Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကျနော်တို့ကို မထိုးဖောက်နိုင်ဘူး”

လက်ရှိစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီအား People’s Spring သတင်းဌာနက ဇွန်၁ ရက်​နေ့ညနေပိုင်းမှာ ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။

(ချင်းအမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီ ၊ ထန်တလန်မြို့အတွင်းတစ်​နေရာနှင့် တိုက်ပွဲဖြစ်ပွား​နေစဥ်။ ဓါတ်ပုံ-CNA ၊The Chin Journal)
(ချင်းအမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီ ၊ ထန်တလန်မြို့အတွင်းတစ်​နေရာနှင့် တိုက်ပွဲဖြစ်ပွား​နေစဥ်။ ဓါတ်ပုံ-CNA ၊The Chin Journal)

▪︎ချင်းအမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနဲ့ မေးမြန်းချက်

ဟားခါးနဲ့ထန်တလန်ကြားမှာမေလ ၂၉ရက်ကစ၍ ချင်းအမျိုးသားတပ်မတော်(CNA)၊ ဒေသခံချင်းကာကွယ်ရေးတပ်(CDF) တပ်ဖွဲ့​တွေပါဝင်တဲ့ ချင်းပူးပေါင်းတပ်​တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ​တွေဖြစ်ပွား​နေပါတယ်။တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေပါတယ်။ ချင်းပူးပေါင်းတပ်​တွေအဓိကစိုးမိုးထားတဲ့၊ CNF/CNA ဌာနချုပ်တည်ရှိရာ ထန်တလန်ကို စစ်တပ်ကမြေပြင်က​နေထိုးစစ်ဆင်သလို ဟားခါးမှ လက်နက်ကြီးနဲ့ပစ်ကူ​ပေးတာ၊ လေကြောင်းက​နေတိုက်ခိုက်တာ​တွေပါအပြင်းအထန်ပြုလုပ်တာဖြစ်ပါတယ်။ တိုက်ပွဲအစပိုင်းရက်မှ ချင်းပူး​ပေါင်းတပ်​တွေဘက်ကကျဆုံးထိခိုက်မှု​တွေရှိ​ပေမယ့် အခုအခါမှာချင်းပူးပေါင်းတပ်က အင်အားဖြည့်တင်းပြီး​တော့ တန်ပြန်ထိုးစစ်ဆင်မှု​တွေပြုလုပ်​ပါတယ်။ လက်ရှိစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီအား People’s Spring သတင်းဌာနက ဇွန်၁ ရက်​နေ့ညနေပိုင်းမှာ ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။

မေး။ ဟားခါးနဲ့ ထန်တလန်ကြားတိုက်ပွဲ​ကိုရှင်းပြပေးပါလား။

​ဖြေ- ဟားခါး-ထန်တလန်ကြား တိုက်ပွဲကတော့စစ်ကောင်စီတွေက ဟားခါးကနေ ထန်တလန်ဘက်ကို မေလ ၂၆ရက်နေ့မှာ စစ်ကြောင်း ၂ ကြောင်းခွဲပြီးတက်လာတယ်။ စစ်ကြောင်း တက်မလာခင်မှာ သုံးရက်က လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ လမ်းကြောင်းရှင်းတဲ့သဘော သုံးရက် ဗုံးကြဲတိုက်ခိုက်မှုလုပ်တယ်။ အဲဒါပြီးမှ ၂၆ရက်နေ့မှာ မြေပြင်ကနေ တက်လာတယ်။ အဲဒီမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်တဲ့အပြင် သူတို့က လေကြောင်း တိုက်ခိုက်မှုကို နေ့စဉ်ရက်

ဆက်လုပ်တာပေါ့။ အဲဒီမှာကျနော်တို့ဘက်က ၁၁ယောက်၊ အခုနဲ့ဆိုရင် ၁၂ယောက်ကျတာပေါ့။ အဓိကက ကျနော်တို့ ဒဏ်ရာရ ရဲဘော်တစ်ဦးကိုသွားကယ်တဲ့နေရာမှာ သူတို့ လက်နက်ကြီးကျည်ထိပြီး ကျသွားတာဖြစ်တာပေါ့။ ကျနော်တို့ဘက်ကလည်း လက်ဖြောင့်စနိုက်ပါနဲ့ ပစ်တယ်။ ပြီးတော့ ဒရုန်းနဲ့ ကျနော်တို့လည်း အတက်နိုင်ဆုံး တိုက်ခိုက်တာပေါ့။ အဲဒီမှာ သူတို့ဘက်က ၂၇ယောက်တောင်ကျတယ် ဒီနေ့အထိ။ ဆိုတော့ စစ်ကြောင်းနှစ်ကြောင်း ပုံစံမှာ စစ်ကြောင်းတစ်ကြောင်းက မြေပြင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေမရှိတော့ဘူးပေါ့နော်။ သူတို့ ပြန်ဆုတ်သွားသလား ကျနော်တို့ မသိဘူး။ ကျနော်တို့ဘက်က သေနတ် နှစ်လက်နဲ့ ကျည်ဆံရထားတာပေါ့။အဲဒါ ဒီနေ့မနက်စောစောအထိတိုက်ပွဲက ရှိနေတာပေါ့။ ညနေအထိတော့ မြေပြင်သတင်းက မလာသေးဘူး။ အဲဒီအနေအထားရှိပါတယ်။

Public Service Announcement

Public Service Announcement

​မေး-စစ်ကောင်စီတပ်တွေရဲ့ ဦးတည်ချက်ကိုဘယ်လိုသုံးသပ်လို့ရပါသလဲ။

​ဖြေ-အဓိက သူတို့ ဦးတည်ချက်ကတော့ ဒီဟားခါးနဲ့ ထန်တလန်အကြားမှာ ကျနော်တို့ တပ်တွေကို ချေမှုန်းပြီးတော့ ထန်တလန် အထိုင်တပ်စခန်းကို အင်အားဖြည့်ပြီးတော့မှ နယ်မြေစိုးမိုးဖို့ သူတို့က အဲဒါကြောင့် အဲဒီလို တိုက်ခိုက်မှုလုပ်တယ်။ မနှစ်ကလည်း အခုနှစ်ပုံစံပါပဲ စစ်အင်အားအလုံးအရင်းနဲ့ သူတို့ကလာတာဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ကို မထိုးဖောက်နိုင်ဘူး။ အခုဒီနှစ် အဲဒီလို စစ်ဆင်ရေးပြန်ထိုးလာတာပေါ့။

​​မေး- စစ်တပ်ကဒီလိုထိုးစစ်ဆင်လာတဲ့အပေါ် ချင်းပူးပေါင်းတပ်တွေဘက်က ဘယ်လို ပြင်ဆင်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်ဆိုတာ အသိပေးလို့ရရင် ​ပြောပြပေးပါလား။

​ဖြေ-ကျနော်တို့က သူတို့ ဆွဲထားတဲ့ ဗျူဟာ သူတို့လက်နက်တွေ၊ သူတို့လက်နက်တွေ ၊ သူတို့လှုပ်ရှားမှုကို ကျနော်တို့က အတက်နိုင်ဆုံး အဲဒီ စစ်ဆင်ရေးကို ဘယ်လိုတုံ့ပြန်မှုတွေလုပ်မလဲဆိုတာ ပြင်ဆင်မှုတွေလုပ်တာပေါ့။ ပြင်ဆင်မှုဆိုတာ တသမတ်တည်းသွားလုပ်လို့မရပါဘူး။ သူတို့လှုပ်ရှားမှု သူတို့အင်အားနဲ့ သူတို့လက်နက်အနေအထားတွေပေါ့ အဲဒါတွေကအစပေါ့။ ပြင်ဆင်မှု ဆိုတဲ့နေရာမှာ ကျနော်တို့ ချင်းအမျိုးသားတပ်မတော်တင်မဟုတ်ဘဲနဲ့ အဲဒီမှာ အခြေချနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့နဲ့ အဲဒီလိုနဲ့ ပူးပေါင်းစစ်ဆင်ရေးပုံစံ ကျနော်တို့က ပြန်ပြီးတုံ့ပြန်တိုက်ခိုက်တာပေါ့။

​မေး-CDF လေးဖွဲ့ဆိုတာကဘယ်အဖွဲ့တွေဖြစ်ပါသလဲ။

​ဖြေ- အဲဒီမှာ ကျနော်တို့ချင်းအမျိုးသားတပ်မတော် (CNA)က ဒီမှာ စစ်ကြောင်းမှူးအနေနဲ့လုပ်ပြီးတော့ ဇိုဖေ(CDF-Zophei)၊ လောက်တူ(CDF-Lautu)ရယ်၊ ဟားခါး (ဟားခါး-CDF)၊ ထန်တလန်(ထန်တလန်-CDF) လေးဖွဲ့ပေါ့။ အဲဒီလေးဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ပူးပေါင်းစစ်ဆင်ရေး ပြန်လည်ပြီး တုံ့ပြန်တိုက်ခိုက်တာပေါ့။

​မေး-စစ်ကောင်စီ စစ်ကြောင်း နှစ်ကြောင်းက အင်အား ဘယ်လောက်ရှိပါသလဲ။

​ဖြေ-သူတို့ အခုတခါ လာတာတော့ ၁၅၀ ခန့်မှန်းတယ်။ အဲဒီ ၁၅၀ကို နှစ်ဖွဲ့ခွဲတာပေါ့။ စစ်ကြောင်း တစ်ကြောင်းမှာ ၆၀၊ ၇၀ စသဖြင့် အဲဒီလိုခွဲပြီး စစ်ကြောင်း တက်လာတာပေါ့။

​မေး-ထန်တလန်ကို သူတို့ ရောက်လာနိုင်လား။

​ဖြေ-ကျနော်တို့ အနေနဲ့ကတော့ မနှစ်ကထက်စာရင် ဒီနှစ်က ကျနော်တို့မှာ တိုက်ရည်ခိုက်ရည်ပိုပြီး အားကောင်းလာတာပေါ့။ ပြင်ဆင်မှုလည်း ပိုအားကောင်းလာတာပေါ့။ အဓိက ကဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ရေးကျွမ်းကျင်မှု အတွေ့အကြုံတွေရလာပြီဆိုတော့ ကျနော်တို့ကို ဖောက်ထွက်ဖို့တော့ လွယ်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုရင် ကျနော်တို့ဘက်က ပြင်ဆင်မှုအားကောင်းတယ်။ သူတို့ အင်အားကြည့်ရင်လည်း သူတို့က ၁၅၀လောက်ပဲရှိတယ်။ အဓိက သူတို့အားကိုးတာက လေယာဉ်နဲ့ လက်နက်ကြီးကို အားကိုးရတာပေါ့။ ဒါပေမဲ့ ချင်းတောင်မှာ ဒီနေ့အထိက ဗုံးကြဲလေယာဉ် အသုံးပြုတာက ဘာမှ ထိရောက်မှုမရှိပါဘူး။ အထိအခိုက်အကျဆုံးဆိုတာ ကျနော်တို့ဘက်က အင်မတန်မှနည်းပါးတယ်။ ဒါကိုလည်း စစ်ကောင်စီက သိမှာ ပါ။ သူတို့ လေယာဉ်သုံးတာကလည်း သူတို့ မြေပြင်စစ်ဆင်ရေးမှာ အောက်ခြေကနေ ရှေ့တိုးနိုင်အောင် သူတို့က လမ်းကြောင်းရှင်းပေးတဲ့ အနေအထားလောက်ပဲရှိတယ်။သူတို့မှာမြေပြင်မှာ အင်အားမရှိတော့လို့ စစ်ကောင်စီက လေယာဉ်ဖိသုံးနေတာ။

​မေး-အခု ထန်တလန်မြို့နယ်တစ်ခုလုံးကို စိုးမိုးနိုင်မှု အခြေအနေကို ပြောပြပေးပါလား။

​ဖြေ-ထန်တလန်မြို့ပေါ်မှာတော့ သူတို့(စစ်တပ်)နဲ့ ကျနော်တို့(ချင်းပူး​ပေါင်းတပ်) နဲ့ နှစ်ဖွဲ့ရှိတယ်။ ဒါပေမဲ့ စိုးမိုးတဲ့နေရာမှာ သူတို့က အထိုင်တပ်စခန်း ကုန်းပေါ်လောက်ပဲသူတို့က စိုးမိုးနိုင်တယ်ပေါ့။ ကျနော်တို့က မြို့ရဲ့ သုံးပုံနှစ်ပုံကတော့ ကျနော်တို့က စိုးမိုးထားတာပေါ့။

​မေး-ထန်တလန်မြို့နယ်မှာ CNF/CNA ရဲ့ ဌာနချုပ်ဗစ်တိုးရီးယားစခန်းရှိတာ့ ဌာနချုပ်ကို ဦးတည် ပစ်မှတ်ထားလာတာလို့ ပြောလို့ရပါသလား။

​ဖြေ-အဓိကတော့ ကျနော်တို့ ဗစ်တိုးရီးယားကိုဦးတည်တာပါပဲ။ အဲဒီလိုဦးတည်နိုင်ဖို့ရှေ့တန်းမှာ ကျနော်တို့ကိုထိုးဖောက်နိုင်ဖို့ ပေါ့။ အဲဒါက ဘယ်တော့မှ ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်လည်း အဲဒါပါပဲ။ ဘာဖြစ်လို့ ဦးတည်လဲဆိုတော့ စစ်ကောင်စီက မင်းအောင်လှိုင်ပြောထားတာ NUGနဲ့ချိတ်ဆက်နေတဲ့ အဖွဲ့အစည်းအားလုံးကို ချေမှုန်းမယ်ဆိုတာက ရှိတာပေါ့။ ဆိုတော့ ကျနော်တို့ အတွင်းသတင်းအရ ဒီနှစ် ချင်းတောင်၊ ကရင်နီနဲ့ စစ်ကိုင်းတိုင်းကို လေကြောင်းကနေ ဖိတိုက်မယ်ဆိုတာ ကျနော်တို့ သတင်းရရှိထားတာရှိတာပေါ့နော်။

​မေး-လက်ရှိ စစ်ရေးအရှိန်မြင့်နေတဲ့အပေါ် ဘာပြောလိုပါသလဲ။

​ဖြေ-စစ်ကောင်စီရဲ့လှုပ်ရှားမှုက အားလုံးက သိပြီးသားပဲ။ သူဘယ်လမ်းကိုလျှောက်မယ်ဆိုတာ ကျနော်တို့ ပြည်သူတွေကအစ ကျနော်တို့က သိပြီးသားပဲ။ သူတို့က သူတို့ မြန်မာ့နိုင်ငံရေးမှာရေရှည်ရပ်တည်နိုင်ရေး၊ ပြီးတော့ သူတို့နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ချင်းတောင်တင်မဟုတ်ဘူး တစ်ပြည်လုံးကိုအဲဒီလို လုပ်နေတာ အားလုံးအသိပဲ။ သူတို့ကတော့ ဆက်လုပ်နေမှာပဲ။ စစ်ကောင်စီ ပြုတ်ကျဖို့အတွက် စစ်ရေးနည်းအပြင် သံခင်း တမန်ခင်းကအစ ဘက်ပေါင်းစုံကနေ ကျနော်တို့ ပြင်ပြီးတော့ မဟာမိတ်ညီအကိုတွေ၊ မြေပြန့်က NUG၊ PDF တွေနဲ့တော့ကျနော်တို့က ပေါင်းပြီးတော့ ဟန်ချက်ညီညီ ဆက်လက်ပြီးတော့ တုံ့ပြန်တိုက်ခိုက်သွားမှာပဲ။

​မေး-ဒီလိုတုန့်ပြန်ဖို့ ဆိုတာမှာ စစ်ရေးအရှိန် တစ်ပြိုင်တည်း ဆောင်ရွက်ဖို့ဆိုတာမျိုးကရော ဘယ်လိုရှိပါသလဲ။

​ဖြေ-တစ်ပြိုင်တည်းဆိုတာထက် ကျနော်တို့က ပူးပေါင်း တိုက်ပွဲတွေဝင်မယ်။ စစ်ရေးသုံးသပ်မှုတွေကို ကျနော်တို့ထိပ်ပိုင်းခေါင်းဆောင်တွေက လုပ်ပြီး အမြဲတမ်းချိတ်ဆက်မှုတွေလုပ်နေတာပေါ့။ ဒီနေရာမှာ ကျနော်တို့ ပူးပေါင်းတိုက်မယ်ဆိုတာထက် ရှိတဲ့နေရာ အသီးသီးကနေ စစ်ကောင်စီကိုဖြုတ်ချနိုင်အောင် အလျဉ်းသင့်ရင်သင့်သလိုပေါ့။ တိုက်ပွဲဆိုတာ ပူးပေါင်းတိုက်မယ်ဆိုတာ တစ်နေရာနဲ့ တစ်နေရာ စစ်ဆင်ရေးက တူမှာ မဟုတ်ဘူး။တစ်နေ့တည်းနဲ့ ပူးပေါင်းတိုက်မယ်ဆိုတာက မြေပြင်စစ်ဆင်ရေး အခြေအနေမှာက အဓိက မူတည်တယ်။ ဒါမျိုးမဟုတ်ဘဲနဲ့ ကျနော်တို့ အဆင်သင့်တဲ့အချိန် ကျနော်တို့ဘက်က အားသာတဲ့အချိန် အဲဒီလိုပဲ ကျနော်တို့က စစ်ရေးက အဲဒီလို ဖော်ဆောင်ကြတာပေါ့။ ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။