Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖုန်းသုံးစွဲသူတွေကို ကြားဖြတ် ထောက်လှမ်းပေးဖို့ စစ်တပ်က ဖိအားပေးခဲ့ကြောင်း Telenor အတည်ပြု

Telenorဟာ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းခွဲကို M1ဆီ လက်လွှဲ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာကလည်း မြန်မာစစ်တပ်နဲ့ တိုက်ရိုက် ဆက်နွှယ်မှုမျိုး မရှိဘူးလို့ ယုံကြည်တာကြောင့် ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ အာရှဌာနခွဲ အကြီးအကဲ ဂျော်ဂန် ရော့စ်ထရပ်က Reutersနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

ဓာတ်ပုံ - Getty Images

သုံးစွဲသူတွေရဲ့ ဖုန်းပြောဆိုမှုတွေကို ကြားဖြတ်ပြီး ထောက်လှမ်းစစ်ဆေးနိုင်အောင် စစ်တပ်က အတင်းအကျပ် ဖိအားပေး တောင်းဆိုခဲ့ကြောင်း Telenorကုမ္ပဏီက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ နော်ဝေး အခြေစိုက် ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး အနေနဲ့ မြန်မာနိုင်ငံမှာ လာရောက် အခြေစိုက် ရင်းနှီး မြှုပ်နှံထားမှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရာမှာ စစ်တပ်ရဲ့ အဲဒီလို မရိုးမသား ဖိအားပေးမှုက အဓိက အကြောင်းရင်းတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Telenorဟာ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းခွဲဖြစ်တဲ့ Telenor Myanmarကို လက်ဘနွန်က ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းစုကြီး M1ဆီ ဒေါ်လာ ၁၀၅ သန်းနဲ့ လက်လွှဲ ရောင်းချမှာဖြစ်ကြောင်း ဇူလိုင်လက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း Telenorဟာ လူ့အခွင့်အရေးနဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုဆိုင်ရာ ကျင့်ဝတ်တွေကို ခိုင်ခိုင်မာမာ ကာကွယ် စောင့်ထိန်းခဲ့တဲ့ မိုဘိုင်း ဆက်သွယ်မှု ကုမ္ပဏီအဖြစ် နာမည်ကောင်း ရခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကနေ Telenor ထွက်ခွာမသွားဖို့ ပြည်တွင်းမှာ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ရှိလာပါတယ်။

Telenorကတော့ ကျင့်ဝတ်ဖောက်ဖျက်ဖို့ အာဏာသိမ်း စစ်တပ်ဆီက အဆက်မပြတ် ဖိအားပေးမှုတွေကြောင့် မြန်မာနိုင်ငံမှာ ဆက်လက် လုပ်ငန်းဆောင်ရွက်ဖို့ မဖြစ်နိုင်တော့ကြောင်း ဖြေရှင်းခဲ့ပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဖုန်းအသုံးပြုမှုတွေကို ထောက်လှမ်းနိုင်တဲ့ နည်းပညာတွေ အသက်သွင်းပေးဖို့ စစ်တပ်က တောင်းဆိုခဲ့ကြောင်း Telenorက အတည်ပြုခဲ့ပါတယ်။ ဒီလုပ်ရပ်မျိုးဟာ Telenorအတွက် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။

Telenorဟာ အဲဒီလိုမျိုး ကြားဖြတ်ထောက်လှမ်းတဲ့ ကိရိယာတွေ အသုံးမပြုရအောင် နည်းလမ်းမျိုးစုံနဲ့ ရှောင်ရှားခဲ့သလို လက်ရှိ အချိန်ထိလည်း ကြားဖြတ် ထောက်လှမ်းမှု နည်းပညာကို လုံးဝ အသက်မသွင်းခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုအပြီး ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ လုံခြုံရေး ကဏ္ဍတွေ ဆက်တိုက် ယိုယွင်း ကျဆင်းလာနေတဲ့ အပေါ်မှာလည်း ကုမ္ပဏီ အနေနဲ့ ဝမ်းနည်း တုန်လှုပ်မိကြောင်း Telenorက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ စစ်တပ်က ဖိအားပေးနေတဲ့ ကိစ္စကို မလုပ်ရင် ကုမ္ပဏီရဲ့ ဝန်ထမ်းတွေ လုံခြုံရေး စိုးရိမ်ရသလို လိုက်နာခဲ့ရင်လည်း ကုမ္ပဏီက တန်ဖိုးထား စောင့်ထိန်းတဲ့ ကျင့်ဝတ် စည်းကမ်းတွေကို ဖောက်ဖျက်ရာ ရောက်နေမှာဖြစ်ကြောင်း၊ ဒီလို ဘေးကျပ်နံကျပ် အခြေအနေတွေအရ ကုမ္ပဏီဟာ မြန်မာနိုင်ငံက ထွက်ခွာဖို့ မလွှဲမရှောင်သာ ဆုံးဖြတ်ခဲ့ရကြောင်းလည်း Telenorက ဆိုပါတယ်။

Telenorဟာ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းခွဲကို M1ဆီ လက်လွှဲ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာကလည်း မြန်မာစစ်တပ်နဲ့ တိုက်ရိုက် ဆက်နွှယ်မှုမျိုး မရှိဘူးလို့ ယုံကြည်တာကြောင့် ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ အာရှဌာနခွဲ အကြီးအကဲ ဂျော်ဂန် ရော့စ်ထရပ်က Reutersနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်မှာ Telenorဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ Telenor အနေနဲ့ မြန်မာနိုင်ငံမှာ ဒေါ်လာ သန်းပေါင်း ၇၈၀ ကျော်လောက် ရင်းနှီး မြှုပ်နှံထားသလို မနှစ်ကလည်း ကုမ္ပဏီ ဝင်ငွေ စုစုပေါင်း ၇ ရာခိုင်နှုန်းကို မြန်မာစျေးကွက်ကနေ ရရှိခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။