အာဏာသိမ်းစစ်ကောင်စီတပ်၏ လေတပ်မှ အသက် (၃၈)နှစ်အရွယ်ဗိုလ်မှူးစိုးမိုးလှိုင် စက်တင်ဘာ ၂၃ ရက်တွင်သေဆုံးသွားကြောင်း နိုင်ငံပိုင်သတင်းစာတွင် ၎င်း၏မိသားစုက နာရေးကြော်ငြာထည့်သွင်းထားသည်။
အဆိုပါနာရေးကြော်ငြာဖြတ်ပိုင်းသည် ယနေ့နံနက် ဖေ့စ်ဘွတ်ခ်လူမှုကူရက်သုံးစွဲသူများကြား စိတ်ဝင်စားမှုများနေကြသည်။ ယခုအခါ ချင်းပြည်နယ် ၊ကယားပြည်နယ်၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ် ၊စစ်ကိုင်း တိုင်း စသောဒေသများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်သောတိုက်ပွဲများဖြစ်ပွား လျှက်ရှိသည်။
တိုက်ပွဲများမှာ မြေပြင်တိုက်ပွဲများသာဖြစ်၍ တပ်မတော်လေတပ်မှ ဗိုလ်မှူးသေဆုံးခြင်းအပေါ် ပြည်သူများက ပဟေဋိ ဖြစ်လျှက်ရှိသည်။
လေတပ်မှတပ်ဖွဲ့ဝင်များကိုပါ ကြည်းတပ်ပို့၍ရှေ့တန်းလွှတ်နေသဖြင့် တိုက်ပွဲတွင်သေဆုံးခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများလည်းရှိသည်။

Public Service Announcement
အာဏာသိမ်းစစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံတစ်ဝန်းစစ်ကောင်စီတပ်များကို တိုင်းရင်းသားလက်နက်ကိုင်များ၊ PDFများကပြန်လည် ခုခံတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သားထောင်ချီသေဆုံးပြီး၊ ပြည်သူ့နှင့်ပူးပေါင်းလာသောတပ်မတော်သား ၂၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ ပြည်သူများကိုရန်သူကဲ့သို့ သတ်ဖြတ်၊ ဖမ်းဆီး နှိပ်စက်သဖြင့် နိုင်ငံတစ်ဝန်းရှိပြည်သူများက စစ်ကောင်စီတပ်အပေါ် အကြမ်းဖက်တပ်အဖြစ် အမြင်ပြောင်းသွားပြီးနောက် စစ်ကောင်စီတပ်က စစ်သားသစ်စုဆောင်းရာတွင်လာရောက်သူမရှိခြင်း ၊ဗိုလ်သင်တန်းများသို့ပင်လျှောက်ထားသူ နည်းပါးလွန်းသဖြင့် လျှောက် လွှာတင်ရက်အကြိမ်ကြိမ် တိုးပြီးခေါ်ယူနေရခြင်း စစ်ကောင်စီတပ်မှာ တပ်ဖွဲ့ဝင်အင်အားယုတ်လျှော့မှုကိုအကြီးအကျယ်ရင်ဆိုင်နေရကြောင်းစစ်ရေးလေ့လာသူအချို့က ပြောသည်။
တိုင်းပြည်တာဝန်ထမ်းဆောင်ရင်းရုတ်တရက်ကွယ်လွန် သည်ဟု ကြော်ငြာတွင်ရေးကြသော်လည်း ဖေ့စ်ဘွတ်ခ်တွင်ပြည်သူများက သေဆုံးသူသည် တိုင်းပြည်တာဝန်ထမ်းဆောင်ခြင်းမဟုတ်ဘဲ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်စစ်ကောင်စီတာဝန်ထမ်းဆောင်ရင်းသေဆုံးခြင်းသာဖြစ်ကြောင်းမှတ်ချက်ရေးသားနေကြသည်။
“တိုင်းပြည်တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပါ။အာဏာရူးလူတစ်စုကိုကာကွယ်ရင်းပါ”ဟု ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက မှတ်ချက်ရေးထားသည်။
“အဲဒီစကားကိုကန့်ကွက်ပါတယ်။ တိုင်းပြည်တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပါမင်းအောင်လှိုင်တို့အုပ်စုအတွက် တာဝန်ထမ်းဆောင်ခြင်းပါ”ဟု ဦးဦးအမည်ဖြင့်ဖေ့စ်ဘွတ်ခ်သုံးစွဲသူကလည်း ရေးသားထားသည်။


















































