Connect with us

Hi, what are you looking for?

LuduNwayOo

News

စ​စ်ကောင်စီတပ်နှင့် ကရင်နယ်ခြား​စောင့်တပ် အချင်းချင်းမှားပစ် ၁၅ ဦး​သေ

စစ်ကောင်စီတပ်နှင့် BGFတို့သည် မေလ ၁၃ရက်က ဖာပွန်မြို့နယ် ကမမောင်းဒေသ၌ မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့်၎င်း၏ သြဇာခံ ကရင်နယ်ခြားစောင့်တပ်(BGF)တို့ အချင်းချင်းမှားယွင်း ပစ်ခတ်၍ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ဦးသေဆုံးပြီး BGF တပ်ဖွဲ့ဝင် ၁၂ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောကြားသည်။

စစ်ကောင်စီတပ်နှင့် BGFတို့သည် မေလ ၁၃ရက်က ဖာပွန်မြို့နယ် ကမမောင်းဒေသ၌ မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“သူတို့ချင်းမှားပြီး ပစ်ခတ်မှုတွေ ဖြစ်ကြတော့ ကျွန်တော်တို့ သတင်းရရှိမှု အရဆိုရင် BGF ဘက်မှာ ၁၂ဦး ကျပြီးတော့ စစ်ကောင်စီ ဘက်က ၃ဦးကျတယ်။ အဲဒီမှာ အရပ်သား ၃ယောက်သေဆုံးတယ်လို့ သတင်းရရှိတယ်”ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။

ထိုသို့မှားယွင်းပစ်ခတ်ကြခြင်းမှာ စစ်ရေးလှုပ်ရှားမှုနှင့်ပတ်သတ်ပြီး တစ်ဖွဲ့နှင့် တစ်ဖွဲ့ ဆက်သွယ်မှု အားနည်း၍ ဖြစ်နိုင်သည်ဟု ၎င်းကသုံးသပ်သည်။

Public Service Announcement

Public Service Announcement

BGF အရာရှိ တစ်ဦးကမူ မှားယွင်းပစ်ခတ်သည်ဟု အွန်လိုင်း၌ သတင်းဖော်ပြမှုတွေ့ရသော်လည်း သတင်းမှားများသာဖြစ်ကြောင်း ဆိုသည်။

” အခုပဲ မေးပြီးပြီ ဘာမှ မဖြစ်ပါဘူးတဲ့။ ကမမောင်းနဲ့ ကတိုင်ဋိ နဲ့တောင် သွားလာနေပြီ။ လမ်းကတော့ တို့တပ်တွေကတော့ လုံခြုံရေးနဲ့ သွားလာနေပြီ”ဟု ၎င်းကဆိုသည်။

ဒုဗိုလ်မှူးကြီးစောကလယ်ဒိုကမူ ကမမောင်းဒေသ၌ ပင် ယမန်နေ့က စစ်ကောင်စီတပ် ခမရ(၄၀၈)နှင့် KNU တပ်မဟာ(၅) အကြား တိုက်ပွဲဖြစ်ပွားခဲ့​သေး​ကြောင်းလည်း ပြောသည်။

“အဲဒီလိုဖြစ်တဲ့နေရာမှာ စစ်ကောင်စီ အဖွဲ့က ၉ဦးကျဆုံးပြီး ၆ဦး ဒဏ်ရာရတယ်လို့ ကျွန်တော်တို့ကို သတင်းပေးထားတယ်”ဟု ၎င်းကဆက်​ပြောသည်။
KNU တပ်မဟာ(၅)ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟုလည်း ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ဆက်ပြောသည်။

KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီနှင့် တပ်မဟာ(၅)အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ ထိုအပြင် KNU ကစစ်​ကောင်စီ စခန်း နှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
အဆိုပါ နယ်မြေတွင် BGF တပ်ရင်းအချို့ရှိရာ ယခု မေလတွင် BGF တပ်အင်အား တိုးလာပြီး တပ်ဖွဲ့ဝင် အင်အား ၅၀၀ကျော်ရှိကြောင်း KNUက ဆိုသည်။

ယခုလအတွင်း KNU တပ်မဟာ(၅)နှင့် BGF အကြား ထိတွေ့ ပစ်ခတ်မှု အချို့ ဖြစ်ပွားခဲ့ရာ BGF တပ်ဖွဲ့ဝင် အချို့ကျဆုံးခဲ့​ကြောင်း နှစ်ဖင်တာဝန်ရှိသူများက အတည်ပြုထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။