မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်တွင် ယနေ့ (သြဂုတ် ၁၃ ရက်)နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံ ပြိုကျ၍ လူနေအိမ်ပေါ်သို့ ပိနေခဲ့ရာ လူခုနစ်ဦး ပိတ်မိခဲ့ကြောင်း မြို့ခံများက ပြောသည်။
ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က မိုးကုတ်မြို့ မြို့မရပ်ကွက် မြို့မအပိုင်း(၄)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အမျိုးသား ငါးဦး၊ နှင့် ကလေးငယ် (မ)တစ်ဦး စုစုပေါင်းခြောက်ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်တစ်ဦးအား ဆက်လက်ရှာဖွေကယ်ဆယ်နေကြောင်း မိုးကုတ်မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
မိုးကုတ်မြို့တွင် ယမန်နေ့သြဂုတ်လ ၁၂ ရက် နံနက်ပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်း၊ ထရန်စဖော်မာနှင့် ဓာတ်တိုင်ပြိုကျရာမှ လူနေအိမ်တစ်လုံးပေါ်ပိမိပြီး သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။