနာမှုအကူအညီတွေကို လိုအပ်တဲ့လူတွေဆီရောက်ဖို့အတွက် ကျွန်တော်တို့ ပို့ပေးနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အခက်အခဲတော့ အများကြီးရှိမှာပေါ့။
မေး-ဒုက္ခရောက်တဲ့သူတွေကို ကူညီတယ်ဆိုတာကတော့ လတ်တလော ပြဿနာဖြေရှင်းနည်းပေါ့။ ဒါမျိုးတွေ အဆုံးသတ်ဖို့ အဓိကလိုအပ်ချက်ကဘာတွေဖြစ်မလဲ။
ဖြေ-အဲဒါကတော့ စစ်ကောင်စီကို သူတို့ ပြည်သူ့အုပ်ချုပ်ရေး ပြည်သူ့အာဏာပေါ့နော် အဲဒါ ပြန်ပြီး ပြည်သူလက်ထဲ ပြန်ထည့်ဖို့ဆိုတာက ကျွန်တော်တို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပေါ့နော်။ အဲဒီအပေါ်မှာ အဲဒီလို ပြန်ပေးမှပဲ ဒါတွေအဆုံးသတ်သွားမှာပေါ့။ သူတို့ကတော့ စစ်တန်းလျားကို ပြန်ဖို့ ဒီမတရားယူထားတဲ့ အာဏာကို ပြန်ပြီး ပေးအပ်ဖို့ဆိုတာ ဒါကတော့ သူတို့ လုပ်ရမယ့်ဟာ။ အဲဒါတွေလုပ်မှပဲကျွန်တော်တို့လူတိုင်းမြန်မာပြည်သားတွေအားလုံး ကြုံတွေ့နေရတဲ့ ပြဿနာ ဒုက္ခတွေ အဆုံးသတ်သွားမယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်။
မေး-အခြားဘာတွေဖြည့်စွက်ပြောလိုပါသလဲ။
ဖြေ-အခြားကတော့ ဘာမှမရှိပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအားလုံးကို တောင်းဆိုချင်တာက ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အမြန် ကူညီပေးဖို့ နောက်ပြီးတော့ ဒုက္ခတွေ မရောက်ရောက်အောင် လုပ်နေတဲ့ SAC(စစ်ကောင်စီ)ကို ဖိအားတွေပေးဖို့ တောင်းဆိုချင်ပါတယ်။ ။
