နာမည်ကျော် ဂန္တဝင်ကဗျာဆရာကြီး အောင်ချိမ့်ကို ဒီကနေ့ ရေဝေးမှာ ဂူသွင်းသင်္ဂြိုဟ် လိုက်ပြီဖြစ်ပါတယ်။
သြဂုတ်လ ၉ ရက် ည ပိုင်း ၈ နာရီ ခန့်မှာ ဆရာကွယ်လွန်သွားခဲ့တာပါ။
ဆရာအောင်ချိမ့် ဟာ ၁၉၄၈ ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပါပြီ။

ဆရာဟာ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး သက်ရှိ ထင်ရှားကဗျာ ဆရာအဖြစ် ဂုဏ်ပြု အသိအမှတ်ပြုခံရသူတစ်ဦးလည်းဖြစ်ပါတယ်။
ဒါ့အပြင် ရှေးဆန်တဲ့ ကာရန်ပါ အရေးအဖွဲ့တွေ ဆီကနေ ပိုမိုလွတ်လပ်တဲ့ ခေတ်ပေါ် မြန်မာကဗျာ အရွေ့ကို တပ်ဦးကနေ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

Public Service Announcement
ခေတ်ပေါ်ကဗျာရေစီးကို ဦးဆောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်သလို အောင်ချိမ့် မောင်ချောနွယ် ဖော်ဝေး စတဲ့ကဗျာဆရာသုံးဦး ပါဝင်ရေးသားထားတဲ့ သစ်ရွက်အသေများပေါ်က ရက်စက်တဲ့ဂီတ ကဗျာစာအုပ်ဟာ လူသိများပြီး ထင်ရှားပါတယ်။
ဒါ့အပြင် စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းရေးဖွဲ့ခဲ့တဲ့ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်ကဗျာဟာ လူငယ်တွေကြားရေးပမ်းစားခဲ့ပြီး ဂန္တဝင်မမ၊ အသည်းစွဲကဗျာဆရာ ခင်ပျိုရေစောင့်ခဲ့တယ် စတဲ့ကဗျာတွေဟာလည်း ဆရာ့ရဲ့ ထင်ရှားတဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။
ဆရာကွယ်လွန်သွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဆရာရဲ့ လေးစားချစ်ခင်တဲ့ ပရိတ်သတ်တွေက ဆရာအောင်ချမ့်ရဲ့ကဗျာ စာသားတွေကိုတင်ပြီး ဝမ်းနည်းကြောင်းရေးသားထားတာတွေဟာ ယနေ့ည ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ် ။

“မြန်မာကဗျာလောက၏ ချစ်ခင်လေးစားရပါသော ကဗျာဆရာကြီး ဆရာအောင်ချိမ့်သည် ယနေ့ (၉. သြဂုတ် . ၂ဝ၂၁) ည ၈ နာရီ မိနစ် ၂ဝ တွင် ကွယ်လွန်သွားကြောင်း သိရှိရသည့်အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂ အနေဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ၊ ကဗျာလောကနှင့်ထပ်တူ ဝမ်းနည်း ကြေကွဲရပါကြောင်း ဝမ်းနည်းမှတ်တမ်း ရေးထိုးအပ်ပါသည်” ဟုဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂကလည်း သတင်းထုတ်ပြန်ထားပါတယ်။
