ယခုအချိန်ဟာ တော်လှန်ရေးကိုတဆင့်မြှင့်ရမှာဖြစ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လမ်းညွှန်ချက်တွေအတိုင်း PDF တပ်ဖွဲ့စည်းဖို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPDF)က ဒီနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
SPDF ရဲ့ ဒီကနေ့(သြဂုတ် ၁ရက်)ထုတ်ပြန်ချက်ထဲမှာ အချက်လေးချက်ပါဝင်ပြီး နံပါတ်(၃)အချက်မှာ “ယခုအခါ တော်လှန်ရေးအားတဆင့်မြှင့်တင်ရမည့်အခြေ အနေသို့ ရောက်ရှိလာပြီဖြစ်၍ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နေကြသော မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်အတိုင်း PDF တပ်ဖွဲ့များအဖြစ် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်သွားကြရန် အသိပေးညွှန်ကြားအပ်ပါသည်”လို့ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း PDF အနေနဲ့ စစ်အကြမ်းဖက်တွေရဲ့အန္တရာယ်ကကာကွယ်ဖို့၊ CDM ဝန်ထမ်းတွေကိုကာကွယ်ရန်၊ စစ်ကောင်စီအား ပြောက်ကျားစနစ်နဲ့ဆန့်ကျင်ခုခံဖို့၊ တော်လှန်ရေးကို နယ်မြေအသီးသီးနဲ့ ချိတ်ဆက်ဆောင် ရွက်ဖို့၊ လိုအပ်တဲ့လက်နက်ပစ္စည်းတွေ မြို့နယ်ကာကွယ် ရေးတပ်ဖွဲ့များထံပံ့ပိုးဖို့၊ မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ကာကွယ်ရေးသင်တန်းတွေပေးဖို့နဲ့ NUG, CRPH, KIO/KIA တို့နဲ့ချိတ်ဆက်ပြီး တိုင်းနဲ့ပြည်နယ်တွေနဲ့အတူတကွ တော်လှန်ရေးကိုဖော်ဆောင်ဖို့ စတဲ့ရည်ရွယ်ချက်တွေကို အတိုင်းအတာတစ်ခုအထိ အကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါကြောင့် ၎င်းတို့အဖွဲ့အနေနဲ့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ် ရပ်တည်တော့မှာမဟုတ်ဘဲ ပံ့ပိုးချိတ်ဆက်ကူညီရမှာတွေကိုသာ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ SPDF ကကြေချက် ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPDF)ကို ၂၀၂၁ မေလ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။