အမေရိကန်နိုင်ငံခြားရေးဒုတိယဝန်ကြီးနဲ့ အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီးတို့ဟာ မြန်မာ့အရေးအပါအဝင် ဒေသတွင်းဖြစ်ပေါ်နေတဲ့အခြေအနေတွေကို မနေ့က ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
နယူးဒေလီကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Wendy Sherman ဟာ အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီး Dr. S. Jaishankar နဲ့တွေ့ဆုံခဲ့ပြီး အမေရိကန်-အိန္ဒိယ ဘက်စုံကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာမြောက်မိတ်ဖက်တိုးချဲ့ရေးအပေါ် ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“သူတို့ဟာ တရုတ်၊ မြန်မာ၊ အာဖဂန်နစ္စတန်အပါအဝင် ဒေသတွင်းဖြစ်ပေါ်နေမှုတွေကို ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီး သမ္မတဘိုင်ဒန်နဲ့ ဝန်ကြီးချုပ်မိုဒီတို့အကြား မကြာသေးခင်က နှစ်ဘက်တွေ့ဆုံမှုနဲ့ QUAD ခေါင်း ဆောင်ထိပ်သီးအစည်းအဝေးတွေကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ကြပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Priceက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ ဒီမိုကရေစီစနစ် အမြန်ဆုံးပြန်လည်အသက် သွင်းရေးကို အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ အိန္ဒိယလေးနိုင်ငံဖွဲ့စည်းထားတဲ့ QUAD အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေက ပြီးခဲ့တဲ့လက ဝါရှင်တန်မြို့တော် အိမ်ဖြူတော်မှာ တွေ့ဆုံပြီး တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement
QUAD ခေါင်းဆောင်တွေ တွေ့ဆုံအပြီး ပူးတွဲကြေညာ ချက်မှာ မြန်မာ့အရေးကို ထည့်သွင်းခဲ့ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအဆုံးသတ်ရေး၊ နိုင်ငံခြားသားတွေအပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရေး၊ အပြုသဘောဆောင်တဲ့တွေ့ဆုံညှိနှိုင်းရေးနဲ့ ဒီမိုကရေစီစနစ်ကိုအမြန်ဆုံးပြန်လည်အသက်သွင်းရေးတို့ကို ဆက်လက်တောင်းဆိုတယ်လို့ ဖော်ပြခဲ့ပါတယ်။
