ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ်(၂)ရပ်ကွက်မှ အာဏာသိမ်းစစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး ယနေ့နေ့လည်ပိုင်းက သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခံရကြောင်း ရက်ကွက်နေပြည်သူတစ်ဦးက People’s Springသို့ ပြောသည်။
“ငါတို့ ရပ်ကွက်က အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ထိတယ်။ ၆လမ်းထိပ်က ထမင်းဆိုင်မှာ။ အဲဒီ လမ်းထိပ်က ပြန်လာတဲ့သူပြောတာ။ ပစ်တာ ၆ချက်လို့ ပြောတယ်။ အသက်ရှင်ဖို့တော့မလွယ်ဘူး” ဟု ၎င်းကဆက်ပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရသူသည် ဦးမျိုးအောင် ဆိုသူဖြစ်ပြီး ၎င်းကို ယခင်ကလည်း လာရောက် လုပ်ကြံခဲ့ဖူးသည်ဟုဒေသခံအချို့ကဆိုသည်။
“အရင်တုန်းက သူ့အိမ်မှာ ပထမတစ်ခေါက်က အိမ်ရှေ့တစ်ခါလာပစ်သွားတယ်။နောက်တစ်ခေါက်က အိမ်ထဲကို ပစ်တယ်။ အခုဖြစ်တာက ထမင်းဆိုင်မှာဖြစ်တာ” ဟု အဆိုပါ ရပ်ကွက်တွင်နေထိုင်သူက ပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ပြည်သူလူထုများအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီအား သတင်းပေးသူ ဒလန်များ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီ ယန္တရားတွင် ပါဝင်နေသူများအား လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။
