Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံကို လက်နက်မရောင်းကြဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တောင်းဆို

မြန်မာနိုင်ငံဆီ လက်နက် ရောင်းချမှုတွေ ပိတ်ပင်ဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်း မြန်မာ စစ်တပ်ကို ရှုတ်ချပြီး စစ်လက်နက် ရောင်းချရေး ပိတ်ပင်ဖို့ အဆိုကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA)မှာ တင်သွင်းခဲ့တဲ့နောက် အဖွဲ့ဝင် နိုင်ငံ ၁၁၉ ခုက ထောက်ခံခဲ့ပါတယ်။ ဘီလားရုစ် တစ်နိုင်ငံတည်းကသာ ကန့်ကွက်ပြီး ရုရှား၊ တရုတ်တို့ အပါအဝင် ၃၆ နိုင်ငံက ကြားနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာဆီယံ အသိုက်အဝန်းမှာ ဘရူနိုင်း၊ လာအို၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က ဒီကိစ္စမှာ မဲဝင်မပေးဘဲ လက်ရှောင်သွားခဲ့ပါတယ်။

UNAG အဖွဲ့ဝင် နိုင်ငံ အများစုက မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိုလည်း ထောက်ခံ တောင်းဆိုခဲ့ကြပါတယ်။ UNAG အဆိုပြုချက်ဟာ ဥပဒေ သတ်မှတ်ချက်မျိုး မဟုတ်ပေမယ့် နိုင်ငံရေးအရ အရေးပါတဲ့ ခြေလှမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု နောက်ဆက်တွဲ ဂယက်အဖြစ် ပြည်တွင်းစစ်မီး အကြီးအကျယ် တောက်လောင်မယ့် အန္တရာယ်က အမှန်တကယ် ခြိမ်းခြောက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်း ရှရန်နာ ဘန်ဂျန်နာက ပြောပါတယ်။

အချိန်က အရမ်း အရေးကြီးကြောင်း၊ စစ်အာဏာရှင်တွေရဲ့ ကြီးစိုးမှုကို ပြောင်းလဲ ဖယ်ရှားနိုင်မယ့် အခွင့်အလမ်းတွေက တဖြည်းဖြည်း ပါးလျလာနေကြောင်း ဘန်ဂျန်နာက သတိပေးခဲ့ပါတယ်။ တရုတ်နဲ့ ရုရှားတို့ဟာ မြန်မာစစ်တပ်ဆီ လက်နက်တွေ ထောက်ပံ့နေတဲ့ အဓိက အင်အားကြီး နိုင်ငံတွေဖြစ်ပြီး UNGA အဆိုပြုချက်ကို ကန့်ကွက်မဲ ပေးခဲ့တဲ့ ဘီလားရုစ်ဆီကလည်း မြန်မာစစ်တပ်က လက်နက်တွေ ဝယ်ယူလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂရဲ့ ဥရောပ သမဂ္ဂဆိုင်ရာ သံအမတ်ကြီး အိုလော့ဖ် စကော့ဂ်က UNGAရဲ့ အဆိုပြုချက်ဟာ မြန်မာ စစ်အစိုးရကို တရားမဝင်ဘူးလို့ သတ်မှတ်ဖို့၊ ပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ရှုတ်ချဖို့၊ နိုင်ငံတကာ အမြင်မှာ မြန်မာစစ်တပ်ကို ဖယ်ကြဉ်ထားပြီး ဆန္ဒပြဖို့ ရည်ရွယ်ထားကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံက ရွေးကောက်ခံ လွှတ်တော်အမတ်တွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ NUG အစိုးရကို ကိုယ်စားပြု ရပ်တည်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ အခုလို အဆိုပြုချက်မျိုးကို အထွေထွေ ညီလာခံမှာ အဆိုတင် ဆုံးဖြတ်နိုင်ဖို့ အချိန်တွေ အများကြီး ယူခဲ့ရတဲ့အပေါ် စိတ်ပျက်မိကြောင်း ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် ခေါင်းဆောင်တွေကို ဖမ်းဆီး အကျဉ်းချထားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်ရဲ့ ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြ ပြည်သူတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အပါအဝင် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။