ဒီမိုကရေစီအရေးကို မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအချို့က ရှေ့တန်းကနေ တိုက်ပွဲဝင် တောင်းဆို နေကြတာကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူ့ရဲ့ပထမဆုံး ကုလသမဂ္ဂမိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။
မနေ့ကကျင်းပတဲ့ (၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် မိန့်ခွန်း ပြောကြားခဲ့တာဖြစ်ပြီး ဒီမိုကရက်တစ်ကမ္ဘာဟာ နေရာအသီးသီးမှာရှိနေတယ် လို့ သူကဆိုပါတယ်။
“ကမ္ဘာပေါ်မှာ အာဏာရှင်ဝါဒသမားတွေက ဒီမိုကရေစီခေတ်ကုန်ဆုံးပြီဆိုပြီး ကြေညာဖို့အတွက် နည်းလမ်းရှာကောင်းရှာကြပါလိမ့်မယ်။ ဒါပေမဲ့ သူတို့တွေ မှားပါတယ်။ အမှန်ကတော့ ဒီမိုကရက်တစ်ကမ္ဘာဟာ နေရာတိုင်းမှာရှိနေပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ၊ သတင်းထောက်တွေ၊ ငြိမ်းချမ်းရေးအတွက် ဆန္ဒ ပြသူတွေဟာ ဘီလာရုစ်၊ မြန်မာ၊ ဆီးရီးယား၊ ကျူးဘား၊ ဗင်နီဇွဲလားနဲ့ နေရာတိုင်းမှာ ရှေ့တန်း ကနေ တိုက်ပွဲဝင်နေကြပြီး သူတို့နဲ့အတူ ဒီမိုကရေစီဟာ ဆက်လက်ရှင်သန်လျက်ရှိပါတယ်” လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောခဲ့တာပါ။
အမေရိကန်အပါအဝင် ဒီမိုကရေစီဟာ မပြည့်စုံသေးပေမယ့် ကွဲပြားခြားနားမှုတွေကို ကုစားဖို့ အမြင့်ဆုံးစံတွေနဲ့ ဆက်လက်ရုန်းကန်မြှင့်တင်ရမှာဖြစ်ပြီး အကြမ်းဖက်မှုနဲ့ ပုန်ကန်မှုတွေကို လည်း ရင်ဆိုင်ရမှာဖြစ်တယ်လို့ သမ္မတဘိုင်ဒင်က ဆိုပါတယ်။

Public Service Announcement
ဒါပေမဲ့ ဒီမိုကရေစီဟာ လူသားစွမ်းရည်တွေကို အပြည့်အ၀ထုတ်သုံးဖို့အတွက် အကောင်းဆုံး လက်နက်အဖြစ် ဆက်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ရဲ့ မိနစ် ၃၀ ကျော်ကြာ ကုလသမဂ္ဂမိန့်ခွန်းမှာ ကိုဗစ်ကပ်ရောဂါကစလို့ ရာသီဥတုပြောင်းလဲမှုအရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ လူသားဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေး စတာ တွေနဲ့ပတ်သက်လို့ အကြီးမားဆုံးသော စိန်ခေါ်မှုတွေကို မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေ နဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ထည့်သွင်းပြောကြားပါတယ်။


















































