ဖားကန့်မြို့နယ်အတွင်း ယနေ့ ဇွန်လ ၂၂ရက်မနက်က တိုက်ပွဲဖြစ်ပွားမှုကို KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသော်လည်း စစ်ကောင်စီယာဉ်တန်းထိခိုက်သေဆုံးမှုနှင့် မြေပြင်တိုက်ပွဲအခြေအနေ အသေးစိတ်ကို တပ်ပိုင်းဆိုင်ရာ သတင်းများ မရသေးကြောင်း ပြောသည်။
တိုက်ပွဲဖြစ်ပွားရာဒေသသည် KIA တပ်ရင်း ၂၆နယ်မြေ ဆယ်ဇင်းဒေသဖြစ်သည်ဟု ၎င်း ကဆိုသည်။
ကချင်သတင်းဌာနများက ဖားကန့်ဒေသ တာမခန်နှင့်ဆယ်ဇင်း ကျေးရွာအကြား၌ ဇွန်လ၂၂ရက်၌လည်း ကောင်း၊ တာမခန်အနီးတွင် ဇွန်လ ၂၁ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် မော်တော်ယာဉ်များကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရမှုများရှိသည်ဟု ဖော်ပြခဲ့သည်။
KNG သတင်းဌာန၏ တိုက်ပွဲသတင်းဖော်ပြချက်တွင် ဇွန်လ ၂၁ရက်က ဆယ်ဇင်းမှ တာမခန်သို့ အရပ်သားယာဥ်များ အသုံးပြုတက်လာသည့် စစ်ကောင်စီတပ်ကို KIA က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးထက်မနည်း သေဆုံးခဲ့ပြီး ကားတစ်စီးမီးရှို့ခံရသည်ဟုဆိုသည်။
KIA နှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၁ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တိုက်ပွဲဖြစ်ပွားခဲ့သည်။
(KIA တပ်မတော်သားများ၏ပုံဟောင်းများသာဖြစ်ပါသည်။)